← Chapters

သွေးသန့်စင်မှု ပြိုင်ပွဲ….

Vol. 66 Ch. 917

သွေးသန့်စင်မှု ပြိုင်ပွဲ….

Vol. 66 Ch. 917

လီချင်းဖုန်း နဂါးသွေးစီရင်ချက်အတတ်ကို ထုတ်သုံးလိုက်ချိန်တွင် ပွဲကြည့်ပရိသတ်အားလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။

လီဖုန်းယီ၏ မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားခဲ့ရပြီး…

"လီချင်းဖုန်း ဒီမြို့စားအဆင့်ပညာရပ်ကို ဘယ်တုန်းက ကျင့်ကြံလိုက်တာလဲ… သူ ဒါမျိုးသုံးတာ တစ်ခါမှ မဟုတ်သေးဘူး... လုံးဝ မမြင်ဖူးဘူး" ဟု ဆိုလိုက်သည်။

ဤသည်က ကလန်အတွင်းရှိ အချင်းချင်း တိုက်ခိုက်မှုများကို ဖြေရှင်းရန်အတွက် နဂါးသွေးကလန်၏ အကျော်ကြားဆုံးသော လျှို့ဝှက်ပညာရပ် ဖြစ်သည်။ နဂါးသွေးစီရင်ချက်ပညာရပ်ကို နဂါးသွေးကလန်၏ ပထမဆုံးသော ကလန်အကြီးအကဲက ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း လီဖုန်းယီ ကောင်းစွာ သိရှိထားသည်။ ၎င်းက ပြင်ပလူများအပေါ်တွင် ကြီးမားလှသော ခြိမ်းခြောက်မှု မပေးစွမ်းနိုင်သော်လည်း အခြားကလန်များမှ အဖွဲ့ဝင်များလို ခန္ဓာကိုယ်အတွင်း၌ ကောင်းကင်နဂါးသွေး စီးဆင်းနေကြသူများအတွက်မူ မယုံနိုင်လောက်အောင် ပြင်းထန်လှသော ဖိနှိပ်မှုအာနိသင် ရှိသည်။

သို့သော်လည်း ၎င်းတွင် ပြိုင်ဘက်၏ သွေးစိမ်းတစ်စက်ကို မဖြစ်မနေ ရယူရမည်ဟူသော အကန့်အသတ်အချို့ ရှိနေသေးသည်။ ထို့ကြောင့် နဂါးသွေးကလန်မှ အဖွဲ့ဝင်များနှင့် တိုက်ခိုက်ကြသူတိုင်း ဤအချက်ကို အထူးသတိထားကြရပြီး မိမိတို့၏ သွေးစိမ်းများ အပြင်သို့ မထွက်ပေါ်လာစေရန် ဂရုစိုက်ကြရသည်။ အကယ်၍ မတော်တဆ ဒဏ်ရာရရှိခဲ့လျှင်ပင် ထိုထွက်ပေါ်လာသည့် သွေးစိမ်းများကို အမြန်ဆုံး အငွေ့ပျံသွားအောင် လုပ်ဆောင်ကြရမည် ဖြစ်သည်။

သို့သော်လည်း လီလော့က ကောင်းကင်နဂါးကလန်ကြီး ငါးခုထံသို့ ပြန်လည်ရောက်ရှိလာသည်မှာ ခြောက်လခန့်သာ ရှိသေးသဖြင့် နဂါးသွေးကလန်မှ အဖွဲ့ဝင်များ၏ တိုက်ခိုက်မှုပုံစံများကို ကောင်းစွာ နားလည်ထားခြင်းမရှိပေ။ ပို၍ အရေးကြီးသည်မှာ လီချင်းဖုန်းက လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက ဤပညာရပ်ကို လုံးဝ ထုတ်မသုံးဘဲ လျှို့ဝှက်ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းကြောင့်ပင် လူတိုင်း ဤတစ်ခဏ၌ အငိုက်မိသွားခဲ့ကြရခြင်းပင်။

လီကျင်းထောင်ကလည်း မျက်မှောင်ကြုတ်လိုက်ပြီး မချိတင်ကဲ သက်ပြင်းချရင်း ….

