← Chapters

အခန်း (၂၈၈၁-၂၈၈၂)

Vol. 229 Ch. 2881-2882

အခန်း (၂၈၈၁-၂၈၈၂)

Vol. 229 Ch. 2881-2882

အခန်း(၂၈၈၁)

အရှင်နှင်းမှုန် မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်ပျက်လာခဲ့သည်။

နန်းတော်ထဲသို့ တလော့အဆင့် အင်မော်တယ်လေးပါး ဝင်ရောက်သွားပြီးနောက်တွင် မည်သည့် လှုပ်ရှားမှုမျှ ရှိမလာခဲ့ချေ။

“တစ်မိနစ်၊ နှစ်မိနစ်၊ သုံးမိနစ်..”

မသိလိုက်မသိဖြင့်ပင် ရေနွေးအိုးတစ်ကျက်စာခန့် အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

နန်းတော်ထဲကို ဝင်သွားကြသည့် တလော့အင်မော်တယ် လေးပါးသည် လေထုထဲတွင် အငွေ့ပျံ ပျောက်ကွယ်သွားသည့်အလား လုံးဝ တိတ်ဆိတ်နေခဲ့သည်။

“ဘယ်လိုဖြစ်တာလဲ”

သူတို့ရှေ့မှ အခြေအနေကိုမြင်လျှင် အရှင်ဟွမ်ချန်နှင့် အခြားသူများ၏ မျက်နှာအမူအရာက ချက်ချင်းပင် သုန်မှုန်သွားခဲ့သည်။

သူတို့က နန်းတော်အတွင်းရှိ အခြေအနေကို စုံစမ်းရန် လူလွှတ်ခဲ့ပြီး သူတို့ စေလွှတ်လိုက်သော လူအင်အားမှာ အားမနည်းပေ။

ထိုက်ယီအဆင့် အင်အားစုလေးစုကနေ တလော့အင်မော်တယ် တစ်ပါးစီကို စေလွှတ်ခဲ့ကြခြင်း ဖြစ်၏။

သူတို့အမြင်အရ တလော့အဆင့် အင်မော်တယ်လေးပါး ပူးပေါင်းလိုက်လျှင် ခန်းမထဲတွင် မည်သည့် အန္တရာယ်နှင့် ကြုံတွေ့ရသည် ဖြစ်စေ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိလိမ့်မည်ဟု ယူဆထားကြသည်။

ယခုအခါတွင်မူ တ‌လော့အင်မော်တယ် လေးပါး ခန်းမထဲ ဝင်သွားသည်မှာ ရေနွေးအိုး တစ်ကျက်စာခန့်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း မည်သည့် လှုပ်ရှားမှုမျှ ရှိမလာခဲ့ချေ။

သူတို့ရှေ့မှ နန်းတော်သည် အရှင်ဇူရီ၏ ကျင့်ကြံရာနေရာ ဖြစ်နေစေကာမူ တလော့အဆင့် အင်မော်တယ် လေးပါးလုံးကို လေထုထဲတွင် အငွေ့ပျံ ပျောက်ကွယ်သွားစေဖို့ ဆိုသည်မှာ မဖြစ်နိုင်ပေ။

အချိန်အတော်ကြာသည်အထိ နန်းတော်ထဲတွင် လှုပ်ရှားမှုတစ်စုံတစ်ရာ ရှိမလာသေးသည်ကို မြင်လျှင် အရှင်ဟွမ်ချန်နှင့် အခြားသူများ၏ မျက်နှာအမူအရာက ပို၍ပင် သုန်မှုန်လာခဲ့သည်။

လက်ရှိ အခြေအနေအတိုင်းဆိုလျှင် တလော့အဆင့် အင်မော်တယ်လေးပါးသည် နန်းတော်ထဲတွင် တစ်ခုခု ဖြစ်သွားခဲ့သည်မှာ ၉၀ရာခိုင်နှုန်းခန့် သေချာသလောက် ရှိသွားခဲ့ချေပြီ။

“ဒီကမိတ်ဆွေ.. ခင်ဗျားက နန်းတော်ထဲက အခြေအနေကို အတော်လေး ရင်းနှီးကျွမ်းဝင်တဲ့ပုံပဲ”

အရှင်ဟွမ်ချန်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး အရှင်နှင်းမှုန်ကို ကြည့်ကာ ပြောလိုက်သည်။

အရှင်နှင်းမှုန်က တည်ငြိမ်စွာပင် ပြောဆိုလိုက်သည်။

“အရှင်ဇူရီက ဒီနန်းတော်ထဲမှာ ရှေးဟောင်း အင်မော်တယ်အစီအရင်တစ်ခုကို တည်ဆောက်ထားတယ်.. ဒီအစီအရင်က တလော့အဆင့် အင်မော်တယ်တွေရဲ့ စွမ်းရည်တွေကို အာဟာရအဖြစ် အသုံးပြုတဲ့ အစီအရင်ပဲ.. တကယ်လို့ သူသာ လုံလောက်တဲ့ အာဟာရကို ရရှိသွားရင် တစ်ထိုင်တည်းနဲ့ အင်မော်တယ်ဘုရင် အဆင့်ကို တက်လှမ်းသွားနိုင်လိမ့်မယ်”

