ကောင်းကင်နဂါး နေဖမ်းလေး……
Vol. 66 Ch. 925
ရတနာပစ္စည်း သုံးခုစလုံးမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများမှာ သာမန်ရတနာများ မဟုတ်ကြောင်းကို ရှင်းလင်းစွာ ဖော်ပြနေသည်။
လီကျင်းဇယ် လက်ကို အသာအယာ ဝှေ့ယမ်းလိုက်တော့ ပထမဦးဆုံး ရတနာပစ္စည်းတစ်ခု လီကျင်းထောင်၏ ရှေ့သို့ ပျံသန်းသွားခဲ့သည်။ အလင်းတန်းများ လွင့်စင်သွားချိန်တွင် အစင်းကြောင်းများ ထင်ကျန်နေသည့် လိပ်ခွံတစ်ခွံကို မြင်တွေ့လိုက်ရသည်။ ၎င်းမှာ လက်ဖဝါးခန့်သာ အရွယ်အစားရှိပြီး ဒိုင်းကာတစ်ခုနှင့် ဆင်တူလှသည်။ လိပ်ခွံတစ်ခုလုံးတွင် အက်ကြောင်းများစွာ ရှိနေသဖြင့် အနည်းငယ် ပျက်စီးလွယ်မည့်ပုံ ပေါက်နေသည်။
လီလော့၏ အကြည့်များ ထိုလိပ်ခွံ၏ ဗဟိုချက်ထံသို့ ရောက်ရှိသွားခဲ့ပြီး ထိုနေရာ၌ ခရမ်းရောင် မျက်လုံးပုံစံ ဝိညာဉ်အမှတ်အသားတစ်ခုကို မြင်တွေ့လိုက်ရသည်။
ခရမ်းရောင်မျက်လုံးအဆင့်ရှိ ရတနာပစ္စည်းတစ်ခု…..
သို့သော်လည်း ၎င်းမှာ သာမန် ခရမ်းရောင်မျက်လုံးအဆင့် ရတနာပစ္စည်းများနှင့် အနည်းငယ် ကွဲပြားခြားနားနေသည်။ ၎င်းတွင် ခရမ်းရောင်မျက်လုံးတစ်လုံးတည်း မဟုတ်ဘဲ နှစ်လုံးပါဝင်နေခြင်း ဖြစ်သည်။
ခရမ်းရောင်မျက်လုံး နှစ်လုံ
မူလကောင်းကင်နတ်ဘုရားကုန်းမြေဆီသို့ ရောက်ရှိလာပြီးနောက်ပိုင်း ဤကဲ့သို့သော ရတနာပစ္စည်းအဆင့်များအကြောင်းကို လီလော့ ပိုမို သိရှိနားလည်လာခဲ့သည်။
၎င်းတို့မှာ သာမန် ခရမ်းရောင်မျက်လုံးအဆင့် ရတနာပစ္စည်းများထက် ပိုမိုမြင့်မားသော အဆင့်တွင် ရှိသည်။ ထိုရတနာများကို ပုံဖော်ပြုလုပ်ချိန်တွင် သဘာဝစွမ်းအင်များကို အသုံးပြု၍ ပြင်းထန်ပြီး ပြီးပြည့်စုံသော ပေါင်းစပ်ခြင်း လုပ်ငန်းစဉ်ဖြင့်သာ ဤခရမ်းရောင်မျက်လုံး အမှတ်အသားများကို ရရှိနိုင်ခြင်း ဖြစ်သည်။
သို့သော်လည်း ခရမ်းရောင်မျက်လုံးအဆင့် ရတနာပစ္စည်းများအတွင်း၌ မျက်လုံးနှစ်လုံးအဆင့်မှာ အမြင့်ဆုံးတော့ မဟုတ်သေးပေ။ ၎င်းထက် မြင့်မားသောအဆင့်မှာ ခရမ်းရောင်မျက်လုံး သုံးလုံးအဆင့် ဖြစ်သည်ဟု ဆိုကြသည်။
