နဂါးသွေးစီရင်ချက်
Vol. 66 Ch. 916
မိုးတိမ်များနှင့် မြူနှင်းများ တိတ်ဆိတ်စွာ စုစည်းနေသည့် ကျောက်စင်မြင့်ထက်တွင်
လီလော့နှင့် လီချင်းဖုန်းတို့ မျက်နှာချင်းဆိုင်၍ မားမားမတ်မတ် ရပ်တည်နေကြသည်။
ပတ်ဝန်းကျင်ရှိ လူအမြောက်အမြားမှာ အသက်ရှူရန်ပင် မေ့လျော့နေကြပြီး ဤကျောက်စင်မြင့်ထက်သို့သာ အာရုံစိုက်ထားကြသည်။ ဤတိုက်ပွဲကသာ လက်ရှိမျိုးဆက်၏ နဂါးခေါင်းဆောင်တိုက်ပွဲ နောက်ဆုံးရလဒ်ကို အပြတ်အသတ် ဆုံးဖြတ်ပေးသွားမည် ဖြစ်သည်။
နဂါးသွေးကလန်နှင့် နဂါးစွယ်ကလန်တို့မှ အဖွဲ့ဝင်များ ရှိနေကြသည့် နေရာများတွင်မူ အလွန်ပင် ဆူညံလှုပ်ရှားလျက် ရှိသည်။ ရေတွက်မရနိုင်သော တံခွန်အဖွဲ့ဝင် ထောင်ပေါင်းများစွာက အဆုတ်များ ကွဲအက်မတတ် အော်ဟစ်အားပေးနေကြပြီး မိမိတို့၏ ခေါင်းဆောင်များအတွက် အစွမ်းကုန် ကြွေးကြော်နေကြသည်။
မည်သို့ပင်ဖြစ်စေ နဂါးခေါင်းဆောင်ရာထူးဟူသည် တံခွန်တော် ၂၀ လုံး၏ အကြီးအကဲခေါင်းဆောင်ကို ကိုယ်စားပြုခြင်း ဖြစ်သည်။ ၎င်းက သူတို့မျိုးဆက်တွင် မည်သူက အဓိက ဦးဆောင်သူ ဖြစ်လာမလဲဆိုသည်ကို ပြသနေခြင်းပင်။ ၎င်းရာထူးတွင် ကြီးမားလှသော လုပ်ပိုင်ခွင့်အာဏာများ မရှိသေးလျှင်ပင် အလွန်ပင် ဂုဏ်ဒြပ်ကြီးမားလှသော ရာထူးတစ်ခု ဖြဈ်ပသည်။
ဤရာထူးကိုသာ အောင်မြင်စွာ ရရှိခဲ့လျှင် ထိုသူ၏ အမည်နာမမှာ မူလကောင်းကင် နတ်ဘုရားကုန်းမြေတစ်ခုလုံးတွင် ကျော်ကြားသွာမည်ဖြစ်ပြီး မည်သူမျှ သူ့ကို အထင်သေးရဲကြတော့မည် မဟုတ်ပေ။
အလားတူပင် ထိုသူ ထွက်ပေါ်လာခဲ့သည့် မိခင်ကလန်သည်လည်း ကလန်ကြီးငါးခုလုံး၏ အဓိက ထောက်တိုင်ကြီးအဖြစ် သတ်မှတ်ပြီး အထူးပြုစုပျိုးထောင်ခြင်း ခံရမည် ဖြစ်သည်။ထို့ကြောင့် သူတို့၏ အနာဂတ်လမ်းခရီးသည်လည်း အလွန်ပင် တောက်ပဖြောင့်ဖြူးနေတော့မည် ဖြစ်သည်။
ဤအချိန်တွင် နဂါးသွေးကလန်၏ တံခွန်ကိုင် သုံးဦးစလုံး တစ်နေရာတည်း၌ စုစည်းနေကြသည်။ လီဟုန်လီက ကျောက်စင်မြင့်ထက်သို့ စိုက်ကြည့်ရင်း အံတင်းတင်း ကြိတ်ကာ စိုးရိမ်တကြီးဖြင့်…
"နောက်ဆုံးတော့ ဒီတိုက်ပွဲကို ရောက်လာခဲ့ပြီပဲ… အစ်ကိုချင်းဖုန်းသာ ဟိုတောသားလေးကို အပြတ်အသတ် အနိုင်ယူပြလိုက်ရင် သူတို့တွေ ငါတို့ရှေ့မှာ မောက်မာရဲတော့မှာ မဟုတ်ဘူး… အစောပိုင်း နဂါးပျံတက်ခြင်းပွဲတုန်းက မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေ များလွန်းလို့ လီလော့ ကံကောင်းသွားတာ..ဒါကို အတည်ပြုလို့မရဘူး… စစ်မှန်တဲ့ တိုက်ပွဲအတွင်းမှာ အနိုင်ရတဲ့သူသာ တံခွန်တော် ၂၀ ရဲ့ တကယ့်နဂါးခေါင်းဆောင် ဖြစ်ထိုက်တာ" ဟု ဆိုလိုက်သည်။
