← Chapters

အခန်း ၄၁၁

Vol. 42 Ch. 411

အခန်း ၄၁၁

Vol. 42 Ch. 411

အခန်း (၄၁၁) - ကိုယ့်သေတွင်းကိုယ်တူးခဲ့သော မောင်နှမ

ဒန်ရှားတောင်ခြေတွင် ဖြစ်သည်။

အတိတ်က ခြောက်ကပ်ခဲ့ဖူးသော ခရမ်းရောင် ဝါးတောကြီးသည် လော့ထျန်းအဖွဲ့၏ စနစ်တကျ စီမံခန့်ခွဲမှုအောက်တွင် ယခုအခါ ပြန်လည်၍ စိမ်းလန်းစိုပြည်လာခဲ့ပြီ ဖြစ်သည်။ ဝါးပင်များမှာ မြန်ဆန်စွာ ကြီးထွားနေကြပြီး ခရမ်းရောင်ဝါးရွက်များမှာလည်း တောင်လေညင်းနှင့်အတူ လွတ်လပ်စွာ လှုပ်ခတ်နေကြတော့သည်။ ဤနှုန်းအတိုင်းဆိုပါက နှစ်ကုန်ပိုင်းတွင် ဤဝါးများကို ခုတ်လှဲပါက လော့ထျန်းအဖွဲ့အနေဖြင့် အမြတ်အစွန်း အမြောက်အမြား ရရှိမည်မှာ သေချာလှသည်။ ထိုမျှသာမက မည်သည့်တစ်ကိုယ်တော်ကျင့်ကြံသူမျှ ယခုအခါ ဤနေရာကို လာရောက် မထိပါးရဲတော့ပေ။ အကြောင်းမှာ ထိုသို့လုပ်ဆောင်ခြင်းသည် လော့ထျန်းအဖွဲ့တစ်ဖွဲ့လုံးအား တိုက်ရိုက် စိန်ခေါ်ခြင်း ဖြစ်သောကြောင့်ပင်။

ယခုအခါ ထိုခရမ်းရောင်ဝါးတောကြီး၏ အပြင်ဘက်၌ ပြင်းထန်လှသော တိုက်ပွဲ သုံးခုမှာ မီးကုန်ယမ်းကုန် ဖြစ်ပွားလျက်ရှိသည်။

ခရမ်းရောင်ဝါးတောထဲတွင်မူ လူနှစ်ဦး ဘေးချင်းယှဉ်လျက် လမ်းလျှောက်နေကြသည်။ နှစ်ဦးစလုံးက ချီစွမ်းအင် လှိုင်းတံပိုးများကို ဖုံးကွယ်ထားကြသော်လည်း အနီးနားတွင် တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦး ရှိနေပါက တစ်ချက်ကြည့်လိုက်ရုံနှင့် မည်သူမှန်း သိနိုင်မည် ဖြစ်သည်။

ထိုနှစ်ဦးမှာ အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသော ကန်းမျိုးနွယ်စု မောင်နှမ ဖြစ်ကြသည်။

"အစ်ကိုကြီး.... ညီမလေးတို့ လုရုန်ကို သွားမကူဘူးလား"

"ဘာကိစ္စ ဘာသွားကူမှာလဲ ရှုကျန်းရာ.... အဲဒီကောင်က အတိတ်တုန်းက မင်းကို ကြံစည်ခဲ့သေးတာလေ"

ကန်းလျဲ့က ရှေ့မှ လျှောက်လှမ်းနေပြီး ဝေးကွာလှသော တိုက်ပွဲကွင်းပြင်ကို အနည်းငယ်မျှ စိတ်ဝင်စားပုံမပေါ်ချေ။

သူ့ညီမအရင်း ဖြစ်သူ ကန်းရှုကျန်းက နောက်မှ တောက်လျှောက် လိုက်ပါလာသည်။

"ညီမလေးကတော့ နှစ်ဖက်စလုံး ပူးပေါင်းပြီး လော့ထျန်းအဖွဲ့ကို ရင်ဆိုင်နေတာမို့ သူတို့ကို ပစ်မထားသင့်ဘူးလို့ ထင်တာပဲ"

"ပူးပေါင်းတာ ဟုတ်လား"

ကန်းလျဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း

"သူတို့က တစ်ပွဲစား လုပ်ပြီး ပြေးချင်ကြတာ.... ငါတို့ ကန်းမျိုးနွယ်စုကတော့ ဒီဒေသမှာ ရေရှည်နေမှာလေ.... ဘယ်လိုလုပ် တွန့်ဆုတ်နေလို့ ရမလဲ.... ဒန်ရှားတောင်ထဲကို ဝင်စီးပြီး လော့ထျန်းအဖွဲ့ရဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးရမယ်.... အဲ့ဒါက ဒီနေ့ ငါတို့ မောင်နှမနှစ်ယောက် လုပ်ရမယ့်အလုပ်ပဲ"

