← Chapters

အခန်း (၂၈၈၅-၂၈၈၆)

Vol. 229 Ch. 2885-2886

အခန်း (၂၈၈၅-၂၈၈၆)

Vol. 229 Ch. 2885-2886

အခန်း(၂၈၈၅)

“သခင်လေးကျန်းချန်မှာ ကိုင်တွယ်ဖြေရှင်းမဲ့ နည်းလမ်းရှိလား”

ဖုန်းချန်ရှင်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ကာ ကျန်းချန်ကို လေးနက်စွာကြည့်၍ မေးလိုက်သည်။

ဖုန်းချန်ရှင်း၏ အမြင်အရ အကယ်၍ အရှင်ထိုက်ယွမ်နှင့် တခြားသူများသာ အရှင်ဇူရီကို လုံးဝ ရင်ဆိုင်နိုင်စွမ်း မရှိတော့လျှင် အရှင်ဇူရီကို ရင်ဆိုင်နိုင်မည့် တစ်ဦးတည်းသောသူမှာ ကျန်းချန်သာ ဖြစ်နိုင်ပေလိမ့်မည်။

“ခင်ဗျား ကျုပ်ကို အထင်ကြီးလွန်းနေပြီ.. ကျုပ်က ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ယောက်ပါ.. အခုလို အခြေအနေမျိုးကို ကိုင်တွယ်နိုင်စွမ်း ဘယ်လိုလုပ်ရှိနိုင်မှာလဲ”

ကျန်းချန်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။

သူက ရွှေအင်မော်တယ် သတ္တမဆင့် ကျင့်ကြံသူမျှသာ ဖြစ်သည်။

သူ၏ တိုက်ခိုက်ရေးစွမ်းရည်က ထူးခြားပြီး ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းအားကို နားလည် သဘောပေါက်ထားသော်လည်း အလွန်ဆုံး တလော့အင်မော်တယ် အစောပိုင်းအဆင့်ကိုသာ ယှဥ်ပြိုင်နိုင်စွမ်းရှိသည်။

အရှင်ဇူရီ ဆိုသည်မှာ ဝိရောဓိနယ်မြေ၏ နံပါတ်တစ်အစွမ်းထက်ဆုံး ပုဂ္ဂိုလ် ဖြစ်ပြီး ဟန်ယွင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူလည်း ဖြစ်ခဲ့ဖူးသည်။

အရှင်ဇူရီက အထွတ်အထိပ် အခြေအနေတွင် မရှိလျှင်ပင် ထိုက်ယီအဆင့် အင်မော်တယ်ကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိနေသေး၏။

သူ၏ စွမ်းအားဖြင့် ဆိုလျှင် အရှင်ဇူရီ၏ ရှေ့မှောက်တွင် ပုရွက်ဆိတ် တစ်ကောင်နှင့် ဘာမှမခြားနားချေ။

“စီနီယာအင်မော်တယ်ကျောက်တိုင်.. အရှင်ဇူရီကို အနိုင်ယူဖို့အတွက် အင်မော်တယ် အကျဥ်းသား စွမ်းအားကို အသုံးပြုလို့ရမလား သိချင်ပါတယ်”

သူက ဖုန်းချန်ရှင်းကို ဘာမှမတတ်နိုင်ကြောင်း ပြောခဲ့သော်လည်း အရှင်ဇူရီကို ကိုင်တွယ်နိုင်မည့် နည်းလမ်းကို ရှာဖွေနေဆဲပင်။

အရှင်ဇူရီသည် အင်မော်တယ်ဘုရင် အဆင့်ကို ထိုးဖောက်နိုင်ရန်အတွက် ဘာကိုမျှ ဂရုမစိုက်ဘဲ အစွမ်းကုန် လုပ်ဆောင်နေခဲ့သည်။

အရှင်ထိုက်ယွမ်နှင့် အခြားသူများ အရေးနိမ့်သွားသည်နှင့်တစ်ပြိုင်နက် မည်သူကမျှ ကျိရီ အင်မော်တယ် တောင်တန်းကနေ အသက်ရှင်လျက် အလွယ်တကူ ထွက်သွားနိုင်လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် သူ၏ ရွှေအင်မော်တယ် သတ္တမအဆင့်ဖြင့် အရှင်ဇူရီကို အင်မော်တယ် အကျဥ်းသားစွမ်းအား အသုံးပြုပြီး အင်မော်တယ်ကျောက်တိုင် ထဲတွင် ထိန်းချုပ်နိုင်မည့် အခွင့်အရေးရှိ မရှိ အင်မော်တယ်ကျောက်တိုင်ဝိညာဥ်ကို မေးမြန်းလိုက်ခြင်းသာ။

“မင်းသာ အလုံအလောက် အစွမ်းထက်သရွေ့ အင်မော်တယ်ဘုရင် အဆင့်ဖြစ်နေရင်တောင် အင်မော်တယ်ကျောက်တိုင် ထဲမှာ ချုပ်နှောင်ထားလို့ ရတယ်”