ကျန်ရှိသည့် တံခွန်ကိုင် နှစ်ဦးကလည်း ခေါင်းညိတ် သဘောတူလိုက်ကြပြီး…
"ဒီရာထူးက ငါတို့ နဂါးသွေးကလန်အပိုင် ဖြစ်ရမှာ သေချာတယ်" ဟု ပြန်လည် ဖြေကြားခဲ့ကြသည်။
အစောပိုင်း နဂါးပျံတက်ခြင်းပွဲတွင် လီလော့ အထွတ်အထိပ်နေရာသို့ ရောက်ရှိသွားခြင်းက သူတို့၏ ရဲစိတ်ရဲမာန်များကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။ မည်သို့ပင်ဖြစ်စေ နဂါးသွေးကလန်မှာ လီကောင်းကင်ဧကရာဇ်မျိုးနွယ်စုကြီး တစ်ခုလုံးကို အဓိက အုပ်ချုပ်ပိုင်ခွင့်ရှိသည့် ဦးဆောင်ကလန်ဖြစ်သဖြင့် သူတို့၏ အဆင့်အတန်းမှာ အမြဲတမ်း အမြင့်ဆုံးနှင့် အဂုဏ်သိက္ခာအရှိဆုံး ဖြစ်သည်။
နဂါးသွေးကလန်၏ အဖွဲ့ဝင်များပီပီ သူတို့သည် မိမိတို့ကိုယ်ကို အမြဲတမ်း အလွန်ဂုဏ်ယူဝင့်ကြွားတတ်ကြသည်။ ထို့အပြင် လီချင်းဖုန်းမှာလည်း သူတို့မျိုးဆက်တွင် ပြိုင်ဘက်မရှိလောက်အောင် ထူးချွန်ထက်မြက်သူဖြစ်ရာ နဂါးခေါင်းဆောင်ရာထူးမှာ သူတို့အပိုင်ဖြစ်ပြီးသားဟုသာ သူတို့အားလုံး သတ်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း လီလော့လို လျှို့ဝှက်ဖျက်မြင်းတစ်ကောင် ဘယ်ကနေ ဘယ်လို ပေါ်ထွက်လာပြီး သူတို့၏ အစီအစဉ်အားလုံးကို ဖျက်ဆီးပစ်လိမ့်မည်ဟု မည်သူ ထင်မှတ်ထားမည်နည်း။
လီလော့ ယခင်က ထူးချွန်သော စွမ်းဆောင်ရည်များစွာကို ပြသခဲ့ဖူးသည်မှာ မှန်ပေသည်။ သူသည် ဟွမ်းလုံရှီးရေကန်တိုက်ပွဲအတွင်း၌ လီချင်းဖုန်းထံမှ ရွှေနဂါးပတ်တိုင်ကိုပါ လုယူနိုင်ခဲ့သေးသည်။ သို့သော်လည်း ထိုစဉ်က အောင်မြင်မှုအားလုံးမှာ ပေါင်းစည်းခြင်းစွမ်းအားများ၏ အကူအညီကြောင့်သာ ဖြစ်လိမ့်မည်ဟု သူတို့ အားလုံး ယူဆခဲ့ကြသည်။
လီဖုန်းယီနှင့် လီကျင်းထောင်တို့ပင်လျှင် ယနေ့ နဂါးခေါင်းဆောင်တိုက်ပွဲအတွင်း လီလော့ ဤမျှဝေးကွာသော နေရာအထိ ရောက်ရှိလာနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြခြင်း မရှိပေ။
မည်သို့ပင်ဖြစ်စေ ဤပြိုင်ပွဲက လူတစ်ဦးချင်းစီ၏ စစ်မှန်သော ကိုယ်ပိုင်စွမ်းအားကိုသာ စမ်းသပ်ခြင်း ဖြစ်သည်မဟုတ်ပါလား။
လီလော့တွင် သုံးရောင်ခြယ် ဖန်သားခန္ဓာ ရှိနေသည်မှာ မှန်သော်လည်း နတ်ဆိုးခန္ဓာအဆင့်မျှသာ ရှိသေးရာ ကောင်းကင်ပုလဲအဆင့်သို့ ရောက်ရှိနေသည့် လီချင်းဖုန်းကို ဘယ်လိုမှ ယှဉ်နိုင်စွမ်း ရှိမနေသင့်ပေ။
