← Chapters

သားအဖနှစ်ဦး ထိပ်တိုက်တွေ့ဆုံခြင်း…..

Vol. 66 Ch. 920

သားအဖနှစ်ဦး ထိပ်တိုက်တွေ့ဆုံခြင်း…..

Vol. 66 Ch. 920

သူတို့နှစ်ဦး၏ တိုက်ပွဲကြောင့် ကွင်းပြင်ကျယ်ကြီးတစ်ခုလုံး၏ အခြေအနေမှာ ချက်ချင်းပင် အရှိန်အဟုန်ဖြင့် ပူပြင်းလာခဲ့သည်။

အစောပိုင်းက လီချင်းဖုန်း၏ ကောက်ကျစ်လှသော ကြံစည်မှုများကြောင့် တံခွန်ကိုင်အချို့ စိတ်ပျက်ခဲ့ကြရပြီး အဆင့်မြင့်ဆုံးကျွမ်းကျင်သူနှစ်ဦးကြားက စစ်မှန်သော အားပြိုင်မှုကို မမြင်တွေ့လိုက်ရသည့်အပေါ် နှမြောနေခဲ့ကြသည်။

သို့သော်လည်း ယခုအခါ လီတိုင်ရွှမ်၏ စွမ်းအင်ပုံရိပ် ပေါ်ထွက်လာခြင်းက သူတို့၏ စိတ်ပျက်မှုအားလုံးကို လုံးဝဥဿုံ လွှမ်းမိုးသွားခဲ့ပြီး မယုံနိုင်လောက်အောင် ပြင်းထန်လှသော စိတ်လှုပ်ရှားမှုများသာ အစားထိုးဝင်ရောက်လာခဲ့သည်။

ဤသည်က လီတိုင်ရွှမ်နှင့် တိုက်ခိုက်ရမည့် တိုက်ပွဲ ဖြစ်သည် မဟုတ်ပါလား။

လီတိုင်ရွှမ် မူလကောင်းကင် နတ်ဘုရားကုန်းမြေကြီးကို စွန့်ခွာသွားခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း လွှမ်းမိုးမှုအရှိန်အဝါကတော့ ခေတ်တစ်ခေတ်လုံးကို ထာဝရ ကြီးစိုးထားစမြဲပင်။

ထို့ကြောင့် တံခွန်တော် ၂၀ အတွင်းရှိ ရေတွက်မရနိုင်သော လူအမြောက်အမြားမှာ သူ ဘယ်လောက်အထိ ကြောက်စရာကောင်းလောက်အောင် ထူးချွန်ခဲ့သည်ကို ကောင်းစွာ သဘောပေါက်ထားကြသည်။

လီတိုင်ရွှမ်ဟူသည် ကောင်းကင်နဂါးကလန်ကြီး ငါးခုလုံးကို အပိုင်ချုပ်ကိုင်ထားနိုင်ခဲ့သည့် မိုးမြေတုန်ဟည်းစေသော ပါရမီရှင်ကြီး ဖြစ်သည်။ အရှိန်အဝါ အတောက်ပဆုံးအချိန်တုန်းက လီတိုင်ရွမ်၏ အမည်နာမသည် ကုန်းမြေတစ်ခုလုံးတွင် မိုးပျံမတတ် ထင်ရှားကျော်ကြားခဲ့ပြီး အခြားသော အင်အားစုအသီးသီးမှ ပါရမီရှင်အားလုံးမှာ သူနှင့်ယှဉ်လျှင် ဖုန်မှုန့်ပမာ မှေးမှိန်သွားခဲ့ကြသည်။

အကယ်၍ ထိုစဉ်ကာလတုန်းက တန်တိုင်လန်သာ ရုတ်တရက် ပေါ်ထွက်မလာခဲ့လျှင် လီတိုင်ရွှမ်ကသာ တစ်ဦးတည်းသော အထွတ်အထိပ် ပါရမီရှင်အဖြစ် အားလုံးကို အထက်စီးမှ မောက်မာစွာ စိုက်ကြည့်နေနိုင်မည်မှာ သေချာသည်။

သို့သော်ငြားလည်း ယခုခေတ် လူငယ်များအတွက်မူ ဤအကြောင်းအရာများအားလုံးကို ပါးစပ်ရာဇဝင် ပုံပြင်များအဖြစ်သာ ကြားဖူးကြခြင်း ဖြစ်သည်။ သူတို့အနေနှင့် ဤမျှအထိ ထူးချွန်လှသော ပါရမီရှင်ကြီး အသက်ငယ်စဉ်အချိန်တုန်းက ဘယ်လောက်အထိ ပြင်းထန်သန်မာသည်ကို ကိုယ်တိုင် လက်တွေ့ခံစားဖူးခြင်း မရှိကြပေ။