အင်မော်တယ်ကျောက်တိုင် ဝိညာဥ်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ မင်းရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ အရှင်ဇူရီကို ချုပ်နှောင်ဖို့ ဆိုတာက တကယ်ကို မလုံလောက်ဘူး.. မင်းက တန်ပြန် သက်ရောက်လာမဲ့ အန္တရာယ်ကို စွန့်စားဖို့ဆန္ဒရှိရင်တောင်မှ အောင်မြင်ဖို့ အခွင့်အလမ်းက တစ်ထောင်ပုံတစ်ပုံလောက်ပဲ ရှိလိမ့်မယ်”

ထိုစကားကိုကြားလျှင် ကျန်းချန်က မကျေမနပ်ဖြင့် မေးမြန်းလိုက်သည်။

“စီနီယာက အင်မော်တယ်ကျောက်တိုင်ရဲ့ ဝိညာဥ်ပဲဟာ.. စီနီယာ ဘာမှ မတတ်နိုင်ဘူးလား”

“ငါ့အနေနဲ့ အရှင်ဇူရီကို ချုပ်နှောင်ဖို့ ကူညီနိုင်စွမ်း ရှိပါတယ်.. ဒါပေမဲ့ ငါတစ်ကြိမ်လောက် လှုပ်ရှားလိုက်တာနဲ့ မင်းအတွက် အဆုံးမဲ့ဒုက္ခတွေ သေချာပေါက် ရောက်လာလိမ့်မယ်.. အဲဒီအချိန်ကျရင် မင်းရင်ဆိုင်ရမဲ့ ပြိုင်ဘက်တွေက အနည်းဆုံး ဟန်ယွင် အင်မော်တယ်အဆင့်နဲ့ အင်‌မော်တယ်ဘုရင် အဆင့်တွေတောင် ဖြစ်နိုင်တယ်.. မင်းတကယ်ပဲ ငါ့ကို လှုပ်ရှားစေချင်တာ သေချာရဲ့လား”

အင်မော်တယ်ကျောက်တိုင် ဝိညာဥ်၏ စကားသံက ကျန်းချန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထိုစကားကို ကြားလိုက်ရလျှင် ကျန်းချန်သည် ခါးသီးစွာ ပြုံးလိုက်မိသည်။

သူက ယခုအချိန်တွင် ရွှေအင်မော်တယ်အဆင့် ကျင့်ကြသူမျှသာ ဖြစ်သည်။

အကယ်၍ အင်မော်တယ်ကျောက်တိုင် ဝိညာဥ်သာ လှုပ်ရှားခဲ့လျှင် အင်မော်တယ်ဘုရင် အဆင့် ကျင့်ကြံသူကိုပင် ဆွဲ‌ဆောင်မိလိမ့်မည်ဖြစ်သည်။

ထိုအဆင့်ပုဂ္ဂိုလ် အတွက် သူ့ကို ကိုင်တွယ်ရန်မှာ ပုရွက်ဆိတ်တစ်ကောင်ကို ညှစ်သတ်လိုက်သကဲ့သို့ အလွန်တရာ လွယ်ကူနေပေလိမ့်မည်။

“ကောင်လေး.. ဘာပဲဖြစ်ဖြစ် ဧကရာဇ်ရှချင်းရဲ့ မျက်နှာကို ထောက်ထားပြီး ငါ မင်းကို ဒီတစ်ကြိမ်တော့ မလွဲမရှောင်သာ အကူအညီပေးလိုက်မယ်.. မင်းအနေနဲ့ အရှင်ဇူရီကို တစ်ခဏလောက် ပိတ်လှောင်ထားနိုင်မဲ့ နည်းလမ်း အရှင်ထိုက်ယွမ်တို့ကို ရှာခိုင်းလိုက်.. ပြီးရင် မင်းက အင်မော်တယ်အကျဥ်းသားစွမ်းအားကို အသုံးပြုပြီး သူ့ကို အင်မော်တယ်ကျောက်တိုင်ထဲ ရောက်အောင်သွင်းဖို့ ကြိုးစားပါ.. ငါမင်းအတွက် သူ့ကို အင်မော်တယ်ကျောက်တိုင်ထဲမှာ ဖိနှိပ်ထားပေးမယ်.. ဒါပေမဲ့ ငါမင်းကို အလကား ကူညီပေးမှာတော့ မဟုတ်ဘူး.. မင်းအင်မော်တယ်ဘုရင် အဆင့် ရောက်ရင် ငါ့အတွက် တစ်ခုခုလုပ်ပေးဖို့ လိုအပ်လိမ့်မယ်”

ထိုအခိုက်အတန့်တွင် အင်မော်တယ်ကျောက်တိုင် ဝိညာဥ်၏ စကားသံက ကျန်းချန်၏ စိတ်ထဲတွင် ထပ်မံ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က အလွန်အမင်း ဝမ်းသာသွားခဲ့သည်။

“စီနီယာကို ကျေးဇူးအများကြီးတင်ပါတယ်”

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ကျန်းချန်က အင်မော်တယ်ကျောက်တိုင် ဝိညာဥ်နှင့် စကားပြောဆိုနေစဥ် အတွင်း ဟင်းလင်းပြင်ထဲရှိ တိုက်ပွဲသည် ဆက်လက် ဖြစ်ပွားနေဆဲပင်။