သို့သော်ငြားလည်း အခြေအနေအားလုံးက သူတို့ ထင်မှတ်ထားခဲ့ကြသည်နှင့် လုံးဝ ဥဿုံ ကွဲပြားခြားနားစွာ ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။
လီလော့သည် နဂါးပျံတက်ခြင်းပွဲမှ ဖိအားများကို အသုံးချကာ ကျင့်စဉ်အဆင့်ကို အောင်မြင်စွာ တက်လှမ်းသွားခဲ့သဖြင့် နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်ရှိသော ကျွမ်းကျင်သူတစ်ဦး ဖြစ်လာခဲ့ပြီး လီချင်းဖုန်းနှင့် သူ့ကြားက ကျင့်စဉ်ကွာဟချက်ကို များစွာ ချုံ့ပစ်နိုင်ခဲ့သည်။ ဒါတင် မကသေးပေ၊ သူသည် အစောပိုင်းက တံခွန်ကိုင်
အားလုံး၏ ဒုတိယအဆင့်မှာ ရှိနေသည့် လုချင်းမိန်ကိုပါ တိုက်ရိုက် အနိုင်ယူပြခဲ့သေးသည်။
ယခုအချိန်တွင် လီလော့သည် လီချင်းဖုန်းအတွက် စစ်မှန်သော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပြီဖြစ်ကြောင်း လူတိုင်း လက်မခံချင်သော်လည်း လက်ခံလိုက်ကြရပြီ ဖြစ်သည်။
ထိုအချက်ကို လီဟုန်လီလည်း ကောင်းစွာ သဘောပေါက်ထားသည်။ ထို့ကြောင့် လာမည့် တိုက်ပွဲကသာ သူတို့အတွက် အခြေအနေအားလုံးကို ပြန်လည်လှည့်ပြောင်းနိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်နေချေပြီ။
အကယ်၍ လီချင်းဖုန်းသာ လီလော့ကို ဤနေရာတွင် အပြတ်အသတ် အနိုင်ယူနိုင်ခဲ့ပါက နဂါးစွယ်ကလန်သည် နဂါးသွေးကလန်၏ လက်အောက်တွင်သာ ဆက်လက် ငြိမ်သက်စွာ နေထိုင်ကြရမည်ဖြစ်ပြီး
သူတို့၏ တိုက်ပွဲဝင်စိတ်ဓါတ်များ ပြာကျသွားပေလိမ့်မည်။
……
"ငါ့ရဲ့ နောက်ဆုံးပြိုင်ဘက်က မင်းဖြစ်လာလိမ့်မယ်လို့ ငါ တကယ်ကို မထင်ထားခဲ့ဘူး" ဟု လီချင်းဖုန်းက ရေတွက်မရနိုင်သော အကြည့်များအောက်တွင် လီလော့ကို တည်ငြိမ်သော လေသံဖြင့် စကားစလိုက်သည်။
လီလော့ကလည်း ဖော်ရွေသော အပြုံးဖြင့် …"အမှန်အတိုင်း ပြောရရင် ငါ ဒီရာထူးကို သိပ်ပြီး စိတ်မဝင်စားပါဘူး… အကယ်၍ မင်းသာ ငါ့ကို အမှတ်သားကိုးခုကြာပန်းကို ဒီအတိုင်း ပေးမယ်ဆိုရင် ငါ မင်းနဲ့ ဒီရာထူးကို လုမနေတော့ဘူး" ဟု ဆိုလိုက်သည်။
"ငါ့ရဲ့ အဖေက ဒီပစ္စည်းကို လိုအပ်နေတာကြောင့် ငါ မင်းဆီ လွယ်လွယ်နဲ့ မပေးနိုင်ဘူး"
"ဒီလိုဆိုရင်တော့ ငါတို့ ဆက်ပြီး ဆွေးနွေးနေဖို့ မလိုတော့ဘူးပေါ့"
"ငါတို့ကြားမှာ ဆွေးနွေးစရာ အကြောင်း ဘယ်တုန်းကမှ ရှိမနေခဲ့ဘူး…ငါ ဒီရာထူးကို ဘယ်နည်းနဲ့မဆို သေချာပေါက် ရယူမယ်… အကယ်၍ မင်း မတိုက်ခိုက်ချင်ဘူးဆိုရင် အခုချက်ချင်း အရှုံးပေးလိုက်လို့ ရတယ်… မဟုတ်ရင်တော့ ငါ အစွမ်းကုန် ထုတ်သုံးပြီး တိုက်ခိုက်ရတော့မှာပဲ" ဟု လီချင်းဖုန်းက ပြတ်သားစွာ ကြေညာလိုက်သည်။
