← Chapters

အခန်း (၂၈၈၇-၂၈၈၈)

Vol. 229 Ch. 2887-2888

အခန်း (၂၈၈၇-၂၈၈၈)

Vol. 229 Ch. 2887-2888

အခန်း(၂၈၈၇)

တစ်ခဏအတွင်းမှာပင် အခြေအနေများက ပရမ်းပတာဖြစ်သွားခဲ့သည်။

အရှင်ဟွမ်ချန်နှင့် အခြားသူများ အပါအဝင် လူတိုင်းသည် တစ်ခဏမျှပင် တုံ့ဆိုင်းမနေဘဲ နန်းတော်အတွင်းသို့ လျင်မြန်စွာ ပြေးဝင်သွားကြသည်။

နန်းတော်ကြီး အပြင်ဘက်ရှိ ရာချီသော ကျင့်ကြံသူများသည် ယခုအခါတွင် အနည်းငယ်မျှသာ ကျန်ရစ်တော့၏။

ကျန်းချန်တို့လူစု အပြင် အရှင်ထိုက်ယွမ် ဦးဆောင်သော ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းနှင့် လဲ့ယန်အင်မော်တယ် နန်းတော်မှ အရှင်ဟုန်ယွင် တို့သာ လှုပ်ရှားမှုမရှိဘဲ ကျန်ရစ်ခဲ့ကြသည်။

“စီနီယာထိုက်ယွမ်.. ကျွန်တော်တို့ရော အထဲကို မဝင်ဘူးလား”

ထိုမြင်ကွင်းကိုမြင်လျှင် ယွမ်ထျန်းလွေ့သည် အရှင်ထိုက်ယွမ်အနားသို့ တိုးကပ်ကာ ခပ်တိုးတိုး မေးလိုက်သည်။

သူတို့ရှေ့မှ နန်းတော်ကြီးသည် ဝိရောဓိနယ်မြေ၏ နံပါတ်တစ် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်သည့် အရှင်ဇူရီ၏ ကျင့်ကြံသည့်နေရာဖြစ်သည်။

ယခုအခါ အရှင်ဇူရီ၏ အန္တရာယ် မရှိတော့၍ နန်းတော်ကြီးသည် ပိုင်ရှင်မဲ့ ဖြစ်နေခဲ့ပြီး အရှင်ဇူရီ ချန်ထားရစ်ခဲ့သည့် မရေမတွက်နိုင်သော အရင်းအမြစ်များနှင့် ရတနာများ သေချာပေါက် ရှိနေပေလိမ့်မည်။

ဟန်ယွင်အင်မော်တယ်တစ်ပါး ချန်ထားရစ်ခဲ့သည့် အရင်းအမြစ် ရတနာများကို ယွမ်ထျန်းလွေ့သည် သဘာဝကျစွာပင် အလွန်တရာ မက်မောနေခဲ့၏။

အကယ်၍ အရှင်ထိုက်ယွမ်သာ ဤနေရာတွင် ရှိမနေခဲ့လျှင် သူက စိတ်ချုပ်တည်းနိုင်မည် မဟုတ်ဘဲ နန်းတော်ထဲမှ အခွင့်အရေး အတွက် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းကို ဦးဆောင်ကာ ဝင်ရောက်သွားခဲ့လောက်ချေပြီ။

အရှင်ထိုက်ယွမ်က ယွမ်ထျန်းလွေ့ကို မျက်မှောင်ကြုတ်၍ ကြည့်ကာ ပြောလိုက်သည်။

“ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းဝင်တွေကို သေတွင်းထဲ ခေါ်သွားချင်တယ် ဆိုရင်တော့ မင်းဝင်သွားလိုက်”

ထိုစဥ်က သူသည် ဤနေရာကို မတော်တဆ ရောက်ရှိလာခဲ့ပြီး အရှင်ဇူရီ၏ ထိန်းချုပ်မှုကို ခံခဲ့ရကာ ဤနန်းတော်ကြီးတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ရ၏။

ဆိုရလျှင် သူသည် ဤနေရာရှိ မည်သူ့ထက်မဆို နန်းတော်၏ အခြေအနေကို ပို၍ သိရှိနားလည်ထားသူ ဖြစ်သည်။

ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါး၏ နေထိုင်ရာနေရာက အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းသည်။

နန်းတော်အတွင်း၌ အရှင်ဇူရီ၏ အန္တရာယ် မရှိတော့လျှင်ပင် အရှင်ဇူရီ ချန်ထားရစ်ခဲ့သည့် ကန့်သတ် အစီအရင်များစွာက ရှိနေဆဲပင်။

တလော့အင်မော်တယ် အဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရလိမ့်မည်သာ။

အရှင်နှင်းမှုန်သည် အရှင်ဇူရီ၏ ပြိုင်ဘက်ဟောင်းတစ်ယောက် ဖြစ်ခဲ့ဖူးပြီး ဟန်ယွင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်လည်း ဖြစ်ခဲ့ဖူးသောကြောင့် ဟန်ယွင်အဆင့်အင်မော်တယ် တစ်ပါး၏ နေထိုင်ရာ နေရာက မည်မျှကြောက်မက်ဖွယ်ရာကောင်းသည်ကို ကောင်းစွာ သိရှိနားလည်ထားခဲ့သည်။