"ဒီကောင်က တကယ့်ကို ထောင်ချောက်ဆင်တတ်တာပဲ…နဂါးသွေးစီရင်ချက်ပညာရပ်ကို တတ်မြောက်ဖို့ ဘယ်လိုမှ မလွယ်ကူတာကြောင့် သူ ဒါကို အခုမှ ကျင့်ကြံတာတော့ မဟုတ်လောက်ဘူး… သူပြောသလိုပဲ ဒီပညာရပ်ကိုကျင့်ကြံနိုင်အောင် အချိန်အတော်ကြာအောင် ပေးဆပ်ခဲ့ရမှာ သေချာတယ်…ဒါပေမဲ့ အရင်တုန်းက တံခွန်တော် ၂၀ အတွင်းမှာ သူ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုက လုချင်းမိန်ပဲလေ… ဒီပညာရပ်က လုချင်းမိန်အပေါ်မှာတော့ ထူးပြီး ထိရောက်မှု ရှိမှာ မဟုတ်ဘူး" ဟု သုံးသပ်လိုက်သည်။

ထိုအခါ လီဖုန်းယီက အေးစက်စွာ ပြုံးလိုက်ပြီး… "မထူးဆန်းဘူး… အခြားကလန် လေးခုလုံးကို အမြဲတမ်း ဖိနှိပ်ထိန်းချုပ်ထားနိုင်ဖို့အတွက် နဂါးသွေးကလန်အတွင်းက ပါရမီရှိတဲ့သူတိုင်း ဒီပညာရပ်ကို မဖြစ်မနေ သင်ယူကြရတာပဲလေ… လီချင်းဖုန်းက ဒီပညာရပ်ကို နဂါးခေါင်းဆောင်တိုက်ပွဲအတွက်တင် မဟုတ်ဘဲ နောင်အနာဂတ် တိုက်ပွဲတွေအတွက်ပါ ရည်ရွယ်ပြီး သင်ယူထားခဲ့တာ ဖြစ်လိမ့်မယ်… သူ့ အပြုအမူက ရက်စက်လွန်းပေမဲ့ အံ့ဩစရာတော့ မဟုတ်ဘူး… မောင်လေးက အမြဲတမ်း ငါတို့ကို အံ့ဩအောင် လုပ်ဆောင်နိုင်စွမ်း ရှိတာပဲလေ… ငါကတော့ သူ လီချင်းဖုန်းကို တရားမျှတစွာ ထိပ်တိုက်ရင်ဆိုင်နိုင်လိမ့်မယ်လို့ ထင်ထားခဲ့တာ၊ ဒါပေမဲ့ အခုတော့..."

လီဖုန်းယီမှာ ဒေါသထွက်လွန်းသဖြင့် စကားကိုပင် ဆုံးအောင် မပြောနိုင်တော့ပေ။ အကယ်၍ လီလော့သာ စစ်မှန်သော တိုက်ပွဲအတွင်း အရှုံးပေးခဲ့ရလျှင် ပြောစရာမရှိသော်လည်း ယခုအခါတွင်မူ သူသည် တိုက်ပွဲမစတင်ရသေးခင်မှာပင် ဤနဂါးသွေးစီရင်ချက်ပညာရပ်ကြောင့် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရတော့မည့်ပုံပင်။

"လီချင်းဖုန်းက တကယ့်ကို သိက္ခာမရှိတာပဲ… သူက လီလော့ထက် ကျင့်စဉ်အဆင့် မြင့်မားနေတာတောင်မှ ဒီလို နည်းလမ်းတွေကို အသုံးချချင်နေသေးတယ်"

လီဖုန်းယီသည် အလွန်ပင် ဒေါသထွက်နေခဲ့သဖြင့် သူမ၏ စကားများကို မည်သို့မျှ ဖုံးကွယ်မထားဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ပတ်ဝန်းကျင်ရှိ အခြားတံခွန်ကိုင်အားလုံး ရှင်းလင်းစွာ ကြားလိုက်ကြရသည်။ သို့သော်လည်း အချို့လူများက သူမ၏ စကားကို စိတ်ထဲမှ ထောက်ခံမိကြသည်။

ဤသို့သော စိတ်ခံစားချက် ပေါက်ကွဲမှုများ ထွက်ပေါ်လာခြင်းက အံ့ဩစရာမဟုတ်ပေ။ အကယ်၍ ပွဲကြည့်ပရိသတ်များရှိရာဘက်သို့ အာရုံစိုက်ကြည့်လိုက်လျှင်လည်း ဤသို့သော မကျေမနပ်ဖြစ်ပွားမှု သံစဉ်များကို အလားတူ ကြားရမည် ဖြစ်သည်။

"ဟွန့်... နဂါးခေါင်းဆောင်တိုက်ပွဲအတွင်းမှာ နဂါးသွေးစီရင်ချက်ပညာရပ်ကို အသုံးမပြုရဘူးလို့ စည်းကမ်း သတ်မှတ်ထားလို့လား"

ဟူသော ဘေးမှနေ၍ အေးစက်လှသော လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လူတိုင်း မျှော်လင့်ထားကြသည့်အတိုင်း ဤစကားကို ပြောဆိုလိုက်သူမှာ လီဟုန်လီပင် ဖြစ်သည်။

လီဖုန်းယီက သူမကို ရက်စက်လှသော အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး….