သူ့ရဲ့ ထက်မြက်လှသော စကားများကို ကြားရသောအခါ လီလော့က ပြုံးရုံသာ ပြုံးနေလိုက်သည်။
၎င်းကို မြင်လျှင် လီချင်းဖုန်း ထပ်မံ၍ စကားမပြောတော့ပေ။
သူ့နောက်ကွယ်တွင် တောက်ပလှသော အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး မယုံနိုင်လောက်အောင် မြန်ဆန်လှသောအရှိန်ဖြင့် စတင်၍ လည်ပတ်လာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းက တောက်ပလှသော ကောင်းကင်ပုလဲတစ်လုံးအဖြစ် စုစည်းသွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များကို အတိုင်းအဆမရှိ စုပ်ယူတော့သည်။ထို့ကြောင့် သူ့ရဲ့ ပဲ့တင်ထပ်သံစွမ်းအားများလည်း အရှိန်အဟုန်ဖြင့် စတင် မြင့်တက်လာခဲ့ပြီ ဖြစ်သည်။လီချင်းဖုန်း၏ ကောင်းကင်ပုလဲ၏ တောက်ပမှုနှင့် စွမ်းအားများက လုချင်းမိန်ထက် သိသိသာသာ ပိုမိုမြင့်မားလှသည်။
သို့သော်လည်း ဤသည်က အဆုံးသတ် မဟုတ်သေးပေ။
လီချင်းဖုန်းက လက်နှစ်ဖက်လုံးဖြင့် လက်ကွက်များကို ချက်ချင်း ပုံဖော်လိုက်ရာ သူ့ အရေပြားမှာ သွေးရောင်အလား နီမြန်းလာခဲ့သည်။ သူ့အရေပြားအောက်တွင် အရှိန်အဟုန်ဖြင့် စီးဆင်းနေသည့် သွေးစွမ်းအားများကို ဝေဝါးစွာ မြင်တွေ့နေရပြီ ဖြစ်သည်။
နောက်ဆုံးတွင် ထိုသွေးစွမ်းအားများ သူ့ခန္ဓာကိုယ်အပြင်ဘက်သို့ ထိုးထွက်လာခဲ့ပြီး ကောင်းကင်ပုလဲ၏ ဘေးတွင် သွေးနီရောင် အလင်းတန်းတစ်ခုအဖြစ် လျင်မြန်စွာ စုစည်းသွားတော့သည်။
နောက်တစ်ခဏ၌ ထိုသွေးနီရောင် အလင်းတန်းမှာလည်း မယုံနိုင်လောက်အောင် မြန်ဆန်လှသောအရှိန်ဖြင့် စတင် လည်ပတ်လာခဲ့ပြန်ပြီး ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များကို စုပ်ယူလိုက်သည်။ ၎င်း၏ အသွင်သဏ္ဌာန်မှာ ဒုတိယမြောက် ကောင်းကင်ပုလဲတစ်လုံးနှင့်ပင် တူနေသေးသည်။
၎င်း၏ အကူအညီကြောင့် လီချင်းဖုန်း၏ ပဲ့တင်ထပ်သံစွမ်းအားများ နောက်ထပ် အဆင့်တစ်ခုသို့ ထပ်မံ မြင့်တက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားလှိုင်းကြီးတစ်ခု ကွင်းပြင်တစ်ခုလုံးကို ရိုက်ခတ်သွားခဲ့တော့သည်။
သူ့ရဲ့ လက်ရှိစွမ်းအားမှာ ကောင်းကင်ပုလဲ နှစ်လုံးရှိသော ကျွမ်းကျင်သူတစ်ဦးနှင့် ယှဉ်လျှင်ပင် အားနည်းခြင်းမရှိတော့ပေ။
ဤမြင်ကွင်းကို ကိုယ်တိုင် မြင်တွေ့လိုက်ရချိန်တွင် လီလော့၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားခဲ့ရပြီး မျက်မှောင်ကြုံ့လိုက်မိသည်။
