အခန်း (၂၈၈၃-၂၈၈၄)
Vol. 229 Ch. 2883-2884
အခန်း(၂၈၈၃)
အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူက စကားပြောလိုက်သည့်အခါတွင် ဤနေရာရှိ လူတိုင်းသည် တစ္ဆေသရဲကမ္ဘာထဲကို ကျရောက်သွားသလို တုန်ယင်သွားကြသည်။
“အဘိုးကြီးဇူရီ ငါတို့ မဆုံဖြစ်တာ နှစ်အတော်ကြာပြီ”
အရှင်နှင်းမှုန်က နန်းတော်ထဲကနေ လျှောက်လှမ်းထွက်လာသော အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူကို မထီမဲ့မြင် ကြည့်ကာ ပြောလိုက်သည်။
“အင်မော်တယ်ဘုရင်အဆင့်ကို ထိုးဖောက်ဖို့အတွက် မင်းကိုယ်မင်း လူလည်းမကျ တစ္ဆေလည်း မကျတဲ့ ဒီလို တစ္ဆေသရဲပုံစံမျိုး ဖြစ်အောင် လုပ်လိုက်ရတဲ့အထိ မင်းက အရာအားလုံးကို စွန့်လွှတ်ခဲ့တာပဲ”
အင်မော်တယ်ဘုရင်အဆင့်ကို ထိုးဖောက်ရန်မှာ ကောင်းကင်ကို တက်လှမ်းရသကဲ့သို့ပင် ခက်ခဲသည်။
အထူးသဖြင့် အရှင်ဇူရီ ထံတွင် အင်မော်တယ်ဘုရင် တစ်ဦး ဖြစ်လာနိုင်မည့် အရင်းအမြစ်များ မရှိခဲ့ချေ။
ထို့ကြောင့် အင်မော်တယ်ဘုရင်အဆင့်ကို ထိုးဖောက်ရန်အတွက် အရှင်ဇူရီသည် နည်းလမ်း တစ်ခုကို ရှာဖွေခဲ့သည်။
သို့သော်လည်း ထိုနည်းလမ်းမှာ အလွန်ပင် အစွန်းရောက်ပြီး အရှင်ဇူရီ ကိုယ်တိုင်သည်လည်း ယင်းအတွက် ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ရသည်။
“နှင်းမှုန် လက်စသတ်တော့ မင်းကိုး.. မင်းမသေသေးဘူးလား”
အရှင်နှင်းမှုန်ကို စိုက်ကြည့်ကာ အရှင်ဇူရီ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
အရှင်ဇူရီသည် ဟန်ယွင်အင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိပြီးနောက်တွင် အင်မော်တယ်ဘုရင် အဆင့်ကို ထိုးဖောက်ရန်အတွက် အခွင့်အလမ်းကို အမြဲတစေ ရှာဖွေနေခဲ့သည်။
နောက်ပိုင်းတွင် သူက ရှေးဟောင်း လျှို့ဝှက်နယ်မြေ တစ်ခုသို့ ရောက်ရှိခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် အင်မော်တယ်ဘုရင် အဆင့်ကို ထိုးဖောက်နိုင်မည့် လျှို့ဝှက်နည်းလမ်း တစ်ခုကို ရရှိခဲ့သည်။
ထိုလျှို့ဝှက်နည်းလမ်း၏ အဓိကသော့ချက်မှာ ဟန်ယွင်အင်မော်တယ် အထွတ်အထိပ်အဆင့်ရှိ အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦး၏ အင်မော်တယ်ခရစ္စတယ်ကို ရယူရန် ဖြစ်ပြီး ရှေးဟောင်းလျှို့ဝှက် အစီအရင် တစ်ခုကို အသုံးပြုကာ အင်မော်တယ်ဘုရင် အဆင့်ကို ထိုးဖောက်ရန် ဖြစ်သည်။
ယင်းကြောင့်ပင် အရှင်ဇူရီသည် အရှင်နှင်းမှုန်ကို တိုက်ရိုက်သွားရောက် ရှာဖွေခဲ့သည်။
သို့သော်လည်း သူက အရှင်နှင်းမှုန်၏ စွမ်းအားကို လျှော့တွက်မိခဲ့သည်။
သူ့အနေဖြင့် အပြည့်အဝ ပြင်ဆင်ထားခဲ့သည့်တိုင် အရှင်နှင်းမှုန်ကို အလွယ်တကူ အနိုင်မယူနိုင်ခဲ့ပေ။
အဆုံးသတ်တွင် အရှင်နှင်းမှုန်က အင်မော်တယ် ခရစ္စတယ်ကို ဖောက်ခွဲပစ်ခဲ့သဖြင့် သူ ဒဏ်ရာအကြီးအကျယ် ရရှိသွားခဲ့သည်။
ယင်းတိုက်ပွဲတွင် အရှင်နှင်းမှုန် လုံးဝကျဆုံးသွားပြီဟု သူထင်မှတ်ထားခဲ့သော်လည်း ယခုအခါတွင် အရှင်နှင်းမှုန်သည် သူ့ရှေ့၌ တစ်ဖန် ပြန်လည် ပေါ်ထွက်လာခဲ့ချေပြီ။