"နဂါးပျံတက်ခြင်းပွဲတုန်းက နင့်ရဲ့ မျက်နှာ အရောင်မျိုးစုံ

ပြောင်းလဲသွားခဲ့တာကို ကြည့်ရတာက ယခုထက်ပိုပြီး ကြည့်ကောင်းသေးတယ်လို့ ငါခံစားရတယ်" ဟု ပြန်လည် ချေပလိုက်သည်။

ဤပြင်းထန်လှသော စကားကြောင့် လီဟုန်လီ၏ မျက်နှာထား ချက်ချင်း မည်းမှောင်သွားခဲ့ပြီး သူမ၏ စိတ်လှုပ်ရှားမှုများအားလုံး ချက်ချင်း ကွယ်ပျောက်သွားခဲ့လေသည်။

သူမက လီဖုန်းယီ၏ လှောင်ပြောင်သရော်သော စကားများကို ကြားရသောအခါ မျက်မှောင်ကြုတ်လိုက်ပြီး… "နင်က လျှာစောင်းထက်ရုံပဲထက်တာလား…နဂါးပျံတက်ခြင်းပွဲက နောက်ဆုံး နဂါးခေါင်းဆောင်ရာထူးကို ဆုံးဖြတ်ပေးနိုင်တာ မဟုတ်ဘူး"

လီဖုန်းယီ ထပ်မံ၍ ချေပရန် ပြင်လိုက်စဉ် လီကျင်းထောင်က အလျင်အစလိုပင် သူမကို တားဆီးလိုက်ပြီး…

"အချင်းချင်း စကားနိုင်လုမနေပါနဲ့တော့… ညီလေး မရှုံးသေးပါဘူး…နဂါးသွေးစီရင်ချက်ပညာရပ်ဆိုတာ လူတစ်ဦးရဲ့ သွေးစွမ်းအား သန့်စင်မှုကိုပဲ အဓိက တိုင်းတာတာလေ… နဂါးသွေးကလန်က ဒီအပိုင်းမှာ အားသာချက် ရှိနေတာ မှန်ပေမဲ့ ညီလေးရဲ့ သွေးစွမ်းအားက ဘယ်လောက်အထိ သန့်စင်နေလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ… အကယ်၍ ညီလေးရဲ့ သွေးစွမ်းအားက လီချင်းဖုန်းနဲ့ အဆင့်အတန်းတူညီနေရင် ဘယ်လို သက်ရောက်မှုမှ ရှိမှာ မဟုတ်ဘူး"

ဤစကားများက အကျိုးအကြောင်းရှိလှသဖြင့် လီဖုန်းယီလည်း ဆက်လက် ငြင်းခုံခြင်းမပြုတော့ပေ။

နဂါးသွေးကလန်သည် မိမိတို့၏ သွေးစွမ်းအား သန့်စင်မှုကိုသာ စွမ်းအား၏ ပင်မအရင်းအမြစ်အဖြစ် ကျင့်ကြံကြသဖြင့် အခြားကလန် လေးခုထက် ပိုမိုသာလွန်သည်မှာ မှန်သော်လည်း ဤသည်က အကြွင်းမဲ့ အားသာချက်တော့ မဟုတ်ပေ။ အခြားကလန်များအတွင်း၌လည်း မယုံနိုင်လောက်အောင် သန့်စင်လှသော သွေးစွမ်းအားကို ပိုင်ဆိုင်ထားကြသည့် ပါရမီရှင်များ ရှိနေကြသေးသည်။

၎င်းတို့ထဲတွင် လီတိုင်ရွှမ်လည်း ပါဝင်သည်။ သူ ကလန်ငါးခုလုံးကို အပြတ်အသတ် ဖိနှိပ်ထားစဉ်က မည်သူမျှ သူ့အပေါ်၌ နဂါးသွေးစီရင်ချက်ပညာရပ်ကို အောင်မြင်စွာ အသုံးချနိုင်ခဲ့ဖူးခြင်း မရှိကြပေ။

ယေဘုယျအားဖြင့် ပြောရလျှင် အကယ်၍ မိဘမျိုးဆက်၏ သွေးစွမ်းအား ပိုမိုသန့်စင်နေခဲ့လျှင် ၎င်းက သားသမီးမျိုးဆက်ထံသို့ ဆက်ခံခွင့်ရရှိရန် အခွင့်အလမ်း ပိုမိုများပြားစေသည်မှာ မှန်သော်လည်း ၎င်းက ရာနှုန်းပြည့်တော့ မသေချာပေ။

ပတ်ဝန်းကျင်ရှိ လူအမြောက်အမြားမှာ ထိုအကြောင်း အဆက်မပြတ် ဆွေးနွေးနေကြပြီး သူတို့၏ အကြည့်အားလုံးက ကျောက်စင်မြင့်ထက်သို့သာ အပြည့်အဝ ကျရောက်နေကြသည်။

ကျောက်စင်မြင့်ထက်တွင်မူ ဧရာမ သွေးနီရောင် ချိန်ခွင်ကြီးတစ်ခု မားမားမတ်မတ် တည်ရှိနေခဲ့ပြီး ၎င်းထံမှ သွေးနီရောင် ဝိညာဉ်အမှတ်အသား အလင်းတန်းများ ဖြာထွက်နေသည်။ ဤအချိန်သို့ ရောက်ရှိလာမှသာ လီလော့အနေနှင့်သူ့ ခန္ဓာကိုယ်အတွင်းပိုင်း၌ ထူးဆန်းသော တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

ဒါက သူ့ရဲ့ သွေးစွမ်းအား သန့်စင်မှုကို စမ်းသပ်နေခြင်းလား…..