ဤသည်က လီချင်းဖုန်း၏ မယုံနိုင်လောက်အောင် ထူးခြားလှသော လျှို့ဝှက်တိုက်ကွက်တစ်ခု ဖြစ်မှာ သေချာသည်။
"ဒါ ငါတို့ နဂါးသွေးကလန်ရဲ့ ထူးခြားတဲ့ လျှို့ဝှက်ပညာရပ်တခုဖြစ်တဲ့ နဂါးသွေးပညာရပ်ပဲ…. ငါတို့က ကိုယ်ပိုင် သွေးစွမ်းအားတွေကို လှုံ့ဆော်ပြီး တိုက်ခိုက်နိုင်စွမ်း မြင့်တက်လာအောင် လုပ်ဆောင်နိုင်တယ်…ငါ ဒီမြို့စားအဆင့်ပညာရပ်ကို ကျွမ်းကျင်အောင် ကြိုးစားကျင့်ကြံခဲ့ပြီးတဲ့နောက် အဆင့်မြင့်အဆင့်ကို ရောက်ရှိခဲ့ပြီ… ငါက သွေးစွမ်းအားတွေကို သွေးပုလဲတစ်လုံးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီလေ" ဟု လီချင်းဖုန်းက ဆိုလိုက်သည်။
ထိုအခါ ပြင်ပမှ စောင့်ကြည့်နေကြသော တံခွန်အဖွဲ့ဝင်များကြားမှ အောင်ပွဲခံသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။ လီဖုန်းယီနှင့် လီကျင်းထောင်တို့မှာ ဤတိုက်ပွဲကို အလွန်ပင် စိုးရိမ်ပူပန်စွာဖြင့် စောင့်ကြည့်နေကြရသည်။ သူတို့အနေနှင့် နဂါးသွေးကလန်၏ ဤနဂါးသွေးပညာရပ်အကြောင်းကို မစိမ်းကြသည်မှာ မှန်သော်လည်း လီချင်းဖုန်းက ၎င်းကို အသုံးပြု၍ ဒုတိယမြောက် ကောင်းကင်ပုလဲတစ်လုံးအသွင်အထိ ဖန်တီးနိုင်လိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။ဤအချင်းအရာက လီဟုန်လီနှင့် အခြားသူများထက် များစွာ ပိုမိုမြင့်မားသောအဆင့်တွင် ရှိနေသည်။
ရှင်းပြပြီးသည့်အခါ လီချင်းဖုန်း၏ ပုံရိပ်မှာ ပေါက်ကွဲမှုတစ်ခုနှင့်အတူ ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ပတ်လည်တွင် သွေးရောင်အလင်းတန်းများ လည်ပတ်နေသဖြင့် သူ့ရဲ အရှိန်မှာ မယုံနိုင်လောက်အောင် မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
သူသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် လီလော့၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာခဲ့ပြီး သားမန်လက်သီးတစ်ချက်ထိုးချလိုက်တော့သည်။
ဘုန်း
၎င်းက သာမန်လက်သီးတစ်ချက်မျှသာ ဖြစ်သည်ဟု ထင်ရသော်လည်း ကောင်းကင်ပုလဲ နှစ်လုံးရှိသော လီချင်းဖုန်း၏ ပြင်းထန်လှသော စွမ်းအားကြောင့် ပတ်ဝန်းကျင် ဟင်းလင်းပြင်မှာ ချက်ချင်းပင် ပေါက်ကွဲသွားခဲ့ရသည်။ ပြင်းထန်လှသော ဖိအားဒဏ်ကြောင့် လေထုတစ်ခုလုံး တုန်ခါနေခဲ့ရသည်။
"မိုးကြိုးကိုယ်ပွား - သုံးဆင့်အသံလှိုင်း ကမ္ဘာဦးဆင်ရိုင်းခွန်အား - တတိယအဆင့်"