တိုက်ပွဲက ကျန်းချန် မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့သည်။

အရှင်ထိုက်ယွမ် ဦးဆောင်သော ဝိရောဓိနယ်မြေမှ တလော့အင်မော်တယ်များသည် အရှင်ဇူရီနှင့် ရင်ဆိုင်ရင်း အချိန်ကြာလာသည်နှင့်အမျှ ခွန်အား ကုန်ခန်းလာခဲ့ပြီး အရှင်ဇူရီကို ထိန်းချုပ်ရန် အနည်းငယ် ခက်ခဲလာခဲ့သည်။

တလော့အင်မော်တယ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးဆိုလျှင် အရှင်ဇူရီ၏ ဟန်ယွင်အဆင့် အင်မော်တယ်ဓားချက်ဖြင့် ထိမှန်ခံလိုက်ရပြီး အော်ဟစ်သံပင် မပြုလုပ်နိုင်ခဲ့ဘဲ သတ်ဖြတ်ခံလိုက်ရသည်။

ဤမြင်ကွင်းသည် အရှင်ဟွမ်ချန်နှင့် အခြားသူများကို တုန်လှုပ် ချောက်ချားသွားစေခဲ့ပြီး သူတို့ကို ပေပေါင်းထောင်ချီ၍ လျင်မြန်စွာ နောက်သို့ ဆုတ်ခွာသွားစေခဲ့သည်။

အရှင်ထိုက်ယွမ်နှင့် အရှင်နှင်းမှုန် တို့သည်လည်း အရှင်ဇူရီနှင့် ပေပေါင်းများစွာ အကွာအဝေးအထိ နောက်ဆုတ်လိုက်ကြသည်။

သူတို့နှစ်ဦး၏ မျက်နှာထက်တွင် ပင်ပန်းနွမ်းနယ်သော အမူအရာများ ဖြစ်ပေါ်နေခဲ့ပြီး နှစ်ဦးစလုံးသည် တိုက်ပွဲအခြေအနေကို သဘာဝကျစွာပင် ခံစားမိခဲ့ကြသည်။

အရှင်ဇူရီသည် အလွန်တရာ အစွမ်းထက်သော်လည်း သူတို့နှစ်ဦးနှင့် တလော့ အင်မော်တယ် တစ်ဒါဇင်ကျော်တို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

သို့သော်လည်း အရှင်ဇူရီသည် စွမ်းအားကို စဥ်ဆက်မပြတ် ပြန်လည် ဖြည့်တင်းရန်အတွက် ခန်းမထဲရှိ တစ်စုံတစ်ရာကို အသုံးပြုနိုင်လိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ပေ။

တစ်ခဏမျှ တိုက်ခုက်မှုအပြီးတွင် အရှင်ဇူရီ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများသည် လုံးဝ ကုန်ဆုံးသွားသည့် လက္ခာဏာမျိုးကို မတွေ့ခဲ့ရချေ။

ဤအတိုင်းသာ ဆက်လက် တိုက်နေမည် ဆိုလျှင် သူတို့အားလုံးသည် အရှင်ဇူရီ၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။

“အရှင်နှင်းမှုန်.. ဒီအတိုင်း ဆက်တိုက်နေလို့‌တော့ မဖြစ်ဘူး.. နန်းတော်ထဲကို ဝင်ပြီး အရှင်ဇူရီရဲ့ စွမ်းအားအရင်းအမြစ်ကို ဖြိုခွင်းဖို့ နည်းလမ်းရှာမှ ဖြစ်မယ်”

အရှင်ထိုက်ယွမ်က လေးနက်စွာ ပြောလိုက်သည်။

ထိုစကားကို ကြားလျှင် အရှင်နှင်းမှုန်က မျက်မှောင်ကြုတ်သွားခဲ့သည်။

“အရှင်ဇူရီကို တားဆီးဖို့တောင် ငါတို့အတွက် အတော်လေးခက်ခဲနေပြီ.. နန်းတော်ထဲကို ဝင်ပြီး အရှင်ဇူရီရဲ့ စွမ်းအား အရင်းအမြစ်ကို ဘယ်လိုလုပ်ပြီး ဖျက်ဆီးနိုင်မှာလဲ”

“အရှင်ဇူရီကို တစ်ခဏလောက် ပိတ်လှောင်ထားနိုင်မဲ့ နည်းလမ်း စီနီယာတို့ နှစ်ယောက်မှာ ရှိ မရှိ သိချင်ပါတယ်”

သူတို့နှစ်ဦး ဆွေးနွေးနေစဥ်မှာပင် ရုတ်တရက် အသံတစ်သံသည် သူတို့၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

သူတို့နှစ်ဦးက တစ်ခဏမျှ မှင်တက်သွားခဲ့ပြီးနောက်တွင် သူတို့၏ အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်သို့ တစ်ပြိုင်နက်တည်း ကျရောက်သွားခဲ့သည်။

သူတို့၏ မျက်ဝန်းထဲတွင် သံသယ အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။