ထိုစကားကိုကြားလျှင် အရှင်ဟွမ်ချန်၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလိုပင် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

“ဒါဆို အရှင်ဇူရီက အသက်ရှင်နေဆဲပဲလို့ မိတ်ဆွေ ဆိုလိုချင်တာလား”

“အရှင်ဇူရီက ဝိရောဓိနယ်မြေရဲ့ ခေတ်တစ်ခေတ်ကို လွှမ်းမိုးခဲ့တဲ့ ဟန်ယွင် အထွတ်အထိပ်အဆင့် အင်မော်တယ်ပဲ.. အင်မော်တယ်ဘုရင်အဆင့်ပုဂ္ဂိုလ် မဟုတ်သရွေ့ သူ့ကို ဘယ်သူက လွယ်လွယ်နဲ့ ကျဆုံးအောင် လုပ်နိုင်မှာလဲ”

အရှင်နှင်းမှုန်က မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။

“ဒီနန်းတော်ထဲက အခွင့်အလမ်းကို မင်းတို့တွေ စိတ်ကူးမယဥ်ကြတာ ‌‌ကောင်းလိမ့်မယ်.. ဒါက အရှင်ဇူရီရဲ့ အကြံအစည်သက်သက်ပဲ”

“ခင်ဗျားက ဒါကို အရှင်ဇူရီရဲ့ အကြံအစည်လို့ ပြောတယ်ဆိုရင် အရှင်ထိုက်ယွမ်က ဒီနေရာကနေ အမြင့်မြတ်ဆုံးအခွင့်အလမ်းကို ရရှိပြီး ထိုက်ယီအင်မော်တယ် အဆင့်ကို တက်လှမ်းသွားခဲ့တာကရော ဘယ်လိုရှင်းပြမလဲ”

ထိုအခိုက်အတန့်တွင် ကျိုးမင်အင်မော်တယ်နန်းတော်မှ အရှင်မင်က နှာ‌ခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

အရှင်နှင်းမှုန်က အရှင်မင်ကို တစ်ချက် ကြည့်လိုက်ပြီး စကားပြောရန် ပြင်လိုက်စဥ်မှာပင် အဝေးရှိ ကောင်းကင်ယံကနေ အိုမင်းသော စကားသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“သူပြောတာအမှန်ပဲ.. ဒီနန်းတော်ထဲကို ဝင်လို့မဖြစ်ဘူး.. မဟုတ်ရင် အကျိုးဆက်က မှန်းဆလို့တောင် ရမှာမဟုတ်ဘူး”

ရုတ်တရက် ထွက်ပေါ်လာသော အသံကို ကြားလျှင် လူတိုင်းသည် ခဏမျှ မှင်တက်သွားခဲ့ပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ အားကောင်းသော အရှိန်အဝါနှင့် ပြည့်စုံသည့် ဆံဖြူအဘိုးအို တစ်ဦးသည် လူတချို့နှင့် အတူ လေထုကို နင်းလျှောက်၍ သူတို့ရှိရာ ဆီသို့ လာနေသည်အား တွေ့လိုက်ရသည်။

ထိုဆံဖြူအဘိုးအိုကို အရှင်ဟွမ်ချန်နှင့် အခြားသူများက အနည်းငယ် စိမ်းနေသော်လည်း ထိုအဘိုးအို နံဘေးရှိ လူအချို့ကိုမူ အရှင်ဟွမ်ချန် တို့သည် ကောင်းစွာ သိရှိကြသည်။

၎င်းတို့မှာ ယွမ်ထျန်းလွေ့ ဦးဆောင်သည့် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများ ဖြစ်ကြသည်။

ဤမြင်ကွင်းကိုမြင်လျှင် အရှင်ဟွမ်ချန်နှင့် အခြားသူများသည် အံ့ဩတုန်လှုပ်မှုကြောင့် ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်သွားခဲ့သည်။

ဝိရောဓိနယ်မြေတွင် ယွမ်ထျန်းအင်မော်တယ် ဂိုဏ်းချုပ် ယွမ်ထျန်းလွေ့ ကြောက်ရွံ့လေးစားရသည့် တစ်ဦးတည်းသောပုဂ္ဂိုလ်မှာ တစ်ဦးတည်းသာ ရှိသည်။

ထိုသူမှာ ဝိရောဓိနယ်မြေတွင် နာမည်ကျော်ကြားသည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါးဖြစ်သော အရှင်ထိုက်ယွမ်ပင် ဖြစ်၏။

ဤကဲ့သို့သော အချိန်တွင် အရှင်ထိုက်ယွမ် ပေါ်ထွက်လာလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။