လီလော့သည်လည်း မည်သည့်တွန့်ဆုတ်မှုမှမရှိဘဲ ခန္ဓာကိုယ်အတွင်းရှိ အမြွှာပဲ့တင်ထပ်သံစွမ်းအားများကို ချက်ချင်း အသက်သွင်းလိုက်သည်။ သူသည်လည်း မိမိတွင် ရှိသမျှ ခွန်အားအားလုံးကို ထုတ်သုံးလိုက်ပြီး လက်သီးတစ်ချက်ဖြင့် ပြန်လည် ထိပ်တိုက်ရင်ဆိုင်လိုက်တော့သည်။
သူတို့၏ လက်သီးနှစ်ဖက်လုံး ထိပ်တိုက်တွေ့ဆုံသွားသည့် တစ်ခဏ၌ နားကွဲလုမတတ် ပြင်းထန်သော မြည်ဟည်းသံကြီး ဟင်းလင်းပြင်တွင် ပဲ့တင်ထပ်သွားခဲ့ပြီး သူတို့အောက်မှ ကျောက်စင်မြင့်ကြီးမှာ လိပ်ခွံကြီးတစ်ခုကဲ့သို့ အက်ကြောင်းများစွာ ဖြစ်ပေါ်သွားခဲ့သည်။
ဤထိပ်တိုက်တွေ့ဆုံမှုကြောင့် လီချင်းဖုန်း၏ ပုံရိပ်မှာ အနည်းငယ် လှုပ်ခါသွားခဲ့ရသည်။ တစ်ဖက်တွင်မူ လီလော့သည် မယုံနိုင်လောက်အောင် ပြင်းထန်လှသော သွေးစွမ်းအားလှိုင်းကြီးတစ်ခု သူ့အပေါ်သို့ ဖိချလာသည်ကို ခံစားလိုက်ရသဖြင့် အနောက်သို့ ပေပေါင်းဆယ်ချီခန့်အထိ လွင့်စင်သွားခဲ့သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်တွင် နဂါးသွေးကလန်မှ အဖွဲ့ဝင်အားလုံး စိတ်လှုပ်ရှားစွာဖြင့် ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
စစ်မှန်သော ရုပ်ပိုင်းဆိုင်ရာ ခွန်အားပိုင်းတွင် လီချင်းဖုန်းက ထင်ရှားသော အားသာချက်ကို ပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း ထင်ရှားလှသည်။
လီလော့ ဟန်ချက် ပြန်ထိန်းလိုက်ချိန်တွင် အမူအရာလေးနက်သွားလေသည်။ အစောပိုင်းက လက်သီးချက်အရ လီချင်းဖုန်း ဘယ်လောက်အထိ သန်မာကြောင်း ကောင်းစွာ သိရှိလိုက်ရသည်။လီချင်းဖုန်း၏ ပဲ့တင်ထပ်သံစွမ်းအားမှာ ထိုသွေးနီရောင် ကောင်းကင်ပုလဲ၏ အကူအညီကြောင့် စစ်မှန်သော ကောင်းကင်ပုလဲ နှစ်လုံးရှိသည့် ကျွမ်းကျင်သူတစ်ဦးနှင့် ထပ်တူ ညီနေသည်။
အမှန်အတိုင်း ပြောရလျှင် မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအားများကို လှုံ့ဆော်ပြီး တိုက်ခိုက်နိုင်စွမ်းကို မြင့်တက်လာအောင် လုပ်ဆောင်ခြင်းက နဂါးသွေးကလန်၏ အဓိက အမှတ်အသား တိုက်ကွက်တစ်ခု ဖြစ်သည်။
လီချင်းဖုန်းက မူလနေရာတွင်
မည်သည့်လှုပ်ရှားမှုမျှမရှိဘဲ တည်ငြိမ်စွာ ရပ်နေခဲ့ပြီး…
"လီလော့... မင်း ဒီတိုက်ပွဲမှာ ရှုံးသွားပြီ" ဟု ဆိုလိုက်သည်။
ထို့နောက် လက်ညှိုးကို အသာအယာ မြှောက်လိုက်ရာ လက်ညှိုးထိပ်မှနေ၍ သွေးစိမ်းတစ်စက် စီးထွက်လာခဲ့သည်။
