← Chapters

အခန်း (၂၈၈၉-၂၈၉၀)

Vol. 229 Ch. 2889-2890

အခန်း (၂၈၈၉-၂၈၉၀)

Vol. 229 Ch. 2889-2890

အခန်း(၂၈၈၉)

ကျိရီ အင်မော်တယ်တောင်တန်းမှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် ဖုန်းချန်ရှင်း၏ လှိုက်လှိုက်လှဲလှဲ ဖိတ်ကြားမှုကြောင့် ဖုန်းကန်းအင်မော်တယ် မြို့တော်သို့ သွား‌ရောက်ကာ တစ်ရက်တာ တည်းခိုခဲ့ပြီးမှသာ ပိုထျန်း အင်မော်တယ်ဂိုဏ်း ဆီသို့ ပြန်လာခဲ့သည်။

မူလက ကျန်းချန်သည် ဖုန်းချန်ရှင်းနှင့် ဖုန်းမိသားစု၏ အင်အားကို အသုံးချကာ ပိယွင်အင်မော်တယ် နန်းတော်ကို ကိုင်တွယ် ဖြေရှင်းရန်အတွက် ပိုထျန်း အင်မော်တယ်ဂိုဏ်းကို ကူညီပံ့ပိုးပေးရန် ရည်ရွယ်ချက်ဖြင့် ဖုန်းချန်ရှင်းကို လက်အောက်ခံ အဖြစ် သိမ်းသွင်းခဲ့ခြင်း ဖြစ်သည်။

သို့သော် ဖုန်းချန်ရှင်းသည် ဟန်ယွင်အင်မော်တယ်စမ်းရေ အမြောက်အများကို စုပ်ယူခဲ့ပြီး အလွန် ကြီးမားသော အကျိုးကျေးဇူးများ ရရှိခဲ့သည်။

ယခုအခါ ဖုန်းချန်ရှင်းသည် ကမ္ဘာ‌လောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ် စွမ်းအားကို နားလည်သဘောပေါက်ကာ တလော့အဆင့်ကို တက်လှမ်းနိုင်မည့် အရိပ်အယောင်များ ရှိလာသဖြင့် အချိန်ကာလ တစ်ခုအထိ တံခါးပိတ် ကျင့်ကြံရန် လိုအပ်နေခဲ့၏။

ထို့အကြောင်းကြောင့်ပင် ကျန်းချန်သည် ဖုန်းချန်ရှင်းကို သူနှင့်အတူ တစ်ပါးတည်း မခေါ်လာခဲ့တော့ပေ။

ယခုအခါ သူ၏ ကျင့်ကြံခြင်းအဆင့်သည် ရွှေအင်မော်တယ် သတ္တမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သော အင်မော်တယ်စွမ်းအားသည်လည်း အကြီးစား အောင်မြင်မှု အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၍ သာမန် တလော့အင်မော်တယ် တစ်ပါးနှင့်ပင် ယှဥ်ပြိုင်နိုင်စွမ်း ရှိနေခဲ့ချေပြီ။

ထို့အပြင် အင်မော်တယ်ဘုရင်၏ ရုပ်အလောင်းကို ထိန်းချုပ်ထားသော အရှင်နှင်းမှုန်သည် ထိုက်ယီ အင်မော်တယ်အဆင့်နှင့် ယှဥ်ပြိုင်နိုင်သော စွမ်းအားကို ထုတ်ဖော်ရန် လုံလောက်၏။

ပိယွင် အင်မော်တယ်နန်းတော်က ထိုက်ယီ အင်မော်တယ်တစ်ပါး ဦးဆောင်သည့် ထိုက်ယီအဆင့် အင်အားစုတစ်စု ဖြစ်နေလျှင်ပင် ကျန်းချန်အနေဖြင့် အလွန်အမင်း ကြောက်ရွံ့နေစရာ မလိုအပ်ပေ။

ပိုထျန်း အင်မော်တယ်ဂိုဏ်းသို့ ပြန်‌ရောက်လာပြီးနောက်တွင် ကျန်းချန်သည် ပိုထျန်းအင်မော်တယ် ဂိုဏ်းချုပ် ဖြစ်သူ လင်းယန်ချန်းကို ချက်ချင်းပင် သွားရောက် ရှာဖွေကာ ပိယွင်အင်မော်တယ် နန်းတော်နှင့် ပတ်သက်သည့် သတင်း အချက်အလက်များ မေးမြန်းစုံစမ်းခဲ့သည်။

ကျန်းချန်က ပိယွင်အင်မော်တယ်နန်းတော် အ‌ကြောင်း မေးမြန်းသည်ကို ကြားလိုက်ရလျှင် လင်းယန်ချန်း အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

ကျန်းချန်က သူတို့ကို ဦးဆောင်၍ ပိယွင်အင်မော်တယ်နန်းတော်ကို ကလဲ့စားချေရန် စီစဥ်နေသည်မှာ ထင်ရှားနေခဲ့သည် မဟုတ်ပါလော။

ယင်းအချက်ကို တွေးမိလျှင် လင်းယန်ချန်း၏မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။

သူက သက်ပြင်းတစ်ချက် ချလိုက်ပြီး အသက်ကို ခပ်ဝဝရှူရှိုက်လိုက်ကာ လေးနက်စွာ ပြောလိုက်သည်။