“အဘိုးကြီးဇူရီ.. မင်းတောင် မသေမှတော့ ငါက ဘယ်လိုလုပ်ပြီး လွယ်လွယ်နဲ့ သေနိုင်မှာလဲ”
အရှင်နှင်းမှုန်က ခနဲ့၍ ပြောလိုက်သည်။
“ဒီနေ့တော့ ဒီအရှင်က အတိတ်တုန်းက သွေးကြွေးအတွက် မင်းရဲ့ အင်မော်တယ်ဘုရင် အိပ်မက်ကို သေချာပေါက် ဖျက်ဆီးပစ်မယ်”
အရှင်ဇူရီက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး အရှင်နှင်းမှုန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
“အဲဒီတိုက်ပွဲမှာ မင်းရဲ့ အင်မော်တယ်ဝိညာဥ် တစ်ပိုင်းတစ်စ ကျန်ရစ်ခဲ့လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒါပေမဲ့ မင်းရဲ့လက်ရှိ အခြေအနေနဲ့ ငါ့ကို ယှဥ်ပြိုင်ဖို့ အရည်အချင်းရှိတယ်လို့ မင်း ထင်နေလား”
“ဇူရီ.. မင်းရဲ့ အထွတ်အထိပ် အခြေအနေမှာ ရှိနေရင်တော့ ငါမင်းနဲ့ ယှဥ်ပြိုင်ဖို့ ခက်ခဲမှာ အမှန်ပဲ”
အရှင်နှင်းမှုန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“အဲဒီအချိန်က ငါ အင်မော်တယ် ခရစ္စတယ်ကို ဖောက်ခွဲပစ်လိုက်တဲ့ အတွက် မင်းလည်း ကြီးကြီးမားမား ပေးဆပ်ခဲ့ရတာပဲ မဟုတ်လား...အခု မင်းရဲ့ အခြေအနေကလည်း ငါ့ထက် ထူးပြီး သာမနေပါဘူး”
အရှင်ဇူရီ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။
“ဒီအရှင်က အထွတ်အထိပ် အခြေအနေမှာ မရှိရင်တောင် မင်းရဲ့ အင်မော်တယ်ဝိညာဥ်ကို ဖျက်ဆီးပစ်ဖို့ အတွက်ကတော့ လုံလောက်တာထက်တောင် ပိုနေပါသေးတယ်”
“ဟားဟား.. ဝိရောဓိနယ်မြေရဲ့ နံပါတ်တစ် အစွမ်းအထက်ဆုံးပုဂ္ဂိုလ် ပီသပါပေတယ်.. မင်းရဲ့ မာနက အရင်လို တစ်စက်မှ မလျော့သေးဘူးပဲ”
ဤအခိုက်အတန့်တွင် အရှင်ထိုက်ယွမ်ကလည်း အရှင်ဇူရီကို ခပ်ယဲ့ယဲ့ ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။
“အရှင်ဇူရီ မတွေ့ရတာတောင် အတော်ကြာပြီ”
ထိုခဏဝယ် အရှင်ဇူရီ၏ အကြည့်သည် အရှင်ထိုက်ယွမ်ဆီသို့ ရောက်ရှိသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ချက်ချင်းဆိုသလို လူသတ်ငွေ့များ ပြည့်နှက်သွားခဲ့သည်။
“ထိုက်ယွမ် လက်စသတ်တော့မင်းကိုး.. မင်းက ဒီအရှင်ကိုတောင် သစ္စာဖောက်ရဲတယ်”
တစ်ချိန်က ထိုကောင်သည် ကျိရီအင်မော်တယ်တောင်တန်း ထဲသို့ မတော်တဆ ဝင်ရောက်လာခဲ့မိပြီး ထိုအချိန်က သာမန် ကောင်းကင်အင်မော်တယ် အဆင့်မျှသာ ဖြစ်သည်။
သူက သူ၏ အင်မော်တယ်ဘုရင်အဆင့်ကို ထိုးဖောက်မည့် အစီအစဥ်အား ပိုမို မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ထိုကောင်ကို ထိန်းချုပ်ခဲ့ပြီး သူ့အတွက် အကူအညီပေးရန် အသုံးချချင်ခဲ့သည်။
ဤရည်ရွယ်ချက်အတွက် သူက ထိုကောင်ကို အမြင့်မြတ်ဆုံး အခွင့်အလမ်းများပင် ပေးသနားခဲ့သည်။
ထိုကောင်က သူ အင်မော်တယ်ဘုရင် အဆင့်ကို ထိုးဖောက်နိုင်ရန်အတွက် တလော့အင်မော်တယ်များကို ကျိရီ အင်မော်တယ်တောင်တန်း ဆီသို့ သေချာပေါက် ခေါ်ဆောင်လာပေးလိမ့်မည်ဟု ကျိန်ဆို ကတိပြုကာ ကျိရီ အင်မော်တယ် တောင်တန်းကနေ ထွက်သွားခဲ့သည်။
