← Chapters

နဂါးခေါင်းဆောင်ရာထူး ရရှိခြင်း

Vol. 66 Ch. 918

နဂါးခေါင်းဆောင်ရာထူး ရရှိခြင်း

Vol. 66 Ch. 918

ကျောက်စင်မြင့်ထက်က အခြေအနေမှာ ချက်ချင်းပင် အနေရခက်သွားခဲ့သည်။

လီချင်းဖုန်းသည် မြေပြင်ပေါ်တွင် သွေးကွက်ကြီး ဖြစ်နေသည့်တိုင်အောင် လုံးဝ မလှုပ်မယှက်ဘဲ လဲလျောင်းနေခဲ့ပြီး အလွန်ပင် တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်နေခဲ့သည်။

လူတိုင်းလည်း ဘာလုပ်ရမှန်းမသိဘဲ ကြောင်အမ်းစွာဖြင့် အသံတိတ် စောင့်ကြည့်နေကြရုံသာ တတ်နိုင်တော့သည်။

လီချင်းဖုန်းသည် စောစောက နဂါးသွေးစီရင်ချက်ပညာရပ်ကို ထုတ်ပြစဉ်က တကယ့်ကို ယုံကြည်မှုအပြည့် ရှိနေခဲ့သည်။ ဤအချက်က လူတိုင်းကို အငိုက်မိသွားစေခဲ့ပြီး သူ ဤပညာရပ်ဖြင့် အပြတ်အသတ် အားသာချက် ရရှိလိမ့်မည်ဟု အားလုံး ထင်မှတ်ထားခဲ့ကြသည်။

သို့သော်လည်း... သူကိုယ်တိုင် ယခုလို သွေးပင်လယ်ထဲမှာ ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူ ထင်မှတ်ထားမည်နည်း။

ဒါတင် မကသေးပေ၊ လီလော့ဘက်က အချင်းချင်း ခွန်အားချင်း စမ်းသပ်သည့် လက်သီးတစ်ချက် ထိပ်တိုက်တွေ့ဆုံမှုပြီးကတည်းက နေရာကနေ ခြေတစ်လှမ်းမျှတောင် မလှုပ်ရှားခဲ့ရသေးပေ။

လီလော့ မည်သည့်တိုက်ကွက်ကိုမျှ မထုတ်ရသေးခင်မှာတင် လီချင်းဖုန်း အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်သည်။

ဤသည်က နဂါးသွေးကလန်မှ လူတစ်ဦးအတွက် တကယ့်ကို သိက္ခာကျစရာ အခြေအနေတစ်ခုပင်။

မိမိ၏ သွေးစွမ်းအား ထက်ဝက်ခန့်ကို ဆုံးရှုံးလိုက်ရခြင်းက အရိုးတစ်ချောင်း ကျိုးသွားသည်ထက် သေချာပေါက် ပိုမိုကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်ပေမည်။

ဤသည်ကလည်း နဂါးသွေးစီရင်ချက်ပညာရပ်ကို အသုံးပြုခြင်း၏ ကြီးမားလှသော ဆိုးကျိုးတစ်ခုပင်။ အကယ်၍ ကျရှုံးခဲ့လျှင် အသုံးပြုသူအနေနှင့် ပြင်းထန်လှသော တန်ပြန်သက်ရောက်မှုဒဏ်ကို ခံရပေမည်။

လီလော့က လီချင်းဖုန်းကို မချိတင်ကဲ ကြည့်ရင်း …

"တံခွန်ကိုင် လီချင်းဖုန်း... ငါတို့ ဒီမှာတင်ပဲ ပွဲသိမ်းလိုက်ကြရင်ကော ဘယ်လိုလဲ"

အကယ်၍ လီချင်းဖုန်းသာ သွေးစွမ်းအားဖြင့် ဖန်တီးထားသည့် ဒုတိယမြောက် ကောင်းကင်ပုလဲကို အားကိုးပြီး တိုက်ခိုက်ခဲ့လျှင် လီလော့အတွက် မယုံနိုင်လောက်အောင် ခက်ခဲလှသည့် တိုက်ပွဲတစ်ခု ဖြစ်လာမှာ သေချာသည်။

သို့သော်လည်း လီချင်းဖုန်းမှာ ယခုအခါ သေလုမြောပါး ဖြစ်နေခဲ့ရှာပြီ။ သူ့မှာ အနိုင်ရရှိရန်အတွက် မည်သည့်အခွင့်အရေးမျှ ရှိမနေတော့ပေ။