ထိုချိန်ခွင်ကြီးတွင် ဘေးတစ်ဖက်တစ်ချက်စီ ရှိနေကြပြီး အရင်ဆုံး လှုပ်ရှားလာခဲ့သည်မှာ လီချင်းဖုန်း ရပ်တည်နေသည့် ဘက်ခြမ်း ဖြစ်သည်။ လူတိုင်းက သူ့ခန္ဓာကိုယ်ထံမှ ဧရာမ သွေးနီရောင် အလင်းတန်းကြီးတစ်ခု အပြင်သို့ ထိုးထွက်လာပြီး ကောင်းကင်ယံထံသို့ ပေခြောက်ရာခန့်အထိ မြင့်မားစွာ ထိုးထွက်သွားသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရသည်။

ထိုအလင်းတန်းကြီးအတွင်း၌ ဧရာမ နဂါးကြီးတစ်ကောင်၏ ပုံရိပ် ဝဲပျံနေသည်ကိုပါ မြင်တွေ့နိုင်သည်။

ဤသည်က လီချင်းဖုန်း၏ သွေးစွမ်းအား သန့်စင်မှုနှင့် သိပ်သည်းမှုကို အပြည့်အဝ ပြသနေခြင်းပင် ဖြစ်သည်။

နဂါးသွေးကလန်အတွင်း၌ ဤအဆင့်အတန်းကို တိကျစွာ ခွဲခြားသတ်မှတ်ထားကြသည်။ အကယ်၍ လူတစ်ဦး၏ သွေးရောင်အလင်းတန်း ပေတစ်ထောင်အထိ မြင့်မားစွာ ထိုးထွက်သွားခဲ့လျှင် ၎င်းက ထိုသူ၏ သွေးစွမ်းအား အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကိုယ်စားပြုခြင်း ဖြစ်သည်။

ပေသုံးရာထက် ကျော်လွန်သောအရာမှန်သမျှကို ထိပ်တန်းအဆင့်အဖြစ် သတ်မှတ်ကြပြီး ယခု လီချင်းဖုန်း၏ အလင်းတန်းက ပေခြောက်ရာခန့်အထိ ရှိနေခြင်းက သူ့ရဲ့ သွေးစွမ်းအား သန့်စင်မှုမှာ မယုံနိုင်လောက်အောင် မြင့်မားသောအဆင့်တွင် ရှိနေကြောင်း ငြင်းပယ်၍မရနိုင်သော သက်သေပင် ဖြစ်သည်။

ပေသုံးရာအောက်ရှိသောအရာ မှန်သမျှကိုမူ သာမန်အဆင့်အဖြစ်သာ သတ်မှတ်ကြပြီး ၎င်းက နဂါးသွေးကလန်အတွင်းရှိ သာမန်အဖွဲ့ဝင် အများစု၏ အဆင့်အတန်း ဖြစ်သည်။

အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနိုင်သူဟူသည် ရံဖန်ရံခါမှသာ ပေါ်ထွက်တတ်ပြီး နဂါးသွေးကလန်အတွင်း၌ပင် ရာစုနှစ်တစ်ခုအတွင်းမှာ တစ်ဦး သို့မဟုတ် နှစ်ဦးခန့်သာ ပေါ်ထွက်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် လီချင်းဖုန်းနှင့် ယှဉ်နိုင်သော အဆင့်အတန်းရှိသူသည် သူတို့ကလန်အတွင်း၌ အသန်မာဆုံးသော ပါရမီရှင်အဖြစ် သတ်မှတ်ရန် အပြည့်အဝ ထိုက်တန်လှသည်။

ဝုန်း

လီချင်းဖုန်း၏ သွေးစွမ်းအား သန့်စင်မှု ထွက်ပေါ်လာခဲ့ပြီးနောက် ထိုချိန်ခွင်ကြီးမှာ ပြင်းထန်စွာ လှုပ်ခါသွားခဲ့ပြီးနောက် နောက်ဆုံးတွင် လီချင်းဖုန်း ရှိနေသည့် ဘက်ခြမ်းသို့ လုံးဝ ငိုက်ကျသွားခဲ့ကာ မြေပြင်နှင့် ထိကပ်လုနီးပါး ဖြစ်သွားခဲ့တော့သည်။