သို့သော်လည်း ထိုကောင်သည် ကျိရီအင်မော်တယ်တောင်တန်းမှ ထွက်ခွာသွားပြီးနောက်တွင် မည်သည့်အခါမှ ပြန်မလာတော့ဘဲ သတင်းအစနကိုပင် မကြားရတော့ပေ။
ယခုအခါတွင် ထိုကောင်သည် သူပေးအပ်ခဲ့သော အခွင့်အရေးဖြင့် ထိုက်ယီ အင်မော်တယ်အဆင့်ကိုပင် ရောက်ရှိနေခဲ့ပြီး သူ့ကိုပင် ပြန်လည် ရင်ဆိုင်နေခဲ့ချေပြီ။
ဆိုရလျှင် ဤအခိုက်အတန့်တွင် အရှင်ဇူရီ၏ အရှင်ထိုက်ယွမ်အပေါ် ထားရှိသော မုန်းတီးမှုသည် အရှင်နှင်းမှုန်ထက်ပင် သုံးဆခန့် ပိုမို မြင့်မားနေခဲ့သည်။
အရှင်ထိုက်ယွမ်က တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။
“အရှင်ဇူရီ...ခင်ဗျားက အင်မော်တယ်ဘုရင်တစ်ဦး ဖြစ်ဖို့ အရင်းအမြစ်တွေ မလုံလောက်တာနဲ့ဘဲ အင်မော်တယ်ဘုရင်အဆင့်ကို အတင်းအကျပ် ထိုးဖောက်ဖို့အတွက် မိစ္ဆာလမ်းစဥ်ကို အသုံးပြုခဲ့တယ်.. ဒီနေ့ ကျုပ်က ကောင်းကင်ဘုံကိုယ်စား ဆောင်ရွက်ပြီး ခင်ဗျားလို ကပ်ဘေးမျိုးကို ဖယ်ရှားပစ်မယ်”
“အရှက်မရှိတဲ့ကောင် ပါးစပ်ပိတ်ထားစမ်း”
အရှင်ဇူရီက အေးစက်စက် ပြောလိုက်သည်။
“ဒီအရှင်က အဲဒီတုန်းက မင်းကို လွှတ်ပေးခဲ့တယ် ဆိုမှာတော့ ပြင်ဆင်မှု မရှိဘဲ ဘယ်နေပါ့မလဲ.. မင်းအနေနဲ့ ထိုက်ယီအင်မော်တယ် အဆင့်ကို ထိုးဖောက်နိုင်ခဲ့ရင်တောင် ဒီအရှင်ရဲ့ ရှေ့မှာ မောက်မာဖို့ အရည်အချင်း မရှိသေးဘူး”
စကားဆုံးသည်နှင့် အရှင်ဇူရီသည် အရှင်ထိုက်ယွမ်၏ ခန္ဓာကိုယ်ထဲတွင် သူ ချန်ထားရစ်ခဲ့သည့် စည်းတံဆိပ်ကို အသက်သွင်းရန် ပြင်လိုက်သည်။
သို့သော်လည်း အရှင်ဇူရီသည် ထိုအခိုက်အတန့်တွင် တုန်လှုပ်ဖွယ် ကိစ္စတစ်ခုကို လျင်မြန်စွာ သတိပြုမိခဲ့သည်။
သူ၏ စည်းတံဆိပ်သည် ထူးခြားသော စွမ်းအားတစ်ခုဖြင့် ပိတ်ဆို့ခံထားရပြီး အရှင်ထိုက်ယွမ် အပေါ်တွင် အနည်းငယ်မျှ သက်ရောက်မှု မရှိခဲ့ချေ။
အရှင်ဇူရီ၏ မျက်နှာထက်တွင် အံ့အားသင့်သော အရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်။
“ငါ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ချန်ထားရစ်ခဲ့တဲ့ စည်းတံဆိပ်ကို မင်းတကယ်ပဲ ဖျက်ဆီးနိုင်ခဲ့ပြီလား”
“ခင်ဗျား ကျုပ်ရဲ့ခန္ဓာကိုယ်မှာ ထည့်သွင်းထားတဲ့ စည်းတံဆိပ်ကို ဖျက်ဆီးဖို့ အတွက် ကျုပ် ဝိရောဓိနယ်မြေကနေ ထွက်ခွာပြီး ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေမှာ လှည့်လည်သွားလာခဲ့ရတယ်.. အဲဒီနောက်ပိုင်းမှာ ဟန်ယွင်အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ဦးရဲ့ အကူအညီကို ရရှိပြီး နောက်ဆုံးတော့ အောင်မြင်သွားခဲ့တယ်”
အရှင်ထိုက်ယွမ်က တည်ငြိမ်စွာပြောလိုက်သည်။
“ခင်ဗျားရဲ့ စည်းတံဆိပ်ကို လုံးဝ မဖြေရှင်းနိုင်သေးပေမဲ့ ခင်ဗျားရဲ့ လက်ရှိ အခြေအနေနဲ့တော့ အဲဒီ စည်းတံဆိပ်ကို အသုံးပြုပြီး ကျုပ်ကို ထိန်းချုပ်ဖို့ မဖြစ်နိုင်တော့ဘူး”
“ကောင်းတယ် သိပ်ကောင်းတယ်”
အရှင်ဇူရီက ခပ်ထေ့ထေ့ ရယ်မောကာ ပြောလိုက်သည်။