၎င်းကို မြင်လျှင် လီလော့ မျက်မှောင်ကြုတ်လိုက်မိပြီး ကိုယ် လက်သီးကို ငုံ့ကြည့်လိုက်သည်။ အစောပိုင်းက ထိပ်တိုက်တွေ့ဆုံမှုအတွင်းမှာပင် လီချင်းဖုန်းက သူ့ခန္ဓာကိုယ်ထံမှ သွေးစိမ်းတစ်စက်ကို တစ်နည်းနည်းဖြင့် ရယူသွားခဲ့ခြင်း ဖြစ်သည်။
"လီလော့... မင်းက ပြင်ပကုန်းမြေကနေ အခုမှ ပြန်ရောက်လာတာဖြစ်လို့ ငါတို့ နဂါးသွေးကလန်ရဲ့ စစ်မှန်တဲ့ တိုက်ခိုက်မှု ပုံစံတွေကို ကောင်းကောင်း သိဦးမှာ မဟုတ်ဘူး….ငါတို့ နဂါးသွေးကလန်က ဘာလို့ ကလန်ကြီးငါးခုလုံးကို အဓိက အုပ်ချုပ်ခွင့်ရထားတဲ့ ဦးဆောင်ကလန် ဖြစ်နေရလဲဆိုတာ မင်း သိလား"
ဤတစ်ခဏ၌ လီချင်းဖုန်းက လက်ဝါးနှစ်ဖက်လုံးကိုပူးကပ်လိုက်သည်။ ထိုအခါ လီလော့ထံမှ ရရှိလာခဲ့သည့် သွေးစိမ်းတစက်မှာ သူ့ လက်ဝါးနှစ်ဖက်လုံး၏ အလယ်ဗဟိုတွင် ရှိနေခဲ့ပြီး ၎င်းထံမှ သွေးရောင်အလင်းတန်းများ စီးထွက်လာခဲ့ကာ တဖြည်းဖြည်းနှင့် ထူးဆန်းလှသော သွေးနီရောင် ဝိညာဉ်အမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
"ဘာ့ကြောင့်လဲဆိုတော့ ကောင်းကင်နဂါးရဲ့ ခန္ဓာကိုယ်အတွင်းမှာ သွေးစွမ်းအားကသာ အမြင့်ဆုံးဖြစ်လို့ပဲ"
သူ့စကားအဆုံးတွင် ထိုသွေးရောင်အလင်းတန်းများမှာ သူ့ လက်ဝါးအတွင်းမှနေ၍ အပြင်သို့ ထိုးထွက်လာခဲ့ပြီး ပေရာနှင့်ချီ၍ မြင့်မားလှသော ဧရာမ သွေးနီရောင် ချိန်ခွင်ကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။
လီလော့နှင့် လီချင်းဖုန်းတို့နှစ်ဦးစလုံးက ထိုချိန်ခွင်ကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ရှိနေကြခြင်း ဖြစ်သည်။
၎င်းကို မြင်လျှင် လီလော့ ချက်ချင်းပင် ဓားဖြင့် ဝှေ့ယမ်းပိုင်းချလိုက်တော့သည့်အတွက်
ပြင်းထန်လှသော ဓားအလင်းတန်းမှာ ထိုချိန်ခွင်ကြီးထံသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။ သို့သော်လည်း ၎င်းက ထိုချိန်ခွင်ကြီးကို မထိခိုက်နိုင်ခဲ့ပေ။ ထိုဓားအလင်းတန်းမှာ ချိန်ခွင်ကြီး၏ ကိုယ်ထည်ပိုင်းကို ပုံရိပ်ယောင်တခုသဖွယ် တိုက်ရိုက် ဖြတ်သန်းသွားခဲ့လေသည်။
"ဒါ ငါတို့ နဂါးသွေးကလန်ရဲ့ အဓိက လျှို့ဝှက်ပညာရပ်ဖြစ်တဲ့ နဂါးသွေးစီရင်ချက်ပညာရပ်ပဲ… ဒါကြောင့်လည်း ငါတို့က အခြားကလန် လေးခုလုံးရဲ့ အထက်မှာ ရှိနေတာပေါ့…ပြိုင်ဘက်ရဲ့ သွေးစိမ်းတစ်စက် ရှိနေခဲ့ရင် ငါတို့က ဒီနဂါးသွေးစီရင်ချက်ကို တိုက်ရိုက် အသက်သွင်းနိုင်စွမ်း ရှိကြတယ်…