ထိုချိန်ခွင်ကြီး မည်သည့်ဘက်သို့ ငိုက်ကျသွားသည်ဖြစ်စေ ၎င်းက ထိုသူသည် ဤစီရင်ချက်အတွင်း၌ အနိုင်ရရှိသွားခဲ့ပြီဖြစ်ကြောင်း ပြသနေခြင်းပင်။

လီချင်းဖုန်းက လီလော့ကို စိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာပင်…

"လီလော့... မင်း အခုချက်ချင်း အရှုံးပေးလိုက်မယ်ဆိုရင် ဂုဏ်သိက္ခာအချို့ ချန်ထားနိုင်သေးတယ်"

ဟု ဆိုလိုက်သည်။

"အခု ငါ့အလှည့် ရောက်ပြီ မဟုတ်ဘူးလား"

ဟု ဆိုကာ လီလော့က ပြုံးလိုက်သည်။

သူသည် အစောပိုင်းက အငိုက်မိသွားခဲ့ပြီး ဤနဂါးသွေးစီရင်ချက်အတွင်းသို့ အတင်းအကျပ် ဆွဲသွင်းခြင်း ခံလိုက်ရသည်မှာ မှန်သော်လည်း ထိတ်လန့်ခြင်းမရှိပေ။ မိမိတွင် တိုက်ခိုက်နိုင်စွမ်း အနည်းငယ် ရှိနေသရွေ့ နောက်ဆုံးအချိန်အထိ သေချာပေါက် ရုန်းကန်သွားမည် ဖြစ်သည်။

လီချင်းဖုန်းက အေးစက်စွာ ပြုံးလိုက်ပြီး ထပ်မံ၍ စကားမပြောတော့ပေ။

ဤအချိန်သို့ ရောက်ရှိလာမှသာ လီလော့အနေနှင့် သူ့ခန္ဓာကိုယ်အတွင်းရှိ ထူးဆန်းသော စွမ်းအားများ ကွယ်ပျောက်သွားသည်ကို ခံစားလိုက်ရသည်။ ၎င်းက သူ့ ခန္ဓာကိုယ်ကို ဆန်းစစ်ခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားခဲ့ခြင်းဖြစ်ပုံရသည်။

လီလော့က လေတစ်ချက် ရှူသွင်းလိုက်ပြီး ရွှေကျောက်စိမ်းဆင်စွယ်ဓားကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။

လူတိုင်းကလည်း မျက်တောင်တစ်ခတ်မျှပင် မခတ်ကြဘဲ လီလော့ထံသို့သာ စိုက်ကြည့်နေကြသည်။

စက္ကန့်အနည်းငယ်မျှ ကုန်ဆုံးသွားခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမျှ ရှိမနေခဲ့သဖြင့်

အချို့လူများ၏ စိတ်ထဲတွင် သံသယများစွာ ပေါ်ပေါက်လာခဲ့လေသည်။

ဒီနဂါးသွေးစီရင်ချက်ပညာရပ်က တုံ့ပြန်မှု ထွက်ပေါ်လာဖို့အတွက် အချိန်အနည်းငယ် ကြန့်ကြာတတ်လို့လား…..

လီချင်းဖုန်းလည်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဤစောင့်ဆိုင်းရသည့် အချိန်က အနည်းငယ် ကြာမြင့်လွန်းလှသည်။

သို့သော်လည်း လူတိုင်း ဆက်လက်၍ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။

စက္ကန့်အနည်းငယ်မျှ ထပ်မံကုန်ဆုံးသွားခဲ့ပြီးနောက် လီလော့က သူ့ခန္ဓာကိုယ်အတွင်းပိုင်း၌ ဆူပွက်နေသော အပူရှိန်တစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ တစ်ခုခုက သူ့ ခန္ဓာကိုယ်အတွင်းမှနေ၍ သူ၏ ဦးခေါင်းထက်ဆီသို့ တစ်ဟုန်ထိုး ထိုးထွက်လာခဲ့သလိုပင်။

ဘုန်း

ထိုစဉ် သွေးနီရောင် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ့ ဦးခေါင်းထက်မှနေ၍ မယုံနိုင်လောက်အောင် ကြီးမားလှသော ဧရာမအလင်းတန်းကြီးတစ်ခု ကောင်းကင်ယံထံသို့ ထိုးထွက်သွားခဲ့ပြီး မိုးတိမ်အားလုံးကိုပါ သွေးနီရောင်အဖြစ် ပြောင်းလဲသွားစေတော့သည်။

ထိုအလင်းတန်းကြီး ကောင်းကင်ယံထံသို့ ထိုးထွက်သွားချိန်တွင် ၎င်းထံမှ မယုံနိုင်လောက်အောင် ခန့်ညားထည်ဝါလှသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့ပြီး ၎င်းအတွင်း၌ စစ်မှန်သော သက်ရှိတစ်ကောင်ဟု ထင်ရသည့် ဧရာမ နဂါးကြီးတစ်ကောင်၏ ပုံရိပ် ထင်ရှားစွာ ရှိနေခဲ့သည်။

ထိုအလင်းတန်းကြီး ဆက်လက်၍ မြင့်တက်နေခဲ့ပြီး ပေငါးရာအမှတ်ကို အရှိန်အဟုန်ဖြင့် ကျော်ဖြတ်သွားခဲ့သည်။

သို့သော်လည်း ၎င်းက ရပ်တန့်သွားခြင်းမရှိသေးပေ။

ပေခြောက်ရာ... ပေခုနစ်ရာ... ပေကိုးရာ...