“သခင်လေးကျန်းချန် ဝိရောဓိနယ်မြေကို ထွက်ပြေးတိမ်းရှောင်လာတဲ့ အချိန်ကစပြီး ပိယွင် အင်မော်တယ်နန်းတော်ရဲ့ အကြောင်းကို သိပ်မသိတော့ဘူး.. ကျွန်တော်သိထားတဲ့ ပိယွင် အင်မော်တယ်နန်းတော်ရဲ့ သတင်းအချက်အလက်တွေက ပိယွင်အင်မော်တယ် နန်းတော်က ပိုထျန်း အင်မော်တယ်ဂိုဏ်းကို မဖျက်ဆီးခင်အချိန်က အခြေအနေတွေပဲ”

“ခင်ဗျားသိထားတာကိုပဲ ကျွန်တော့်ကို အရင်ပြောပြပါ”

ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် လင်းယန်ချန်းသည် သဘာဝကျစွာပင် မည်သည့် အရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိဘဲ သူသိထားသမျှ အရာအားလုံးကို ကျန်းချန်အား အလျင်အမြန် ပြောပြလိုက်သည်။

ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေထဲမှ အင်မော်တယ်နယ်မြေတစ်ခု ဖြစ်သော မိုးကြိုးနယ်မြေတွင် တည်ရှိသည့် ပိယွင် အင်မော်တယ်နန်းတော်သည် မိုးကြိုးအင်မော်တယ်နယ်မြေ၏ အလွန်ရှေးကျသော အင်အားစုများ ထဲမှ တစ်စု ဖြစ်သည်။

ပိယွင် အင်မော်တယ်နန်းတော်၏ အထွတ်အထိပ် ကာလကဆိုလျှင် ပိယွင်အင်မော်တယ်နန်းတော်သည် ဟန်ယွင်အဆင့် အင်မော်တယ်ကိုပါ ပိုင်ဆိုင်ဖူးသည့် ဟန်ယွင်အဆင့် အင်အားစုတစ်စု ဖြစ်ခဲ့ဖူးသည်ဟု ဆိုကြသည်။

နောက်ပိုင်းတွင် ပိယွင်အင်မော်တယ် နန်းတော်၌ ကြီးမားသောအပြောင်းအလဲ တစ်ခု ဖြစ်ပွားခဲ့ပြီး ဂိုဏ်း၏ ဟန်ယွင်အဆင့်အင်မော်တယ် ကျဆုံးသွားခဲ့ရုံသာမက ထိုက်ယီအဆင့် အင်မော်တယ်ပင်လျှင် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့၍ ဂိုဏ်း၏ အင်အားက အတော်လေး ဆုတ်ယုတ် ကျဆင်းသွားခဲ့သည်။

သို့သော်လည်း ပိန်သွားသော ကုလားအုပ်သည် မြင်းထက်ကြီးမားနေဆဲပင်။

ပိယွင်အင်မော်တယ်နန်းတော်သည် အလွန်အမင်း ဆုတ်ယုတ်သွားပြီး ယခင်ကကဲ့သို့ အခြေအနေမျိုး မရှိတော့သော်လည်း ဟန်ယွင်အဆင့်၏ အခြေခံ အုတ်မြစ်များ ရှိနေဆဲ ဖြစ်၍ မိုးကြိုးအင်မော်တယ် နယ်မြေတွင် နာမည်ကျော်ကြားသော တလော့အင်အားစု ဖြစ်နေဆဲပင်။

ဆိုရလျှင် မိုးကြိုးအင်မော်တယ် နယ်မြေ တစ်ခုလုံးတွင် ပိယွင် အင်မော်တယ် နန်းတော်နှင့် ယှဥ်ပြိုင်နိုင်သည့် အင်အားစုမှာ အနည်းငယ်မျှသာ ရှိသည်။

အချို့ ထိုက်ယီအဆင့် အင်အားစုများ ပင်လျှင် ပိယွင်အင်မော်တယ် နန်းတော်ကို ကြောက်ရွံ့ကြသည်။

ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ပိယွင်အင်မော်တယ် နန်းတော် ချေမှုန်းခဲ့စဥ်တွင် ပိယွင်အင်မော်တယ် နန်းတော်၌ စုစုပေါင်းတလော့အင်မော်တယ်ငါးပါး ရှိခဲ့ပြီး ၎င်းတို့ထဲမှ တစ်ပါးကိုသာ ပိုထျန်း အင်မော်တယ်ဂိုဏ်းကို စေလွှတ်၍ အလွယ်တကူ ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သည်။

ဆိုရလျှင် ပိယွင်အင်မော်တယ် နန်းတော်၏ အင်အားသည် အင်မော်တယ်လောက တစ်ခုလုံးဖြင့် ကြည့်လျှင်ပင် တလော့အဆင့် အင်အားစုများထဲတွင် သေချာပေါက် အသန်မာဆုံးအင်အားစုများ ထဲမှ တစ်စု ဖြစ်၏။

လင်းယန်ချန်း၏ နှုတ်မှတစ်ဆင့် ပိယွင် အင်မော်တယ်နန်းတော်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရရှိပြီးနောက်တွင် ကျန်းချန်၏ မျက်နှာအမူရာက ပို၍ လေးနက်သွားခဲ့သည်။

သူက ပိယွင်အင်မော်တယ် နန်းတော်ကို သာမန် တလော့အဆင့် အင်အားစု တစ်စုမျှသာ ဖြစ်လိမ့်မည်ဟု တွေးထင်ထားခဲ့သည်။