အထူးသဖြင့် အရှင်နှင်းမှုန်သည် ကျန်းချန်ကို အနည်းငယ် နားလည်ထားပြီး ကျန်းချန်၏ ပါရမီသည် ကမ္ဘာပေါ်တွင် ရှားပါးကာ နောက်ခံဇာစ်မြစ်မှာလည်း အလွန်ပင် လျှို့ဝှက်ဆန်းကြယ်ကြောင်း သိထားသည်။

သို့သော်လည်း ထိုကောင်လေးသည် အရှင်ဇူရီကို ကိုင်တွယ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ထိုကောင်လေး ထံတွင် အရှင်ဇူရီကို ကိုင်တွယ်နိုင်မည့် ဝှက်ဖဲတစ်ခုခု ရှိနေပါသလော။

“ဒီက မိတ်ဆွေလေး ငါ့မှာ ရှေးဟောင်းအင်မော်တယ်နည်းစနစ် တစ်ခုရှိတယ်.. တကယ်လို့ အရှင်နှင်းမှုန်သာ အကူအညီ ပေးမယ်ဆိုရင် အရှင်ဇူရီကို အသက်ဆယ်ရှိုက်စာ အချိန်လောက် ပိတ်လှောင်ထားနိုင်တယ်.. အဲဒီလောက်ဆို အဆင်ပြေနိုင်မလား”

အရှင်ထိုက်ယွမ်က အနည်းငယ် စဥ်းစားလိုက်ပြီးနောက်တွင် ကျန်းချန်ကို ပြောလိုက်သည်။

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်က အလွန်အမင်း ထူးခြားနေခဲ့သည်။

သူ့ကို ဤမေးခွန်း မေးကတည်းကပင် အရှင်ဇူရီကို ကိုင်တွယ်ရန် ယုံကြည်မှု ရှိနေလောက်၏။

လက်ရှိအချိန်တွင် သူတို့အနေဖြင့် အရှင်ဇူရီကို ကိုင်တွယ်ရန် ပိုကောင်းသည့် နည်းလမ်း မရှိတော့၍ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ စကားအတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

“အသက်ဆယ်ရှိုက်စာ အချိန်ဆိုရင် ကောင်းကောင်းလုံလောက်ပါတယ်”

ကျန်းချန်က အလျင်အမြန်ပင် ပြန်လည်ဖြေကြားလိုက်သည်။

အရှင်ဇူရီကို အင်မော်တယ်ကျောက်တိုင် ထဲသို့ ထည့်သွင်းရန်အတွက် အင်မော်တယ် အကျဥ်းသားစွမ်းအားကို အသုံးပြုရန် အသက်ဆယ်ရှိုက်စာ အချိန်သည် သူ့အတွက် ကောင်းစွာ လုံလောက်သည်။

အရှင်ဇူရီကို အင်မော်တယ်ကျောက်တိုင် ထဲသို့ ခေါ်ဆောင်လာပြီး အင်မော်တယ်ကျောက်တိုင်ဝိညာဥ် ကိုယ်တိုင် ဖိနှိပ်ထားသရွေ့ အရှင်ဇူရီက မည်မျှပင် အစွမ်းထက်နေပါစေ၊ အင်မော်တယ်ကျောက်တိုင်ထဲတွင် ဘာမှတတ်နိုင်တော့မည် မဟုတ်ချေ။

“အရှင်နှင်းမှုန်.. ငါ့ရဲ့ ဒီရှေးဟောင်း အင်မော်တယ် နည်းစနစ်ကို ကောင်းကင်ပိတ်ဆို့ နည်းစနစ်လို့ ခေါ်တယ်.. ငါ အခု ဒီအင်မော်တယ်နည်းစနစ်ကို သင်ပြပေးမယ်.. ငါတို့နှစ်ယောက်ရဲ့စွမ်းအားနဲ့ ဆိုရင် အရှင်ဇူရီကို တစ်ခဏလောက် ပိတ်လှောင်ထားဖို့ လုံလောက်ပါတယ်”

အရှင်ထိုက်ယွမ်က အချိန်ဖြုန်းမနေတော့ဘဲ ကောင်းကင်ပိတ်ဆို့ နည်းစနစ်ကို အရှင်နှင်းမှုန် ထံသို့ တိုက်ရိုက်ပင် လက်ဆင့်ကမ်းပေးလိုက်သည်။

“ဟားဟား နှင်းမှုန်နဲ့ထိုက်ယွမ်.. မင်းတို့ရဲ့ စွမ်းအားလောက်နဲ့ ဒီအရှင်ကို ကိုင်တွယ်ဖို့ ဆိုတာ စိတ်ကူးယဥ်နေတာပဲ.. ဒီနေ့တော့ မင်းတို့တွေက ဒီအရှင် အင်မော်တယ်ဘုရင်အဆင့်ကို ထိုးဖောက်ဖို့ အတွက် လှေကားထစ်လေးတွေ ဖြစ်လာဖို့ ကံကြမ္မာ ပါလာခဲ့ပြီ”