ပေတစ်ထောင်အပြည့်

ထိုသွေးနီရောင် အလင်းတန်းကြီး အမြင့်ဆုံးအဆင့်ဖြစ်သည့် ပေတစ်ထောင်အထိ အရှိန်အဟုန်ဖြင့် ထိုးထွက်သွားခဲ့ချိန်တွင် ပတ်ဝန်းကျင်ရှိ ပွဲကြည့်ပရိသတ်အားလုံး လုံးဝ ဥဿုံ ဆွံ့အ မှင်တက်သွားခဲ့ကြတော့သည်။

သူတို့အားလုံး ထိုနေရာသို့ ကြောင်အမ်းစွာ စိုက်ကြည့်နေကြပြီးနောက် လူတိုင်း၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများနှင့် မယုံနိုင်မှုများ ပြည့်နှက်သွားခဲ့သည်။

ပေတစ်ထောင်မြင့်သော သွေးရောင်အလင်းတန်း……

၎င်းက အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

နဂါးသွေးကလန်မှ တံခွန်ကိုင်

အားလုံးနှင့် အထူးသဖြင့် လီဟုန်လီမှာမူ မျက်နှာတစ်ခုလုံး ချက်ချင်း ဖြူဖျော့သွားခဲ့လေသည်။

သူတို့ ဤမြင်ကွင်းကြောင့် ခြေဖျားမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသလိုပင် ခံစားလိုက်ကြရသည်။

"မဖြစ်နိုင်ဘူး... ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ဟု လီဟုန်လီက တစ်ကိုယ်လုံး တုန်လှုပ်ရင်း အော်ဟစ်လိုက်မိပြီး သူမ၏ မျက်နှာထားမှာ တကယ့် သရဲတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား ပျက်ယွင်းနေခဲ့သည်။

ဤမြင်ကွင်းက သူတို့၏ စိတ်အာရုံကို ကြီးမားစွာ တုန်လှုပ်သွားစေခဲ့သည်။

လက်ရှိအ‌‌ခြေနေက လီလော့ အစောပိုင်းက နဂါးကိုးကောင် ပေါင်းစပ်ခြင်းကို ဖျက်ဆီးပစ်ခဲ့စဉ်ကထက် များစွာ ပိုမိုကြောက်စရာကောင်းလှသည်။

မယုံနိုင်လောက်အောင် အမြင့်ဆုံးအဆင့်ရှိသော ကောင်းကင်နဂါးသွေး သန့်စင်မှုကို လီလော့ ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူ ထင်မှတ်ထားမည်နည်း။

လီဖုန်းယီက သူမကို ထပ်မံ၍ လှောင်ပြောင်ရန် ပြင်လိုက်သော်လည်း ထိုအလင်းတန်းကြီးကို ကြည့်ရင်း သူမလည်း စကားမပြောနိုင်တော့ပေ။ သူမ၏ မောင်လေးက တကယ့်ကို မယုံနိုင်လောက်အောင် ထူးခြားဆန်းပြားလွန်းလှသည်။

လုချင်းမိန်နှင့် အခြားတံခွန်ကိုင်များသည်လည်း ထိုနည်းတူပင် မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ကြသည်။

ယခုတစ်ကြိမ်တွင် လီချင်းဖုန်းတယောက် ကိုယ့်ရှုးကိုယ်ပတ်ဆိုသလို ဖြစ်နေကြောင်း သူတို့အားလုံး ကောင်းစွာ သိရှိလိုက်ကြသည်။

ဟင်းလင်းပြင်အထက်ရှိ အကြီးအကဲများစွာလည်း ဤမြင်ကွင်းကြောင့် မျက်မှောင်ကြုံ့လိုက်မိကြသည်။

ဤထိတ်လန့်မှုမှာ ပွဲကြည့်ပရိသတ်များတင်မကဘဲ လီချင်းဖုန်းကိုယ်တိုင်လည်းမယုံနိုင်လောက်သော မြင်ကွင်းကြောင့် စိတ်အာရုံ လုံးဝ ပျက်ယွင်းသွားခဲ့ရပြီး သူ အမြဲတမ်း ပြသတတ်သည့် တည်ငြိမ်မှုများနှင့် ယုံကြည်မှုအားလုံး ချက်ချင်း ကွယ်ပျောက်သွားခဲ့လေသည်။