နန်းတော်ထဲကို အဆင်အခြင်မဲ့ တိုးဝင်သွားလျှင် အနည်းငယ်ပေါ့ဆမိသည်နှင့် ထိုအတွက် အလွန်ကြီးမားသော အဖိုးအခကို ပေးဆပ်ရလိမ့်မည် ဖြစ်၏။

လဲ့ယန်အင်မော်တယ် နန်းတော်မှ အရှင်ဟုန်ယွင်သည် အမြဲတစေ သတိကြီးစွာ ထားတတ်သူ ဖြစ်သည်။

သူက အရှင်ထိုက်ယွမ်နှင့် အရှင်နှင်းမှုန်တို့ လှုပ်ရှားမှုမပြုသည်ကို မြင်လျှင် လဲ့ယန်အင်မော်တယ် နန်းတော်မှ လူများကိုလည်း အဆင်အခြင်မဲ့ လှုပ်ရှားခွင့် မပြုခဲ့ပေ။

သူတို့ ထိုက်ယီအဆင့် အင်အားစုလေးစုမှ ဘိုးဘေးများကိုယ်တိုင် ရောက်မလာသရွေ့ အရှင်ထိုက်ယွမ်နှင့် အရှင်နှင်းမှုန် တို့သည် နန်းတော်ကြီးထဲမှ အခွင့်အလမ်းကို ယှဥ်ပြိုင်ရန်အတွက် သေချာပေါက် အရည်အချင်းအရှိဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သို့သော်လည်း အရှင်ထိုက်ယွမ်နှင့် အရှင်နှင်းမှုန် တို့သည် အဆင်အခြင်မဲ့ လှုပ်ရှားခြင်း မရှိခဲ့ကြပေ။

ဤသည်ကို ကြည့်ခြင်းအားဖြင် နန်းတော်ထဲတွင် လှည့်ကွက် တစ်စုံတစ်ရာ ရှိနေရမည်မှာ ထင်ရှားနေသည် မဟုတ်ပါလား။

လက်တွေ့ အရှိတရားသည်လည်း အရှင်ဟုန်ယွင် ခန့်မှန်းထားသည့် အတိုင်းပင် ဖြစ်လာခဲ့သည်။

သိပ်မကြာခင်မှာပင် အစောပိုင်းက နန်းတော်ထဲသို့ ဝင်ရောက်သွားခဲ့ကြသည့် အရှင်ဟွမ်ချန်နှင့် အခြားသူများသည် စုတ်ပြတ်သတ်နေသော အခြေအနေဖြင့် နန်းတော်ထဲကနေ အရှက်တကွဲ ထွက်ပြေးလာခဲ့ကြသည်။

သူတို့အားလုံးက ဒဏ်ရာဗလပွ ဖြစ်နေခဲ့ပြီး အရှိန်အဝါများသည်ပင် အလွန်တရာ အားနည်းနေခဲ့၏။

အရှင်ဟွမ်ချန်နှင့် တလော့အင်မော်တယ် အနည်းငယ်က လွဲ၍ နန်းတော်ထဲကို ဝင်ရောက်သွားခဲ့ကြသည့် လူအများစုသည် နန်းတော်ထဲတွင်သာ ထာဝရ ကျန်ရစ်ခဲ့ကြပြီး အသက်ရှင်လျက် လုံးဝ ပြန်ထွက်မလာနိုင်ကြတော့ပေ။

သူ့ရှေ့မှ အခြေအနေကို ကြည့်ကာ ယွမ်ထျန်းလွေ့နှင့် အရှင်ဟုန်ယွင် တို့သည် ထိတ်လန့် တုန်လှုပ်သွားခဲ့ကြ၏။

ကံကောင်းထောက်မစွာဖြင့် သူတို့က နန်းတော် အတွင်းသို့ အဆင်အခြင်မဲ့ မဝင်ရောက်ခဲ့မိပေ။

သို့မဟုတ်လျှင် သူတို့သည်လည်း ထိုအတွက် အလွန်ကြီးမားသော အဖိုးအခကို သေချာပေါက် ပေးဆပ်ရလိမ့်မည်ဖြစ်သည်။

“ကောင်လေး ဒီနန်းတော်ကြီးကို အင်မော်တယ်ကျောက်တိုင်ထဲ ထည့်သွင်းလိုက်စမ်းပါ.. ရှေးဟောင်း အင်မော်တယ် အစီအရင်အတွက် ဖွဲ့စည်းထားတဲ့ ပစ္စည်းတွေက မရိုးရှင်းဘူး.. အဲဒါက အင်မော်တယ်ကျောက်တိုင်ကို ပြန်လည် ပြုပြင်ဖို့အတွက် အကူအညီ အနည်းငယ်တော့ ဖြစ်စေလိမ့်မယ်”

ထိုအခိုက်အတန့်တွင် အင်မော်တယ်ကျောက်တိုင်ဝိညာဥ်၏ စကားသံသည် ကျန်းချန်၏ စိတ်ထဲတွင် ထပ်မံ ပဲ့တင်ထပ်လာခဲ့သည်။

ကျန်းချန်က စိတ်လှုပ်ရှားလာခဲ့ပြီး တုံ့ဆိုင်းမနေတော့ဘဲ တစ်ခဏ အတွင်းမှာပင် နန်းတော်ကြီး၏ အထက် ကောင်းကင်ယံတွင် တိုက်ရိုက် ပေါ်လာခဲ့ပြီး အင်မော်တယ် အကျဥ်းသားစွမ်းအားကို ထပ်မံ ထုတ်ဖော်လိုက်သည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ကျယ်လောင်သော အသံများ ထွက်ပေါ်လာခဲ့ပြီးနောက်တွင် နန်းတော်ကြီးသည် အင်မော်တယ် အကျဥ်းသား စွမ်းအား၏ သက်‌ရောက်မှုဖြင့် မြေပြင်ကနေ အထက်သို့ ဆွဲတင်ခြင်း ခံလိုက်ရသည်။