“ဒီအရှင်က မင်းကို လျှော့တွက်မိသွားတာပဲ.. ဒါပေမဲ့ မင်းရဲ့ခန္ဓာကိုယ်ထဲက စည်းတံဆိပ်ကို မင်း ဖယ်ရှားနိုင်ခဲ့တော့ရော ဘာဖြစ်လဲ.. ငါက မင်းကို ထိုက်ယီအင်မော်တယ် အဆင့် အထိ တက်လှမ်းနိုင်အောင် အခွင့်အရေးပေးခဲ့သလို အဲဒီအရာအားလုံးကိုလည်း မင်းဆီကနေ ပြန်ပြီး သိမ်းယူနိုင်တယ်”
စကားဆုံးသည်နှင့် အရှင်ဇူရီ၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ ယှက်သန်းသွားခဲ့သည်။
ယင်းနောက်တွင်မူ ကောင်းကင်ယံကိုပင် တုန်လှုပ်စေပြီး နေနှင့်လကိုပင် ထိတ်လန့်သွားစေလောက်သည့် ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း အရှိန်အဝါများသည် အရှင်ဇူရီ၏ ခန္ဓာကိုယ်ကနေ လှိုင်းလုံးကြီးများသဖွယ် ထွက်ပေါ်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါများသည် ပတ်ဝန်းကျင်မှ အင်မော်တယ်စွမ်းအင်များနှင့် ပေါင်းစပ်ကာ သူ၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကို တစ်ခဏအတွင်း တစ္ဆေမီးပင်လယ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် အရှင်ဇူရီ၏ လက်ဖဝါးထဲတွင် သံမဏိဖြင့် ပြုလုပ်ထားသော အနက်ရောင် ဓားရှည်တစ်လက် ပေါ်လာခဲ့သည်။
ထိုဓားရှည်ပေါ်တွင် အနက်ရောင်မီးလျှံများ ဝဲပျံနေခဲ့ပြီး ဓားရိုးတွင်လည်း အနက်ရောင်မီးလျှံများဖြင့် ဖွဲ့စည်းထားသည့် မရေမတွက်နိုင်သော အင်မော်တယ်ဥပဒေသများ ရစ်သိုင်းနေသဖြင့် ဓားရှည်က အတော်လေး ထူးခြား ဆန်းကြယ်နေခဲ့သည်။
“ဟန်ယွင်အဆင့် အင်မော်တယ်လက်နက်ပါလား”
အရှင်ဇူရီ၏ လက်ထဲမှ ဓားရှည်ကို မြင်လျှင် အရှင်ထိုက်ယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ဝိရောဓိနယ်မြေကနေ ထွက်ခွာခဲ့သည့် ကာလအတွင်း အရှင်ထိုက်ယွမ်သည် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေတွင် လှည့်လည်သွားလာရင်း ဟန်ယွင် အင်မော်တယ် အများအပြားနှင့် အလွန်တရာ အစွမ်းထက်သည့် ဟန်ယွင်အဆင့် အင်မော်တယ် လက်နက်များကိုလည်း မြင်တွေ့ခဲ့ဖူးသည်။
ဆိုရလျှင် အရှင်ဇူရီ ယခု ထုတ်ဖော်လိုက်သည့် အင်မော်တယ်ဓားသည် သံသယဖြစ်ဖွယ်ရာမရှိ ဟန်ယွင်အဆင့် အင်မော်တယ် လက်နက်တစ်ခု ဖြစ်သည်။
“အရှင်နှင်းမှုန်.. ကျေးဇူးပြုပြီး ငါ့ကို ကူညီပါဦး”
အရှင်ထိုက်ယွမ်က အရှင်နှင်းမှုန်ကို အလျင်အမြန် အကူအညီတောင်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ ထိုက်ယီအဆင့် အင်မော်တယ်စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
သူ့ရှေ့မှ အရှင်ဇူရီ၏ စွမ်းအားသည် အထွတ်အထိပ် အခြေအနေတွင် မရှိတော့သော်လည်း ထိုက်ယီအဆင့် အင်မော်တယ်ထက် အနည်းငယ်မျှပင် နိမ့်ကျမနေခဲ့ချေ။
ထို့အပြင် အရှင်ဇူရီသည် အထွတ်အထိပ် ကာလတွင် ရှိစဥ်က ဟန်ယွင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်သည်။
ထို့ကြောင့် ယခု သူ၏ စွမ်းအားများက အကြီးအကျယ် အားနည်းနေခဲ့လျှင်ပင် ဟန်ယွင် အင်မော်တယ် အဆင့် လျှို့ဝှက်နည်းစနစ်များကို တတ်မြောက်ထားမည်မှာ သေချာသလောက်ပင်။