အရှင်ဇူရီကို ကိုင်တွယ်နိုင်မည့် နည်းလမ်းများအား ကျန်းချန်တို့ တိတ်တဆိတ် ဆွေးနွေးနေစဥ်မှာပင် အရှင်ဇူရီ၏ ကျေနပ်အားရ ရယ်မောသံသည် ပတ်ဝန်းကျင်တွင် တစ်ခဏအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။

အခန်း(၂၈၈၅)ပြီး၏။

အခန်း(၂၈၈၆)

အရှင်ဇူရီက ကျေနပ်အားရစွာ ရယ်မောပြီးနောက်တွင် အရှင်ထိုက်ယွမ်ကို အသက်ရှူရုံမျှပင် အချိန်ပေးရန် ရည်ရွယ်ချက်မရှိဘဲ သူ၏ လက်ထဲရှိ ဟန်ယွင်အဆင့် အင်မော်တယ်ဓားကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် အနက်ရောင်မီးလျှံသည် အရှင်ထိုက်ယွမ်နှင့် အရှင်နှင်းမှုန် တို့ကို လွှမ်းခြုံသွားခဲ့သည်။

“အရှင်နှင်းမှုန် အတူတူ လှုပ်ရှားကြစို့”

အရှင်ထိုက်ယွမ်၏ မျက်နှာ အမူအရာက ပြောင်းလဲသွားခဲ့ပြီး အရှင်ဇူရီကို သူ၏ စွမ်းအားရှိသမျှဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။

အရှင်နှင်းမှုန်ကလည်း လက်သီးချက် တစ်ချက်ကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်သည်။

“ဝုန်း..”

“ဝုန်း..”

သူတို့နှစ်ဦးက တစ်ပြိုင်နက်တည်း အတူတူ တိုက်ခိုက်လိုက်ကြပြီး အရှင်ဇူရီ ထုတ်ဖော်လိုက်သော ဓားချက်ကို ဖြိုခွင်းလိုက်ကြကာ နားလည်မှုအပြည့်ဖြင့် ကောင်းကင်ယံထက်ကို ပျံတက်သွားခဲ့ကြပြီး အရှင်ဇူရီ၏ ဦးခေါင်းအထက်တွင် တစ်ခဏအတွင်း ပေါ်လာခဲ့ကြသည်။

ချက်ချင်းဆိုသလိုပင် နှစ်ဦးလုံးက လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်၍ စည်းတံဆိပ် တစ်ခုစီကို ထုတ်ဖော်လိုက်ပြီး အရှင်ဇူရီ ဆီသို့ ပို့လွှတ်လိုက်သည်။

ဆန်းကြယ်သော စည်းတံဆိပ် နှစ်ခုသည် အရှင်ဇူရီ၏ ဦးခေါင်း အထက်တွင် လျင်မြန်စွာ ပေါင်းစပ်သွားခဲ့ပြီး ဆန်းကြယ်သော အရှိန်အဝါများ ထုတ်လွှတ်နေသည့် နှစ်မီတာခန့် အရွယ်အစားရှိ ထိုက်ကျိကားချပ် အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အရှင်ဇူရီ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံ ပိတ်ဆို့လိုက်သည်။

အရှင်ထိုက်ယွမ်နှင့် အရှင်နှင်းမှုန် တို့က ကောင်းကင်ပိတ်ဆို့နည်းစနစ်ကို ထုတ်ဖော်ကာ အရှင်ဇူရီကို ဟင်းလင်းပြင်ထဲတွင် ပိတ်လှောင်ထားလိုက်ကြသည်။

ဤအခိုက်အတန့်တွင် အရှင်ဇူရီက မည်မျှပင် သန်မာနေပါစေ၊ ကောင်းကင်ပိတ်ဆို့ အင်မော်တယ် နည်းစနစ်၏ ပိတ်လှောင်မှုအောက်တွင် တစ်ခဏမျှ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

အရှင်ဇူရီက ကောင်းကင်ပိတ်ဆို့ အင်မော်တယ်နည်းစနစ်၏ ပိတ်လှောင်မှုအောက်ကနေ လွတ်မြောက်ရန်အတွက် သူ၏ အစွမ်းရှိသမျှဖြင့် ရုန်းကန်နေရင်း လှောင်ပြုံး ပြုံးကာ အော်ဟစ်လိုက်သည်။

“ဒါက အဓိပ္ပာယ်မရှိတဲ့ ပိတ်လှောင်မှုပဲ.. မင်းတို့ ငါ့ကို တစ်ခဏလောက် ချုပ်နှောင်ထားနိုင်ရင်တောင်မှ ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ”

ယင်းအချိန်တွင် အရှင်ထိုက်ယွမ်နှင့် အရှင်နှင်းမှုန် တို့သည် အရှင်ဇူရီကို လျစ်လျူရှုလိုက်ကြပြီး ကျန်းချန်ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။

အရှင်ဇူရီ၏ စွမ်းအားသည် အလွန်အမင်း အစွမ်းထက်ပြီး ဤပတ်ဝန်းကျင်တွင် ဘယ်တော့မျှ ကုန်ဆုံးသွားခြင်း မရှိချေ။