မိုက်မဲလှသော ဆုံးဖြတ်ချက်ကြောင့် မိုးပျံမတတ် မြင့်မားလှသော အားသာချက်အားလုံး လုံးဝဥဿုံ ပျက်စီးသွားခဲ့ရသည်ဟုပင် ဆိုနိုင်သည်။

လူတိုင်း ကောင်းစွာ သိရှိထားကြသည်မှာ လီချင်းဖုန်းက ဤပညာရပ်ဖြင့် လူအများရှေ့မှာ အစွမ်းပြချင်ခဲ့ခြင်းသာ ဖြစ်သည်။ သို့သော်လည်း ၎င်းက ကိုယ့်ကိုယ်ကို ပြန်လည်ထိခိုက်စေလိမ့်မည်ဟု မည်သူ ထင်မှတ်ထားမည်နည်း။

ယခုအချိန်တွင် လီချင်းဖုန်း၏ မျက်နှာတစ်ခုလုံး ဖြူဖျော့ပြီး မည်သည့်အမူအရာမျှ ရှိမနေခဲ့ပေ။ အကယ်၍ သူသာ စိတ်ခံစားချက်များကို လူအများရှေ့မှာ ပြသခွင့်ရှိမည်ဆိုလျှင် မိမိ၏ ပါးကို မိမိကိုယ်တိုင် ပြင်းပြင်းထန်ထန် ပြန်ရိုက်မိမှာ သေချာသည်။

"ငါ ဘယ်တော့မှ အရှုံးမပေးဘူး"ဟု

လီချင်းဖုန်းက အက်ကွဲလှသော လေသံဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

သူသည် မိမိ၏ ဂုဏ်သိက္ခာများကို နောက်ဆုံးအချိန်အထိ ဆက်လက်ထိန်းသိမ်းရန် ကြိုးစားနေဆဲပင်။

အမှန်အတိုင်း ပြောရလျှင် သူ့အတွက် အခြားရွေးချယ်စရာ လမ်းမရှိတော့ပေ။ အကယ်၍ သူသာ ဤနေရာတွင် အရှုံးပေးလိုက်လျှင် နဂါးသွေးကလန်အတွင်း၌ သူ့ရဲ့ ဂုဏ်သတင်းအားလုံး လုံးဝ ဥဿုံ ပျက်စီးသွားပေမည်။

၎င်းကို ကြားရသောအခါ လီလော့က ခေါင်းညိတ်ပြလိုက်ပြီး ပြိုင်ဘက်ကို နောက်ထပ် တိုက်ကွက် ထုတ်သုံးနိုင်ကြောင်း လက်ဟန်ဖြင့် အချက်ပြလိုက်သည်။

လီချင်းဖုန်းက ဒဏ်ရာများကို အမြန်ဆုံး ထိန်းချုပ်နိုင်ရန်အတွက် ရှိသမျှ ခွန်အားအားလုံးကို ဤတစ်ခဏ၌ အစွမ်းကုန် ထုတ်သုံးလိုက်သည်။ သွေးစွမ်းအားများ ဆုံးရှုံးသွားခြင်းနှင့်အတူ သွေးနီရောင် ပုလဲလုံးကြီးလည်း လုံးဝ ကွယ်ပျောက်သွားခဲ့ချေပြီ။

ဒါတင် မကသေးပေ၊ သူကိုယ်တိုင် ကျင့်ကြံထားသည့် တောက်ပလှသည့် ကောင်းကင်ပုလဲကြီးမှာလည်း တဖြည်းဖြည်းနှင့် မှေးမှိန်လာခဲ့သည်။

သို့သော်ငြားလည်း အတတ်နိုင်ဆုံး ဟန်မပျက် ဆက်လက် တောင့်ခံထားဆဲပင်။

ထို့နောက် လီချင်းဖုန်း၏ ပဲ့တင်ထပ်သံစွမ်းအားများ ထပ်မံ၍ တစ်ဟုန်ထိုး ထွက်ပေါ်လာခဲ့ပြန်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် လီချင်းဖုန်း၏ ပုံရိပ်က မုန်တိုင်းတစ်ခုပမာ အပြင်သို့ ပေါက်ကွဲထွက်လာခဲ့သည်။ သူ့ ခန္ဓာကိုယ်အတွင်းရှိ ပဲ့တင်ထပ်သံစွမ်းအားအားလုံးကို ဤနောက်ဆုံးတိုက်ကွက်အတွင်းသို့ စုစည်းလိုက်ခြင်း ဖြစ်သည်။