အရှင်ဇူရီက စတင် လှုပ်ရှားလိုက်သည်နှင့် ဟန်ယွင်အဆင့် အင်မော်တယ်လက်နက်ကို ထုတ်ဖော်လိုက်ပြီ ဖြစ်ရာ အရှင်ထိုက်ယွမ် ပင်လျှင် သတိကြီးစွာ ထား၍ ရင်ဆိုင်ရတော့မည်ဖြစ်သည်။
အခန်း(၂၈၈၃) ပြီး၏။
အခန်း(၂၈၈၄)
အရှင်ထိုက်ယွမ်က အရှင်ဇူရီကို စိုက်ကြည့်လိုက်ပြီး သူ၏ ပတ်ပတ်လည်ရှိ အင်မော်တယ်အဆီအနှစ် စွမ်းအားများကို စုစည်းလိုက်ရာ သူ၏ ကျောဘက်တွင် ကြီးမားသော ဂလက်ဆီ တစ်ခုအဖြစ် လျင်မြန်စွာ စုဖွဲ့သွားခဲ့သည်။
ထိုဂလက်ဆီထဲမှာ ကြီးမားသော ကြယ်ခုနစ်လုံးသည် အဆုံးမဲ့ တောက်ပလင်းလက်သော အင်မော်တယ် အလင်းတန်းများအဖြစ် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး အဆုံးသတ်တွင် ကောင်းကင်ယံသို့ မော့ကြည့်ကာ ဟိန်းဟောက်နေသည့် ကျားဖြူတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အရှင်ထိုက်ယွမ်၏ ခန္ဓာကိုယ် ထဲသို့ ပေါင်းစပ်သွားခဲ့သည်။
“ဝုန်း..”
ကြောက်မက်ဖွယ် ကြယ်တာရာစွမ်းအားများနှင့်အတူ ကျားဖြူသည် အရှင်ထိုက်ယွမ်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသော အခိုက်အတန့်တွင် အရှင်ထိုက်ယွမ်၏ ခန္ဓာကိုယ်က တစ်ခဏအတွင်း ပေတစ်ထောင်ခန့် မြင့်မားလာသည်ကို အားလုံးက မြင်တွေ့လိုက်ရသည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ကြယ်တာရာများကဲ့သို့ အစွမ်းကုန် တောက်ပနေခဲ့ပြီး ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါးနှယ် ဖြစ်နေခဲ့သည်။
ကောင်းကင်နှင့်မြေပြင်ကိုပင် အေးခဲသွားစေလောက်သည့် ကြောက်မက်ဖွယ် အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့သည်။
“ကြယ်တာရာကျားဖြူတိုက်ကွက်”
ယင်းမှာ လွန်ခဲ့သော နှစ်များအတွင်း ခရမ်းရောင်မီးလျှံကောင်းကင်နယ်မြေတွင် လှည့်လည်သွားလာစဥ်က အရှင်ထိုက်ယွမ် ရရှိခဲ့သည့် ထိပ်တန်းအဆင့် ထိုက်ယီအင်မော်တယ် နည်းစနစ် တစ်ခု ဖြစ်သည်။
တစ်ကြိမ်ကဆိုလျှင် သူက ဤအင်မော်တယ်နည်းစနစ်ကို အသုံးပြု၍ ထိုက်ယီအဆင့် အင်မော်တယ် တစ်ပါးကိုပင် အလွယ်တကူ အနိုင်ယူခဲ့ဖူးသည်။
ဟန်ယွင် အထွတ်အထိပ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ဖူးသည် အရှင်ဇူရီနှင့် ရင်ဆိုင်ရာတွင် အရှင်ထိုက်ယွမ်သည် အနည်းငယ်မျှပင် ထိမ်ချန်မထားဘဲ သူ၏ အစွမ်းအထက်ဆုံး နည်းစနစ်ကို တိုက်ရိုက်ပင် ထုတ်ဖော်လိုက်သည်။
ကြောက်မက်ဖွယ်ကြယ်တာရာစွမ်းအားက အရှင်ဇူရီ ထံသို့ ဦးတည်လာခဲ့သည်။
သို့သော်လည်း အရှင်ထိုက်ယွမ်၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်တိုင် အရှင်ဇူရီ၏ မျက်နှာအမူအရာက အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။
သူ၏ ကျောဘက်တွင် တစ္ဆေမြစ်ကိုးစင်း ပေါ်ထွက်လာခဲ့ပြီး ထိုမြစ်ထဲကနေ ထွက်ပေါ်လာသည့် အနက်ရောင်မီးလျှံများသည် သူ၏ လက်ဖဝါးထဲရှိ အနက်ရောင်ဓားရှည် ထဲသို့ ဝင်ရောက် ပေါင်းစပ်သွားခဲ့သည်။
ယင်းနောက်တွင်မူ အရှင်ဇူရီသည် ဓားချက် တစ်ချက်ကို ထုတ်ဖော်လိုက်၏။