ဝိရောဓိနယ်မြေတွင် နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သည့် အရှင်ထိုက်ယွမ်သည် ယခုအခါတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

“အရှင်ထိုက်ယွမ်ကို ဂါဝရပြုပါတယ်”

အရှင်ဟွမ်ချန်နှင့် အခြားသူများက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် အရှင်ထိုက်ယွမ်ကို ဦးညွှတ်၍ အရိုအသေ ပေးလိုက်ကြသည်။

မည်သို့ပင်ဖြစ်စေကာမူ သူတို့ရှေ့မှ ပုဂ္ဂိုလ်သည် ဝိရောဓိနယ်မြေရှိ ထိုက်ယီ အင်မော်တယ်အဆင့် ကျင့်ကြံသူအနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။

ထိုက်ယီအဆင့် အင်အားစုလေးစုမှ ထိုက်ယီအဆင့် ဘိုးဘေးကြီးများ ပင်လျှင် အရှင်ထိုက်ယွမ်ကို ကြောက်ရွံ့ကြသည်။

အရှင်ထိုက်ယွမ်က ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“အရှင်ဇူရီက အင်မော်တယ်ဘုရင် အဆင့်ကို တက်လှမ်းဖို့ တကယ်ပဲ ကြံစည်နေခဲ့တာပါ.. အခွင့်အလမ်းရဖို့ အတွက်လောက်နဲ့ ဒီနန်းတော်ထဲကို ဝင်ဖို့ စိတ်မကူးကြနဲ့.. နည်းနည်းလောက် ပေါ့ဆမိတာနဲ့ သုတ်သင် ရှင်းလင်း ခံရလိမ့်မယ်”

အရှင်ဟွမ်ချန်က တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ အရှင်ထိုက်ယွမ်ကို မေးလိုက်သည်။

“ဒါဆို ဒီနေရာက အခွင့်အရေးကို စီနီယာ ဘယ်လိုရရှိခဲ့သလဲဆိုတာ ကျွန်တော်တို့ သိပါရစေ”

“ငါ့အကြောင်းကို မင်းတို့ သိဖို့မလိုဘူး.. ပြောစရာရှိတာ အကုန်ပြောပြီးပြီ.. ကျန်တာ မင်းတို့ဘာသာပဲ ဆုံးဖြတ်ကြတော့”

ထိုစကားကို ပြောပြီးနောက်တွင် အရှင်ထိုက်ယွမ်က အရှင်နှင်းမှုန်ကို ကြည့်ကာ ပြောလိုက်သည်။

“ဒီက မိတ်ဆွေ.. မင်းနဲ့ငါပူးပေါင်းပြီး ဒီနန်းတော်ကြီးကို ဖျက်ဆီးပစ်ဖို့ စိတ်ဝင်စားလား”

အရှင်နှင်းမှုန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။

“စိတ်ဝင်စားတာပေါ့”

ဟန်ယွင် အထွတ်အထိပ်အဆင့် အင်မော်တယ်တစ်ဦးအနေဖြင့် ယခုအခါတွင် သူ၏ အထွတ်အထိပ်ကာလက စွမ်းရည်၏ ဆယ်ပုံ တစ်ပုံမျှပင် မရှိတော့သော်လည်း အရှင်နှင်းမှုန်၏ မြင်နိုင်စွမ်းသည် အလွန်တရာပင် ထူးခြားဆန်းကြယ်နေဆဲ ဖြစ်သည်။

သူက အရှင်ထိုက်ယွမ်ကို ပထမဆုံးအကြိမ် မြင်လိုက်ရသည့် အခိုက်အတန့်တွင်ပင် အရှင်ထိုက်ယွမ် ထံကနေ အရှင်ဇူရီ၏ စွမ်းအားတချို့ ရှိနေသည်ကို ခံစားမိခဲ့သည်။

သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ထိုစဥ်က အရှင်ထိုက်ယွမ်သည် အရှင်ဇူရီ၏ ထိန်းချုပ်မှုကို ခံခဲ့ရသည်မှာ ဆယ်ပုံကိုးပုံခန့် သေချာနေခဲ့၏။

အရှင်ဇူရီက အရှင်ထိုက်ယွမ်ကို အကောင်းဆုံး အခွင့်အလမ်းများ ပေးခဲ့ခြင်းမှာ သူ့အတွက် နယ်ရုပ်တစ်ရုပ် အဖြစ် မွေးမြူချင်၍သာ ဖြစ်ပေလိမ့်မည်။

ကံဆိုးစွာဖြင့် ထိုနယ်ရုပ်သည် အရှင်ဇူရီ၏ ထိန်းချုပ်မှုကို မခံချင်တော့ဘဲ အရှင်ဇူရီကို ရှင်းလင်းပြီး အရှင်ဇူရီ၏ ချုပ်ချယ်မှုကနေ လုံးဝ ရုန်းထွက်ချင်နေခဲ့သည်။