ထို့ကြောင့်ပင် သူတို့အားလုံး ဤကိုးကြိမ်မြောက်တိုက်ပွဲကို အလွန်အမင်း မျှော်လင့်နေကြခြင်း ဖြစ်သည်။

ဤသည်က စစ်မှန်သော လီတိုင်ရွှမ်၏ ကိုယ်ခန္ဓာအစစ်အမှန် မဟုတ်ဘဲ စွမ်းအင်ပုံရိပ်တစ်ခုမျှသာ ရှိသေးသည်မှာ မှန်သော်လည်း ဤကျောက်နဂါးကြီး၏ ထူးခြားလှသော စွမ်းအားများကြောင့် ဤပုံရိပ်အတွင်း၌ လီတိုင်ရွှမ်၏ ရှေးယခင်က တိုက်ခိုက်မှုနည်းစနစ်များနှင့် စစ်မှန်သော ခွန်အားအားလုံးနီးပါး ပါဝင်နေပေမည်။

ထို့ကြောင့် ဤတိုက်ပွဲအတွင်း ဖခင်ဖြစ်သူက သားကို ပညာပြသွားမလား သို့မဟုတ် သားဖြစ်သူက ဖခင်ကို ကျော်ဖြတ်သွား

မလားဆိုတာ မည်သူမျှ ကြိုတင် မခန့်မှန်းနိုင်ကြတော့ပေ။

လူအုပ်ကြီး၏ စိတ်လှုပ်ရှားမှုများ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေချိန်မှာပင် လီလော့က ရွှေကျောက်စိမ်းဆင်စွယ်ဓားကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။

သူ့ခန္ဓာကိုယ်အတွင်းရှိ ပဲ့တင်ထပ်သံနန်းတော် သုံးခုစလုံး ပြင်းထန်စွာ လည်ပတ်လာခဲ့ပြီး မယုံနိုင်လောက်အောင် ထူထပ်လှသော ပဲ့တင်ထပ်သံစွမ်းအားများ ဧရာမ ဒီရေလှိုင်းကြီးတစ်ခုပမာ အပြင်သို့ တစ်ဟုန်ထိုး စီးထွက်လာခဲ့တော့သည်။

တစ်ဖက်တွင်မူ လီတိုင်ရွှမ်က မည်သည့်လက်နက်ကိုမျှ ကိုင်စွဲထားခြင်းမရှိဘဲ မည်သည့်ကာကွယ်မှုမျှလည်း ရှိမနေခဲ့ပေ။နုပျိုပြီး ခန့်ညားလှသော မျက်နှာပေါ်တွင် ပေါ့ပါးလှသော အပြုံးအရိပ်အယောင်တစ်ခု ထင်ဟပ်နေသော်လည်း သူ့ မျက်ဝန်းများအတွင်း၌မူ မည်သည့်ဝိညာဉ်အာနိသင်မျှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဤသည်က စွမ်းအင်များဖြင့် ဖန်တီးထားသည့် ပုံရိပ်တစ်ခုမျှသာ ဖြစ်ပြီး စစ်မှန်သော သက်ရှိလူသားတစ်ယောက် မဟုတ်ပေ။

ဤတစ်ခဏ၌ သူ့နောက်ကွယ်တွင် ခိုင်မာတောင့်တင်းလှသော ကောင်းကင်ပုလဲ နှစ်လုံး တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်အားလုံးကို အရူးအမူး စုပ်ယူတော့သည်။ ၎င်းကြောင့်ပင် မယုံနိုင်လောက်အောင် ပြင်းထန်လှသော ပဲ့တင်ထပ်သံစွမ်းအား လှိုင်းလုံးကြီးများ နေရာအနှံ့ ဖြာထွက်သွားခဲ့ပြီး လီလော့ထံသို့ ကြီးမားလှသော ဖိအားများအဖြစ် တိုက်ရိုက် သက်ရောက်သွားခဲ့တော့သည်။

ဤဖိအားလှိုင်း၏ ပြင်းထန်မှုမှာ အစောပိုင်းက လီချင်းဖုန်း ထုတ်ပြခဲ့ဖူးသမျှထက် များစွာ ပိုမိုသာလွန်မနသည်။

ဤမြင်ကွင်းကြောင့် ပတ်ဝန်းကျင်ရှိ လူအမြောက်အမြားမှာ စိတ်ထဲမှ သက်ပြင်းချလိုက်မိကြရုံသာ တတ်နိုင်တော့သည်။

ဤမျှရိုးရှင်းလှသော အခြေအနေတစ်ခုတည်းနှင့်ပင် အသက်ငယ်စဉ်အချိန်တုန်းက လီတိုင်ရွှမ်သည် မိမိနှင့် မျိုးဆက်တူ ပါရမီရှင်အားလုံးထက် မည်မျှအထိ ကြောက်စရာကောင်းလောက်အောင် သန်မာခဲ့သည်ကို သူတို့အားလုံး ကောင်းစွာ သိရှိလိုက်ကြသည်။