ဝုန်း

ထိုတစ်ခဏ၌ပင် ထိုသွေးနီရောင် ချိန်ခွင်ကြီးမှာ တဖန်ပြန်လည်၍ ပြင်းထန်စွာ လှုပ်ရှားလာခဲ့ပြီး လီချင်းဖုန်း ရှိနေသည့် ဘက်ခြမ်းမှာ တဖြည်းဖြည်းနှင့် အထက်သို့ ပြန်လည်မြင့်တက်လာခဲ့သည်။

ထိုပေတစ်ထောင်မြင့်သော အလင်းတန်းကြီး ပေါ်ထွက်လာခြင်းက လီလော့ ရှိနေသည့် ဘက်ခြမ်းသို့ ဧရာမ တောင်ကြီးတစ်လုံး ချထားလိုက်သလို ဖြစ်နေသဖြင့် ချိန်ခွင်လျှာတဖက်စောင်းသွားချေပြီ။

ဝုန်း

မြည်ဟည်းသံတစ်ခုနှင့်အတူ လီလော့ ရှိနေသည့် ဘက်ခြမ်းမှာ မြေပြင်ပေါ်သို့ လုံးဝ ကျရောက်သွားခဲ့ပြီး လီချင်းဖုန်း ရှိနေသည့် ဘက်ခြမ်းမှာမူ ဟင်းလင်းပြင်၌ လွင့်မျောနေခဲ့လေသည်။

ဝုန်း

ထိုစဥ် ချိန်ခွင်ကြီး၏ အနက်ရှိုင်းဆုံးနေရာထံမှ ပြင်းထန်လှသော နဂါးဟိန်းသံကြီး ထွက်ပေါ်လာခဲ့သည်။ဤသည်က

စီရင်ချက် ကျရောက်သွားခဲ့ပြီ ဆိုသည့်သဘောပင်။

လီချင်းဖုန်းခင်မျာ ထိုအခါမှသာ အသိစိတ်ပြန်ဝင်လာပြီး ချက်ချင်း မျက်နှာ ပျက်သွားခဲ့လေသည်။

ထိုစဥ် သူ့ခန္ဓာကိုယ်အတွင်းရှိ ပဲ့တင်ထပ်သံစွမ်းအားများ တစ်ဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီး ထိုနေရာမှနေ၍ အမြန်ဆုံး ထွက်ပြေးရန် ကြံစည်လိုက်တော့သည်။

နှမြောစရာကောင်းတာကတော့ သူ့ ကြိုးစားမှုက မအောင်မြင်ခဲ့ပေ။

သူသည် မိမိကိုယ်တိုင် ဖန်တီးခဲ့သည့် ထိုချိန်ခွင်ကြီးထံမှနေ၍ သူ့ခြေဖဝါးအောက်သို့ မယုံနိုင်လောက်အောင် ပြင်းထန်လှသော စုပ်ယူမှုစွမ်းအားတစ်ခု သက်ရောက်လာသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။ နောက်တစ်ခဏတွင် လူတိုင်းမျက်စိရှေ့၌ မယုံနိုင်လောက်အောင် ရက်စက်လှသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့တော့သည်။

၎င်းမှာ လီချင်းဖုန်း၏ ခန္ဓာကိုယ် အရေပြားမျက်နှာပြင်တစ်ခုလုံး အပေါက်ပေါင်းများစွာ ဖြစ်ပေါ်လာပြီး မွှေးညှင်းပေါက်တိုင်းမှ ရေတွက်မရနိုင်သော သွေးစိမ်းရှင်ရှင်များစွာအပြင်သို့ တရစပ် ပန်းထွက်လာခဲ့တော့သည်။ သူ့ဘေး ပတ်လည် ပေသုံးဆယ်ခန့်အတွင်းရှိ နေရာအားလုံးမှာ သွေးစိမ်းများကြောင့် လုံးဝ ဥဿုံ နီမြန်းသွားခဲ့လေသည်။

ပြင်းထန်လှသော သွေးညှီနံ့များ လေထုထဲတွင် ပျံ့နှံ့သွားလေပြီ။

ဤရက်စက်လှသော မြင်ကွင်းကြောင့် အချို့လူများမှာ မျက်လုံးများကိုပင် ပိတ်ထားလိုက်ကြရသည်။

နဂါးသွေးစီရင်ချက်ပညာရပ်၏ စီရင်ချက်အောက်တွင် ရှုံးနိမ့်သွားခဲ့ရသူတိုင်း ကိုယ်ပိုင်သွေးစွမ်းအားအားလုံး၏ ထက်ဝက်ခန့်ကို လုံးဝ စုပ်ယူခြင်း ခံရပေမည်။