ထိုအတိုင်းသာဆိုလျှင် သူ၏ လက်ရှိ စွမ်းအားနှင့် အင်မော်တယ်ဘုရင် ရုပ်အလောင်းကို ထိန်းချုပ်ထားသည့် အရှင်နှင်းမှုန်၏ အကူအညီဖြင့် ဆိုလျှင် ပိယွင်အင်မော်တယ်နန်းတော်ကို ချေမှုန်းရန်မှာ လွယ်ကူသောကိစ္စ တစ်ခု ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ပိယွင်အင်မော်တယ်နန်းတော်သည် နောက်ကွယ်တွင် ဟန်ယွင်အဆင့် အခြေခံအုတ်မြစ် ရှိသည့် တလော့ အင်အားစုတစ်စု ဖြစ်နေလိမ့်မည်ဟု သူလုံးဝ ထင်မထားခဲ့ပေ။

ယင်းကဲ့သို့ အင်အားစုတွင် ဟန်ယွင် အဆင့် အင်မော်တယ် ချန်ထားရစ်ခဲ့သည့် ဝှက်ဖဲ တစ်ခုခု သေချာ‌ပေါက် ရှိနေလောက်သည်။

ထိုက်ယီအဆင့် အင်အားစုများပင်လျှင် ထိုကဲ့သို့ တလော့အင်အားစုကို အလွယ်တကူ ချေမှုန်းနိုင်လိမ့်မည် မဟုတ်ချေ။

“သခင်‌လေးကျန်းချန်.. ကျွန်တော်တို့အနေနဲ့ ပိယွင်အင်မော်တယ်နန်းတော်ကို ယှဥ်ပြိုင်ဖို့ အရည်အချင်း မပြည့်မီသေးဘူးလို့ထင်တယ်.. လက်ရှိ ပိယွင်အင်မော်တယ်နန်းတော်ရဲ့ အခြေအနေကို ကျွန်တော်တို့ ဘာမှမသိရသေးဘူး.. ဒါကြောင့် ကျွန်တော် မိုးကြိုးအင်မော်တယ်နယ်မြေကို အရင်ဆုံး လူလွှတ်ပြီး ပိယွင်အင်မော်တယ်နန်းတော်ရဲ့ သတင်းကို စုံစမ်းဖို့ စီစဥ်လိုက်မယ်.. သခင်လေးမှာရော ဘယ်လို အစီအစဥ်များရှိပါသလဲ”

ကျန်းချန်က စိတ်ထဲတွင် တွေးတောနေစဥ်မှာပင် လင်းယန်ချန်း၏ စကားသံက ကျန်းချန်၏ နားထဲကို တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။

လင်းယန်ချန်းသည် ပိယွင် အင်မော်တယ်နန်းတော်နှင့် အလွန်ပင် နာကျည်းမုန်းတီးကာ ကလဲ့စားချေချင်နေသော်လည်း အသိစိတ်များ ပျောက်ဆုံးမသွားခဲ့ပေ။

ပိုထျန်း အင်မော်တယ်ဂိုဏ်းသည် ကျန်းချန်၏ အကူအညီဖြင့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသော်လည်း အချိန်ကာလ တိုတောင်းလွန်းသဖြင့် တလော့အင်အားစုများနှင့် ယှဥ်လျှင် အရမ်းကွာဝေးနေဆဲ ဖြစ်သည်။

လက်ရှိတွင် သူတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်း အတွက် အကြီးမားဆုံး အားကိုးရာမှာ ကျန်းချန် တစ်ယောက်တည်းသာ ရှိ၏။

သို့သော် ကျန်းချန် တစ်ယောက်တည်းဖြင့် ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ထိပ်တိုက် ရင်ဆိုင်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်သလောက်ပင်။

လင်းယန်ချန်း၏ အမြင်အရ ကျန်းချန်အနေဖြင့် တလော့အင်မော်တယ် တစ်ပါး ဖြစ်လာရန် အချိန်များစွာ လိုတော့မည်မဟုတ်ပေ။

ထို့အပြင် ကျန်းချန်၏ ပါရမီအရ တလော့အဆင့်ကို ထိုးဖောက်နိုင်သည်နှင့် ကျန်းချန်၏ စွမ်းအားသည် သာမန် တလော့အဆင့် အင်မော်တယ်များထက် များစွာ သာလွန်နေမည်မှာ သေချာ၏

ထိုအချိန်သို့ရောက်လျှင် သူတို့ ပိုထျန်း အင်မော်တယ်ဂိုဏ်းသည်လည်း ယခု လက်ရှိအခြေအနေထက် ဆယ်ဆမက ပို၍ သန်မာလာနိုင်ပြီး ပိယွင်အင်မော်တယ် နန်းတော်ကို ကိုင်တွယ်ဖြေရှင်းရာတွင် သံသယဖြစ်ဖွယ်ရာ မရှိ ပို၍ ယုံကြည်မှု ရှိလာလိမ့်မည် ဖြစ်သည်။

ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် နှစ်ပေါင်းများစွာကို စောင့်ဆိုင်းခဲ့ပြီးပြီ ဖြစ်ရာ ပိယွင်အင်မော်တယ်နန်းတော်ကို ချေမှုန်းနိုင်သရွေ့ နောက်ထပ် နှစ်ပေါင်းတစ်ထောင် သို့မဟုတ် နှစ်ပေါင်းတစ်‌သောင်း အထိ ထပ်မံ စောင့်ဆိုင်းရလျှင်ပင် လင်းယန်ချန်းသည် စောင့်ဆိုင်းရန် ဝန်လေးနေမည် မဟုတ်ပေ။