ထို့ကြောင့် သူတို့နှစ်ဦး အနေဖြင့် အရှင်ဇူရီကို အသက်ဆယ်ရှိုက်စာ အချိန်ခန့်သာ ပိတ်လှောင်ထားနိုင်မည် ဖြစ်သည်။

ယခုအခါတွင် သူတို့သည် သူတို့၏ မျှော်လင့်ချက်များကို ကျန်းချန် အပေါ်၌ ပုံအပ်ထားရုံသာ တတ်နိုင်တော့သည်

အရှင်ဇူရီက အရှင်ထိုက်ယွမ် တို့၏ ပိတ်လှောင်ခြင်း ခံထားရသည်ကို မြင်လျှင် ကျန်းချန်သည် တုံ့ဆိုင်းမနေဘဲ အရှင်ဇူရီ၏ ဦးခေါင်းအထက် ကောင်းကင်ယံတွင် တစ်ခဏအတွင်း ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူက ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော အံ့ဩမှင်တက်နေသည့် အကြည့်အောက်မှာပင် သူ၏ လက်ဖဝါးကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ရာ စူးရှတောက်ပသော အင်မော်တယ် အလင်းတန်းများ ထွက်ပေါ်နေသည့် အင်မော်တယ်ကျောက်တိုင် တစ်တိုင်သည် လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။

“ဝုန်း..”

ကျန်းချန်၏ လှုံ့ဆော်မှုအောက်တွင် အင်မော်တယ်ကျောက်တိုင်သည် အလွန်အမင်းတောက်ပသော အင်မော်တယ်အလင်းကို ထုတ်လွှတ်လိုက်ပြီး ကောင်းကင်နှင့်မြေပြင်ကိုပင် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိသော ဧရာမကျောက်တိုင်ကြီးတစ်ခု အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့ကာ ကောင်းကင်ယံထက်သို့ အရှိန်အဟုန်ပြင်းစွာဖြင့် မြင့်တက်သွားခဲ့သည်။

ကောင်းကင်ယံထက်ရှိ အင်မော်တယ် ကျောက်တိုင်ကြီးကို ကြည့်ရင်း အရှင်ထိုက်ယွမ်နှင့် အရှင်နှင်းမှုန် တို့က မျက်မှောင်ကြုတ်သွားခဲ့ကြသည်။

သူတို့နှစ်ဦးစလုံးသည် ဗဟုသုတ ကြွယ်ဝသူများ ဖြစ်ကြသည်။

သူတို့၏ အကဲခတ်နိုင်စွမ်းဖြင့် ဆိုလျှင် ကျန်းချန် ထုတ်ဖော်လိုက်သော အင်မော်တယ် လက်နက်သည် ဟန်ယွင်အဆင့် အင်မော်တယ် လက်နက်ထက် သာလွန်သော လက်နက် ဖြစ်ကြောင်း မြင်နိုင်ရန် မခက်ခဲပေ။

“ဒါက အင်မော်တယ်ဘုရင် အဆင့် လက်နက်ပဲ”

ဤအခိုက်အတန့်တွင် သူတို့နှစ်ဦးသည် ကျန်းချန်က အရှင်ဇူရီကို ကိုင်တွယ်ရန် အဘယ်ကြောင့် ယုံကြည်မှု ရှိနေမှန်း အဆုံးသတ်၌ နားလည်သွားခဲ့ကြသည်။

အကြေင်းရင်းမှာ ထိုကောင်လေး၏ လက်ထဲတွင် အင်မော်တယ်ဘုရင် အဆင့် လက်နက် ရှိနေခြင်းကြောင့်ပင်။

အင်မော်တယ်လောကတွင် အင်မော်တယ် ဧကရာဇ် မရှိတော့သည့် အချိန်မှစ၍ အင်မော်တယ် ဘုရင် အဆင့်သည် အင်မော်တယ် လောက၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်သော ပြိုင်ဘက်ကင်းအဆင့် ဖြစ်သည်။

အင်မော်တယ်ဘုရင်တိုင်းသည် အင်မော်တယ်နယ်မြေ တစ်ခုကို လွှမ်းမိုးချုပ်ကိုင်ရန် လုံလောက်သည်။

ဆိုရလျှင် အင်မော်တယ်ဘုရင်နှင့် ပတ်သက်သမျှ မည်သည့်အရာမဆို ဟန်ယွင်အဆင့် အင်မော်တယ်များ ပင်လျှင် တုန်လှုပ် ချောက်ချားရလိမ့်မည် ဖြစ်သည်။

ဤအင်မော်တယ်ဘုရင် အဆင့် လက်နက်ဖြင့်သာ ဆိုလျှင် ယနေ့တွင် သူတို့သည် အရှင်ဇူရီကို ကိုင်တွယ်နိုင်မည့် မျှော်လင့်ချက် အမှန်တကယ် ရှိနေနိုင်ပေသည်။

“အင်မော်တယ်ဘုရင် အဆင့် လက်နက်ပါလား.. မင်း မင်းဘယ်သူလဲ.. မင်းဆီမှာ ဘယ်လိုလုပ်ပြီး အင်မော်တယ်ဘုရင်အဆင့်လက်နက် ရှိနေရတာလဲ”