“ကောင်လေး မင်း ဒါဘာသဘောလဲ.. အရှင်ဇူရီ ချန်ထားရစ်ခဲ့တဲ့ အခွင့်အလမ်းကို တစ်ယောက်တည်း သိမ်းပိုက်ချင်နေတာလား”

ကျန်းချန်က အင်မော်တယ်ကျောက်တိုင်ကို ထပ်မံ လှုံ့ဆော်၍ နန်းတော်ကြီး တစ်ခုလုံး သိမ်းယူလိုက်မှန်း မြင်လိုက်ရလျှင် အရှင်ဟွမ်ချန်၏ မျက်နှာ အမူအရာက တစ်ခဏအတွင်း အလွန်တရာ သုန်မှုန်သွားခဲ့သည်။

အစောပိုင်းကပင် သူတို့သည် နန်းတော်ထဲကို အတင်းအကျပ် ဝင်ရောက်သွားခဲ့ကြပြီး ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ရရုံတင်မက အကျိုးအမြတ် တစ်စက်ကလေးမှပင် မရရှိခဲ့ကြပေ။

ယခုအခါတွင်မူ ကျန်းချန်သည် နန်းတော်ကြီး တစ်ခုလုံးကို သိမ်းပိုက်သွားခဲ့ချေပြီ။

ယင်းမှာ သူတို့အနေဖြင့် နန်းတော်ထဲတွင် အလဟဿ စွန့်လွှတ် အနစ်နာခံခဲ့ရသည်ဟု ဆိုလိုနေခြင်းမပင် မဟုတ်ပါလော။

ကျန်းချန်က အရှင်ဟွမ်ချန်ကို ခံစားချက်ကင်းမဲ့သောအမူအရာဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

“အရှင်ဇူရီကို ငါနှိမ်နင်းခဲ့တာပဲ.. ခင်ဗျားက ဘာကောင်မို့ လာကန့်ကွက် နေရတာလဲ”

“တကယ်လို့ မင်းကို ကူညီဖို့ စီနီယာ ထိုက်ယွမ်သာ မရှိခဲ့ရင် မင်းအနေနဲ့ အရှင်ဇူရီကို နှိမ်နင်းနိုင်မဲ့ အခွင့်အရေး ဘယ်လိုလုပ်ပြီး ရနိုင်မှာလဲ”

ထျန်းကျန်းအင်မော်တယ် နန်းတော်မှ အရှင်ထျန်းခိုင်နှင့် ကျိုးမင်အင်မော်တယ် နန်းတော်မှ အရှင်မင်တို့ အားလုံးသည် ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်ကြသည်။

“နန်းတော်ထဲက အခွင့်အလမ်းကို လူတိုင်း မျှဝေခံစားသင့်တယ်.. နန်းတော်ကြီးကို ငါတို့ဆီ အမြန်ဆုံး ပြန်လွှဲအပ်စမ်း”

သူတို့အားလုံးသည် တလော့ အထွတ်အထိပ် အဆင့်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ကြခြင်း ဖြစ်ပြီး ထိုက်ယီအင်မော်တယ်အဆင့်ကို ထိုးဖောက်နိုင်မည့် အခွင့်အလမ်းကို ရှာဖွေနေခဲ့ကြခြင်း ဖြစ်သည်။

အရှင်ဇူရီ၏ နန်းတော်ထဲတွင် သူတို့ကို ထိုက်ယီအဆင့်သို့ ထိုးဖောက်နိုင်အောင် အကူအညီ ပေးနိုင်မည့် ပြိုင်ဘက်ကင်း အခွင့်အလမ်း တစ်ခု ရှိနေမည်မှာ သေချာသလောက်ပင်။

ယခု အခွင့်အရေးက သူတို့ရှေ့တွင် ရှိနေပြီ ဖြစ်ရာ သူတို့အနေဖြင့် အဘယ်ကြောင့် အလွယ်တကူ လက်လွှတ် ဆုံးရှုံးခံနိုင်ပါမည်နည်း။

“ဟားဟား.. နန်းတော်ကြီးကို မလွှဲအပ်တော့ရော မင်းတို့ ဘာလုပ်နိုင်မလဲ ဆိုတာ ဒီအရှင် ကြည့်ချင်သေးတယ်”

အရှင်နှင်းမှုန်က တစ်ခဏအတွင်းမှာပင် ကျန်းချန်၏ နံဘေးတွင် ပေါ်လာခဲ့သည်။

သူ၏ အေးစက်စက် စကားသံက တစ်ခဏအတွင်း ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

ကျန်းချန်၏ နံဘေးတွင် ပေါ်လာသည့် အရှင်နှင်းမှုန်ကို မြင်လျှင် အရှင်ဟွမ်ချန်နှင့် အခြားသူများသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ကြသည်။

အရှင်နှင်းမှုန်သည် တစ်ချိန်က အရှင်ဇူရီနှင့် တန်းတူ နာမည်ကျော်ကြားခဲ့သည့် ဟန်ယွင် အထွတ်အထိပ်အဆင့် အင်မော်တယ် တစ်ပါး ဖြစ်သည်။