“လူလွှတ်စုံစမ်းဖို့ မလိုတော့ဘူး.. ခင်ဗျားအနေနဲ့ ပိုထျန်းအင်မော်တယ်ဂိုဏ်းကိုပဲ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ကြိုးစားပါ.. မိုးကြိုးအင်မော်တယ်နယ်မြေကို ကျွန်တော် ကိုယ်တိုင်သွားဖို့ စီစဥ်ထားတယ်”

ကျန်းချန်က တစ်ခဏမျှ စဥ်းစားပြီးမှ ပြောလိုက်သည်။

ပိယွင်အင်မော်တယ်နန်းတော်၏ အခြေအနေကို မသိရှိခင်က ကျန်းချန်သည် ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ခေါ်ဆောင်၍ ပိယွင်အင်မော်တယ် နန်းတော်သို့ တိုက်ရိုက်သွားရောက်ကာ ပိယွင်အင်မော်တယ် နန်းတော်ကို တစ်ချက်တည်းဖြင့် ချေမှုန်းပစ်ရန် ရည်ရွယ်ထားခဲ့သည်။

သို့ရာတွင် ယခု ကြည့်ရသည်မှာ ပိယွင်အင်မော်တယ်နန်းတော်ကို ဖျက်ဆီးပစ်ရန်သည် လွယ်ကူသောကိစ္စ တစ်ခု ဟုတ်မနေခဲ့ပေ။

မည်သို့ပင်ဖြစ်စေကာမူ ပိယွင်အင်မော်တယ် နန်းတော်ကို ချေမှုန်းရန်မှာ ကျန်းချန် အတွက် မဖြစ်မနေ လုပ်ဆောင်ရမည့်အရာသာ ဖြစ်သည်။

ဆိုရလျှင် ကျန်းချန်သည် လင်းရှီယောင်နှင့် ထားရစ်ခဲ့သော ကတိကဝတ်ကို အချိန်ဆွဲနေရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

ထို့ကြောင့် ကျန်းချန်က မိုးကြိုးအင်မော်တယ် နယ်မြေကို တစ်ကိုယ်တော် သွားရောက်စုံစမ်းရန်နှင့် ထို့နောက်မှသာ အစီအစဥ်များ ချမှတ်ရန် ဆုံးဖြတ်လိုက်သည်။

ကျန်းချန် ဆုံးဖြတ်ချက် ချပြီးသား ဖြစ်သည်ကို မြင်လျှင် လင်းယန်ချန် လေးနက်စွာ ပြောလိုက်သည်။

“ဒါဆိုရင် သခင်လေးကျန်းချန် ဂရုစိုက်ပါ.. ပိယွင်အင်မော်တယ်နန်းတော်ရဲ့ ရှေ့မှောက်မှာ ပိုထျန်း အင်မော်တယ်ဂိုဏ်းနဲ့ သခင်လေးကျန်းချန် ပတ်သက်ဆက်နွှယ်မှုကို ထုတ်မပြမိဖို့ အ‌ရေးကြီးတယ်”

ကျန်းချန်က တိုက်ခိုက်ရေးစွမ်းရည် ထူးချွန်ပြီး တလော့အဆင့်နှင့် ယှဥ်နိုင်သည့် ရုပ်သေးရုပ် တစ်ရုပ်လည်း ရှိသည်။

သို့သော် လက်ရှိ အခြေအနေတွင် ပိယွင်အင်မော်တယ် နန်းတော်နှင့် ထိပ်တိုက် ရင်ဆိုင်ရန် ခက်ခဲလိမ့်မည်ကို သူ စိုးရိမ်နေမိသည်။

ကျန်းချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒီအတွက်တော့ စိတ်မပူပါနဲ့.. ငါ့မှာ အတိုင်းအတာ ရှိပါတယ်”

ပိယွင်အင်မော်တယ် နန်းတော်၏ အခြေအနေသည် ကျန်းချန်မှန်းဆထားသည်ထက်ပင် ပို၍ ခက်ခဲနေသော်လည်း ကျန်းချန်ထံတွင် ကြီးကြီးမားမား‌ ကြောက်ရွံ့မှုမျိုး မရှိခဲ့ပေ။

မည်သို့ပင်ဖြစ်စေကာမူ ယခုအခါ သူ့တွင် တလော့အဆင့်နှင့် ယှဥ်ပြိုင်နိုင်သော စွမ်းအားရှိနေပြီ ဖြစ်ပြီး အင်မော်တယ်ဘုရင် ရုပ်အလောင်းကို ထိန်းချုပ်ထားသော အရှင်နှင်းမှုန်သည်လည်း ထိုက်ယီအဆင့် အင်မော်တယ်ထက်ပင် ပို၍ အစွမ်းထက်နေခဲ့သည်။

ပိယွင် အင်မော်တယ်နန်းတော်သည် တစ်ချိန်က ဟန်ယွင်အဆင့် အင်အားစု ဖြစ်ခဲ့လျှင်ပင် ယခုအခါတွင် ဟန်ယွင်အဆင့် ကျင့်ကြံသူ ရှိမနေတော့ချေ။