အရှင်နှင်းမှုန် ဤနေရာသို့ လာရောက်ရသည့် ရည်ရွယ်ချက်မှာလည်း အတိတ်မှ ရန်ကြွေးကို ရှင်းလင်းရန်နှင့် အရှင်ဇူရီ၏ အစီအစဥ်များကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။

မူလက သူ၏ စွမ်းရည်ဖြင့် အရှင်ဇူရီကို ရင်ဆိုင်ရန် မသေချာသော်လည်း သူ့ရှေ့မှ အရှင်ထိုက်ယွမ်နှင့်သာ ပူးပေါင်းနိုင်မည်ဆိုလျှင် အနိုင်ရနိုင်မည့် အခွင့်အလမ်းသည် အလွန်အမင်း တိုးမြှင့်လာလိမ့်မည် မဟုတ်ပါလား။

“ဟွမ်ချန်.. အခု ငါတို့ ဘာဆက်လုပ်ကြမလဲ”

ထျန်းကန်းအင်မော်တယ် နန်းတော်မှ အရှင်ထျန်းခိုင်၏ မျက်နှာက အလွန်ပင် သုန်မှုန်နေခဲ့သည်။

အရှင်ဟွမ်ချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ လေးနက်စွာ ပြောလိုက်သည်။

“ကိစ္စက ဒီအခြေအနေ အထိ ရောက်လာပြီဆိုမှတော့ အခြေအနေတွေ ဘယ်လိုပြောင်းလဲလာမလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့”

အရှင်ထိုက်ယွမ် ရုတ်တရက် ‌ရောက်ရှိလာခြင်းကြောင့် သူတို့သည် ဤနေရာ၏ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

သူတို့ဂိုဏ်းမှ ထိုက်ယီအဆင့် ဘိုးဘေးကြီးများကို သွားရောက် မပင့်ဖိတ်သရွေ့ သူတို့အနေဖြင့် အရှင်ထိုက်ယွမ်ကို ယှဥ်ပြိုင်နိုင်စွမ်း မရှိချေ။

“ဒီနန်းတော်ရဲ့ အကာအကွယ်အစီအရင်က အံ့ဩစရာကောင်းလောက်အောင် အစွမ်းထက်တယ်.. ထိုက်ယီအဆင့် အင်မော်တယ်တောင်မှ ဖျက်ဆီးဖို့ မလွယ်လောက်ဘူး.. ငါတို့ အတူတူ ဖျက်ဆီးကြစို့”

ထိုစကားကို ပြောပြီးသည်နှင့် အရှင်ထိုက်ယွမ်၏ ခန္ဓာကိုယ်ကနေ တလော့အင်မော်တယ် အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေလောက်သည့် ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခုက ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

မိုင်ထောင်ချီ ပတ်လည်အတွင်းရှိ အင်မော်တယ်စွမ်းအင်များသည် သိမ်မွေ့ဆန်းကြယ်သော အရှိန်အဝါများနှင့်အတူ ကြီးမားသော လက်ဝါးပုံရိပ် အဖြစ် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ကာ နန်းတော်ကြီး ဆီသို့ ပြင်းထန်စွာ သက်ရောက်သွားခဲ့သည်။

“တကယ့်ကို ကြောက်ဖို့ကောင်းလိုက်တဲ့ စွမ်းရည်ပါလား.. ငါတို့ ဘိုးဘေးကြီးတွေတောင် ကြောက်ရွံ့ရတဲ့ ကျင့်ကြံသူလို့ မပြောရဘူး.. တကယ်ကို အစွမ်းထက်လွန်းတာပဲ”

အရှင်ထိုက်ယွမ်၏ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိလျှင် အရှင်ဟွမ်ချန်နှင့် အခြားသူများသည် အသက်ရှူမှားမတတ်ပင် ဖြစ်သွားခဲ့ကြသည်။

အရှင်ထိုက်ယွမ် တိုက်ခိုက်လိုက်သည်ကို မြင်လျှင် အရှင်နှင်းမှုန်သည်လည်း တုံ့ဆိုင်းမနေဘဲ ကျယ်ပြောသော အင်မော်တယ်စွမ်းအင်နှင့် အေးစက်သော အရှိန်အဝါများကို ပေါင်းစပ်ကာ ကြီးမားသော လက်သီးပုံရိပ် အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲလိုက်ပြီး ပေထောင်ချီ အမြင့်ရှိသော ‌ရေခဲတောင်ကြီး တစ်ခုအလား နန်းတော်ကြီးကို ပစ်ဆောင့်လိုက်သည်။

“ဝုန်း..”

“ဝုန်း..”