သူ၏ ဓားချက်က အရှင်ထိုက်ယွမ် ထုတ်ဖော်လိုက်သော ကြယ်တာရာစွမ်းအားကို ချေမှုန်းလိုက်သည့် အပြင် ကျားဖြူကြယ်တာရာ နည်းစနစ်ဖြင့် စုဖွဲ့ထားသည့် အရှင်ထိုက်ယွမ်၏ ပေတစ်ထောင်အမြင့် ရှိသော ခန္ဓာကိုယ်ပင် တစ်ခဏအတွင်း ပြိုလဲ ပျက်စီးသွားစေခဲ့သည်။
အရှင်ထိုက်ယွမ်က ပေပေါင်းများစွာ အကွာအဝေးအထိ လွင့်စင်သွားခဲ့ပြီး လည်ချောင်းကနေ ချိုမြိန်သော အရသာကို ခံစားလိုက်ရကာ သွေးတစ်လုတ်ကို မထိန်းနိုင်တော့ဘဲ အန်ထုတ်လိုက်ရသည်။
သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် အရှင်ဟွမ်ချန် အပါအဝင် ထိုက်ယီအဆင့် အင်အားစု လေးစုမှ တလော့အင်မော်တယ်များသည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်မိလိုက်ကြသည်။
သူတို့က သူတို့၏ မျက်လုံးကိုပင် လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြ၏။
ဝိရောဓိနယ်မြေ၏ လက်ရှိနံပါတ်တစ် အစွမ်းထက်ဆုံးပုဂ္ဂိုလ် ဖြစ်သည့် အရှင်ထိုက်ယွမ်သည် အရှင်ဇူရီ၏ သာမန်တိုက်ခိုက်မှုလေး တစ်ခုအောက်တွင် အရေးနိမ့်သွားလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။
အရှင်ဇူရီသည် ဟန်ယွင် အထွတ်အထိပ် အဆင့်ကိုပင် ရောက်ရှိခဲ့ဖူးသည့် ပြိုင်ဘက်ကင်း အင်မော်တယ်တစ်ပါးဟူသော ဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် ထိုက်တန်နေခဲ့သည်။
“ကောင်းကင်အေးခဲခြင်းလက်ဝါးသိုင်း”
ဤအခိုက်အတန့်တွင် အရှင်နှင်းမှုန်သည် ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်ကာ ခန္ဓာကိုယ် အတွင်းရှိ အင်မော်တယ် စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
ဤသို့ဖြင့် အရှင်နှင်းမှုန်၏ လက်ဖဝါးကြားတွင် ထူထဲသော အနက်ရောင်ရေခဲလွှာတစ်ခု တိတ်တဆိတ် ဖွဲ့စည်းသွားခဲ့သည်။
ထိုရေခဲလွှာက အလွန်ပင် ထူးဆန်းပြီး တလော့အဆင့် အင်မော်တယ်တစ်ပါးက ထိုရေခဲလွှာကို လှမ်းကြည့်မိလိုက်လျှင်ပင် အင်မော်တယ်ဝိညာဥ် အေးခဲသွားတော့မည့်အလား ခံစားမိမည် ဖြစ်သည်။
ထို့နောက်တွင်မူ အရှင်းနှင်းမှုန်သည် လက်ဝါးရိုက်ချက်ကို ပြင်းထန်စွာ ထုတ်ဖော်၍ အရှင်ဇူရီကို တိုက်ခိုက်လိုက်သည်။
ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ် အအေးဓာတ်တစ်ခုသည် အရှင်ဇူရီကို လွှမ်းခြုံသွားခဲ့ပြီး ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကို အနက်ရောင် ရေခဲများအဖြစ် ဖြစ်ပေါ်လာခဲ့သည်။
ထိုအနက်ရောင်ရေခဲများသည် သေစေနိုင်လောက်သော အအေးဓာတ်ကို ထုတ်လွှတ်နေခဲ့၏။
ထိုအအေးဓာတ်နှင့် တိုက်ခိုက်ခံရလျှင် တလော့အင်မော်တယ်တစ်ပါး၏ ခန္ဓာကိုယ်နှင့် အင်မော်တယ်ခရစ္စတယ်ထဲရှိ အင်မော်တယ်ဝိညာဥ်သည်ပင် တစ်ခဏအတွင်း အေးခဲသွားလိမ့်မည်ဖြစ်သည်။
“အဘိုးကြီးနှင်းမှုန် မင်းရဲ့ အခုလက်ရှိစွမ်းအားလောက်နဲ့တော့ ငါ့ကို ဘာမှတတ်နိုင်မှာမဟုတ်ဘူး ပျက်စီးစမ်း”
အရှင်ဇူရီက မထီမဲ့မြင် ပြုံးကာ ရေရွတ်လိုက်ပြီး လက်ထဲမှ ဟန်ယွင်အဆင့် အင်မော်တယ်ဓားဖြင့် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။
“ဝုန်း..”