ထိုအချိန်က အရှင်ဇူရီနှင့် တိုက်ပွဲတွင် ကြီးမားသော ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရပြီး ယခုအခါတွင် အရှင်ဇူရီ၏ အင်အားသည် အလွန်အမင်း ကျဆင်းသွားခဲ့ပြီ ဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ ထိုက်ယီ အင်မော်တယ်အဆင့်နှင့် ယှဥ်ပြိုင်နိုင်နေဆဲ ဖြစ်၏။

ယခု အရှင်နှင်းမှုန်က ကျန်းချန် ဘက်ကနေ ပြောဆိုနေခဲ့ရာ သူတို့အနေဖြင့် ကျန်းချန်ကို ကိုင်တွယ်ရန် အမှန်တကယ် ခက်ခဲနေခဲ့သည်။

အရှင်ဟွမ်ချန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“စီနီယာက အစွမ်းထက်တယ် ဆိုပေမဲ့ စီနီယာအနေနဲ့ သူ့ကို တစ်ကိုယ်တော် ကာကွယ်ပေးဖို့တော့ မလွယ်လောက်ဘူး”

အကယ်၍ အရှင်နှင်းမှုန်သာ သူ၏ အထွတ်အထိပ် ကာလကလို အစွမ်းထက်နေခဲ့လျှင် အရှင်ဟွမ်ချန်သည် လုံးဝ ဖီဆန်ဝံ့မည် မဟုတ်ပေ။

သို့သော် ယခုအခါတွင် အရှင်နှင်းမှုန်သည် ထိုက်ယီအင်မော်တယ်အဆင့် စွမ်းအားလောက်သာ ပိုင်ဆိုင်ထားခဲ့သည်။

ဝိရောဓိနယ်မြေရှိ ထိုက်ယီအဆင့် အင်အားစု လေးစုစလုံးတွင် ထိုက်ယီအဆင့် ဘိုးဘေးများ ရှိသောကြောင့် သူတို့သည် အရှင်နှင်းမှုန်ကို အလွန်အမင်း ကြောက်ရွံ့ခြင်း မရှိကြပေ။

“ဟမ့် ဒီအရှင် ကာကွယ်ချင်တဲ့သူကို ဆံခြည်တစ်မျှင်တောင် ဘယ်သူမှ ထိခိုက်အောင် လုပ်လို့ရမှာမဟုတ်ဘူး”

အရှင်နှင်းမှုန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။

ထို့နောက်တွင် ကြောက်မက်ဖွယ် အရှိန်အဝါသည် တစ်ခဏအတွင်း ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

“အပိုစကားတွေ ပြောမနေနဲ့တော့.. တိုက်ချင်ရင်လည်း တိုက်ကြတာပေါ့.. ဒီအရှင်က မင်းတို့ကို အဖော်ပြုပြီး ကစားပေးမယ်”

အရှင်ဟွမ်ချန်၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ရုတ်တရက် ယှက်သန်းသွားခဲ့သည်။

သူက တိကွန်အင်မော်တယ် နန်းတော်မှ ထိုက်ယီအင်မော်တယ်အဆင့် ဘိုးဘေးကို ဆင့်ခေါ်ရန် ပြင်လိုက်စဥ်မှာပင် သူ၏နားထဲတွင် တိုးညင်းသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ဟွမ်ချန် ငါ့ရဲ့မျက်နှာကို ထောက်ထားပြီး ဒီကိစ္စမှာ လက်လျော့လိုက်ပါ.. ဒီနေ့ အရှင်ဇူရီကို နှိမ်နင်းနိုင်ခဲ့တာက ဒီမိတ်ဆွေလေးကြောင့်ပဲ.. အရှင်ဇူရီ ချန်ထားရစ်ခဲ့တဲ့ နန်းတော်ကို ဒီမိတ်ဆွေလေး သိမ်းပိုက်တာက အကျိုးအကြောင်း သင့်လျော်တဲ့ ကိစ္စ တစ်ခုပါပဲ”

ထိုစကားကိုကြားလျှင် ဘိုးဘေးကို ဆင့်ခေါ်ရန် ပြင်နေသည့် အရှင်ဟွမ်ချန်သည် အနည်းငယ် တုံ့ဆိုင်းသွားခဲ့ပြီး သူ၏ မျက်နှာအမူအရာက တစ်ခဏအတွင်းမှာပင် အလွန်တရာ သုန်မှုန်သွားခဲ့သည်။

အခန်း(၂၈၈၇)ပြီး၏။

အခန်း(၂၈၈၈)

“စီနီယာထိုက်ယွမ် ဒါကတော့ မဟုတ်သေးဘူး ထင်တယ်”

အရှင်ဟွမ်ချန်၏ မျက်နှာ အမူအရာက အလွန်ပင် သုန်မှုန်သွားခဲ့သည်။

နန်းတော်ထဲတွင် မည်ကဲ့သို့သော အခွင့်အရေးမျိုး ရှိနေသည်ကို အရှင်ထိုက်ယွမ်သည် မည်သူ့ထက်မဆို ပို၍ သိရှိနားလည်ထား၏။

ထိုစဥ်က အရှင်ထိုက်ယွမ်သည် ဤနေရာတွင် သူရရှိခဲ့သော အခွင့်အလမ်းကို အသုံးချပြီး ဝိရောဓိနယ်မြေ၏ နာမည်ကျော်ကြားသော ထိုက်ယီအဆင့် အင်မော်တယ်တစ်ပါး ဖြစ်လာခဲ့သည်။