ခရမ်းရောင်မျက်လုံး သုံးလုံးအဆင့်ရှိ ရတနာပစ္စည်းများကို မြို့စားအဆင့်ကျွမ်းကျင်သူများသာ ကိုင်ဆောင်လေ့ရှိကြသည်။
ဤရတနာပစ္စည်းများမှာ အမှန်တကယ်ပင် ကောင်းကင်ယံကို လောင်ကျွမ်းစေနိုင်ပြီး ပင်လယ်ရေကို ဆူပွက်စေနိုင်လောက်သော စွမ်းအားများ ရှိကြသည်။ ထို့ကြောင့် ဤမျက်လုံးနှစ်လုံးအဆင့်ရှိ လိပ်ခွံဒိုင်းကာမှာ အလွန်ပင် တန်ဖိုးကြီးမားလှသည်။ အကယ်၍ ၎င်းကို ရှပြည်ထောင်စုတွင် ထားရှိခဲ့လျှင် ၎င်းမှာ ပြိုင်ဘက်ကင်းသော ရတနာတစ်ခု ဖြစ်လာမှာ သေချာသည်။
အထူးသဖြင့် မြို့စားအဆင့်သို့ မရောက်ရှိသေးသူများအတွက်မူ ဤမျက်လုံးနှစ်လုံးအဆင့်ရှိ ရတနာပစ္စည်းတစ်ခုကို ပိုင်ဆိုင်ထားခြင်းက သူတို့၏ တိုက်ခိုက်နိုင်စွမ်းကို အဆပေါင်းများစွာ မြင့်တက်လာစေမည် ဖြစ်သည်။
"ဒါက ရှေးဟောင်းလိပ်ခွံ ဒိုင်းကာပဲ…မင်း မြင်တဲ့အတိုင်း ဒါက ခရမ်းရောင်မျက်လုံး နှစ်လုံးအဆင့်ရှိတဲ့ ရတနာပစ္စည်းမို့ အပြည့်အဝ အသက်သွင်းလိုက်ရင် ရှေးဟောင်းလိပ်ကြီးတစ်ကောင်ရဲ့ ပုံရိပ်ကို ဆင့်ခေါ်နိုင်ပြီး ပြိုင်ဘက်ကင်းတဲ့ ခုခံမှုစွမ်းရည်ကို ပေးစွမ်းနိုင်တယ်… မင်းက ခုခံမှုပိုင်းကို ပိုသဘောကျတဲ့သူဖြစ်လို့ ဒါက မင်းနဲ့ အသင့်တော်ဆုံးပဲ"
လီကျင်းဇယ်က လက်ဝှေ့ယမ်းလိုက်တော့ ထိုလိပ်ခွံဒိုင်းကာမှာ လီကျင်းထောင်၏ လက်ထဲသို့ ရောက်ရှိသွားတော့သည်။
လီကျင်းထောင်က အလျင်အစလိုပင် လက်ခံလိုက်ပြီး လီကျင်းဇယ်ကို ကျေးဇူးတင်စကားများ အဆက်မပြတ် ပြောနေခဲ့သည်။
လီကျင်းဇယ် ပြောသည့်အတိုင်း ဤရတနာမှာ သူ့ ရင်ထဲက လိုအင်ဆန္ဒနှင့် အကိုက်ညီဆုံး ဖြစ်သည်။ အရင်တုန်းက ခုခံနိုင်စွမ်းရှိသည့် ရတနာများကို ရှာဖွေခဲ့ဖူးသော်လည်း မျက်လုံး နှစ်လုံးအဆင့်ရှိ ရတနာပစ္စည်းနှင့် ယှဉ်လျှင် ဘယ်တစ်ခုမှ အဆင့်မမီခဲ့ပေ။
ထို့နောက် လီကျင်းဇယ်သက နောက်ထပ် ရတနာတစ်ခုကို လီဖုန်းယီထံသို့ ပေးအပ်လိုက်သည်။ ထိုအလင်းတန်းအတွင်း၌ မီးလျှံများ တောက်လောင်နေသော ယပ်တောင်တခု ရှိနေခဲ့သည်။ ထိုမီးလျှံများမှာ အလွန်ပင် ပြင်းထန်လှပြီး သူတို့၏ နှာခေါင်းထဲသို့ပင် အပူရှိန်များ ပျံ့နှံ့သွားခဲ့သည်။