လီတိုင်ရွှမ် နဂါးခေါင်းဆောင်ရာထူးကို ရယူနိုင်ခဲ့စဉ်ကာလတုန်းက သူ့ရဲ့ ကျင့်စဉ်အဆင့်မှာ ကောင်းကင်ပုလဲ သုံးလုံးအဆင့်သို့ပင် ရောက်ရှိနေခဲ့ပြီဖြစ်ရာ ထိုသို့သောအောင်မြင်မှုအဆင့်အတန်းကို ယနေ့အချိန်အထိ မည်သူမျှ မကျော်ဖြတ်နိုင်ကြသေးပေ။

"လူအိုကြီး ဒီရာထူးကို ရတုန်းက တကယ်ပဲ ကောင်းကင်ပုလဲ သုံးလုံးအဆင့်အထိ ရောက်နေခဲ့တာလား"

လက်ရှိ မြင်တွေ့နေရသည့် စွမ်းအင်ပုံရိပ်မှာ မူလအစစ်အမှန်၏ ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ရာခိုင်နှုန်းခန့်ကိုသာ ပုံတူကူးထားနိုင်ခြင်း ဖြစ်ပုံရသည်။ ၎င်းကြောင့်ပင် လီလော့ စိတ်ထဲမှ တိုးညင်းစွာ သက်ပြင်းချလိုက်မိခြင်း ဖြစ်သည်။ ဤသို့သော စွမ်းအားမျိုးမှာ ပါရမီရှင်အားလုံး၏ ထိပ်ဆုံးအဆင့်တွင် ရှိနေခြင်းဖြစ်ပြီး လီချင်းဖုန်းပင်လျှင် ဤမျှအထိ ပြင်းထန်လှသော စွမ်းအားမျိုးနှင့် မည်သို့မျှ ယှဉ်နိုင်စွမ်း မရှိပေ။

သို့သော်ငြားလည်း သူ့စိတ်ထဲတွင် ငြင်းပယ်၍မရနိုင်သော မေးခွန်းတစ်ခု ချက်ချင်း ပေါ်ထွက်လာခဲ့သည်။

အကယ်၍ သူသာ နဂါးစွယ်ကလန်အတွင်းမှာပဲ ပုံမှန်အတိုင်း မွေးဖွားကြီးပြင်းခဲ့ပြီး ဗလာပဲ့တင်ထပ်သံနန်းတော် ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရခြင်းမရှိလျှင် သူသည်လည်း ယခုအချိန်မှာ ဤသို့သော အဆင့်အတန်းမျိုးသို့ အောင်မြင်စွာ ရောက်ရှိနေနိုင်မည်လော။

ဖြစ်နိုင်ခြေ ရှိသည်မှာ ထင်ရှားလှပေသည်။ သူ့ ရင်ထဲတွင် အတွေးများပြည့်နှက်နေသော်လည်း စိတ်အာရုံ ပျက်ပြားသွားခြင်းမရှိဘဲ အရင်ဆုံး စတင်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။

လီလော့ လက်ကွက်အချို့ကို ပုံဖော်လိုက်တော့ သန့်စင်လှသော သစ်သားပဲ့တင်ထပ်သံစွမ်းအား အလင်းတန်းတစ်ခု လူတိုင်းမျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့သည်။ ၎င်းက မြေပြင်အောက်သို့ တိုက်ရိုက် ထိုးဖောက်

ဝင်ရောက်သွားခဲ့ပြီးနောက် ဧရာမ သစ်ပင်ကြီးတစ်ပင်အဖြစ် မြေပြင်ပေါ်သို့ တစ်ဟုန်ထိုး ထိုးထွက်လာခဲ့တော့သည်။

နောက်တစ်ခဏတွင် ထိုသစ်ပင်ကြီး၏ ခိုင်မာထူထပ်လှသော သစ်ကိုင်းကြီးများ အချင်းချင်း ယှက်နွယ်သွားကြပြီးနောက် ဧရာမ သစ်သားနဂါးသားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။

ထိုသစ်သားနဂါးကြီးမှာ ကောင်းကင်ယံ၌ ပြင်းထန်စွာ ဟိန်းဟောက်လိုက်ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအင်လှိုင်းများကို ထုတ်လွှတ်လျက် လီတိုင်ရွှမ်ရှိရာသို့ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တဟုန်ထိုး ပြေးဝင်သွားတော့သည်။

"အတုအယောင် မြို့စားအဆင့်ပညာရပ် - သစ်သားနဂါးသားရဲပညာရပ်"

လီတိုင်ရွှမ်ကမူ ရှေ့သို့ တည်ငြိမ်စွာ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ကျစ်ကျစ်ပါအောင် လက်သီးဆုပ်လိုက်သည်။