အစ်ကိုကြီး၏ ဆုံးဖြတ်ချက်ကို ကြိုတင်သိရှိထားသော်လည်း ကန်းရှုကျန်းကမူ စိတ်ထဲတွင် မတင်မကျ ဖြစ်နေဆဲပင်။ ဤနှစ်များအတွင်း သူမသည် စီမာဟွေ့နန်နှင့် မကြာခဏ တွေ့ဆုံလေ့ရှိရာ နှစ်ဦးသား ဆက်ဆံရေးမှာ လွန်စွာ ကောင်းမွန်ခဲ့သည်။ တစ်ဖက်လူ၏ အဆင့်က ချီသန့်စင်အဆင့်သာ မဟုတ်လျှင် ရင်ဖွင့်ဖော် သူငယ်ချင်းကောင်းများဟုပင် ခေါ်ဆိုနိုင်ပြီ ဖြစ်သည်။ ယခုအခါ မိမိကန်းမျိုးနွယ်စုက ကျောခိုင်း သစ္စာဖောက်လိုက်ခြင်း ဖြစ်သဖြင့် သူမအနေဖြင့် လက်ခံရန် ခက်ခဲနေခြင်း ဖြစ်သည်။

"အစ်ကိုကြီး.... ညီမလေးတို့ အရင်ရန်ငြိုးတွေကို ချေဖျက်ပြီး ပိယိုတောင်ကြားဈေးကွက်ကို အတူတူ ဖွံ့ဖြိုးအောင်လုပ်ဖို့ သဘောတူခဲ့ကြတာ မဟုတ်ဘူးလား"

ကန်းလျဲ့၏ ခြေလှမ်းများ အနည်းငယ် တုံ့ဆိုင်းသွားပြီး ညီမဖြစ်သူကို စိုက်ကြည့်လိုက်သည်။

"ဘယ်သူက မင်းကို ရန်ငြိုးတွေ မရှိတော့ဘူးလို့ ပြောလဲ၊ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ.... သူတို့ လော့ထျန်းအဖွဲ့က ပေးတဲ့ အလှူအတန်းသက်သက်ပဲကွ၊ ပြီးတော့ ပိယိုတောင်ကြားက နှစ်ပေါင်းများစွာ ပျက်စီးနေတာ.... ငါတို့ ကန်းမျိုးနွယ်စု အပတ်တကုတ် ကြိုးစားပြီးမှ ဖွံ့ဖြိုးလာတာကို သူတို့ လော့ထျန်းအဖွဲ့က အဆင်သင့် လာနှိုက်သွားတာလေ…. ညီမလေး ဒီနေ့ ငါတို့ လာတာက ငါတို့ပိုင်တဲ့အရာတွေကို ပြန်ယူဖို့ပဲ"

ကန်းရှုကျန်း ဆွံ့အသွားသည်။ စီမာဟွေ့နန် မကြာခဏ ထုတ်ပြောလေ့ရှိသော စကားများကို တွေးမိပြီး သူမ စိုးရိမ်ပူပန်နေဆဲ ဖြစ်သည်။

"အစ်ကိုကြီး.... ဒီလော့ထျန်းအဖွဲ့က ရေခဲခံတပ်ရဲ့ နောက်ခံနဲ့နော်.... ညီမလေးတို့ သူတို့ကို သွားထိမိရင် ဒုက္ခအကြီးအကျယ် ရောက်လိမ့်မယ်"

"ရေခဲခံတပ် ဟုတ်လား.... ထျန်းလန် နတ်ဘုရားမြို့တော်ကြီးက မကြာခင်မှာ အုပ်ချုပ်သူ အသစ် ပြောင်းတော့မှာ.... အဲဒီအချိန်ကျရင် ရေခဲခံတပ်ရဲ့ အခြေတည်အဆင့် ကျင့်ကြံသူ အများစုက ဂိုဏ်းဆီ ပြန်သွားကြမှာ.... ဘယ်သူက လော့ထျန်းအဖွဲ့ကို ဂရုစိုက်နေဦးမှာလဲ၊ ပြီးတော့ ငါတို့ ကန်းမျိုးနွယ်စုမှာလည်း အိုက်လောင်တောင်နဲ့ ပတ်သက်မှု ရှိတာပဲ.... အလွန်ဆုံးရှိရင် အရင်းအမြစ်တချို့ သုံးပြီး အိုင်လောင်တောင်က ကျင့်ကြံသူတွေကို ရေခဲခံတပ်နဲ့ စကားပြောခိုင်းလိုက်ရင် ပြီးတာပဲ.... သူတို့ကို ကြားဝင်စေ့စပ်ပေးဖို့ တောင်းဆိုလိုက်ရုံပဲ"