ဟင်းလင်းပြင်ထဲတွင် မှန်တစ်ချပ် ကွဲအက်သည့်အလား ကြည်လင်ပြတ်သားသော အသံတစ်သံ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး အရှင်နှင်းမှုန် ထုတ်ဖော်ထားသော အအေးဓာတ် စွမ်းအားများသည် အရှင်ဇူရီ၏ ဓားချက်အောက်တွင် ကြေမွပျက်စီးသွားခဲ့သည်။
အရှင်နှင်းမှုန် ကိုယ်တိုင်သည်လည်း ခန္ဓာကိုယ် တစ်ခုလုံး ပေတစ်ထောင်ခန့် လွင့်စင်သွားခဲ့သည်။
အကယ်၍သာ သူထိန်းချုပ်ထားသည့် ခန္ဓာကိုယ်က အင်မော်တယ်ဘုရင် တစ်ပါး၏ ရုပ်အလောင်း မဟုတ်ခဲ့လျှင် အရှင်ဇူရီ၏ ဓားချက်ကို ခုခံနိုင်ရန် ခဲယဥ်းလိမ့်မည် ဖြစ်သည်။
အရှင်နှင်းမှုန်က သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို မနည်းပင် ထိန်းချုပ်လိုက်ရသည်။
ယင်းနောက်တွင် အရှင်ဇူရီကို ကြည့်နေသော သူ၏ အကြည့်သည် တစ်ခဏအတွင်း ပို၍ လေးနက်သွားခဲ့သည်။
ထိုစဥ်က အရှင်ဇူရီနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် သူ၏ အင်မော်တယ်ဝိညာဥ်က ပေါက်ကွဲသွားခဲ့သည်။
အဆုံးသတ်တွင် ဝိညာဥ် အကြွင်းအကျန်မျှသာ ရှင်သန်ကျန်ရစ်ခဲ့၍ သူ၏ စွမ်းအားသည် အထွတ်အထိပ်ကာလ၏ ဆယ်ပုံတစ်ပုံမျှပင် မရှိတော့ချေ။
အရှင်ဇူရီကမူ အထွတ်အထိပ်ကာလလို အခြေအနေတွင် မရှိတော့သော်လည်း သူ့ထက်များစွာ ပို၍ သန်မာနေခဲ့သည်။
အရှင်ဇူရီက ဟန်ယွင် အထွတ်အထိပ်အဆင့် မရှိတော့သည့်တိုင် ထိုက်ယီအဆင့်တွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေခဲ့ချေပြီ။
ထို့အပြင် အရှင်ဇူရီ၏ လက်ထဲတွင် အစွမ်းထက်သော ဟန်ယွင်အဆင့် အင်မော်တယ်လက်နက် တစ်ခုလည်း ရှိနေသေး၏။
ယင်းကြောင့် သူနှင့် အရှင်ထိုက်ယွမ်တို့ ပူးပေါင်းလျှင်ပင် အရှင်ဇူရီကို ယှဥ်ပြိုင်ရန် ခက်ခဲလိမ့်မည်ကို သူစိုးရိမ်နေမိသည်။
“ဟွမ်ချန် မင်းတို့ ဘာကိုစောင့်နေတာလဲ.. မင်းတို့ အားလုံး မလှုပ်ရှားသေးဘူးလား”
"အရှင်ဇူရီက သူရဲ့ အထွတ်အထိပ်အခြေအနေကို ပြန်ရောက်ပြီး အင်မော်တယ်ဘုရင်အဆင့်ကို ထိုးဖောက်ဖို့အတွက် အင်မော်တယ်ခရစ္စတယ် အများအပြား လိုအပ်လိမ့်မယ်.. မင်းတို့ထဲက ဘယ်သူ့ကိုမှ သူအသက်ရှင်လျက် ထွက်သွားခွင့်ပေးမှာမဟုတ်ဘူး”
အရှင်ထိုက်ယွမ်က အရှင်ဟွမ်ချန်နှင့် တခြားသူများကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထိုစကားကိုကြားလျှင် အရှင်ဟွမ်ချန်သည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“တလော့အဆင့် ကျင့်ကြံသူတွေအားလုံး ငါနဲ့အတူ ပူးပေါင်းပြီး အရှင်ထိုက်ယွမ်ကို ကူညီကြစို့”
သူတို့ထဲတွင် အရှင်ထိုက်ယွမ်နှင့် အရှင်နှင်းမှုန်သည် အစွမ်းအထက်ဆုံး ဖြစ်သည်။
အကယ်၍ ထိုနှစ်ဦးစလုံးသာ အရှင်ဇူရီ၏ လက်ထဲတွင် အရေးနိမ့်သွားခဲ့လျှင် အရှင်ဇူရီ အတွက် သူတို့ကို သတ်ဖြတ်ရန်မှာ လွယ်ကူသောကိစ္စ တစ်ခုပင် မဟုတ်ပါလော။
ထို့ကြောင့် အရှင်ဟွမ်ချန်က တုံ့ဆိုင်းမနေတော့ဘဲ ထိုက်ယီအဆင့် အင်အားစုများကို လှုံ့ဆော်လိုက်သည်။
ဤသို့ဖြင့် တလော့အင်မော်တယ် တစ်ဒါဇင်ကျော်သည် အတူတကွ ပူးပေါင်းကာ အရှင်ဇူရီကို တိုက်ခိုက်လိုက်ကြသည်။
“ဝုန်း..ဝုန်း..”