ဘုန်း

လက်သီးချက်တစ်ချက် ထိုးချလိုက်တော့သည့်အခါ ထိုလက်သီးချက်က ဧရာမ နဂါးကြီးတစ်ကောင် ဟိန်းဟောက်လိုက်သလို ဖြစ်နေပြီး ဟင်းလင်းပြင်ပင်လျှင် လမ်းဖယ်ပေးရသည့်အလား နားကွဲလုမတတ် ပြင်းထန်သော အသံလှိုင်းပေါက်ကွဲသံကြီး ကွင်းပြင်တစ်ခုလုံးတွင် မြည်ဟည်းသွားခဲ့သည်။

ထိုလက်သီးချက်က ထိုသစ်သားနဂါးကြီး၏ ခန္ဓာကိုယ်နှင့် ထိမိသွားသည့် တစ်ခဏ၌ ထိုသစ်သားနဂါးကြီးမှာ မည်သည့်ခုခံမှုမျှ မလုပ်ဆောင်နိုင်ဘဲ သေးငယ်သော အလင်းစက်များအဖြစ် ချက်ချင်း ပေါက်ကွဲပျက်စီးသွားခဲ့လေသည်။

ဤသည်က တကယ့်ကို အကြွင်းမဲ့ ဖိနှိပ်ထိန်းချုပ်နိုင်စွမ်းရှိသည့် အနုပညာမြောက်လှသော တိုက်ကွက်တစ်ခုပင်။

ဤမြင်ကွင်းကြောင့် ပတ်ဝန်းကျင်ရှိ တံခွန်ကိုင်အားလုံး၏ ထိတ်လန့်မှုကြောင့် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ကြသည်။ သူတို့အားလုံး ကောင်းစွာ ခံစားမိလိုက်သည်မှာ ဤရိုးရှင်းလှသော လက်သီးချက်တစ်ချက်ကို သူတို့သာ ကိုယ်တိုင်ရင်ဆိုင်ရပါက မည်သို့မျှ မတောင့်ခံနိုင်ဘဲ ဆိုးရွားစွာ ရှုံးနိမ့်သွားကြရမည် ဖြစ်ကြောင်းပင်။

လက်သီးတစ်ချက်တည်းဖြင့် ထိုသစ်သားနဂါးကြီးကို ခြေမှုန်းပြီးနောက် လီတိုင်ရွှမ်က ရှေ့သို့ ချက်ချင်းပင် အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့ပြီး ခြေလှမ်းတစ်လှမ်းချင်းစီက ဆယ်နှင့်ချီသောပေပေါင်းများစွာ ဝေးကွာလှသဖြင့် သူနှင့် လီလော့ကြားရှိ ကွာဟချက်ကို လျင်မြန်စွာ ဖြည့်ဆည်းပစ်လိုက်တော့သည်။

လီလော့သည်လည်း ပဲ့တင်ထပ်သံစွမ်းအားများကို ချက်ချင်း လှုံ့ဆော်လိုက်ပြီး ထိုသစ်သားနဂါးကြီးများကို တစ်ကောင်ပြီးတစ်ကောင် အဆက်မပြတ် ထပ်မံ ဖန်တီးလိုက်ကာ လီတိုင်ရွှမ်၏ လမ်းကြောင်းကို တားဆီးရန်အတွက် ရှေ့သို့ တရစပ် စေလွှတ်လိုက်တော့သည်။

နှမြောစရာကောင်းသည်က လီတိုင်ရွှမ်အပေါ် မည်သည့်ထိရောက်မှုမျှ ရှိမနေခဲ့ခြင်းပင်။ သူသည် မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ ရှေ့သို့ တရစပ် တိုးဝင်ရင်း လက်သီးချက်များကို တစ်ချက်ပြီးတစ်ချက် အဆက်မပြတ် ထိုးချလိုက်ရာ ဟင်းလင်းပြင်၌ လက်သီး ပုံရိပ်အကြွင်းအကျန်များစွာ ထင်ကျန်ရစ်စေခဲ့သည်။

ထိုသစ်သားနဂါးကြီးများအားလုံးမှာ ပြင်းထန်လှသော စွမ်းအားအောက်တွင် သစ်ကိုင်းခြောက်လေးများပမာ အပိုင်းပိုင်း ကွဲကြေပျက်စီးကုန်သဖြင့် ပွဲကြည့်ပရိသတ်အားလုံးကို ကြီးမားစွာ တုန်လှုပ်သွားစေခဲ့သည်။

ဘုန်း

နောက်ဆုံးတွင်မူ လီတိုင်ရွှမ်၏ လက်သီးချက်က နောက်ဆုံးသစ်ပင်ကြီးကို ခြေမှုန်းပြီးနောက် လီလော့၏ ရှေ့တည့်တည့်၌ ရပ်တန့်သွားခဲ့သည်။ သူသည် လီလော့ကို မည်သည့်ဝိညာဉ်အာနိသင်မျှမရှိသော်လည်း ပြင်းထန်လှသော တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