ဟန်ယွင်အဆင့် အင်မော်တယ် မရှိသရွေ့ သူ့အနေဖြင့် အရေးနိမ့်ခဲ့လျှင်ပင် ဆုတ်ခွာရန် အတွက် ပြဿနာကြီးကြီးမားမား ရှိလိမ့်မည် မဟုတ်ပေ။

လင်းယန်ချန်းနှင့် စကားပြောဆိုပြီးနောက်တွင် ကျန်းချန်သည် ပိုထျန်းအင်မော်တယ်ဂိုဏ်းတွင် အချိန်အကြာကြီး ဆက်လက်မနေတော့ပေ။

နောက်တစ်နေ့ နံနက်ခင်းတွင် ကျန်းချန်သည် လင်းယန်ချန်းကို နှုတ်ဆက်ကာ အရှင်နှင်းမှုန်နှင့် အတူ ပိုထျန်း အင်မော်တယ်ဂိုဏ်းကနေ ထွက်ခွာသွားခဲ့ပြီး မိုးကြိုး အင်မော်တယ် နယ်မြေသို့ သွားမည့် ခရီးစဥ်အား စတင်ခဲ့သည်။

အခန်း(၂၈၈၉)ပြီး၏။

အခန်း(၂၈၉၀)

ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေသည် အင်မော်တယ်လောကတွင် နာမည်ကျော်ကြားသော အင်မော်တယ်ကောင်းကင် နယ်မြေကြီး ငါးခုထဲမှ တစ်ခု ဖြစ်သည်။

ဤနယ်မြေသည် အင်မော်တယ်လမ်းစဥ် အလွန်တရာထွန်းကားပြီး အတိုင်းအဆမရှိ ကျယ်ပြောကာ နယ်မြေ အမြောက်အများ ပိုင်းခြားထားသည်။

ထိပ်တန်းအဆင့်ရှိ အင်မော်တယ်နယ်မြေတိုင်း လိုလိုတွင် အင်မော်တယ်ဘုရင် အဆင့် ကျင့်ကြံသူများ ရှိကြ၏။

ဟန်ယွင်အဆင့် ကျင့်ကြံသူ အလွန် ရှားပါးသော ဝိရောဓိနယ်မြေ ကဲ့သို့ ဒေသများသည် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ၏ ဝေးလံ‌ခေါင်သီသော နေရာမှ နယ်မြေများသာ ဖြစ်ကြသည်။

ပိယွင်အင်မော်တယ်နန်းတော် တည်ရှိသည့် မိုးကြိုးအင်မော်တယ် နယ်မြေသည် အင်မော်တယ်ဘုရင် အဆင့် အင်အားစု ရှိသော အင်မော်တယ်နယ်မြေ ဖြစ်သည်။

မိုးကြိုး အင်မော်တယ်နယ်မြေသည် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ၏ အနောက်မြောက်ဘက် ဗဟိုဧရိယာနှင့် နီးကပ်သော နေရာတွင် တည်ရှိသည်။

ထိုနေရာက ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ၏ ထိပ်တန်းအဆင့် အင်မော်တယ်နယ်မြေ တစ်ခု မဟုတ်သော်လည်း လူသိများ ထင်ရှားသော နယ်မြေတစ်ခု ဖြစ်သည်။

သို့သော်လည်း ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ ထဲမှ အင်မော်တယ်နယ်မြေများသည် မြောက်ပိုင်းအေးစက်သောအင်မော်တယ်နယ်မြေနှင့် အကြွင်းမဲ့ဓားအင်မော်တယ်နယ်မြေများကဲ့သို့ မဟုတ်ဘဲ နယ်မြေတစ်ခုနှင့် တစ်ခုကြားတွင် ထင်ရှားသော နယ်နိမိတ်စည်းများ မရှိပေ။

ထို့‌ကြောင့်ပင် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေမှ အင်မော်တယ် နယ်မြေများ အကြားတွင် မကြာခဏ တိုက်ပွဲများ ဖြစ်ပေါ်လေ့ ရှိပြီး နယ်နိမိတ်များက အစဥ်အမြဲ ပြောင်းလဲနေခဲ့သည်။

အစွမ်းထက် အင်မော်တယ်နယ်မြေ တချို့သည် အားနည်းသော အင်မော်တယ်နယ်မြေတချို့ကို တဖြည်းဖြည်း ဝါးမျိုပစ်သည်မှာ မဆန်းသလို ရံဖန်ရံခါတွင် နယ်မြေတချို့သည် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေကနေ ပျောက်ကွယ်သွားခဲ့ပြီး သမိုင်းစာမျက်နှာထဲတွင်သာ ကျန်ရှိသော အဖြစ်ကို ရောက်ရှိသွားကြသည်။

ကျန်းချန်တို့ ရှိနေသော ဝိရောဓိနယ်မြေသည် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ၏ အနောက်မြောက်ဘက် နယ်စပ် ဒေသတွင် တည်ရှိသည်။

ထို့ကြောင့် အနောက်မြောက်ဘက် ဒေသရှိ မိုးကြိုးအင်မော်တယ်နယ်မြေနှင့် မဝေးသော်လည်း အလွန်အမင်း နီးကပ်နေခြင်းမျိုးတော့ မဟုတ်ဘဲ ကြားထဲတွင် အင်မော်တယ်နယ်မြေတချို့ ခြားနားနေပါသေး၏။