သူသည် လွင့်မျောနေသည့် ကြယ်တံခွန်ကြီးတစ်ခု ကမ္ဘာမြေပေါ်သို့ အရှိန်အဟုန်ဖြင့် ကျရောက်လာသလို လီလော့ရှိရာသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

တိုက်စစ်အရှိန်အဝါက အားနည်းမနေခဲ့သော်လည်း မြင်တွေ့ရသည့် မြင်ကွင်းကတော့ တကယ့်ကို ဝမ်းနည်းစရာကောင်းလှသည်။

မည်သို့ပင်ဖြစ်စေ လီလော့ကတော့ သူ့ကို ဘယ်လိုမှ အထင်မသေးခဲ့ပေ။ သူသည် ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

ထိုအခါ သူ့ခန္ဓာကိုယ်အတွင်းမှ မိုးခြိမ်းသံ တဂျိန်းဂျိန်း မြည်ဟည်းသွားခဲ့သည်။

"မိုးကြိုးကိုယ်ပွား - သုံးဆင့်အသံလှိုင်း ကမ္ဘာဦးဆင်ရိုင်းခွန်အား - တတိယအဆင့်

အမြွှာပဲ့တင်ထပ်သံစွမ်းအား - တတိယအဆင့်"

လက်ချောင်းလေးများဖြင့် လက်ကွက်များကို အရှိန်အဟုန်ဖြင့် ပုံဖော်လိုက်တော့

ပဲ့တင်ထပ်သံစွမ်းအားများက ဧရာမ ရေလှိုင်းကြီးတစ်ခုပမာ အပြင်သို့ တစ်ဟုန်ထိုး စီးထွက်လာခဲ့သည်။

ထို့နောက် ရှေ့သို့ ပြတ်သားစွာပင် ဓားကို ဝှေ့ယမ်းပိုင်းချလိုက်ပြီး…

"မြို့စားအဆင့်ပညာရပ် - မဟူရာမြစ်ရဲ့နဂါးအလံတော်" ဟု အော်ဟစ်လိုက်တော့သည်။

ထိုဓားချက်က ဟင်းလင်းပြင်ကို ခွဲထုတ်ပစ်ခဲ့ပြီး ဟင်းလင်းပြင်၌ တောက်ပလှသည့် အလင်းတန်းတစ်ခု ထင်ကျန်ရစ်စေကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အေးစက်လှသော ငရဲမြစ်ရေလှိုင်းများနှင့်အတူ ထိုအက်ကြောင်းအတွင်းမှနေ၍ နဂါးနက်ကြီးတစ်ကောင် ထွက်ပေါ်လာခဲ့ပြီးနောက် ဟင်းလင်းပြင်၌ ပြင်းထန်လှသည့် ရေလှိုင်းသံကြီး ဆူညံသွားခဲ့ရသည်။

ခေတ္တမျှ ပတ်ဝန်းကျင် လေထုတစ်ခုလုံး လုံးဝ ခဲသွားခဲ့သကဲ့သို့ပင် ထင်ရသည်။

ဝုန်း

ပွဲကြည့်ပရိသတ်အားလုံး မျက်တောင်တစ်ခတ်မျှပင် မခတ်ဘဲ စောင့်ကြည့်နေကြစဉ်မှာပင် ထိုနဂါးနက်ကြီးက လီချင်းဖုန်း၏ ခန္ဓာကိုယ်နှင့် ထိပ်တိုက် ပြင်းထန်စွာ တွေ့ဆုံသွားခဲ့တော့သည်။

ဘုန်း

ပြင်းထန်လှသည့် စွမ်းအင်မုန်တိုင်းလှိုင်းများ ကွင်းပြင်တစ်ခုလုံးကို ရိုက်ခတ်သွားခဲ့သည်။ ဟင်းလင်းပြင်၌ စူးရှလှသည့် ပေါက်ကွဲသံကြီးများ အဆက်မပြတ် မြည်ဟည်းသွားခဲ့ပြီး သူတို့အောက်မှ ကျောက်ပြားများမှာလည်း တရစပ် ကွဲအက်ပျက်စီးကုန်သည်။

လီချင်းဖုန်း၏နောက်မှ တစ်လုံးတည်းသော ကောင်းကင်ပုလဲသည် ပြင်းထန်စွာ လည်ပတ်နေခဲ့ပြီး ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်အားလုံးကို စုပ်ယူလျက် ပဲ့တင်ထပ်သံစွမ်းအားများကို အမြန်ဆုံး ဖြည့်တင်းပေးနေသည်။ သူသည် ကိုယ်ပိုင် စွမ်းအားအားလုံးကို ထုတ်သုံးကာ ထိုပြေးဝင်လာသည့် နဂါးနက်ကြီးကို အစွမ်းကုန် ပြန်လည်ခုခံနေခဲ့ပြီး လက်ဝါးနှစ်ဖက်လုံးမှ နာကျင်မှုကြောင့် အော်ဟစ်နေရသော်လည်း တည်ငြိမ်အောင် အတင်းအကျပ် လုပ်ဆောင်နေရသည်။