ထို့နောက် လက်ဝါးကို မြှောက်လိုက်ပြီး ကျစ်ကျစ်ပါအောင် လက်သီးဆုပ်လိုက်ကာ ခြေတစ်ဖက်ကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ နင်းချလျက် တိုက်ခိုက်ရန်ကိုယ်ဟန်အနေအထားကို ပြင်ဆင်လိုက်တော့သည်။

ဝုန်း

သူ့‌‌ခြေဖဝါးအောက်မှ ကျောက်ပြားများ ချက်ချင်းပင် အပိုင်းပိုင်း ကွဲကြေပျက်စီးသွားခဲ့ပြီး လိပ်ခွံကြီးတစ်ခုကဲ့သို့ အက်ကြောင်းများစွာ နေရာအနှံ့ ထိုးထွက်သွားခဲ့သည်။

ထို့နောက် ခန္ဓာကိုယ်တစ်ခုလုံး သက်တံရောင် အလင်းတန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး လီလော့ရှိရာသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။ သူသည် လက်သီးချက်ကို ရှေ့တွင် အသင့်ပြင်ထားခဲ့ပြီး ၎င်း၏ စစ်မှန်သော ပစ်မှတ်မှာ လီလော့၏ ရင်ဘတ်တည့်တည့် ဖြစ်နေခဲ့သည်။

ဤသည်က မယုံနိုင်လောက်အောင် ပြင်းထန်လှသော လက်သီးချက်တစ်ခုဖြစ်ပြီး ၎င်း၏ ချဉ်းကပ်လာမှုကြောင့်ပင် ပတ်ဝန်းကျင် ဟင်းလင်းပြင်ပင် အဆက်မပြတ် ပေါက်ကွဲနေခဲ့သည်။

ပြင်းထန်လှသော ဖိအားလှိုင်းကြီး မိမိအပေါ်သို့ ဖိချလာသည်ကို ခံစားမိလိုက်ချိန်တွင် လီလော့ လေတစ်ချက် ရှူသွင်းလိုက်ပြီးနောက် ခန္ဓာကိုယ်အတွင်းမှနေ၍ မိုးခြိမ်းများ တဂျိန်းဂျိန်း မြည်ဟည်းသွားခဲ့လေသည်။

ထွက်ပေါ်လာသည့် မိုးခြိမ်းသံကြီးမှာ နားကွဲလုမတတ် ပြင်းထန်လှပြီး ရှေးယခင်က ထွက်ပေါ်ခဲ့ဖူးသမျှ အဆင့်အတန်းအားလုံးထက် များစွာ ပိုမိုသာလွန်လှသည်။

အဘယ်ကြောင့်ဆိုသော် လီလော့သည် ဤတစ်ခဏ၌ စတုတ္ထဆင့် အသံလှိုင်းအဆင့်ကို အပြည့်အဝ အသက်သွင်းလိုက်ခြင်းကြောင့် ဖြစ်သည်။

မိုးကြိုးကိုယ်ပွား - စတုတ္ထဆင့် အသံလှိုင်း

ထိုမိုးခြိမ်းသံကြီး ကွင်းပြင်တစ်ခုလုံး ပျံ့နှံ့သွားခဲ့ပြီး လီလော့၏ ခန္ဓာကိုယ်မှာ ပြင်းထန်လှသော တုန်ခါမှုဒဏ်ကြောင့် အနည်းငယ် လှုပ်ခါသွားခဲ့သည်။ထို့နောက်

မယုံနိုင်လောက်အောင် ခန့်ညားထည်ဝါလှသော စွမ်းအင်လှိုင်းများ သူ့ခန္ဓာကိုယ် အရိုးအဆစ်တိုင်းနှင့် သွေးကြောတိုင်းအတွင်းသို့ ဧရာမ နဂါးလှေကြီးတစ်စင်းပမာ တစ်ဟုန်ထိုး စီးဝင်သွားခဲ့တော့သည်။

သူ့ခန္ဓာကိုယ်မှာ အစောပိုင်းက သန့်စင်သော နဂါးခန္ဓာ၏ အကူအညီကြောင့် များစွာ သန်မာလာခဲ့ပြီးသားဖြစ်သဖြင့် ယခုအခါ လီလော့အနေဖြင့် ဤစတုတ္ထဆင့် အသံလှိုင်း၏ ပြင်းထန်လှသော ဖိအားဒဏ်ကို ကောင်းစွာ ခံနိုင်ရည် ရှိနေပြီဖြစ်သည်။

တကယ်တော့ ဤတိုက်ကွက်ကို လီချင်းဖုန်းနှင့် တိုက်ခိုက်စဉ်ကတည်းက ထုတ်သုံးရန် ကြံစည်ထားခဲ့ခြင်း ဖြစ်သော်လည်း ထိုစဉ် ယခုလို အခွင့်အရေးမျိုး ပေါ်ထွက်မလာခဲ့ပေ။