အရှင်ထိုက်ယွမ် အနေဖြင့် နန်းတော်ထဲမှ အခွင့်အလမ်းကို အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးအား ပေးအပ်ရန် လိုလိုလားလား ရှိလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။

အကယ်၍ အရှင်နှင်းမှုန် တစ်ယောက်တည်းသာ ဆိုလျှင် သူ့အနေဖြင့် ထိုက်ယီအဆင့် ဘိုးဘေးကို ဆင့်ခေါ်ကာ ဝင်ရောက်ယှဥ်ပြိုင်နိုင်မည့် အခွင့်အရေး ရှိနေသေးသည်။

သို့သော် ယခုအခါတွင်မူ အရှင်ထိုက်ယွမ်ကပါ ထိုကောင်လေးကို အကာအကွယ် ပေးချင်နေခဲ့၏။

ဆိုရလျှင် သူ့အနေဖြင့် ထိုက်ယီအဆင့် ဘိုးဘေးကို ဆင့်ခေါ်လျှင်ပင် အခွင့်အရေးရရှိရန် မသေချာတော့ပေ။

အရှင်ထိုက်ယွမ်သည် လက်ရှိ ဝိရောဓိနယ်မြေ၏ နံပါတ်တစ် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။

သူတို့ ထိုက်ယီအဆင့် အင်အားစုလေးစုမှ ထိုက်ယီအင်မော်တယ်အဆင့် ဘိုးဘေးများ ပင်လျှင် အရှင်ထိုက်ယွမ်ကို ကြောက်ရွံ့ကြသည်။

သူတို့အတွက် အရှင်ထိုက်ယွမ် တစ်ယောက်တည်းကပင် အလွန်တရာ ကိုင်တွယ်ရ ခက်ခဲနေပြီ ဖြစ်သည်။

ထို့အပြင် အရှင်နှင်းမှုန်သည်လည်း အရှင်ဇူရီနှင့် တန်းတူ နာမည် ကျော်ကြားသည့် ထိပ်တန်းပုဂ္ဂိုလ် တစ်ယောက် ဖြစ်သည်။

ထိုနှစ်ယောက် ပူးပေါင်းလိုက်လျှင် ဝိရောဓိနယ်မြေ တစ်ခုလုံးတွင် မည်သူမှ အလွယ်တကူ ယှဥ်ပြိုင်နိုင်မည် မဟုတ်ချေ။

“အရှင်ဟွမ်ချန်.. တကယ်လို့ ဒီက သခင်လေးသာ အရှင်ဇူရီကို မနှိမ်နင်းပေးခဲ့ရင် မင်းအနေနဲ့ အခုအချိန်မှာ အသက်ရှင်လျက်နဲ့ ဒီနေရာမှာတောင် ရပ်နေနိုင်မှာ မဟုတ်ဘူး.. ကျေးဇူးမတင်ရင်နေပါစေ.. မင်းက ဘယ်လိုတောင် မျက်နှာပြောင်တိုက်ပြီး အခွင့်အရေးကို လုယူချင်နေရတာလဲ”

ဤအခိုက်အတန့်တွင် လဲ့ယန်အင်မော်တယ် နန်းတော်မှ အရှင်ဟုန်ယွင်၏ စကားသံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

မကြာသေးမီက ကျန်းချန်နှင့် ဟန်ယွင် အင်မော်တယ်စမ်းရေတွင်း အတွက် ယှဥ်ပြိုင်ခဲ့စဥ် ကတည်းကပင် အရှင်ဟုန်ယွင်သည် ကျန်းချန်နှင့် မိတ်ဆွေဖွဲ့ရန် ဆုံးဖြတ်ထားခဲ့ပြီးပြီ ဖြစ်သည်။

အထူးသဖြင့် ကျန်းချန်က အင်မော်တယ်ဘုရင် အဆင့် လက်နက်ကို ထုတ်ဖော်ကာ အရှင်ဇူရီကို နှိမ်နင်းလိုက်သည်အား မြင်တွေ့ပြီးနောက်တွင် အရှင်ဟုန်ယွင်၏ ဆုံးဖြတ်ချက်က ပို၍ပင် ခိုင်မာသွားခဲ့သည်။

ထို့ကြောင့် အရှင်ဟုန်ယွင်က ဤကဲ့သို့သော အချိန်တွင် ဝင်ရောက် ပြောဆိုပေးခဲ့ခြင်း ဖြစ်သည်။

နန်းတော်ထဲတွင် အရှင်ဇူရီ ချန်ထားရစ်ခဲ့သည့် အခွင့်အလမ်းများ ရှိနေသည်ဆိုသော်လည်း အင်မော်တယ်ဘုရင် အဆင့် နောက်ခံကနေ ဆင်းသက်လာသော ဆန်းကြယ်သည့် ပါရမီရှင်ကျန်းချန်ကို သွားရောက် စော်ကားမိလျှင် သေချာပေါက် ဆုံးရှုံးမှု ကြီးမားသွားလိမ့်မည် ဖြစ်၏။