ကြောက်မက်ဖွယ်စွမ်းအား နှစ်ခုသည် နန်းတော်ကြီးပေါ်သို့ ချက်ချင်းဆိုသလို ကျရောက်သွားခဲ့ပြီး နန်းတော်ကြီး ထံကနေ ကမ္ဘာမြေကြီးကိုပင် တုန်လှုပ်သွားစေလောက်သည့် ကျယ်လောင်သော အသံနှစ်သံ ထွက်ပေါ်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ မိုင်ထောင်ချီ ဧရိယာတစ်ခုလုံးသည် ငလျင် အပြင်းအထန် လှုပ်ခတ်သွားသည့်နှယ် တုန်ခါသွားခဲ့သည်။

ကျင့်ကြံခြင်းအဆင့် နိမ့်ကျသော လူအများအပြားသည် ထိုတုန်ခါမှုကြောင့် လွင့်ထွက်သွားခဲ့ကြပြီး မျက်နှာများပင် ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့ကြသည်။

သို့သော်လည်း သူတို့နှစ်ဦး ပူးပေါင်း၍ ပြင်းထန်စွာ တိုက်ခိုက်လိုက်ခြင်းသည် နန်းတော်ကြီးကို နှစ်ကြိမ်မျှသာ တုန်ခါသွားအောင်လုပ်နိုင်ခဲ့ပြီး လုံးဝ ပျက်စီးသွားအောင်တော့ မလုပ်ဆောင်နိုင်ခဲ့ချေ။

အခန်း(၂၈၈၁)ပြီး၏။

အခန်း(၂၈၈၂)

“ဒီလူက ထိုက်ယီအဆင့်အင်မော်တယ်နဲ့တောင် ယှဥ်နိုင်တဲ့အင်မော်တယ်စွမ်းရည် ရှိနေပါလား.. ဒီလူက ဘယ်သူလဲ”

အရှင်နှင်းမှုန်ကို ကြည့်ကာ အရှင်ဟွမ်ချန်နှင့် အခြားသူများ၏ မျက်ဝန်းများထဲတွင် တုန်လှုပ်ချောက်ချားသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။

ဝိရောဓိနယ်မြေထဲတွင် ဤမျှအစွမ်းထက်သည့် ကျင့်ကြံသူတစ်ဦး မည်သည့်အချိန်က ပေါ်ထွက်လာခဲ့သည်ကိုပင် သူတို့ထိုက်ယီအဆင့် အင်အားစု လေးစုသည် အနည်းငယ်မျှ သတိမထားမိခဲ့ကြပေ။

ထိုကဲ့သို့ အစွမ်းထက်သည့် ထိုက်ယီအဆင့် အင်မော်တယ်နှစ်ဦး ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သော်လည်း နန်းတော်ကြီးကို အနည်းငယ်မျှပင် လှုပ်ခါအောင် မလုပ်ဆောင်နိုင်ခဲ့ချေ။

အရှင်ဇူရီ ချန်ထားရစ်ခဲ့သည့် နန်းတော်ကြီးသည် အမှန်တကယ်ပင် ထူးခြားဆန်းကြယ်နေခဲ့၏။

“မိတ်ဆွေ.. ဒီနန်းတော်ကို အမြန်ဆုံး ဖျက်ဆီးပစ်မှ ဖြစ်မယ်.. အရှင်ဇူရီ သိပ်မကြာခင်နိုးထလာတော့မယ်လို့ ငါ ခံစားမိနေတယ်”

အရှင်ထိုက်ယွမ်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး အရှင်နှင်းမှုန်ကို လေးနက်စွာ‌ ပြောလိုက်သည်။

သူက စကားပြောနေစဥ်တွင် သူ၏ လှုပ်ရှားမှုများကို အနည်းငယ်မျှပင် ဆိုင်းငံ့ထားခြင်း မရှိခဲ့ချေ။

ကျယ်ပြောသော အင်မော်တယ်စွမ်းအင်များသည် အရှင်ထိုက်ယွမ်၏ ခန္ဓာကိုယ်မှ ထိုက်ယီအဆင့် စွမ်းအားများနှင့် ချက်ချင်းဆိုသလို ပေါင်းစပ်သွားခဲ့ပြီး အဆုံးသတ်တွင်ကြီးမားသော လက်ညှိုးပုံရိပ် တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။

“ဝုန်း..”

ကြည်လင်တောက်ပပြီး ကြီးမားသော လက်ညှိုးပုံရိပ်ကြီးသည် ကောင်းကင်ထောက်တိုင် တစ်ခုနှယ် အလွန်အမင်း‌‌ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများနှင့် အတူ လေထုထဲကနေ ဆင်းသက်လာခဲ့ပြီး ကမ္ဘာပေါ်ရှိ အရာအားလုံးကို ချေမှုန်းပစ်ရန် လုံလောက်နေသည့်အလား ဖြစ်နေခဲ့သည်။

“ထိုက်ယွမ်ကောင်းကင်ဖြိုလက်ညှိုးသိုင်း”

အရှင်ထိုက်ယွမ် ထုတ်ဖော်လိုက်သော လက်သီး၏ အရှိန်အဝါသည် ပတ်ဝန်းကျင် မိုင်ထောင်ချီ ဧရိယာကို ချက်ချင်းဆိုသလို လွှမ်းခြုံသွားခဲ့သည်။

လူတိုင်းက ထိုလက်ညှိုးက ကောင်းကင်နှင့်မြေကြီးကိုပင် ထိုးဖောက် ပျက်စီးသွားစေရန် လုံလောက်သည်ဟု ခံစားလိုက်ကြရသည်။

“ဝုန်း..”