ထိုယပ်တောင်၏ လက်ကိုင်နေရာ၌လည်း ခရမ်းရောင်မျက်လုံး နှစ်လုံးအဆင့် အမှတ်အသားကို မြင်တွေ့နေရသည်။
"ဒါက မီးလျှံယပ်တောင်လို့ခေါ်တယ် ..ဒီယပ်တောင်က မြို့စားအဆင့်ပညာရပ်နဲ့ မတိမ်းမယိမ်းအဆင့်ရှိတဲ့ ပြင်းထန်လွန်းတဲ့ ကောင်းကင်မီးလျှံတွေကိုဆင့် ခေါ်နိုင်တယ်"
လီဖုန်းယီက ယပ်တောင်ကို လက်ခံလိုက်ပြီးနောက် စူးစမ်းလိုစိတ်ဖြင့် နှစ်ချက်လောက် ခတ်လိုက်ရာ အနီရောင်မီးလျှံများ ရုတ်တရက် ပေါ်ထွက်လာခဲ့သဖြင့် ကောင်းကင်ယံပင်လျှင် နီရဲသွားခဲ့ရသည်။
ထိုပြင်းထန်လှသော မီးလျှံများ မျက်တောင်တစ်ခတ်အတွင်း ပေါ်ထွက်လာခဲ့သဖြင့် သူမပင် ထိတ်လန့်သွားခဲ့ရသည်။
လီကျင်းဇယ် အသာအယာ လက်ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုမီးလျှံများ ချက်ချင်းပင် လုံးဝ ကွယ်ပျောက်သွားခဲ့သည်။
လီဖုန်းယီက ရှက်ရွံ့စွာဖြင့် လျှာလေးထုတ်လိုက်ပြီး ယပ်တောင်ကို သိမ်းဆည်းလိုက်သည်။
"ကျေးဇူးတင်ပါတယ် အဘိုး"
လီလော့သည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ခရမ်းရောင်မျက်လုံး နှစ်လုံးအဆင့်ရှိ ရတနာပစ္စည်းများ၏ စွမ်းအားကို လျှော့တွက်၍မရပေ။ ဤရတနာများမှာ မြို့စားအဆင့်ပညာရပ်များနှင့်ပင် မတိမ်းမယိမ်း ရှိနေကြပြီး မူလနတ်ဘုရားကုန်းမြေတွင်ပင် ရှားပါးလှသည်။
သာမန်အင်အားစုများအနေဖြင့် ဤမျှတန်ဖိုးကြီးမားလှသော ပစ္စည်းများကို ဆုလာဘ်အဖြစ် ပေးအပ်ရန် ဘယ်လိုမှ မဖြစ်နိုင်ပေ။ အမှန်တကယ်တော့ သူ ပိုင်ဆိုင်ထားသည့် အမြင့်ဆုံးရတနာမှာ ခရမ်းရောင် ပဲ့တင်ထပ်သံ ပန်းပွင့်ပုံစံ ရတနာတစ်ခုသာ ဖြစ်သည်။ သူ အမြဲတမ်း အသုံးပြုနေသည့် ရွှေကျောက်စိမ်းဆင်စွယ်ဓားပင် ရွှေရောင်မျက်လုံးအဆင့်မျှသာ ရှိပြီး ၎င်း၏ စစ်မှန်သော စွမ်းအားမှာ ကမ္ဘာဦးဆင်ရိုင်းခွန်အားအတွင်း၌သာ ရှိနေခြင်း ဖြစ်သည်။
ထိုဓားအတွင်း၌ ဘုရင်အမှတ်အသား တစ်ခု ပါဝင်နေပြီး ၎င်းကြောင့်သာ အသက်ကယ်နည်းလမ်းတစ်ခုကို ပိုင်ဆိုင်ထားနိုင်ခဲ့သည်။ သို့သော်လည်း ၎င်းအမှတ်အသားမှာ တစ်ကြိမ်အသုံးပြုလိုက်လျှင် တဖြည်းဖြည်းနှင့် ကုန်ဆုံးသွားမှာဖြစ်သဖြင့် လီလော့အနေဖြင့် လိုအပ်မှသာ အသုံးပြုရန် တွန့်ဆုတ်နေမိခြင်း ဖြစ်သည်။