ယင်းအပြင် အရှင်နှင်းမှုန်နှင့် အရှင်ထိုက်ယွမ်တို့ ရှိနေခြင်းကြောင့် အရှင်ဟွမ်ချန်နှင့် အခြားသူများ အနေဖြင့် သူတို့၏ နောက်ကွယ်မှ ထိုက်ယီအဆင့် ဘိုးဘေးများကို ဆင့်ခေါ်လျှင်ပင် မည်သည့် အကျိုးအမြတ်မှ ရရှိနိုင်မည် မဟုတ်ချေ။

လဲ့ယန်အင်မော်တယ် နန်းတော်ကပါ ကျန်းချန် ဘက်တွင် ရပ်တည်ပေးလိုက်သည်ကို မြင်လျှင် အရှင်ဟွမ်ချန်၏ မျက်နှာ အမူအရာက ပို၍ပင် သုန်မှုန်သွားခဲ့သည်။

“သွားကြမယ်”

သူက မကျေမနပ် ဖြစ်နေခဲ့သော်လည်း အဆင်အခြင်မဲ့လှုပ်ရှားရန် မဝံ့ရဲခဲ့ပေ။

တစ်ခဏမျှ တွေးတောပြီးနောက်တွင် အဆုံးသတ်၌ သူက စကားတစ်ခွန်းမျှ မပြောတော့ဘဲ တိကွန်အင်မော်တယ်နန်းတော်မှ လူများနှင့် အတူ လှည့်ထွက်ကာ ကျိရီအင်မော်တယ်တောင်တန်းကနေ ထွက်ခွာသွားခဲ့သည်။

အရှင်ဟွမ်ချန်က တိကွန်အင်မော်တယ်ျ နန်းတော်မှ လူများကို ခေါ်ဆောင်၍ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ထျန်းကန်းအင်မော်တယ် နန်း‌တော်မှ အရှင်ထျန်းခိုင်နှင့် ကျိုးမင်အင်‌မော်တယ် နန်းတော်မှ အရှင်မင် တို့သည်လည်း ကိုယ်စီ အဖွဲ့များကို ဦးဆောင်ကာ ဆုတ်ခွာရန်မှ လွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

အရှင်ဟွမ်ချန်နှင့် အခြားသူများ ထွက်ခွာသွားကြသည်ကို မြင်လျှင် အရှင်ထိုက်ယွမ်က ကျန်းချန်ကို ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“မိတ်ဆွေလေး.. ဒီနေ့ကိစ္စအတွက် ကျေးဇူးတင်ပါတယ်”

ထိုစဥ်က သူသည် ဤနေရာသို့ မတော်တဆ ရောက်ရှိလာခဲ့ပြီး အဆုံးသတ်တွင် အရှင်ဇူရီ၏ ထိန်းချုပ်ခြင်းကို ခံခဲ့ရသည်။

ဤနှစ်များ တစ်လျှောက်လုံးတွင် သူ၏ ခန္ဓာကိုယ်ထဲ၌ အရှင်ဇူရီ ထည့်သွင်းထားသည့် စည်းတံဆိပ်ကို ချေဖျက်နိုင်မည့်နည်းလမ်းအား ရှာဖွေနေခဲ့ရသည်။

နောက်ပိုင်းတွင် သူက ဟန်ယွင် အင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ဦး ထံကနေ ဖြေရှင်းနည်းကို ရရှိခဲ့၏။

သို့သော်လည်း သူက ဖြေရှင်းနည်းကို ရရှိခဲ့သည့်တိုင် အရှင်ဇူရီ၏ ထိန်းချုပ်မှုအောက်ကနေ လုံးဝ ကင်းလွတ်ရန် အတွက် အချိန်အနည်းငယ် ယူရလိမ့်ဦးမည် ဖြစ်သည်။

သို့ရာတွင် သူက အရှင်ဇူရီ၏ ထိန်းချုပ်မှုအောက်ကနေ လုံးဝမလွတ်မြောက်သေးမီမှာပင် ကျိရီ အင်မော်တယ်တောင်တန်း၏ အပြောင်းအလဲကို ခံစားမိခဲ့သည်။

ထို့ကြောင့်ပင် အရှင်ထိုက်ယွမ်သည် အရှင်ဇူရီ ပြန်လည် မွေးဖွားလာခြင်းကို တားဆီးရန်အတွက် အလျင်အမြန် ပြန်လာခဲ့ခြင်း ဖြစ်၏။

သို့မဟုတ်ဘဲ အရှင်ဇူရီသာ ပြန်လည် မွေးဖွားလာခဲ့လျှင် သူ့ကို အလွယ်တကူနှင့် အလွှတ်ပေးရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

သို့သော် အရှင်ဇူရီ၏ စွမ်းအားသည် အရှင်ထိုက်ယွမ် မှန်းဆထားသည်ထက်ပင် လုံးဝ ကျော်လွန်နေခဲ့သည်။

အရှင်ဇူရီက အထွတ်အထိပ် အခြေအနေတွင် မရှိတော့လျှင်ပင် ဟန်ယွင် အထွတ်အထိပ် အဆင့်အောက်တွင် ပြိုင်ဘက်ကင်းဟု ဆို၍ ရ၏။

အရှင်နှင်းမှုန် အပါအဝင် သူတို့အားလုံးက အရှင်ဇူရီကို ပူးပေါင်း တိုက်ခိုက်ခဲ့သည့်တိုင် အရှင်ဇူရီကို အနိုင်ရရန်မှာ လုံးဝ မဖြစ်နိုင်လုနီးပါးပင်။