ထို့နောက်

အရာအားလုံးပြန်လည်တိတ်ဆိတ်သွားပြီး ထိုဧရာမ ချိန်ခွင်ကြီးသည်လည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့တော့သည်။

လီလော့ခင်မျာ မိမိရှေ့မှ ဖြူဖျော့ပြီး အားနည်းနေသည့် ပြိုင်ဘက်ကို ကြည့်ရင်း ဘာလုပ်ရမလဲမသိဘဲ ကြောင်အမ်းနေခဲ့ရုံသာ တတ်နိုင်တော့သည်။

လီချင်းဖုန်း၏ ခန္ဓာကိုယ်အတွင်းရှိ ပဲ့တင်ထပ်သံစွမ်းအားများ သိသိသာသာ အားနည်းသွားခဲ့ရပြီ ဖြစ်သည်။

ခေတ္တအကြာတွင် လီလော့ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

သူသည်လည်း လီချင်းဖုန်း ဘာတွေ လျှောက်လုပ်နေသည်ကို လုံးဝ နားမလည်နိုင်တော့ပေ။

အကယ်၍ လီချင်းဖုန်းသာ စောစောကတည်းက စစ်မှန်သော တိုက်ပွဲကိုသာ တရားမျှတစွာ ဆင်နွှဲခဲ့လျှင် လီလော့အနေဖြင့် ကြီးမားလှသော ရုန်းကန်မှုများကို လုပ်ဆောင်ရမည်ဖြစ်ပြီး နောက်ဆုံးရလဒ် မည်သို့ဖြစ်လာမည်မှာလည်း မသေချာလှပေ။

သို့သော်လည်း လီချင်းဖုန်းက နဂါးသွေးစီရင်ချက်ပညာရပ်ဟု ခေါ်သည့် ဤထူးဆန်းလှသော လျှို့ဝှက်ပညာရပ်ကို အသုံးချရန် ရွေးချယ်ခဲ့သဖြင့် နောက်ဆုံးရလဒ်ကတော့ ယခုကဲ့သို့ပင် ဖြစ်လာခဲ့ရသည်။

လီလော့ အကောင်းအတိုင်း ရှိနေခဲ့သည်မှာ မှန်သော်လည်း လီချင်းဖုန်းခင်မျာ ခန္ဓာကိုယ် အရေပြားတိုင်းမှ သွေးစိမ်းများ ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။

အကယ်၍ လက်ရှိအခြေနေက အလွန်လေးနက်လှသော ပြိုင်ပွဲတစ်ခု မဟုတ်ခဲ့လျှင် လီလော့အနေနှင့် ဤလူက မိမိအပေါ် အောက်လမ်းနည်းလမ်းများဖြင့် လိမ်လည်လှည့်ဖြားရန် ကြိုးစားနေခြင်းဖြစ်လိမ့်မည်ဟုပင် ထင်မှတ်မိသွားနိုင်သည်။

မည်သို့ပင်ဖြစ်စေ လီချင်းဖုန်းခင်မျာ ယခုအခါ သေလုမြောပါး ဖြစ်နေခဲ့ပြီး အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ပြီ ဖြစ်သည်။စစ်မှန်သော စွမ်းအားအားလုံး များစွာ ကျဆင်းသွားခဲ့ပြီဖြစ်ရာ ဤအတိုင်းဆိုလျှင် နဂါးခေါင်းဆောင်တိုက်ပွဲ မကြာမီ ပြီးဆုံးသွားတော့မည်မှာ သေချာသည်။

ဒါ သူတို့ ရင်ဆိုင်ရမယ့် ကံကြမ္မာတိုက်ပွဲ ဟုတ်ရဲ့လား…..ဒါ သူ အလွန်ပင် မျှော်လင့်ခဲ့ရတဲ့ ပြိုင်ပွဲအစစ်အမှန်ရော ဟုတ်ရဲ့လား…..

လီလော့၏ ရင်ထဲတွင် အနှစ်သာရမရှိလှသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ သူတို့ အချင်းချင်း အကြိမ်ပေါင်းများစွာ ဆုံတွေ့ခဲ့ဖူးခြင်းမရှိလျှင် လီချင်းဖုန်းက မိမိကို နဂါးခေါင်းဆောင်ရာထူး လွယ်လွယ်ကူကူ ရရှိသွားစေရန်အတွက် တမင်သက်သက် ဟန်ဆောင်ပြနေခြင်းဖြစ်လိမ့်မည်ဟုပင် သံသယဝင်မိသွားနိုင်သည်။

နောက်ဆုံးတွင်မူ လီလော့၏ စိတ်ထဲ၌ စကားလုံးအချို့သာ ထင်ကျန်ရစ်တော့သည်။

"ကြည့်ရတာ ဒီကောင်တော့ ဒေါသထွက်လွန်းလို့ ငိုရတော့မှာပဲ”

All Chapters