ကောင်းကင်ယံထက်မှ အင်မော်တယ်ကျောက်တိုင်ကိုမြင်လျှင် အရှင်ဇူရီသည် တစ်ခဏအတွင်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

“အင်မော်တယ်အကျဥ်းသားစွမ်းအား စုစည်းစမ်း”

ကျန်းချန်က ထိတ်လန့် တုန်လှုပ်နေသော အရှင်ဇူရီကို ဂရုစိုက်မနေဘဲ ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံရှိ အင်မော်တယ်ကျောက်တိုင်ထဲကနေ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား တစ်ခု ထွက်ပေါ်လာခဲ့ပြီး စွမ်းအင်သံကြိုး နှစ်ကြိုး အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အောက်ဘက်ရှိ ပိတ်လှောင်ခံထားရသော အရှင်ဇူရီ ထံသို့ ဦးတည်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် အရှင်ဇူရီ၏ မျက်နှာအမူအရာက အလွန်အမင်း ပြောင်းလဲသွားခဲ့၏။

သို့သော်လည်း အရှင်ထိုက်ယွမ်နှင့် အရှင်နှင်းမှုန် တို့၏ ပိတ်လှောင်ခြင်းကို ခံထားရသည့် အရှင်ဇူရီသည် ခုခံရန် မည်သည့်နည်းလမ်းမျှ မရှိဘဲ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်သံကြိုး နှစ်ကြိုးက သူ့ကို တင်းကျပ်စွာ ချည်နှောင်လိုက်သည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

ယင်းနောက်တွင်မူ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်သံကြိုးနှစ်ကြိုးသည် အရှင်ဇူရီ၏ ခန္ဓာကိုယ်ကို ကောင်းကင်ယံရှိ အင်မော်တယ်ကျောက်တိုင် ဆီသို့ တိုက်ရိုက်ပင် ဆွဲတင်သွားခဲ့သည်။

“ငါ့ကိုလွှတ်စမ်း”

အရှင်ဇူရီက ကျယ်လောင်စွာ ကြုံးဝါးလိုက်သော်လည်း ဘာမှမတတ်နိုင်ခဲ့ဘဲ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်သံကြိုးက သူ၏ ခန္ဓာကိုယ်ကို အင်မော်တယ်ကျောက်တိုင် ထဲသို့ တရွတ်တိုက် ဆွဲခေါ်သွားသည်ကို ခံလိုက်ရ၏။

အရှင်ဇူရီကို အင်မော်တယ်ကျောက်တိုင်ထဲတွင် ဖိနှိပ်ပြီးနောက်တွင် ကျန်းချန်သည် လက်ဟန်များကို ပြုလုပ်လိုက်ရာ ဟင်းလင်းပြင်ထဲရှိ အင်မော်တယ်ကျောက်တိုင်သည် ရုတ်တရက် သိသိသာသာ ကျုံ့ဝင်သွားခဲ့ပြီး အင်မော်တယ်အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

“အရှင်ဇူရီက ဒီလိုပဲ နှိမ်နင်းခံလိုက်ရပြီလား”

သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း လူတိုင်းသည် မှင်တက်နေခဲ့ကြပြီး အံ့ဩ ထိတ်လန့်မှုကနေ ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

အရှင်ဇူရီ မည်မျှသန်မာသည်ကို အစောပိုင်းကပင် သူတို့၏ မျက်စိဖြင့် ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။

အရှင်ထိုက်ယွမ်နှင့် အရှင်နှင်းမှုန် အပြင် ဤနေရာတွင် ရှိနေသော တလော့အင်မော်တယ် တစ်ဒါဇင်ကျော်တို့သည်ပင် အရှင်ဇူရီကို လုံးဝ မယှဥ်နိုင်ခဲ့ကြပေ။

သို့သော်လည်း သူတို့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်ကမူ အင်မော်တယ်ကျောက်တိုင် တစ်ခုကို ထုတ်ဖော်ကာ အရှင်ဇူရီကို အလွယ်တကူပင် နှိမ်နင်းပစ်လိုက်သည်။

ယင်းမှာ အမှန်တကယ်ကိုပင် မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့သည်။

“ဒီကောင်လေးက အင်မော်တယ်ဘုရင် အဆင့် အင်အားစု တစ်စုစုကနေ လာတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ပဲ ဖြစ်ရမယ်”

မှင်တက်ရာကနေ ပြန်လည် သတိဝင်လာပြီးနောက်တွင် လဲ့ယန်အင်မော်တယ်နန်းတော်မှ ဟုန်ယွင်၏ ကျန်းချန်ကို ကြည့်နေသော အကြည့်တွင် ထိတ်လန့်ကြောက်ရွံ့သော အရိပ်အယောင်များ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။