"ကမ္ဘာဦးဆင်ရိုင်းခွန်အား - တတိယအဆင့်"

သူသည် လက်ထဲက ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း လီတိုင်ရွှမ်၏ သံမဏိလက်သီးချက်ကို တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်လိုက်တော့သည်။ ဤလမ်းခရီးတွင် တချက်လေးမျှနောက်တွန်းခြင်းမရှိဘဲ ခန္ဓာကိုယ်အတွင်းရှိ ပဲ့တင်ထပ်သံစွမ်းအားအားလုံးကို ချန်မထားဘဲအစွမ်းကုန် ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။

သန့်စင်ပြီး ထူထပ်လှသော အမြွှာပဲ့တင်ထပ်သံစွမ်းအားများအတွင်း၌ စိတ်ဝိညာဉ်အကြွင်းအကျန်များစွာ ပါဝင်လျက် အပြင်သို့ ပေါက်ကွဲထွက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဓားသွားပေါ်တွင် ရှီးဂန်းစွမ်းအားများကိုပါ ထပ်မံ ထည့်သွင်းလိုက်သဖြင့် ၎င်းထံမှ ထက်မြက်မှုအရှိန်အဝါမှာ များစွာ ပိုမိုမြင့်တက်လာခဲ့ရပြီ ဖြစ်သည်။

ဤရိုးရှင်းလှသော တိုက်ကွက်အတွင်း၌ မည်သည့်မြို့စားအဆင့်ပညာရပ်၏ အာနိသင်မျှ ပါဝင်နေခြင်းမရှိသော်လည်း လီလော့၏ စစ်မှန်သော တိုက်ပွဲဝင်စိတ်ဓာတ်များပါဝင်နေသည့် အမြင့်ဆုံးအဆင့်ရှိသော တိုက်ကွက်တစ်ခု ဖြစ်သည်။

သူသည် အသက်ငယ်စဉ်အချိန်တုန်းက လီတိုင်ရွှမ်ကို တရားမျှတစွာ ရင်ဆိုင်ကြည့်ပြီး သူ ဘယ်လောက်အထိ ပြင်းထန်လှလဲဆိုသည်ကို ကိုယ်တိုင် လက်တွေ့သိရှိချင်နေခြင်း ဖြစ်သည်။

သူတို့နှစ်ဦးစလုံး ထိပ်တိုက် ပြင်းထန်စွာ တွေ့ဆုံသွားကြသည့် တစ်ခဏ၌ ပတ်ဝန်းကျင်ရှိ လူအမြောက်အမြားကြားမှ ထိတ်လန့်တကြား အော်ဟစ်သံများစွာ ထွက်ပေါ်လာခဲ့ပြီး လူတိုင်းသ မျက်တောင်တစ်ခတ်မျှပင် မခတ်ရဲကြဘဲ ဤမြင်ကွင်းကိုသာ စိုက်ကြည့်နေကြတော့သည်။

ဘုန်း

ထိပ်တိုက်တွေ့ဆုံသွားသည့် ထိုတစ်ခဏ၌ မယုံနိုင်လောက်အောင် ရက်စက်ပြင်းထန်လှသော စွမ်းအင်မုန်တိုင်းကြီးတစ်ခု ကွင်းပြင်အလယ်တွင် ပေါ်ထွက်လာခဲ့ပြီး သူတို့နှစ်ဦးအောက်မှ ကျောက်ပြားများ ချက်ချင်းပင် အပိုင်းပိုင်း ကွဲကြေပျက်စီးကုန်သည်။

မြေပြင်အနှံ့တွင် အက်ကြောင်းများစွာ ဆိုးရွားစွာ ထိုးထွက်သွားခဲ့ရပြီး ၎င်းတို့က ဤပြင်းထန်လှသော ထိခိုက်မှုဒဏ်ကို ဘယ်လိုမှ မတောင့်ခံနိုင်ကြတော့ပေ။

ဝုန်း

သူတို့နှစ်ဦးစလုံး၏ ပုံရိပ်များ အနောက်သို့ ပြင်းထန်စွာ လွင့်စင်သွားခဲ့ကြပြီး သူတို့၏ ခြေဖဝါးအောက်မှ ကျောက်ပြားများလည်း အဆက်မပြတ် ပေါက်ကွဲပျက်စီးကုန်သည်။

သို့သော်ငြားလည်း လီလော့က ဖခင်ဖြစ်သူထက် များစွာ ပိုမိုဝေးကွာသော နေရာအထိ ဆုတ်ခွာခဲ့ရသည်မှာ အထင်အရှားပင်။