လီလော့၏ တိုက်ကွက်က ပြင်းထန်လှသည်မှာ မှန်သော်လည်း အကယ်၍ လီချင်းဖုန်းသာ အမြင့်ဆုံးအဆင့်မှာ ရှိနေခဲ့လျှင် ဤတိုက်ကွက်က သူ့အတွက် ကြီးမားလှသည့် ခြိမ်းခြောက်မှု ပေးစွမ်းနိုင်မည် မဟုတ်ပေ။

သို့သော်လည်း ယခုအခါ အခြေအနေအားလုံးက သိသိသာသာ ပြောင်းလဲသွားချဲ့လေပြီ။

လီချင်းဖုန်းက ထိုနဂါးနက်ကြီး ချဉ်းကပ်လာခြင်းနှင့်အတူ သူ့ရဲ့ ပဲ့တင်ထပ်သံစွမ်းအားအားလုံး အရှိန်အဟုန်ဖြင့် ချေမှုန်းဖျက်ဆီးခြင်း ခံနေရသည်ကို ရှင်းလင်းစွာ ခံစားမိလိုက်သည်။

ထို့အပြင် ဤတိုက်ပွဲကို စတင်ကတည်းက သူ့ခန္ဓာကိုယ်အတွင်း၌ ပဲ့တင်ထပ်သံစွမ်းအား အနည်းငယ်သာ ကျန်ရှိတော့သည်။

မယုံနိုင်လောက်အောင် ပြင်းထန်လှသည့် နာကျင်မှုလှိုင်းများ သူ့ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သော်လည်း လီချင်းဖုန်းကတော့ အရှုံးမပေးချင်သေးပေ။

သူသည် အံတင်းတင်းကြိတ်ထားပြီး ရှိသမျှ ခွန်အားအားလုံးဖြင့် အစွမ်းကုန် တောင့်ခံထားခဲ့သည်။ ဤအခြေအနေက စက္ကန့်အနည်းငယ်မျှ ကြာမြင့်ခဲ့ပြီးနောက်မှ သူ့ရဲ့ ပဲ့တင်ထပ်သံစွမ်းအားအားလုံး လုံးဝ ဥဿုံ ကုန်ဆုံးသွားခဲ့တော့သည်။

ထိုနဂါးနက်ကြီး၏ စွမ်းအားများလည်း တစ်ပြိုင်နက်တည်း ကုန်ဆုံးသွားခဲ့ပြီး ဟင်းလင်းပြင်၌ သေးငယ်သည့် အလင်းစက်များအဖြစ် ပေါက်ကွဲပျက်စီးသွားခဲ့သည်။

သို့သော်လည်း လီချင်းဖုန်းအနေဖြင့် သက်ပြင်းချလို့မရသေးပေ။ ထိုအလင်းစက်များ ဟင်းလင်းပြင်၌ တဖြည်းဖြည်း ကွယ်ပျောက်သွားချိန်တွင် တောက်ပလှသည့် ဓားအလင်းတန်းတစ်ခုက လျှပ်စီးကဲ့သို့ သူ့ထံသို့ ထပ်မံ၍ ပြေးဝင်လာခဲ့ပြန်သည်။

၎င်းက သူ့မြင်ကွင်းထဲတွင် အရှိန်အဟုန်ဖြင့် ပိုမိုကြီးမားလာခဲ့ပြီး သူ့ထံသို့ လျင်မြန်စွာချဉ်းကပ်လာနေပြီ။

ဝုန်း

ထိုဓားအလင်းတန်းက လီချင်းဖုန်း၏ မျက်နှာတည့်တည့် ရှေ့တွင် ချက်ချင်း ရပ်တန့်သွားခဲ့ပြီး ၎င်းထံမှ ထွက်ပေါ်နေသည့် ထက်မြက်လှသည့် အရှိန်အဝါကြောင့် သူ့နဖူးပေါ်မှ ဆံပင်အမျှင်တန်းတစ်စုပင် ချက်ချင်း ပိုင်းဖြတ်ခံလိုက်ရသည်။

လီချင်းဖုန်း ဤမျှအထိ ပြင်းထန်စွာ ဒဏ်ရာရရှိထားခဲ့သည်ကို စဉ်းစားလျှင် ဤနောက်ဆုံးရလဒ်က မည်သည့်ကိုမျှ မအံ့ဩစေခဲ့ပေ။

လီလော့က ကြောင်အမ်းစွာဖြင့် မှင်တက်နေသည့် လီချင်းဖုန်းကို စိုက်ကြည့်ရင်း သက်ပြင်းတစ်ချက် ထပ်မံချလိုက်မိပြီး….