ကြီးမားသော လက်ညှိုးကြီးသည် နန်းတော်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့ပြီး နန်းတော် ပတ်ပတ်လည်ရှိ အကာအကွယ် အစီအရင်များကို အဆက်မပြတ် ကွေးကောက်သွားစေခဲ့သည်။

ယင်းမြင်ကွင်းကိုမြင်လျှင် အရှင်နှင်းမှုန်သည် လက်ဟန် တစ်ခုကို ပြုလုပ်လိုက်ရာ ကောင်းကင်ယံရှိ ကြယ်စွမ်းအားများည် ရေခဲဓားအလင်းများ အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ယံထက်ကနေ ကျဆင်းလာခဲ့သည်။

မြေပြင်ကနေ မော့ကြည့်လိုက်လျှင် ကောင်းကင်ယံမှ ကျဆင်းလာသော ရေခဲဓားအလင်းများသည် မိုးသီးမိုးပေါက်များ ကျဆင်းလာသည့် အလား အလွန်အမင်း လှပပြီး ဆန်းကြယ်နေခဲ့သည်။

သို့သော် အလှတရား၏ နောက်ကွယ်တွင်မူ ကြောက်မက်ဖွယ် အဖျက်စွမ်းအင်များ ရှိနေခဲ့သည်။

ရေခဲဓားအလင်း တစ်ခုစီတိုင်းသည် ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦးကို အလွယ်တကူ သတ်ဖြတ်နိုင်ပြီး တလော့အင်မော်တယ်ကိုပင် နောက်ဆုတ်သွားစေနိုင်လောက်သည်အထိ အစွမ်းထက်၏။

“ဒါက ကုဋေတစ်ရာ ရေခဲမြစ်ဓားချီသိုင်းပဲ.. ဒီပုဂ္ဂိုလ်က တစ်ချိန်က အရှင်ဇူရီနဲ့ တစ်တန်းတည်း နာမည်ကျော်ကြားခဲ့တဲ့ အရှင်နှင်းမှုန်များလား”

အရှင်နှင်းမှုန် ထုတ်ဖော်လိုက်သည့် အစွမ်းထက် တိုက်ကွက်ကိုမြင်လျှင် တိကွန်အင်မော်တယ်နန်းတော်မှ အရှင်ဟွမ်ချန်သည် အဆုံးသတ်တွင် တစ်စုံတစ်ရာကို သတိရသွားခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩတုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

အရှင်ဟွမ်ချန်၏ ရုတ်တရက် ရေရွတ်သံကို ကြားလျှင် ကျင့်ကြံသူများသည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်မိလိုက်ကြသည်။

ဝိရောဓိနယ်မြေတွင် အင်မော်တယ်လမ်းစဥ် အထွန်းကားဆုံးဖြစ်ခဲ့သည့် ခေတ်ကာလက ဟန်ယွင်အင်မော်တယ် အဆင့် အစွမ်းထက် ပုဂ္ဂိုလ်အများအပြား ပေါ်ပေါက်ခဲ့သည်။

ထိုအထဲတွင် အရှင်ဇူရီ အပြင် အကျော်ကြားဆုံး ကျင့်ကြံသူမှာ အရှင်နှင်းမှုန်ပင် ဖြစ်သည်။

ယခုတစ်ကြိမ် ကျိရီ အင်မော်တယ်တောင်တန်း ပေါ်ထွက်လာမှုတွင် အရှင်ဇူရီနှင့် တစ်တန်းတည်း နာမည်ကျော်ကြားသော အရှင်နှင်းမှုန် ပေါ်ထွက်လာလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။

သိထားရမည့်အချက်မှာ ထိုပုဂ္ဂိုလ်သည် အရှင်ဇူရီနှင့် တစ်ခေတ်တည်း ဖြစ်သည်။

အင်မော်တယ်လောကတွင် အင်မော်တယ်များသည် အဆုံးမဲ့သက်တမ်း ရှိကြသော်လည်း ယင်းမှာ ကျဆုံးခြင်းမရှိတော့ဟု မဆိုလိုပေ။

အရှင်နှင်းမှုန်၏ သတင်းက ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်၍ လူတိုင်းသည် အရှင်နှင်းမှုန် ကျဆုံးသွားခဲ့ပြီဟု ထင်မှတ်ထားခဲ့ကြသည်။