ပြန်လည်တည်ငြိမ်အော် အတင်းအကျပ် လုပ်ဆောင်လိုက်ရပြီးနောက် သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအားအားလုံး ဆူပွက်လျက် လှုပ်ရှားနေခဲ့သည်။ ဓားကို ကိုင်ထားသည့် လက်ဝါးကို ငုံ့ကြည့်လိုက်ရာ ထိုနေရာ၌ ကျားတစ်ကောင် ကိုက်ခဲထားသလို ဆိုးရွားလှသော ဒဏ်ရာတစ်ခု ဖြစ်ပေါ်နေပြီး ၎င်းထံမှ သွေးစိမ်းများစွာ အဆက်မပြတ် စီးထွက်နေသည်ကို မြင်တွေ့လိုက်ရသည်။

လက်မောင်းတစ်ခုလုံးမှနေ၍ စူးရှလှသော နာကျင်မှုလှိုင်းများ ထွက်ပေါ်နေခဲ့ပြီး ပြင်းထန်လှသော ပဲ့တင်ထပ်သံစွမ်းအားလှိုင်းတစ်ခု သူ့ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် ထိုးနှက်ဝင်ရောက်လာခဲ့သည်။ သို့သော်လည်း ၎င်းကို သူ့ခန္ဓာကိုယ်အတွင်းရှိ အမြွှာပဲ့တင်ထပ်သံစွမ်းအားများဖြင့် လျင်မြန်စွာ ချေဖျက်ပစ်လိုက်နိုင်သည်။

"လူအိုကြီးက တကယ့်ကို ရက်စက်တာပဲ..."

ဟု လီလော့ စိတ်ထဲမှ တိုးညင်းစွာ ရေရွတ်လိုက်မိသည်။

သူတို့၏ ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုအတွင်းမှာတင် ထင်ရှားစွာအောက်စည်းသို့ရောက်နေခဲ့ချေပြီ။ လီတိုင်ရွှမ်၏ ကောင်းကင်ပုလဲ နှစ်လုံးရှိသော ကျင့်စဉ်အဆင့်က သူ့ကို မယုံနိုင်လောက်အောင် ပြင်းထန်ပြီး ခိုင်မာလှသော ပဲ့တင်ထပ်သံစွမ်းအားများကို ပေးစွမ်းနိုင်ခြင်း ဖြစ်သည်။

ဤတိုတောင်းလှသော ထိပ်တိုက်တွေ့ဆုံမှုတစ်ခုတည်းနှင့်ပင် မိမိဖခင်၏ အကြွင်းမဲ့ ဖိနှိပ်နိုင်စွမ်းရှိသော စွမ်းအားကို ကိုယ်တိုင် လက်တွေ့မြည်းစမ်းလိုက်ရပြီ ဖြစ်သည်။

သူသည် လီချင်းဖုန်းနှင့် ယှဉ်လျှင် အဆင့်ကိုးတပိုင်း ပဲ့တင်ထပ်သံ တူညီနေခဲ့သည်မှာ မှန်သော်လည်း စစ်မှန်သော တိုက်ခိုက်မှုပိုင်းတွင်မူ သူတို့နှစ်ဦးကြားရှိ ကွာဟချက်က ကောင်းကင်နှင့် မြေကြီးပမာ ကွဲပြားခြားနားလှပေသည်။

ဤသည်က စစ်မှန်သော အဆင့်ကိုး ပဲ့တင်ထပ်သံစွမ်းအားတစ်ခုထက် ဘယ်လိုမှ အားနည်းခြင်းမရှိပေ။

ထိုစဉ် ဘေးပတ်ဝန်းကျင်မှနေ၍ လီဖုန်းယီက စိုးရိမ်တကြီးဖြင့် လှမ်း၍ အော်ဟစ်သတိပေးလိုက်သည်။

"လီလော့... နင် သေချာ ဂရုစိုက်မှ ဖြစ်မယ်နော် ဦးလေးသုံးရဲ့ ပဲ့တင်ထပ်သံစွမ်းအားက ကောင်းကင်နဂါး ပဲ့တင်ထပ်သံစွမ်းအား ဖြစ်လို့ အလွန်ပဲ ရက်စက်ပြီး ဖိနှိပ်ထိန်းချုပ်နိုင်စွမ်း ရှိတယ်"

၎င်းကို ကြားရသောအခါ လီလော့ အနည်းငယ် ထိတ်လန့်သွားခဲ့ပြီး …

"ကောင်းကင်နဂါး ပဲ့တင်ထပ်သံစွမ်းအား ဟုတ်လား... ဒါကြောင့်မို့လို့ ဒီလောက်ထိ ပြင်းထန်နေရတာကိုး"