ကျန်းချန်က အရှင်နှင်းမှုန်နှင့် အတူ ဝိရောဓိနယ်မြေမှ ထွက်ခွာလာပြီးနောက်တွင် မိုးကြိုးအင်မော်တယ်နယ်မြေ ဆီသို့ တိုက်ရိုက်ပင် ဦးတည်လာခဲ့သည်။

ခရီးစဥ်ကို အဆင်ပြေ ချောမွေ့စေရန်အတွက် ကျန်းချန်သည် ရွှေအင်မော်တယ် အဆင့်ရှိ အင်မော်တယ်သားရဲ တစ်ကောင်ဆွဲသည့် ရထားလုံးတစ်စီးကို ဝယ်ယူခဲ့သည်။

လမ်းခရီးတစ်လျှောက်တွင် ကျန်းချန်သည် ပြဿနာ ကြီးကြီးမားမားနှင့် မကြုံတွေ့ခဲ့ရပေ။

သူ၏ အသက်အရွယ်မျှဖြင့် ရွှေအင်မော်တယ် သတ္တမအဆင့်သို့ ရောက်ရှိနေခြင်းသည် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေတွင်ပင် အလွန်တရာ ရှားပါးပြီး ယေဘုယျအားဖြင့် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေထဲမှ အင်မော်တယ်ဘုရင်အဆင့် အင်အားစုများသာလျှင် ယင်းကဲ့သို့ ပါရမီရှင်မျိုးကို ပိုင်ဆိုင်ကြသည်။

ထိုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်သော ပါရမီရှင်ကို တလော့ အင်မော်တယ် ပင်လျှင် အလွယ်တကူ စော်ကားဝံ့မည်မဟုတ်ပေ။

ခြောက်လကျော် အချိန်ယူခဲ့ရပြီးနောက်တွင် ကျန်းချန်တို့ နှစ်ယောက်သည် အဆုံးသတ်တွင် မိုးကြိုး အင်မော်တယ်နယ်မြေ၏ နယ်နိမိတ်သို့ ရောက်ရှိလာခဲ့ကြသည်။

လွန်ခဲ့သည့် ခြောက်လအတွင်း ကျန်းချန်သည် လမ်းခရီးတစ်လျှောက်တွင် အချိန်မဖြုန်းဘဲ အချိန်အများစုကို အချိန်မျှော်စင်၏ ဒုတိယထပ်တွင်သာ ကျင့်ကြံ အားထုတ်နေခဲ့သည်။

ပြင်ကကမ္ဘာတွင် ခြောက်လသာ ကုန်လွန်သွားခဲ့သော်လည်း ကျန်းချန်သည် အချိန်မျှော်စင်ထဲတွင် ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် ကျင့်ကြံခဲ့ခြင်းနှင့် ညီမျှနေခဲ့၏။

ဤဆယ်စုနှစ် အတွင်း ကျန်းချန်သည် ဟန်ယွင်အင်မော်တယ်စမ်းရေ ကဲ့သို့ ကျင့်ကြံခြင်း အရင်းအမြစ်များကို အများအပြား စုပ်ယူခဲ့သည်။

ဟန်ယွင်အင်မော်တယ် စမ်းရေ၏ အထောက်အပံ့ဖြင့် ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းအားသည်ပင် ပို၍ မြင့်မားသော အဆင့်သို့ ရောက်လာခဲ့ပြီး ပြီးပြည့်စုံသော အဆင့်ကို ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။

“ကောင်လေး ငါတို့ မိုးကြိုးအင်မော်တယ်နယ်မြေရဲ့ နယ်နိမိတ်ထဲကိုတော့ ရောက်လာပြီ.. မင်းမှာ နောက်ထပ် ဘာအစီအစဥ်ရှိလဲ”

ရထားလုံးထဲကနေ ထွက်လာသော ကျန်းချန်ကို မြင်လျှင် ရထားလုံး အပြင်ဘက်တွင် ရှိနေသော အရှင်နှင်းမှုန်၏ မျက်ဝန်းထဲ၌ အံ့ဩတုန်လှုပ်သော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။

ဝိရောဓိနယ်မြေမှ ထွက်ခွာလာကတည်းကပင် ကျန်းချန်သည် ခရီးတစ်လျှောက်လုံးတွင် ရထားလုံးထဲတွင်သာ ကျင့်ကြံနေခဲ့သည်။

ထို့ကြောင့် အရှင်နှင်းမှုန်သည် ကျန်းချန်ကို ကာကွယ်ရန်အတွက် ရထားလုံးကို မောင်းနှင်ပေးခဲ့သည်။

သို့သော်လည်း ခြောက်လ မပြည့်မီ အချိန်တိုလေး အတွင်းမှာပင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် ရွှေအင်မော်တယ် သတ္တမအဆင့်ကနေ ရွှေအင်မော်တယ် နဝမအဆင့် အထိ အဆင့်နှစ်ဆင့် ထိုးဖောက် အောင်မြင်သွားလိမ့်မည်ဟု အရှင်နှင်းမှုန် ထင်မထားခဲ့ပေ။

သိထားရမည့်အချက်မှာ သူတို့ ဝိရောဓိနယ်မြေကနေ ထွက်ခွာလာခဲ့သည်မှာ ခြောက်လဝန်းကျင်မျှသာ ရှိသေးခြင်းပင်။

အကယ်၍ ကျန်းချန်သာ ကောင်းကင် အင်မော်တယ်အဆင့်တွင် ဤမျှ တိုတောင်းသော အချိန်အတွင်း အဆင့်နှစ်ဆင့် တက်လှမ်းသွားသည် ဆိုလျှင် အရှင်နှင်းမှုန် လက်ခံနိုင်ပါသေး၏။