ဒီချိန်ခွင်ကြီးရဲ့ ရည်ရွယ်ချက်က ငါတို့ရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရှိနေတဲ့ ကောင်းကင်နဂါးသွေးရဲ့ သန့်စင်မှုအဆင့်အတန်းကို တိုက်ရိုက် တိုင်းတာဖို့ပဲ…. သွေး ပိုမိုသန့်စင်တဲ့သူက အနိုင်ရမှာဖြစ်ပြီး ရှုံးနိမ့်တဲ့သူကတော့ မူလပိုင်ဆိုင်ထားတဲ့ သွေးစွမ်းအားအားလုံးရဲ့ ထက်ဝက်ခန့်ကို ဆုံးရှုံးသွားလိမ့်မယ်…ဒါက မင်းရဲ့ ကျင့်စဉ်အဆင့် ဒါမှမဟုတ် စစ်မှန်တဲ့ စွမ်းအားတွေ ဘယ်လောက်ပဲ ရှိပါစေ လုံးဝ တရားမျှတတဲ့နည်းလမ်းနဲ့ မင်းရဲ့ သွေးစွမ်းအား သန့်စင်မှုကိုသာ အဓိက စဉ်းစားတာလေ" ဟု ရှင်းပြခဲ့သည်။
၎င်းကို ကြားရသောအခါ လီလော့ သူ့ကို ထိတ်လန့်တကြား အကြည့်ဖြင့် စိုက်ကြည့်လိုက်မိသည်။
နဂါးသွေးကလန်အတွင်း၌ ဤမျှအထိ ထူးဆန်းဆန်းပြားလှသော လျှို့ဝှက်ပညာရပ် ရှိနေသည်။
ပြိုင်ပွဲအတွင်း၌ မိမိ၏ သွေးစွမ်းအား ထက်ဝက်ခန့်ကိုသာ ရုတ်တရက် ဆုံးရှုံးလိုက်ပါက မည်သူမဆို သိသာထင်ရှားစွာ အားနည်းသွားပေလိမ့်မည်။
သို့သော်လည်း လီလော့အနေဖြင့် ၎င်းကို မည်သို့ ကာကွယ်ရမည်ကို လုံးဝ မသိရှိသလို ၎င်းကို ဖျက်ဆီးပစ်နိုင်စွမ်းလည်း ရှိမနေခဲ့ပေ။
ဤလျှို့ဝှက်ပညာရပ်မှာ ပြင်ပခွဲထွက်အဖွဲ့ဝင်များ အသုံးပြုပါက ထူးပြီး ထိရောက်မှု ရှိလိမ့်မည်မဟုတ်သော်လည်း နဂါးသွေးကလန်၏ တိုက်ရိုက်မျိုးဆက်များ အသုံးပြုပါက မယုံနိုင်လောက်အောင် ပြင်းထန်လှသည်။
မည်သို့ပင်ဖြစ်စေ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်နဂါးသွေး သန့်စင်မှုပိုင်းတွင် မည်သူက သူတို့ကို ယှဉ်နိုင်မည်နည်း။
နဂါးသွေးကလန်အတွင်းရှိ သီးသန့် မြို့စားအဆင့်ပညာရပ် အများစုမှာလည်း မိမိ၏ သွေးစွမ်းအား သန့်စင်မှုကို မြင့်တက်လာစေရန်အတွက်သာ အဓိက ကျကြံကြရခြင်း ဖြစ်သည်။
ထို့ကြောင့် နဂါးသွေးကလန်မှ အဖွဲ့ဝင်များ ဤပညာရပ်ကို အောင်မြင်စွာ ထုတ်သုံးနိုင်ခဲ့လျှင် မယုံနိုင်လောက်အောင် ကြီးမားလှသော အားသာချက်ကို ရရှိကြခြင်း ဖြစ်သည်။ထို့ကြောင့်လည်း နဂါးသွေးကလန်က အခြားကလန် လေးခုလုံး၏ အထက်မှာ ရှိနေရသည့် အဓိက အကြောင်းရင်း ဖြစ်သည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
လီလော့ ဤအကြောင်းကို တွေးတောနေစဉ်မှာပင် လီချင်းဖုန်းက ပညာရပ်ကို စတင် အသက်သွင်းလိုက်ပြီ ဖြစ်သည်။
နောက်တစ်ခဏတွင် ထိုသွေးနီရောင် ချိန်ခွင်ကြီး၏ အထက် ကောင်းကင်ယံ၌ ထူးဆန်းသော အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး ထိုထူးဆန်းလှသော လျှို့ဝှက်စီရင်ချက်ပညာရပ်ကြီး စတင်၍ လှုပ်ရှားလာခဲ့လေသည်။