ဟု ရေရွတ်လိုက်မိသည်။

သူသည် မိမိဖခင်တွင် နဂါးပဲ့တင်ထပ်သံစွမ်းအား ရှိနေခဲ့သည်ကိုသာ သိရှိထားခဲ့ခြင်းဖြစ်ပြီး ၎င်းက မည်သို့သော နဂါးပဲ့တင်ထပ်သံစွမ်းအားမျိုဆိုသည်ကို အများကြီး စဉ်းစားခဲ့ဖူးခြင်းမရှိပေ။ သူ့ စိတ်ထဲတွင်မူ နဂါးပဲ့တင်ထပ်သံစွမ်းအားအားလုံး တူညီကြသည်ဟုသာ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ထိုတစ်ခဏ၌ပင် လီတိုင်ရွှမ်က နောက်ကွယ်က ကောင်းကင်ပုလဲ နှစ်ခုစလုံးကို အပြည့်အဝ ထပ်မံ အသက်သွင်းလိုက်ပြန်သည်။ ၎င်းတို့မှာ ရှေးယခင်ကထက် ပိုမို၍ ပြင်းထန်စွာ လည်ပတ်လာခဲ့ကြပြီး ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်အားလုံးကို အတိုင်းအဆမရှိ စုပ်ယူလိုက်ကြတော့သည်။

လီတိုင်ရွှမ်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ထွက်ပေါ်နေသော ပဲ့တင်ထပ်သံစွမ်းအားများမှာ နောက်ထပ် အဆင့်တစ်ခုသို့ တစ်ဟုန်ထိုး မြင့်တက်သွားခဲ့လေသည်။

သူသည် လက်ချောင်းများကို အချင်းချင်း ပူးကပ်လိုက်ပြီးနောက် လက်ဝါးထိပ်ဖြင့် ထူးဆန်းသော လက်ကွက်တစ်ခုကို ပုံဖော်လိုက်ရာ ၎င်းက လက်သီးဝိညာဉ်အမှတ်အသားတစ်ခုနှင့်ပင်တူနေပေသည်။

ဝုန်း

ဝေဝါးလှသော ဧရာမ နဂါးကြီးတစ်ကောင်၏ ပုံရိပ် လီတိုင်ရွှမ်၏နောက်ကွယ်တွင် ပေါ်ထွက်လာခဲ့ပြီး ၎င်းက ကောင်းကင်ယံ၌ ဝဲပျံလျက် မယုံနိုင်လောက်အောင် ခန့်ညားထည်ဝါလှသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ ထိုနဂါးကြီး ပေါ်ထွက်လာခဲ့သည်နှင့် တစ်ပြိုင်နက် ကောင်းကင်နဂါးကလန်ကြီး ငါးခုလုံးမှ အဖွဲ့ဝင်အားလုံး မိမိတို့၏ ခန္ဓာကိုယ်အတွင်း၌ ငြင်းပယ်၍မရနိုင်သော ကြီးမားလှသော ဖိအားလှိုင်းကြီးတစ်ခု သက်ရောက်လာသည်ကို ရှင်းလင်းစွာ ခစားမိလိုက်ကြသည်။

၎င်းမှာ ကောင်းကင်နဂါး ပဲ့တင်ထပ်သံစွမ်းအားပင် ဖြစ်လေသည်။

လီလော့က လီတိုင်ရွှမ် ယခုလက်ရှိ ဖော်လိုက်သည့် လက်သီးဝိညာဉ်အမှတ်အသားကို မြင်တွေ့လိုက်ရချိန်တွင် ၎င်းက မိမိအတွက် မစိမ်းလှကြောင်း ချက်ချင်းပင် သိရှိလိုက်သည်။ ရှေးယခင် နှစ်ပေါင်းများစွာ ကာလတုန်းက ဖခင်ဖြစ်သူ မိခင်နှင့် အပြန်အလှန် လက်ရည်စမ်း တိုက်ခိုက်စဉ်ကာလတုန်းက ဤပညာရပ်ကို ထုတ်သုံးခဲ့ဖူးသည်ကို သူ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ဖူးသည်။

ဤသည်က ဖခင်ဖြစ်သူ၏ အဓိက အမှတ်အသား အထူးပြုတိုက်ကွက်တစ်ခုပင် ဖြစ်သည်။

"မြို့စားအဆင့်ပညာရပ် - ရာစုတိုက်ပွဲ နဂါးလက်သီး"

ရှေးယခင် နှစ်ပေါင်းများစွာက ရှပြည်ထောင်စုအတွင်းရှိ မြို့စားအဆင့်ကျွမ်းကျင်သူ ဘယ်လောက်အထိ ဤရိုးရှင်းလှသော လက်သီးချက်အောက်တွင် ရှုံးနိမ့်ခဲ့ရဖူးသည်ကို မည်သူ သိနိုင်မည်နည်း။

၎င်းက သူတို့အားလုံး၏ ရင်ထဲတွင် လီတိုင်ရွှမ်နှင့် ပတ်သက်သည့် ဖုံးကွယ်ထား၍မရနိုင်သော ကြောက်ရွံ့မှုများကို ထာဝရ ထင်ကျန်ရစ်စေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

All Chapters