ဤအတွေးများဖြင့် လီကျင်းဇယ်ကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်လိုက်မိသည်။
မျက်လုံးနှစ်လုံးအဆင့်ရှိ ရတနာပစ္စည်းများဆိုသည်မှာ သူ တစ်ခါမှ မကြားဖူးခဲ့သည့်အရာမျိုး ဖြစ်သည်။ နဂါးစွယ်ကလန်အတွင်း၌ပင် ဤမျှအဖိုးတန်လှသည့် ရတနာပစ္စည်းများကို လဲလှယ်ရရှိရန်မှာ မယုံနိုင်လောက်အောင် ကြီးမားလှသည့် အကျိုးပြုမှုများ လိုအပ်သည်ဟု ဆိုကြသည်။
အကြေးခွံလုပွဲအတွင်း နဂါးစွယ်စောင့်ရှောက်သူများအဖြစ် တာဝန်ယူခဲ့ကြရသူများပင်လျှင် ဤကဲ့သို့သော ရတနာပစ္စည်းများကို ရရှိရန် မလွယ်ကူခဲ့ကြဖူးဟု ဆိုကြသည်။
သူ့ရဲ့ မျှော်လင့်ချက်အပြည့်ရှိသော အကြည့်များကို မြင်တွေ့လိုက်ရချိန်တွင် လီကျင်းဇယ် ပြုံးလိုက်ပြီး နောက်ဆုံးရတနာကို လီလော့ထံသို့ ပစ်ပေးလိုက်သည်။ ၎င်းမှာ အဖြူရောင်
ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော လေးကြီးတစ်လက် ဖြစ်သည်။
လေး၏ ကိုယ်ထည်တစ်ခုလုံးတွင် နဂါးကြီးတစ်ကောင်အဖြစ် ရစ်ပတ်နေသော ထူးဆန်းလှသည့် ဝိညာဉ်အမှတ်အသားများ ရှိနေသည်။ လေး၏ ထိပ်ဖျားနှစ်ခုမှာ နဂါးပါးစပ်ပုံစံ ဖြစ်နေပြီး လေစီးကြောင်းများက လေးကြိုးပမာ တရစပ် စီးဆင်းနေသည်။
ထိုလေး ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များမှာ ထိုလေးထံသို့ အရူးအမူး စီးဝင်သွားခဲ့ကြတော့သည်။
လီလော့ ၎င်းကို မျက်တောင်မခတ်ဘဲ သေချာစွာ စိုက်ကြည့်နေမိသည်။ နောက်ဆုံးတွင် ထူးဆန်းလှသော ခရမ်းရောင်အလင်းတန်းများဖြင့် တောက်ပနေသည့် အမှတ်အသားတစ်ခုထံသို့ အကြည့်ရောက်သွားခဲ့သည်။
ဒါလည်း မျက်လုံးနှစ်လုံးအဆင့်ရှိတဲ့ ရတနာပစ္စည်းပဲ.….အိုး... နေဦး... မှားနေတာပဲ
သူ အနီးကပ် သေချာစွာ စစ်ဆေးကြည့်လိုက်ချိန်တွင် ခရမ်းရောင် အမှတ်အသား သုံးခု ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ ၎င်းမှာ အနည်းငယ် ဝေဝါးနေသော်လည်း ဤရတနာပစ္စည်းမှာ အမှန်တကယ်ပင် ခရမ်းရောင်မျက်လုံး သုံးလုံးအဆင့် ဖြစ်နေခဲ့သည်။
လီလော့က အံ့ဩတကြီးဖြင့်….