"တံခွန်ကိုင် လီချင်းဖုန်း... မင်း စောစောက နဂါးသွေးစီရင်ချက်ပညာရပ်ကို ထုတ်သုံးဖို့ တကယ်ကို မလိုအပ်ခဲ့ပါဘူး"

လူတိုင်းသည် နဂါးခေါင်းဆောင်ရာထူးအတွက် သူတို့နှစ်ဦးကြားရှိ မယုံနိုင်လောက်အောင် ပြင်းထန်လှမည့် ထိပ်တိုက်တွေ့ဆုံမှုကြီးကို အလွန်ပင် မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း လီချင်းဖုန်းက မလိုအပ်ဘဲ အစွမ်းပြချင်လှသည့်အတွက် မိမိကိုယ်ကိုယ် အပြင်းအထန် ဒဏ်ရာရရှိအောင် လုပ်ဆောင်မိသွားသည်။

နောက်ဆုံးတွင် သူသည် လီလော့၏ တိုက်ကွက်တစ်ခုကိုပင် ဘယ်လိုမှ မတောင့်ခံနိုင်တော့ပေ။

ဤကဲ့သို့သော အဆုံးသတ်မျိုး ဖြစ်ပေါ်လာခဲ့သဖြင့် လီလော့ကိုယ်တိုင် လီချင်းဖုန်း ဘာတွေ လျှောက်လုပ်နေသလဲဟု တိုက်ရိုက် မေးမြန်းချင်စိတ် ပေါ်ပေါက်လာခဲ့သည်။

ကောင်းကောင်းမွန်မွန်နဲ့ တရားမျှတစွာ တိုက်ခိုက်လို့ မရဘူးလား…ဘာလို့ အောက်တန်းကျတဲ့နည်းလမ်းတွေသုံးချင်နေတာလဲ….အခုတော့ အလိုကြီး အရနည်းဆိုတဲ့စကားလို ကိုယ်ကျိုးနည်းကုန်ပြီ…..

လီချင်းဖုန်းကတော့ လီလော့ကို မည်သည့်စကားမျှ မပြောနိုင်တော့ပေ။ ယခုချိန်တွင် သူ့ခန္ဓာကိုယ်အတွင်းရှိ ပဲ့တင်ထပ်သံစွမ်းအားအားလုံး လုံးဝ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူသည် အနောက်သို့ တဖြည်းဖြည်း လဲပြိုသွားခဲ့ပြီး ကွင်းပြင်ကျယ်ကြီးထဲတွင် သတိလစ် မေ့မြောသွားခဲ့လေသည်။

၎င်းကို မြင်တော့ လီလော့ ပြုံးလိုက်မိသည်။

ဒီကောင် တကယ်ပဲ သတိလစ်သွားတာလား ဒါမှမဟုတ် အရှက်ရစရာကောင်းတဲ့ အခြေအနေကြီးကို မရင်ဆိုင်ချင်လို့ တမင်သက်သက် ဟန်ဆောင်နေတာလား…..

မည်သို့ပင်ဖြစ်စေ လီချင်းဖုန်းဘက်က နဂါးခေါင်းဆောင်ရာထူးကို ရယူဖို့အတွက် လုံးဝ လက်လျှော့လိုက်ပြီဖြစ်ကြောင်း ထင်ရှားနေပြီဖြစ်သည်။

လီလော့ ခေါင်းမော့ပြီး ကောင်းကင်ယံထံ၌ လွင့်မျောနေသည့် နဂါးအကြေးခွံကို စိုက်ကြည့်လိုက်သည်။ ဤနဂါးအကြေးခွံသည် အခြားအရာအားလုံးထက် များစွာ ပိုမိုလင်းလက်နေခဲ့ပြီး ၎င်းအတွင်း၌ မယုံနိုင်လောက်အောင် ထူထပ်လှသည့် ကောင်းကင်နဂါးစွမ်းအင်များ ပြည့်နှက်နေသည်။