ယခုအခါ မမျှော်လင့်ဘဲ အရှင်နှင်းမှုန်သည် လူတိုင်း၏ မြင်ကွင်းထဲသို့ တစ်ကျော့ပြန် ပေါ်ထွက်လာခဲ့ပြီ ဖြစ်ရာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းနေခဲ့၏။

“ဒီပုဂ္ဂိုလ်က အရှင်နှင်းမှုန် ဖြစ်နေတာပဲ.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

အရှင်ဟုန်ယွင်က အရှင်နှင်းမှုန်ကို စိုက်ကြည့်ကာ မှင်တက်နေခဲ့ပြီး အချိန်အတန်ကြာမှ သတိပြန်ဝင်လာခဲ့သည်။

အရှင်ဟုန်ယွင်သည် မူလက ကျန်းချန်၏ နံဘေးရှိ ရုပ်သေးရုပ်သည် တလော့အဆင့်ရှိ သာမန် ရုပ်သေးရုပ် တစ်ရုပ်မျှသာ ဖြစ်သည်ကို အသိဆုံး ဖြစ်သည်။

ထိုရုပ်သေးရုပ်တွင် မည်သည့် အသိစိတ်မှ ရှိမနေခဲ့ရာ အရှင်ဇူရီနှင့် တစ်တန်းတည်း နာမည်ကျော်ကြားခဲ့သည့် အရှင်နှင်းမှုန် ဖြစ်လာရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

ထိုအခိုက်အတန့်တွင် အရှင်ဟုန်ယွင်သည် ဟန်ယွင်အင်မော်တယ်စမ်းရေ ပေါ်ထွက်ခဲ့သည့် နေရာကို အလျင်အမြန် သတိရသွားခဲ့သည်။

သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ဟန်ယွင်အင်မော်တယ်စမ်းရေ ပေါ်ထွက်ခဲ့သည့် နေရာသည် အရှင်နှင်းမှုန်နှင့် ပတ်သက်ဆက်နွှယ်မှု ရှိနေရမည် ဖြစ်သည်။

အရှင်နှင်းမှုန်က ထိုနေရာတွင် ကျဆုံးသွားခဲ့သော်လည်း ဝိညာဥ် တစ်စိတ်တစ်ပိုင်း ကျန်ရှိနေခဲ့ပုံ ရသည်။

သူ ထိုနေရာမှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် အရှင်နှင်းမှုန်နှင့် တစ်စုံတစ်ရာ သဘောတူညီချက် ရရှိခဲ့ပြီး တလော့အဆင့်ရှိ ရုပ်သေးရုပ်ကို ဒဏ္ဍာရီလာ အရှင်နှင်းမှုန်က ထိန်းချုပ်ခွင့်ရခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။

“ပျက်စီးစမ်း”

အရှင်နှင်းမှုန်က အေးစက်စက် ကြုံးဝါးလိုက်သည်။

ယင်းနောက်တွင်မူ ကြောက်မက်ဖွယ် ရေခဲဓားအလင်းများသည် နန်းတော်ပေါ်သို့ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ကျရောက်သွားခဲ့သည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

အရှင်ထိုက်ယွမ်၏ တိုက်ခိုက်မှုအောက်တွင် ပြိုလဲလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သော နန်းတော်ပတ်ပတ်လည်ရှိ အစီအရင်များသည် အရှင်နှင်းမှုန်၏ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို ခံနိုင်ရည် မရှိတော့ဘဲ ပျက်စီးသွားခဲ့သည်။

နန်းတော်၏ အကာအကွယ် အစီအရင်များ ပျက်စီးသွားသည်နှင့်အမျှ နန်းတော် တစ်ခုလုံးသည် အရှင်ထိုက်ယွမ်နှင့် အရှင်နှင်းမှုန်တို့၏ တိုက်ခိုက်မှုအောက်တွင် အဆက်မပြတ် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့၏။

ဆိုရလျှင် နန်းတော်ကြီးသည် ပျက်စီးလုနီးပါး အခြေအနေကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူတို့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် လူတိုင်းသည် မချီးမွမ်းဘဲ မနေနိုင်ခဲ့ကြပေ။

ဤနန်းတော်၏ အကာအကွယ် အစီအရင်သည် အလွန်ပင် အစွမ်းထက်သော်လည်း အရှင်ထိုက်ယွမ်နှင့် အရှင်နှင်းမှုန်တို့၏ ပြင်းထန်သော တိုက်ိခုက်မှုကို မတောင့်ခံနိုင်ခဲ့သည်မှာ ထင်ရှားနေခဲ့သည်။

သို့သော်လည်း လူတိုင်းက အရှင်ထိုက်ယွမ်တို့ လက်ချက်ကြောင့် နန်းတော်ကြီး ပျက်စီးသွားတော့မည်ဟု ထင်မှတ်နေကြစဥ်မှာပင် နန်းတော်အတွင်းကနေ ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုအခိုက်အတန့်တွင်နန်းတော် အပြင်ဘက်ရှိ လူတိုင်း၏ ခန္ဓာကိုယ်များသည် အတောမသတ် တုန်ယင်နေခဲ့ကြသည်။

တလော့အင်မော်တယ်များ ပင်လျှင် ဤအရှိန်အဝါဖိအားအောက်တွင် ဒူးထောက် အရိုအသေပေးချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာခဲ့သည်။

“ဒါက..”