အကယ်၍ ကျန်းချန်သာ အရှင်ဇူရီကို နှိမ်နင်းရန် အတွက် အင်မော်တယ်ဘုရင် အဆင့် လက်နက်ကို အသုံးမပြုခဲ့လျှင် ယနေ့တွင် သူတို့ထဲမှ မည်သူကမျှ ကျိရီ အင်‌မော်တယ် တောင်တန်းထဲကနေ အသက်ရှင်လျက် ထွက်သွားနိုင်ကြလိမ့်မည် မဟုတ်ချေ။

အရေးကြီးဆုံးအချက်မှာ ကျန်းချန်က အင်မော်တယ်ဘုရင်အဆင့် လက်နက်ဖြင့် အရှင်ဇူရီကို နှိမ်နင်းပေးခဲ့သောကြောင့် အရှင်ထိုက်ယွမ် အနေဖြင့် အရှင်ဇူရီ၏ ထိန်းချုပ်မှု ခံရတော့မည်ကို စိုးရိမ်စရာ မလိုအပ်တော့ပေ။

သူ့ကိုသာ အချိန် အလုံအလောက် ပေးသရွေ့ သူ၏ခန္ဓာကိုယ်ထဲတွင် အရှင်ဇူရီ ထားရစ်ခဲ့သည့် စည်းတံဆိပ်ကို လုံးဝချေဖျက်နိုင်လိမ့်မည် ဖြစ်သည်။

ထို့ကြောင့် အရှင်ထိုက်ယွမ်သည် ကျန်းချန်ကို စိတ်နှလုံးထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိခဲ့သည်။

အရှင်ဇူရီ၏ နန်းတော်တွင် အခွင့်အလမ်း များစွာ ရှိသည်ကို သူ သိထားသော်လည်း အရှင်ထိုက်ယွမ်သည် ကျန်းချန်က အရှင်ဇူရီ၏ နန်းတော်အား ယူဆောင်သွားခြင်း အပေါ်တွင် ကန့်ကွက်လိုစိတ် အနည်းငယ်မျှပင် မရှိခဲ့ပေ။

ထို့အပြင် ထိုကောင်လေးသည် ကမ္ဘာ‌လောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းအားကို နားလည်သဘောပေါက်ထားသည့် ရွှေအင်မော်တယ် သတ္တမအဆင့်ကျင့်ကြံသူ ဖြစ်သည့် အပြင် အင်မော်တယ်ဘုရင် အဆင့်လက်နက်ကိုပါ ပိုင်ဆိုင်ထားရာ ထိုကောင်လေး၏ နောက်ခံသည် သေချာပေါက် ကြောက်မက်ဖွယ်ရာ ကောင်းမည်မှာ တွေးနေစရာပင် မလိုပေ။

ထိုကဲ့သို့သော ပုဂ္ဂိုလ်သည် ရန်သူအဖြစ် မရွေးချယ်ဘဲ မိတ်ဆွေ အဖြစ်သာ ‌ရွေးချယ်သင့်သော ပုဂ္ဂိုလ်မျိုး ဖြစ်သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

“အရှင်ထိုက်ယွမ် အားနာမနေပါနဲ့.. တကယ်လို့ ခင်ဗျားသာ အရှင်ဇူရီကို ပိတ်ဆို့ မထားပေးခဲ့ရင် ကျွန်တော်လည်း အရှင်ဇူရီကို အလွယ်တကူ နှိမ်နင်းနိုင်မှာ မဟုတ်ဘူး”

“မိတ်ဆွေလေး...ကိစ္စလည်း ပြီးသွားပြီဆိုတော့ ဒီအဘိုးကြီးလည်း ထွက်သွားတော့မယ်.. တကယ်လို့ မိတ်ဆွေလေးအနေနဲ့ အနာဂတ်မှာ ဒီအဘိုးကြီးကို အသုံးလိုတာများ ရှိခဲ့ရင် ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းမှာ ဒီအဘိုးကြီးကို လာရှာနိုင်ပါတယ်”

အရှင်ထိုက်ယွမ်က ကျန်းချန်ကို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်ပြီး ချက်ချင်းဆိုသလိုပင် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းမှ လူများနှင့် အတူ ထွက်ခွာသွားခဲ့သည်။

လဲ့ယန်အင်မော်တယ် နန်းတော်မှ အရှင်ဟုန်ယွင်သည်လည်း ကျန်းချန်ကို ယဥ်ကျေးစွာဖြင့် နှုတ်ဆက်စကား ပြောလိုက်ပြီး လဲ့ယန်အင်မော်တယ် နန်းတော်မှ လူများကို ဦးဆောင်ကာ ကျိရီ အင်မော်တယ် တောင်တန်းကနေ ထွက်ခွာသွားခဲ့ကြသည်။

ထိုက်ယီအဆင့် အင်အားစုလေးစုနှင့် ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းတို့ ထွက်ခွာသွားကြပြီးနောက်တွင် ဝိရောဓိနယ်မြေရှိ အခြားသော အင်အားစုများသည် ကျန်းချန် ယူဆောင်သွားသော နန်းတော်ကြီးကို လိုချင် တပ်မက်နေကြသော်လည်း မည်သူကမျှ ကျန်းချန် အပေါ် မကြံစည်ဝံ့ကြပေ။

သူတို့က အရှင်နှင်းမှုန် မည်မျှအထိ စွမ်းအားကြီးမားသည်ကို အစောပိုင်းကပင် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။