အင်မော်တယ်လောက ထဲတွင် ထိပ်တန်း အင်အားစုများမှ ပါရမီရှင်တချို့သည် ပကတိအင်မော်တယ် အဆင့်နှင့် ကောင်းကင်အင်မော်တယ် အဆင့်တို့ပင် ထမင်းစားရေသောက် သကဲ့သို့ လွယ်ကူစွာဖြင့် အဆင့်တက်လှမ်းနိုင်ကြသည်။

သို့သော် ယခုအခါ ကျန်းချန်သည် ရွှေအင်မော်တယ် သတ္တမ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ တလော့အင်မော်တယ် အဆင့်နှင့် သိပ်မဝေးတော့ပေ။

ထိုကဲ့သို့ အဆင့်တွင် အဆင့်တစ်ဆင့် ထိုးဖောက်ရန် အတွက်ပင် နှစ်ပေါင်းထောင်ချီ၍ အချိန်ယူရလေ့ ရှိသည်။

ထိပ်တန်း အင်အားစုများမှ ပါရမီရှင်များသည်ပင် မရေမတွက်နိုင်သော ကျင့်ကြံခြင်း အရင်းအမြစ်များ၏ အထောက်အပံ့ဖြင့် တစ်လအတွင်း အဆင့်တစ်ဆင့် ထိုးဖောက်ရန် မလွယ်ကူချေ။

တစ်ဖက်တွင်မူ ကျန်းချန်သည် ခြောက်လ အတွင်းမှာပင် အဆင့်နှစ်ဆင့် အထိ ထိုးဖောက်နိုင်ခဲ့သည်။

ဤမျှလောက် ကြောက်မက်ဖွယ်ရာကောင်းသော ကျင့်ကြံခြင်း အရှိန်အဟုန်မျိုးကို နှစ်ပေါင်း မရေမတွက်နိုင်အောင် အသက်ရှင် နေထိုင်ခဲ့သည့် မွန်းစတားအိုကြီး တစ်ကောင်ဖြစ်သော အရှင်နှင်းမှုန် ပင်လျှင် လုံးဝ နားမလည်နိုင်လောက်အောင် ဖြစ်နေခဲ့ရသည်။

သူက ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေသို့ သွားရောက်ဖူးပြီး အင်မော်တယ်ဘုရင်အဆင့် အင်အားစုများမှ ထိပ်တန်း ပါရမီရှင်များကို တွေ့ဖူးခဲ့သည်။

သူ့ရှေ့မှ မွန်းစတားဆန်သော ပါရမီရှင်သည် သူယခင်က မြင်တွေ့ခဲ့ဖူးသည့် မည်သည့် ပါရမီရှင်ထက်မဆို အဆများစွာ သာလွန်နေခဲ့၏။

ကျန်းချန်က အရှင်နှင်းမှုန်ကို စူးစမ်းသော အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။

“စီနီယာကို ကြည့်ရတာ မိုးကြိုး အင်မော်တယ် နယ်မြေနဲ့ ရင်းနှီးနေပုံပဲ.. စီနီယာ အရင်က မိုးကြိုးအင်မော်တယ်နယ်မြေကို ရောက်ဖူးတယ် မဟုတ်လား”

“ငါတလော့ အင်မော်တယ်အဆင့်မှာ ရှိစဥ်က မိုးကြိုးအင်မော်တယ်နယ်မြေမှာ အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးတယ်”

အရှင်နှင်းမှုန်က ဖုံးကွယ်ထားခြင်းရှိဘဲ ခေါင်းညိတ်ကာပြောလိုက်သည်။

ကျန်းချန်က အနည်းငယ် တွေးတောလိုက်ပြီးမှ အရှင်နှင်းမှုန်ကို မေးလိုက်၏။

“ဒါဆို စီနီယာအနေနဲ့ ပိယွင် အင်မော်တယ်နန်းတော်လို့ ခေါ်တဲ့ အင်အားစုကို သိလား”

“ပိယွင်အင်မော်တယ်နန်းတော်လား”

အရှင်နှင်းမှုန်က တစ်ခဏမျှ မှင်တက်သွားပြီးနောက်တွင် ကျန်းချန်ကို ကြည့်ကာ မေးလိုက်သည်။

“ပိယွင်အင်မော်တယ်နန်းတော်က အထွတ်အထိပ်ကာလက ဆိုရင် ဟန်ယွင်အဆင့် အင်အားစုတစ်စု ဖြစ်ခဲ့ဖူးတယ်.. ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် အင်အား အတော်လေး ဆုတ်ယုတ်သွားခဲ့တယ်.. ဒါတောင်မှ ပိယွင် အင်မော်တယ်နန်းတော်က မိုးကြိုးအင်မော်တယ် နယ်မြေမှာ ကောင်းမွန်တဲ့ ဂုဏ်သတင်းနဲ့ ရှိနေဆဲပဲ.. မင်းက ပိယွင်အင်မော်တယ် နန်းတော် အကြောင်း မေးတာ ဘာလုပ်မလို့လဲ”