လူတိုင်းက ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး သူတို့၏ အကြည့်သည် နန်းတော်ကြီး ဆီသို့ စုပြုံ၍ ကျရောက်သွားခဲ့ကြသည်။

နန်းတော်အတွင်း၌ ဆန်းကြယ်ပြီး ခန့်မှန်းရခက်သော အင်မော်တယ် ဥပ‌ဒေသများ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် စူးရှတောက်ပသော အင်မော်တယ်အလင်းများ ပေါက်ကွဲထွက်လာခဲ့သည်။

အင်မော်တယ်အလင်းတန်းများ ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ အရှင်ထိုက်ယွမ်နှင့် အရှင်နှင်းမှုန်တို့၏ စွမ်းအားများက ချေမှုန်းခံလိုက်ရသည်။

သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် အရှင်ထိုက်ယွမ်နှင့် အရှင်နှင်းမှုန် တို့က မျက်မှောင်ကြုတ်သွားခဲ့ကြသည်။

နန်းတော်ထဲတွင် အိပ်မောကျနေခဲ့သည့် အရှင်ဇူရီသည် နိုးထလာတော့မည် ဖြစ်သည်။

“သိပ်ကိုကြောက်ဖို့ကောင်းတဲ့ အရှိန်အဝါပါလား.. အရှင်ဇူရီက တကယ်ပဲ အသက်ရှင်နေသေးတာလား”

“ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး.. အရှင်နှင်းမှုန်တောင် ပေါ်လာသေးတာပဲ.. အရှင်ဇူရီ အသက်ရှင်နေသေးတယ် ဆိုတာကလည်း အကျိုးအကြောင်းဆီလျော်မှု ရှိပါတယ်”

“............”

လူတိုင်းက ထိုကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုနေခဲ့ကြသော်လည်း မျက်နှာထက်တွင်မူ ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်နေခဲ့ကြသည်။

နန်းတော်ထဲကနေ ထွက်ပေါ်လာသော အရှိန်အဝါသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့၏။

ယင်းက နဂါးတစ်ကောင် အိပ်စက်နေရာကနေ ပြန်လည်နိုးထလာသည့် အလား အရှိန်အဝါက အဆက်မပြတ် မြင့်တက်နေခဲ့ပြီး အဆုံးမရှိသကဲ့သို့ ဖြစ်နေခဲ့သည်။

ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော ဖြစ်တည်မှုမျိုးသည် တစ်ချိန်က ဝိရောဓိနယ်မြေ၏ ခေတ်တစ်ခေတ်လုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သည့် အရှင်ဇူရီမှ လွဲ၍ အခြားမည်သူ ဖြစ်နိုင်ပါဦးမည်နည်း။

“ဝုန်း..”

လူတိုင်း ထိတ်လန့် တုန်လှုပ်နေကြစဥ်မှာပင် နန်းတော်အတွင်းကနေ ပျံ့လွင့်လာသည့် အစွမ်းထက် အရှိန်အဝါသည် ရုတ်တရက် ခြေရာလက်ရာ မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင်မူ နန်းတော်၏ တံခါးဝဆီကနေ လေးလံသော ခြေသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ပုံရိပ်တစ်ခုသည် နန်းတော်အတွင်းကနေ အပြင်သို့ လျှောက်ထွက်လာခဲ့သည်။

ထိုပုံရိပ်သည် အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ငရဲမှတက်လာသော ငရဲမိစ္ဆာဘုရင် တစ်ပါး အလား သေခြင်းတရား၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။

ချပ်ဝတ်တန်ဆာက သူ၏ ဦးခေါင်းကိုပင် ဖုံးအုပ်ထားခဲ့ပြီး သေခြင်းတရား၏ အရှိန်အဝါများဖြင့် ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံကိုသာ ဖော်ပြထားသည်။

သူ၏ အေးစက်စက် ကြုံးဝါးသံသည် ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်၌ ထွက်ပေါ်လာခဲ့၏။

“မင်းတို့တွေက ငါ့ကို နှိုးရဲရုံတင်မကဘဲ ငါ့ရဲ့ကိစ္စကြီးကိုပါ ဖျက်ဆီးရဲတယ်.. ငါ ဒီနေ့ မင်းတို့ကို သေစေရုံတင်မကဘူး.. ဘယ်တော့မှ ပြန်လည် ဝင်စားခွင့် မရစေရဘူး”

အခန်း(၂၈၈၂)ပြီး၏။

All Chapters