သေချာသည်က ဤနဂါးအကြေးခွံနှင့် အခြားအရာများကြားတွင် ကြီးမားလှသည့် ကွာခြားချက် ရှိနေပေသည်။

ဤတစ်ခဏ၌ ထိုနဂါးအကြေးခွံသည် ကောင်းကင်ယံထံမှ အောက်သို့ အသာအယာ ကျရောက်လာခဲ့ပြီး လီချင်းဖုန်း ရှုံးနိမ့်သွားခြင်းနှင့်အတူ လီလော့၏ လက်ဝါးအတွင်းသို့ ရောက်ရှိလာခဲ့တော့သည်။

သူသည် ထိုနဂါးအကြေးခွံကို တည်ငြိမ်လှသည့် အမူအရာဖြင့် သေချာစွာ သိမ်းဆည်းလိုက်သည်။

သူ့လက်ထဲတွင် အဋ္ဌမမြောက် နဂါးအကြေးခွံ ရှိနေပြီဖြစ်ရာ သူသည် ပါဝင်ဆင်နွှဲသူအားလုံးထဲတွင် နဂါးအကြေးခွံ အရေအတွက် အများဆုံးဖြစ်သည့် အကြေးခွံ ရှစ်ခုကို ရရှိထားသည့်သူ ဖြစ်လာခဲ့ပြီဖြစ်သည်။

လီချင်းဖုန်း ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပြီဖြစ်သဖြင့် ယခုအချိန်တွင် သူ့ကို အမှီလိုက်နိုင်မည့်သူ ရှိမနေတော့ပေ။

တစ်နည်းအားဖြင့် ပြောရလျှင် လီလော့သည် လက်ရှိမျိုးဆက်၏ တံခွန်တော် ၂၀ လုံး၏ အကြွင်းမဲ့ အကြီးအကဲခေါင်းဆောင်ဖြစ်သည့် နဂါးခေါင်းဆောင် ဖြစ်လာခဲ့ချေပြီ။

ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝဥဿုံ တိတ်ဆိတ်ငြိမ်သက်သွားပြီး လူတိုင်း စိတ်အာရုံဝေဝါးနေကြသည်။

လူတိုင်း အလွန်ပင် မျှော်လင့်ခဲ့ကြသည့် နဂါးခေါင်းဆောင်တိုက်ပွဲကြီးကတော့ ထင်သလို ဖြစ်မလာခဲ့ပေ။

သို့သော်လည်း နောက်ဆုံး နဂါးခေါင်းဆောင်ရာထူးကို အောင်မြင်စွာ ဆုံးဖြတ်ပြီးသွားခဲ့ချေပြီ။

ရိုးရိုးသားသား ပြောရလျှင် ဤနောက်ဆုံးရလဒ်ကတော့ အနည်းငယ် ရယ်စရာကောင်းလှသည်။

ဤသည်က နဂါးခေါင်းဆောင်တိုက်ပွဲ၏ သမိုင်းတစ်လျှောက်မှာ ဤသို့သော ထူးဆန်းလှသည့် နည်းလမ်းဖြင့် ပြီးဆုံးသွားခဲ့ရသည့် ပထမဆုံးအကြိမ် ဖြစ်လိမ့်မည် ထင်သည်။

သို့သော်လည်း သူတို့ ဘယ်သူ့ကို အပြစ်တင်ရမည်နည်း။

လီဖုန်းယီနှင့် လီကျင်းထောင်တို့ပင်လျှင် ကျောက်စင်မြင့်ထက်သို့ ထူးဆန်းလှသည့် မျက်နှာထားများဖြင့် စိုက်ကြည့်နေမိကြရုံသာ တတ်နိုင်တော့သည်။ သူတို့မျက်စိရှေ့မှ မြင်ကွင်းက သူတို့အတွက်တော့ တကယ့်ကို အိပ်မက်တစ်ခုလို ဖြစ်နေခဲ့သည်။

လီလော့က နဂါးခေါင်းဆောင်ရာထူးကို တကယ်ပဲ... ဒီလောက်အလွယ်တကူ ရရှိသွားခဲ့တာလား….