သူက သူ့ကိုယ်သူ အနည်းငယ် ကံကောင်းသည်ဟု ခံစားမိလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ဟန်ယွင်အင်မော်တယ် စမ်းရေတွင်း အတွက် တိုက်ခိုက်စဥ်တွင် သူက ကျန်းချန်ကို အဆုံးအထိ တိုက်ခိုက်ရန် မရွေးချယ်ခဲ့ပေ။

သို့မဟုတ်လျှင် သူတို့ လဲ့ယန်အင်မော်တယ်ဂိုဏ်းသည် ထိုအတွက် အလွန် ကြီးမားသော အဖိုးအခကို သေချာ‌ပေါက် ပေးဆပ်ရလိမ့်မည် ဖြစ်သည်။

“ဒီကောင်လေးက အင်မော်တယ်ဘုရင်အဆင့် အင်အားစုက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ပဲ ဖြစ်ရမယ်.. ဖုန်းကန်းအင်မော်တယ် မြို့တော်က ဖုန်းမိသားစုက ဒီလို ပုဂ္ဂိုလ်မျိုးနဲ့ ဘယ်လိုလုပ်ပြီး ပတ်သက်မှု ရှိနေရတာလဲ”

တိကွန်အင်မော်တယ်နန်းတော်မှ အရှင်ဟွမ်ချန် ပင်လျှင် ဤအခိုက်အတန့်တွင် မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ချီဟွမ်အင်မော်တယ် မြို့တော်ရှိ ဟွမ်မိသားစု၏ သခင်လေးသည် သူတို့ တိကွန်အင်မော်တယ်နန်းတော်၏ တပည့်ရင်း ဖြစ်သော‌ကြောင့် သူတို့ တိကွန်အင်မော်တယ် နန်းတော်သည် ဟွမ်မိသားစုကို ထောက်ပံ့ပေးထားခဲ့ခြင်းကြောင့် ဖြစ်သည်။

ဤဖုန်းချီအင်မော်တယ်တောင်တန်း ခရီးစဥ်အပြီးတွင် တိကွန်အင်မော်တယ်နန်းတော်သည် ဟွမ်မိသားစုကို ကူညီပြီး ဖုန်းမိသားစုကို သိမ်းပိုက်ရန် မူလက ရည်ရွယ်ထားခဲ့သည်။

ယခုအခါတွင်မူ ဖုန်းမိသားစု၏ ဘိုးဘေးဖြစ်သူ ဖုန်းချန်ရှင်းသည် အင်မော်တယ်ဘုရင် အဆင့် အင်အားစုမှ ဤလျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် လူငယ်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိနေသည် ဖြစ်ရာ အရှင်ဟွမ်ချန် အနေဖြင့် အလေးအနက်ထား စဥ်းစားရပေတော့မည်။

သူတို့ တိကွန်အင်မော်တယ်နန်းတော်သည် ဝိရောဓိနယ်မြေရှိ ထိုက်ယီအဆင့် အင်အားစုကြီး လေးစုထဲတွင် အင်အားအတောင့်တင်းဆုံး ဖြစ်သော်လည်း အင်မော်တယ်ဘုရင်အဆင့် အင်အားစုများ၏ ရှေ့မှောက်တွင်မူ ပုရွက်ဆိတ်နှင့် ဘာမှမခြားပေ။

ဆိုရလျှင် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို တစ်ကြိမ်မျှ ရန်စမိသည်နှင့် သူတို့ တိကွန်အင်မော်တယ် နန်းတော် အတွက် ကပ်ဘေးကို သယ်ဆောင်လာမည်မှာ သေချာသလောက်ပင်။

သို့ဖြစ်ရာ ဟွမ်မိသားစု တစ်ခု အတွက်ဖြင့် သူက ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းသော တည်ရှိမှုကို မည်ကဲ့သို့ ရန်စဝံ့ပါမည်နည်း။

“အရှင်ဇူရီ နှိမ်နင်းခံလိုက်ရပြီ ဆိုတော့ နန်းတော်ထဲက အခွင့်အလမ်းကို အရယူရမယ်”

ဤအခိုက်အတန့်တွင် ကျင့်ကြံသူ များစွာသည် မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် လောဘ အရိပ်အယောင်များ ဖုံးလွှမ်းနေသော မျက်ဝန်းများဖြင့် နန်းတော် ဆီသို့ အပြေးအလွှား သွားခဲ့ကြသည်။

အရှင်ဇူရီ နှိမ်နင်းခံလိုက်ရပြီ ဖြစ်၍ ယခုအချိန်သည် နန်းတော်အတွင်းသို့ ဝင်ရောက်ရန် အကောင်းဆုံးအချိန် ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများထဲမှ တစ်ယောက်က စတင် လှုပ်ရှားလိုက်သည်နှင့် အခြားသူများသည်လည်း တစ်ယောက်ပြီး တစ်ယောက် လှုပ်ရှားလာခဲ့ကြသည်။

ချက်ချင်းဆိုသလိုပင် ကျင့်ကြံသူများသည် လျင်မြန်သောအရှိန်ဖြင့် နန်းတော်ကြီး ဆီသို့ အပြေးအလွှား သွားရောက်ခဲ့ကြသည်။

အခန်း(၂၈၈၆)ပြီး၏။

All Chapters