ဟင်းလင်းပြင်ထဲတွင် ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပြီး အင်မော်တယ်များ၏ ထိပ်တိုက်ရင်ဆိုင်မှုအောက်တွင် မိုင်ပေါင်းတစ်သောင်း အကွာအဝေးရှိ ဟင်းလင်းပြင်သည်ပင် ကမ္ဘာပျက်ကပ် ကျရောက်နေသည့်အလား ဆက်တိုက်ဆိုသလို ပြိုလဲပျက်စီးလိုက် ပြန်လည် ဖွဲ့စည်းလိုက် ဖြစ်နေခဲ့သည်။
သို့သော်လည်း တလော့အင်မော်တယ်များသည် ပြိုင်ဘက်ကင်းကျင့်ကြံသူ ဖြစ်သည့် အရှင်ဇူရီကို ရင်ဆိုင်နိုင်စွမ်း မရှိခဲ့ကြချေ။
တစ်ခဏအတွင်းမှာပင် တလော့အင်မော်တယ် တစ်ဒါဇင်ကျော်သည် အရှင်ဇူရီ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး ပိုမိုအားနည်းသော တလော့အင်မော်တယ် တချို့ကမူ ပါးစပ်ကနေ သွေးများကိုပင် အန်ထုတ်လိုက်ရသည်။
သူတို့၏ မျက်နှာများသည် တစ်ခဏအတွင်း အလွန်အမင်း ဖြူဖျော့သွားခဲ့၏။
အကယ်၍ အရှင်ထိုက်ယွမ်နှင့် အရှင်နှင်းမှုန်တို့သာ အရှင်ဇူရီ၏ တိုက်ခိုက်ရေးစွမ်းအား အများစုကို ဆွဲဆောင်မထားခဲ့လျှင် တလော့ အင်မော်တယ်များ၏ အခြေအနေသည် ပိုမို၍ ဆိုးရွားသွားလိမ့်မည် ဖြစ်သည်။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေခဲ့ပြီး အရှင်ဇူရီသည် အလွန်တရာ အစွမ်းထက်သော်လည်း အရှင်ထိုက်ယွမ်နှင့် အရှင်နှင်းမှုန် တို့သည် တလော့အင်မော်တယ်များစွာနှင့် ပူးပေါင်းထားသည့် အတွက် အရှင်ဇူရီအနေဖြင့် အနိုင်ယူရန် ခက်ခဲနေခဲ့သည်။
“သခင်လေးကျန်းချန်.. အရှင်ထိုက်ယွမ် တို့က အရှင်ဇူရီကို ရင်ဆိုင်နိုင်လိမ့်မယ်လို့ သခင်လေး ထင်လား”
ဟင်းလင်းပြင်ထဲမှ ကြောက်မက်ဖွယ် တိုက်ပွဲကို ကြည့်ရင်း အောက်ဘက်မှ ဖုန်းချန်ရှင်းသည် ကျန်းချန်ကို ခပ်တိုးတိုး မေးမြန်းလိုက်သည်။
“ငါ့အမြင်တော့ အရှင်ဇူရီကို ရင်ဆိုင်ဖို့က မလွယ်လောက်ဘူး”
ကျန်းချန်က လေးနက်စွာ ပြောလိုက်သည်။
“ဒါက အရှင်ဇူရီရဲ့ နယ်မြေပဲ ဒီနန်းတော်ထဲမှ အရှင်ဇူရီရဲ့ကုန်ဆုံးသွားတဲ့ စွမ်းအားတွေကို စဥ်ဆက်မပြတ် ဖြည့်တင်းပေးနေတဲ့ စွမ်းအားတစ်ခု ရှိနေတာကို ခင်ဗျား သတိပြုမိလား.. ဒီအတိုင်းသာ ဆက်တိုက်နေမယ်ဆိုရင် သူတို့တွေ အားလုံး အရှင်ဇူရီရဲ့လက်ချက်နဲ့ အနှေးနဲ့ အမြန် သေဆုံးရလိမ့်မယ်”
ထိုစကားကိုကြားလျှင် ဖုန်းချန်ရှင်း၏ မျက်နှာ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
အကယ်၍ အရှင်ထိုက်ယွမ်နှင့် အခြားသူများသာ အရှင်ဇူရီကို မကိုင်တွယ်နိုင်ခဲ့လျှင် ယနေ့တွင် မည်သူကမျှ ကျိရီ အင်မော်တယ် တောင်တန်းကနေ အသက်ရှင်လျက် မထွက်သွားနိုင်မည်ကို သူ စိုးရိမ်နေမိသည်။
အခန်း(၂၈၈၄)ပြီး၏။