လူတိုင်း မျှော်လင့်ထားခဲ့ကြသလို မယုံနိုင်လောက်အောင် ပြင်းထန်လှမည့် ထိပ်တိုက်တွေ့ဆုံမှုကြီး ဖြစ်ပေါ်မလာခဲ့ပေ။ထိုအစား လီချင်းဖုန်း သွေးစွမ်းအား ထက်ဝက်ခန့် ဆုံးရှုံးသွားပြီးနောက် မြေပြင်ပေါ်သို့ လဲပြိုသွားခဲ့ရခြင်းမျှသာ ဖြစ်ပွားခဲ့သည်။

သူတို့နှစ်ဦးစလုံး အချင်းချင်း ကြည့်လိုက်မိသည်။

ကြည့်ရတာ လက်ရှိမျိုးဆက်ရဲ့ နဂါးခေါင်းဆောင်တိုက်ပွဲက သမိုင်းထဲမှာ ထင်ရှားစွာ ထင်ကျန်ရစ်တော့မှာ သေချာနေပြီ…

လီလော့သည် သမိုင်းတစ်လျှောက်မှာ မည်သည့်ခုခံမှုကိုမျှ မရင်ဆိုင်ရဘဲ နဂါးခေါင်းဆောင်ရာထူးကို ရရှိသွားခဲ့သည့် တစ်ဦးတည်းသောသူအဖြစ် သမိုင်းတွင်ကျန်ရစ်ပေလိမ့်မည်။

"လီချင်းဖုန်းက ဒါကို တမင်သက်သက် လုပ်တာလား…. သူ ငါ့မောင်လေးကို ဘယ်လိုမှ မနိုင်နိုင်ဘူးဆိုတာ သိလို့ ဒီတိုက်ပွဲကို လူအများရှေ့မှာ ဟာသတစ်ခု ဖြစ်သွားအောင် တမင်လုပ်တာလား" ဟု လီဖုန်းယီက တိုးညင်းစွာ ရေရွတ်လိုက်မိသည်။

သူမ၏ အသံက တိုးညင်းလှသည်မှာ မှန်သော်လည်း ဘေးပတ်ဝန်းကျင်ရှိ အခြားတံခွန်ကိုင်အချို့က ရှင်းလင်းစွာ ကြားလိုက်ကြရသဖြင့် သူတို့တွေ ချက်ချင်း တုန်လှုပ်သွားခဲ့ရသည်။

လီဟုန်လီ၏ မျက်နှာတစ်ခုလုံး ချက်ချင်း ပျက်ယွင်းသွားခဲ့ပြီး လီဖုန်းယီကို ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်သည်။ဒါကိုမြင်တော့ လီဖုန်းယီက…..

"ငါကတော့ ဘယ်သူ့ကို သွားပြီး အပြစ်တင်ရမလဲဆိုတာ တကယ်ကို သိချင်မိတယ်…. နင်တို့ဘက်ကလူက ကောင်းကောင်းမွန်မွန် မတိုက်ခိုက်ဘဲ နဂါးသွေးစီရင်ချက်နဲ့ ဘာလို့ လျှောက်ပြီး ကစားနေရတာလဲ"

လီဟုန်လီမှ ဤပြင်းထန်လှသည့် စကားများကို ကြားရသောအခါ ဒေါသကြောင့် ပေါက်ကွဲတော့မည့်အသွင် ရှိနေခဲ့သည်။ သို့သော်လည်း သူမအနေဖြင့် မည်သည့်ချေပစကားမျှ မပြောနိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ လီချင်းဖုန်းသည် အခွင့်အရေးအားလုံးကို ကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်ကြောင်း လူတိုင်း မျက်မြင်တွေ့ရှိခဲ့ကြသည်မဟုတ်ပါလား။

သူကိုယ်တိုင်ကပင် ဆုံးရှုံးမှုအားလုံး၏ ပင်မနောက်ကွယ်က ကြိုးကိုင်သူ ဖြစ်သည်ဟု ပြောလျှင်ပင် လွန်မည်မထင်။

"ဒါဆိုရင် နဂါးခေါင်းဆောင်တိုက်ပွဲက ဒီအတိုင်းပဲ ပြီးဆုံးသွားတာလား"

အခြားတံခွန်ကိုင်များက ခါးသီးစွာ ပြုံးရင်း သက်ပြင်းချလိုက်ကြမိသည်။ သူတို့၏ စိတ်ထဲမှာတော့ တစ်ခုခု လိုအပ်နေသလို ခံစားနေကြရဆဲပင်။

လုချင်းမိန်က ကျောက်စင်မြင့်၏ အလယ်ဗဟိုတွင် ရပ်နေသည့် လီလော့ကို စိုက်ကြည့်လိုက်ပြီး ခေါင်းကို အသာအယာ ယမ်းခါကာ…

"ဒါ အဆုံးသတ် မဟုတ်သေးဘူး.. လီလော့က နဂါးအကြေးခွံ ရှစ်ခုကို ရထားတာ မှန်ပေမယ့်... မမေ့နဲ့ဦး... ကိုးကြိမ်မြောက်တိုက်ပွဲ ရှိနေသေးတယ်ဆိုတာကို" ဟု ဆိုလိုက်သည်။