"ခရမ်းရောင်မျက်လုံး သုံးလုံးအဆင့် ရတနာပစ္စည်း"
ဒါက မြို့စားအဆင့်ပညာရပ်ထက် တစ်ဆင့်သာ နိမ့်သော ရတနာပစ္စည်း ဖြစ်သည်။ ၎င်းမှာ မြို့စားအဆင့် မဟုတ်သူ မည်သူမဆိုကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိသည့် ရတနာတစ်ခု ဖြစ်သည်။
လီကျင်းဇယ်က ခါးသီးစွာ ပြုံးလိုက်ပြီး…
"မင်းက နဂါးခေါင်းဆောင် ဖြစ်လာပြီး နဂါးစွယ်ကလန်အတွက် အကြီးမားဆုံး အကျိုးပြုမှုတွေကို လုပ်ဆောင်ပေးခဲ့တာ ဖြစ်လို့... မင်းကို ဒီသုံးလုံးအဆင့်ရှိတဲ့ ရတနာပစ္စည်း မပေးနိုင်ဘူးဆိုရင် ငါ တခြားသူတွေရဲ့ လှောင်ပြောင်မှုကို ခံရတော့မှာပေါ့"
လီကျင်းထောင်နှင့် လီဖုန်းယီတို့မလည်း ခေါင်းညိတ်ကာ သဘောတူလိုက်ကြသည်။ အကယ်၍ လီလော့သာ ဤမျှအထိ ထူးချွန်စွာ မစွမ်းဆောင်ခဲ့လျှင် သူတို့ ရရှိမည့် ဆုလာဘ်များ ဤမျှအထိ ပေါများနေမည် မဟုတ်သလို ဤခရမ်းရောင်မျက်လုံးအဆင့်ရှိ ရတနာပစ္စည်းများကိုလည်း ရရှိကြမည် မဟုတ်ပေ။
"မင်းက လေးပစ်တာ ကျွမ်းကျင်တယ်လို့ တစ်ခါက ပြောဖူးတယ်၊ ဒါပေမဲ့ မင်းမှာ အသင့်တော်ဆုံး လေးမရှိခဲ့ဘူး…. မင်း အခု လုပ်ဆောင်ခဲ့သမျှအတွက် ဒါက မင်းကို ကျေနပ်စေမှာ သေချာပါတယ်… ဒါကို ကောင်းကင်နဂါးနေဖမ်းလေးလို့ ခေါ်တယ်… ဒါကို နဂါးရိုးရယ်၊ အခြားအဖိုးတန်ပစ္စည်းအတော်များများရယ်နဲ့ ပြုလုပ်ထားတာ ဖြစ်လို့ စွမ်းအားအလွန် ပြင်းထန်တာကြောင့် နေခွင်းလေးလို့ တင်စားခေါ်ဝေါ်ကြတယ်…ဒါပေမယ့်လည်း ဘယ်သူမဆို ဒါကို အလွယ်တကူ အသုံးပြုနိုင်မှာ မဟုတ်ဘူး…ဘာကြောင့်လဲဆိုတော့ ဒီလေးကိုသုံးဖို့ မယုံနိုင်လောက်အောင် ကြီးမားတဲ့ ပဲ့တင်ထပ်သံစွမ်းအားနဲ့ ကောင်းကင်နဂါးစွမ်းအင်တို့ရဲ့ အထောက်အပံ့ကို လိုအပ်လို့ပဲ… ဒီလေးက အရင်တုန်းက မင်းအတွက် ဘယ်လိုမှ မသုံးနိုင်တဲ့အရာ ဖြစ်ခဲ့ပေမဲ့ အခု မင်းမှာ အကြေးခွံကိုးခုသန့်စင်သောနဂါးခန္ဓာ ရှိနေပြီဖြစ်လို့ ဒါကို အသုံးပြုဖို့ လိုအပ်ချက်တွေ အနည်းငယ် ပြည့်မီနေလောက်ပြီ….ဒါပေမဲ့ မင်း ဒါကို အသုံးပြုရင် တစ်ကြိမ်တည်းကို မျှားတစ်ချောင်ပဲ ပစ်ခတ်နိုင်လိမ့်မယ်"
ဟု လီကျင်းဇယ် ရှင်းပြလိုက်သည်။