ထိုပုဂ္ဂိုလ်သည် အရှင်ထိုက်ယွမ်နှင့်ပင် ယှဥ်ပြိုင်နိုင်လောက်သည့် ကြောက်မက်ဖွယ်ရာကောင်းသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်။

အဆုံးသတ်တွင်မူ အင်အားစုများသည် တစ်စုပြီးတစ်စု ထွက်ခွာသွားကြပြီး ကျန်းချန်၏ ရှေ့ကနေ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။

“ကောင်လေး နောက်ထပ်မင်းမှာ ဘာအစီအစဥ်တွေ ရှိလဲ”

လူတိုင်း ထွက်ခွာသွားပြီးနောက်တွင် အရှင်နှင်းမှုန်သည် ကျန်းချန်ကို ကြည့်ကာ မေးလိုက်သည်။

ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်ပြီးမျှ အရှင်နှင်းမှုန်ကို ပြောလိုက်သည်။

“ကျွန်တော် ကိစ္စတချို့ကို ကိုင်တွယ်ဖြေရှင်းဖို့ ဝိရောဓိနယ်မြေကနေ ထွက်ခွာရလိမ့်မယ်.. စီနီယာရော ထွက်သွားတော့မှာလား”

အရှင်နှင်းမှုန်က အားနာမနေဘဲ လိုရင်းကို တိုက်ရိုက်ပြောလိုက်သည်။

“မင်းသဘောတူမယ်ဆိုရင် ငါမင်းရဲ့ ရုပ်သေးရုပ်ကို တစ်ခဏလောက် ဆက်ပြီး ငှားရမ်းချင်တယ်.. ဒါပေမဲ့ အလကားသက်သက် ငှားရမ်းမှာတော့ မဟုတ်ဘူး.. ရုပ်သေးရုပ်မှာ ရှိနေတဲ့ အချိန်အတွင်း မင်းမှာ ဘယ်လိုကိစ္စပဲရှိရှိ ငါအကူအညီပေးပါ့မယ်”

ရုပ်သေးရုပ်တွင် အချိန်အတော်ကြာ ခိုလှုံနေထိုင်ခဲ့ပြီးနောက်တွင် အရှင်နှင်းမှုန်သည် ရုပ်သေးရုပ်က အလွန် ထူးခြားဆန်းပြားကြောင်း နားလည်သွားခဲ့သည်။

ထိုရုပ်သေးရုပ်သည် အသက်ရှင်စဥ်က ဟန်ယွင်အဆင့်ကျင့်ကြံသူထက်ပင် သာလွန်သော အနှိုင်းမဲ့ပုဂ္ဂိုလ် တစ်ပါး ဖြစ်နိုင်ခြေ အလွန်များ၏။

သူ့အနေဖြင့် ဤကဲ့သို့ ခန္ဓာကိုယ်ထဲတွင် ခိုလှုံနေထိုင်ခြင်းသည် သူ၏ အင်မော်တယ်ဝိညာဥ် ပြန်လည် ကောင်းမွန်လာစေရန်အတွက် အလွန်အမင်း အကျိုးရှိစေခဲ့သည်။

ထို့ကြောင့် အရှင်နှင်းမှုန်က ရုပ်သေးရုပ်ကနေ ထွက်ခွာရန် ဆန္ဒ မရှိသည်မှာ ထင်ရှားနေခဲ့၏။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“စီနီယာဘက်က လိုလိုလားလား ရှိတယ် ဆိုရင် ကျွန်တော့်အနေနဲ့ သဘောမတူစရာ မရှိပါဘူး”

အရှင်နှင်းမှုန်သည် တစ်ချိန်က ဟန်ယွင် အထွတ်အထိပ်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ပါး ဖြစ်ခဲ့ဖူးသည်။

ယခု အရှင်နှင်းမှုန်၏ အင်မော်တယ် ဝိညာဥ်က အင်မော်တယ်ဘုရင်ရုပ်အလောင်းကို ထိန်းချုပ်ထားခြင်း ဖြစ်ရာ သူကိုယ်တိုင်က အင်မော်တယ်ဘုရင် ရုပ်အလောင်းကို ထိန်းချုပ်ခြင်းထက်ပင် အင်မော်တယ်ဘုရင် ရုပ်အလောင်း၏စွမ်းအားကို ပို၍ ထုတ်ဖော်နိုင်မည်မှာ သေချာ၏။

သူ့အနေဖြင့် ဝိရောဓိနယ်မြေမှ ထွက်ခွာကာ ပိယွင်အင်မော်တယ် နန်းတော်သို့ သွားရောက်ပြီး လင်းရှီယောင်နှင့် ထားရှိခဲ့သော ကတိကဝတ်ကို အကောင်အထည် ဖော်ရဦးမည် ဖြစ်သည်။

ပိယွင်အင်မော်တယ် နန်းတော်၏ အဆင့်အတန်းကို သူ အသေအချာ မသိသော်လည်း ၎င်းသည် အနည်းဆုံး တလော့အဆင့် အင်အားစုတစ်စု ဖြစ်နိုင်လောက်သည်။

အကယ်၍ သူ့အနားတွင် အရှင်နှင်းမှုန် ရှိနေခဲ့လျှင် ပိယွင်အင်မော်တယ် နန်းတော်ကို ချေမှုန်းရာ၌ သံသယဖြစ်ဖွယ်ရာမရှိ ပို၍ လွယ်ကူသွားလိမ့်မည် မဟုတ်ပါလား။

အခန်း(၂၈၈၈)ပြီး၏။

All Chapters