သူမ၏ စကားကို ကြားရသောအခါ လူတိုင်း ခေတ္တမျှ ကြောင်အမ်းသွားခဲ့လေသည်။

သူမပြောတာ မှန်ပေသည်။ အကြေးခွံလုပွဲအတွင်းမှာ စုစုပေါင်း တိုက်ပွဲ ကိုးချီအထိ ရှိနေမည် ဖြစ်သည်။

ပုံမှန်အားဖြင့် ကိုးကြိမ်မြောက်တိုက်ပွဲ ဖြစ်ပွားခဲလှတာသောကြောင့် ရုတ်တရက် သတိမရခဲ့ကြခြင်းပင်။

ထိုကိုးကြိမ်မြောက်တိုက်ပွဲ၏ စစ်မှန်သည့် ခက်ခဲမှုအဆင့်က လူတိုင်း၏ ထင်မှတ်ချက်များကို လုံးဝ ကျော်လွန်နေသည်ဟု ဆိုကြသည်။

ထို့အပြင် နဂါးခေါင်းဆောင်ရာထူးကိုတော့ ပုံမှန်အားဖြင့် အဋ္ဌမမြောက် တိုက်ပွဲမှာတင် အောင်မြင်စွာ ဆုံးဖြတ်ပြီးသား ဖြစ်နေတတ်သည်။ ထို့ကြောင့် လူအများစုက ဤနေရာသို့ ရောက်ရှိပြီးနောက် ကိုးကြိမ်မြောက်တိုက်ပွဲကို ဆက်လက် စိန်ခေါ်ရန် မရွေးချယ်ကြပေ။

၎င်းနှင့်အတူ ပတ်ဝန်းကျင်ရှိ တိတ်ဆိတ်ငြိမ်သက်မှုများမှာ နောက်တစ်ကြိမ် ပြန်လည်၍ ဆွေးနွေးသံများဖြင့် ဆူညံလာခဲ့ပြန်သည်။

"အကြေးခွံလုပွဲရဲ့ အဋ္ဌမမြောက် တိုက်ပွဲအတွင်း အနိုင်ရရှိသူကတော့ လီလော့ ဖြစ်ပါတယ်… သူဟာ ပါဝင်ဆင်နွှဲသူအားလုံးထဲမှာ နဂါးအကြေးခွံ အရေအတွက် အများဆုံးဖြစ်တဲ့ အကြေးခွံ ရှစ်ခုကို ရရှိထားခဲ့ပါပြီ… သတ်မှတ်ထားတဲ့ စည်းကမ်းချက်များအရ သူဟာ လက်ရှိမျိုးဆက် တံခွန်တော် ၂၀ လုံးရဲ့ နဂါးခေါင်းဆောင် ဖြစ်လာခဲ့ပါပြီ"

ထူးဆန်းသည်က ဤသတင်း ထွက်ပေါ်လာချိန်မှာ လူအုပ်ကြီးကြား၌ ကြီးမားလှသည့် လှုပ်လှုပ်ရှားရှားမှု ဖြစ်ပေါ်မလာခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူတို့အားလုံး ဤအချက်ကို စောစောကတည်းက စိတ်ထဲက ကြိုတင်လက်ခံထားကြပြီး ဖြစ်လို့ပင်။

ထိုစဉ် ဟင်းလင်းပြင်ထဲမှ အသံကြီးတသံ ထပ်မံထွက်ပေါ်လာပြန်သည်။

"လီလော့က နဂါးခေါင်းဆောင် ဖြစ်လာခဲ့ပြီးပြီ ဖြစ်ပေမယ့် အကြေးခွံလုပွဲအတွင်းမှာ စုစုပေါင်း တိုက်ပွဲ ကိုးချီအထိ ရှိနေဆဲပါပဲ… ဒါ့ကြောင့်သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း မင်းအနေနဲ့ ကိုးကြိမ်မြောက်တိုက်ပွဲကို ဆက်လက်ဆင်နွှဲဖို့ ဆန္ဒရှိမရှိ မေးမြန်းလိုပါတယ်"

ထိုစကားအဆုံးတွင် လီလော့ မျက်မှောင်ကြုံ့လိုက်မိသည်။

"အကြေးခွံလုပွဲရဲ့ ကိုးကြိမ်မြောက်တိုက်ပွဲ ဟုတ်လား…”

All Chapters