တစ်ကြိမ်တည်းဖြင့် မျှားတစ်ချောင်းသာ ပစ်ခတ်နိုင်သည်ဆိုခြင်းမှာ ကောင်းကင်နဂါးနေခွင်းလေး၏ လိုအပ်ချက်မှာ မယုံနိုင်လောက်အောင် ပြင်းထန်လှကြောင်းကို ဖော်ပြနေခြင်း ဖြစ်သည်။
မျက်လုံး သုံးလုံးအဆင့်ရှိ ရတနာပစ္စည်းများမှာ အလွန်ပင် ကြောက်စရာကောင်းလှသော လိုအပ်ချက်များ ရှိနေသည်မှာ ထင်ရှားလှပေသည်။
မည်သို့ပင်ဖြစ်စေ သူသည် ထိုရတနာကို ပျော်ရွှင်စွာ လက်ခံလိုက်ပြီး ၎င်းကို တစ်ချက်မျှပင် လက်လွှတ်မခံရက်အောင် စူးစမ်းနေမိတော့သည်။
"တျန့်ဖုန်းရှန်အတွက်လည်း ငါ တစ်ခုခု ပြင်ဆင်ထားပေးတယ်… မင်းတို့တွေ သူနဲ့တွေ့ရင် ပေးလိုက်ပါ"
လီလော့က ထိုလေးကို ခေတ္တမျှ စူးစမ်းပြီးနောက်မှသာ မချိတင်ကဲဖြင့် ဘေးသို့ ချထားလိုက်တော့သည်။ ဤပြင်းထန်လှသော လက်နက်ရှိနေပြီဖြစ်သောကြောင့် အသုံးမဝင်တော့သည့် သိမ်းငှက်မျက်လုံးလေးကကို အနားပေးလိုက်တော့မည် ဖြစ်သည်။
"အဘိုး... အခုလို ရုတ်တရက် ရတနာပစ္စည်းတွေ ပေးနေတာ ကျွန်တော်တို့ကို ဘာတွေများ လုပ်ခိုင်းစရာ ရှိလို့လဲ"
ဟု လီလော့ ရုတ်တရက် မေးမြန်းလိုက်သည်။
လီကျင်းဇယ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
" တကယ့်ကို ထက်မြက်တာပဲ…မင်းတို့အားလုံး အခုအချိန်ထိ လုပ်ဆောင်ခဲ့သမျှက ကလန်အတွင်းပိုင်း ပြိုင်ပွဲတွေလောက်ပဲ ရှိသေးတာမို့လို့ ဒီလို ရတနာပစ္စည်းတွေ သုံးစရာ မလိုခဲ့ဘူး…ဒါပေမဲ့ ရှေ့လျှောက် မူလကောင်းကင် နတ်ဘုရားကုန်းမြေကြီးရဲ့ အခြားသော အင်အားစုတွေနဲ့ တိုက်ပွဲတွေ ရှိနေဦးမှာ…. ရတနာပစ္စည်းဆိုတာ စွမ်းအားရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လို့ ငါ မင်းတို့ကို အားနည်းချက် ဖြစ်မသွားစေချင်ဘူး… ပြင်ပတိုက်ပွဲတွေက မင်းတို့ အခုအထိ ရင်ဆိုင်ခဲ့ရတဲ့ တိုက်ပွဲတွေနဲ့ မတူဘူး… သေဆုံးခြင်းက နေရာတိုင်းမှာ ရှိနေလိမ့်မယ်"
ထိုအခါ လီလော့၏ မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။
"မူလကောင်းကင် နတ်ဘုရားကုန်းမြေကြီးရဲ့ အခြားသော ပါရမီရှင်တွေနဲ့ တိုက်ပွဲဝင်ရမှာ"
သူသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် ခေါင်း မော့လိုက်ကာ….
"အဘိုး... အဘိုး ပြောနေတာက ဝိညာဉ်ပဲ့တင်ထပ်သံ လှိုဏ်ဂူအကြောင်းကို ပြောနေတာလား”