“ကျွန်တော် ပိယွင်အင်မော်တယ် နန်းတော်ကို ဖျက်ဆီးပေးမယ်လို့ မိန်းကလေး တစ်ယောက်ကို ကတိပေးခဲ့ဖူးတယ်.. ဒါကြောင့် ကတိအတိုင်း ဖြည့်ဆည်းပေးဖို့ မိုးကြိုးအင်မော်တယ်နယ်မြေဆီ ခရီးထွက်လာတာပဲ”

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

“စီနီယာက ပိယွင်အင်မော်တယ်နန်းတော်ရဲ့ တည်နေရာကို သိနေမှတော့ ကျွန်တော်တို့ ပိယွင်အင်မော်တယ်နန်းတော်ဆီ တိုက်ရိုက်သွားကြရအောင်”

“ကောင်လေး ပိယွင်အင်မော်တယ် နန်းတော်က သူတို့ရဲ့အထွတ်အထိပ်ကာလမှာ ဟန်ယွင်အဆင့် အင်အားစုတစ်စု ဖြစ်ခဲ့ဖူးတယ်.. ပိယွင်အင်မော်တယ်နန်းတော်က မင်းဖျက်ဆီးချင်တိုင်း ဖျက်ဆီးလို့ရမဲ့ ပေါ့သေးသေး အင်အားစု မဟုတ်ဘူး”

အရှင်နှင်းမှုန်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ကျန်းချန်ကို သတိပေးလိုက်သည်။

“အခုအချိန်မှာ ပိယွင်အင်မော်တယ် နန်းတော်က အရင်ထက် အင်အား ဆုတ်ယုတ်သွားပြီ ဆိုပေမဲ့ ပိယွင်အင်မော်တယ်နန်းတော်ရဲ့ အန္တရာယ်ရှိတဲ့ အခြေအနေကတော့ အရှင်ဇူရီ ချန်ထားရစ်ခဲ့တဲ့ နန်းတော်နဲ့ ယှဥ်ရင် မနိမ့်ကျဘူး”

ပိယွင်အင်မော်တယ် နန်းတော်သည် ယခုအခါတွင် တလော့အဆင့် အင်အားစုတစ်စုမျှသာ ဖြစ်ပြီး ထိုက်ယီအဆင့် အင်မော်တယ်ပင် မရှိတော့သော်လည်း ပိယွင် အင်မော်တယ်နန်းတော် အကြောင်းကို သိရှိကြသူများကမူ ပိယွင်အင်မော်တယ် နန်းတော်ကို သာမန် တလော့အဆင့် အင်အားစု တစ်ခု ကဲ့သို့ သေချာပေါက် သဘောထားကြလိမ့်မည် မဟုတ်ပေ။

အရှင်နှင်းမှုန်သည် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါး ဖြစ်ခဲ့ဖူး၍ ဟန်ယွင်အဆင့် အင်မော်တယ်၏ နည်းလမ်းများကို သဘာဝကျစွာပင် ကောင်းစွာ သိရှိထားခဲ့သည်။

ဆိုရလျှင် ထိုက်ယီအဆင့် အင်မော်တယ်နှင့် ပိယွင်အင်မော်တယ် နန်းတော်ကို အလွယ်တကူ ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။

ကျန်းချန်က အရှင်နှင်းမှုန်၏ စကားများကို အလွန်အမင်း ဂရုစိုက်မနေဘဲ ပြုံး၍ ပြောလိုက်သည်။

“စီနီယာ သတိပေးတာကို ကျွန်တော်နားလည်ပါတယ်.. ဘာပဲဖြစ်ဖြစ် ပိယွင်အင်မော်တယ်နန်းတော် ဆီကိုပဲ အရင်သွားကြတာပေါ့”

ကျန်းချန်၏ စကားကို ကြားလျှင် အရှင်နှင်းမှုန်သည် စကားများစွာ ထပ်မပြောတော့ပေ။

ယခုအခါ ပိယွင်အင်မော်တယ် နန်းတော်တွင် တလော့အဆင့်ထက် သာလွန်သည့် ကျင့်ကြံသူ မရှိတော့ချေ။

ဟန်ယွင်အဆင့် အင်မော်တယ်၏ ဝှက်ဖဲတချို့ ရှိနိုင်သော်လည်း သူတို့အနေဖြင့် ပိယွင်အင်မော်တယ် နန်းတော်ထဲသို့ အတင်းအကျပ် ဝင်ရောက်ခြင်း မပြုသရွေ့ ပိယွင်အင်မော်တယ် နန်းတော်သည် သူတို့ကို မည်သို့မျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့အပြင် ကျန်းချန်တွင် လျှို့ဝှက်ဆန်းကြယ်သော‌ နောက်ခံရှိနေရုံသာမက အဆုံးမဲ့ ဝှက်ဖဲများလည်း ရှိနေသေး၏။

အစောပိုင်းကပင် ကျန်းချန်သည် အရှင်ဇူရီကို နှိမ်နင်းရန်အတွက် အင်မော်တယ်ဘုရင် အဆင့် လက်နက်တစ်ခုကို အသုံးပြုခဲ့သည်။

ဆိုရလျှင် ပိယွင်အင်မော်တယ် နန်းတော်တွင် ဟန်ယွင်အင်မော်တယ်အဆင့် ကျင့်ကြံသူ ချန်ထားရစ်ခဲ့သည့် ဝှက်ဖဲရှိနေခဲ့လျှင်ပင် ကျန်းချန် အနေဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိဘဲနေမည် မဟုတ်ပေ။

အခန်း(၂၈၉၀)ပြီး၏။

All Chapters