ကန်းရှုကျန်း၏ မျက်မှောင်များ အနည်းငယ် ပြေလျော့သွားသည်။ သို့သော်လည်း စီမာဟွေ့နန်က ထိုအဖွဲ့ခေါင်းဆောင်အပေါ် တလေးတစားနှင့် အကြွင်းမဲ့ ယုံကြည်ကိုးစားခဲ့သည့် ပုံရိပ်များက သူမ၏ စိတ်ထဲဝယ် တစ်ဖန် ပြန်လည် ထင်ဟပ်လာပြန်သည်။

"ဒါဆို လော့ထျန်းအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်ကိုရော ညီမလေးတို့ အဲဒီအချိန်ကျရင် ဘယ်လို ရင်ဆိုင်မလဲ"

"ရင်ဆိုင်နေစရာ မလိုဘူး"

ကန်းလျဲ့ကမူ လော့ချန်အား အနည်းငယ်မျှ ဂရုစိုက်ပုံမပေါ်ချေ။

"လော့ထျန်းအဖွဲ့က ဒီနေ့ ငါ့လက်ထဲမှာ ပျက်စီးရမယ်.... အဲဒီလော့ချန်ကတော့ ချင်းဟွာမြစ်ထဲမှာ သေရမယ်.... ဒါက ဟူမျိုးနွယ်စု ညီအစ်ကို သုံးယောက် ငါ့ကို ပေးထားတဲ့ ကတိပဲ"

"ဒါပေမဲ့ ဟူမျိုးနွယ်စုက ညီမလေးတို့နဲ့လည်း ပဋိပက္ခ ရှိခဲ့ဖူးတာပဲ.... သူတို့စကားကို ယုံလို့ရပါ့မလား"

"ဒါပေါ့…. သူတို့စကားကိုတော့ အပြည့်အဝ ယုံလို့မရဘူး.... ဒါပေမဲ့ ငါ တန်ယွမ်ဇီကို ကတိပေးထားပြီးပြီ.... အဲဒီအချိန်ကျရင် သူ့ တန်ယွမ်ဂိုဏ်းကနေ ဆေးလုံးတွေကို ပုံမှန် ဝယ်ယူမယ်လို့ပေါ့…. ဒီလို အကျိုးအမြတ် ရှိနေမှတော့ တန်ယွမ်ဇီက လော့ချန်ကို အသက်ရှင်လျက် ပြန်လာခွင့်ပေးမှာ မဟုတ်ဘူး"

တန်ယွမ်ဇီကိုယ်တိုင် လှုပ်ရှားမည်ဟု ကြားလိုက်ရသောအခါ ကန်းရှုကျန်း၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ထွက်ပေါ်လာသည်။ ထိုလူမှာ အခြေတည်အဆင့်အလယ်ပိုင်း ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။ သူသာ လှုပ်ရှားပါက လော့ချန်အား စီမာဟွေ့နန်တစ်ယောက် မည်မျှပင် ချီးကျူးနေပါစေ၊ လော့ချန် အသက်ဘေးမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

‘ဪ.... အစ်ကိုကြီးက ဒါ့ကြောင့် ဒီလောက်အထိ ယုံကြည်မှုရှိပြီး တည်ငြိမ်နေတာကိုး’

ထိုစဉ် သူမနားထဲတွင် အစ်ကိုကြီး ကန်းလျဲ့၏ မေးခွန်းထုတ်သံ ထွက်ပေါ်လာသည်။

"ရှုကျန်း.... မင်း စီမာဟွေ့နန်ကြောင့် ဒီလော့ထျန်းအဖွဲ့အပေါ် သနားစိတ် ဝင်နေတာလား"

ကန်းရှုကျန်း ခေါင်းညိတ်ကာ ဝန်ခံလိုက်သည်။

ကန်းလျဲ့ သက်ပြင်းတစ်ချက်ချလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။

"မင်းက အရမ်း သဘောကောင်းလွန်းလို့ အဲ့စီမာဟွေ့နန်ရဲ့ ကောက်ကျစ်တဲ့ ရည်ရွယ်ချက်ကို မမြင်နိုင်တာ…. အဲ့မိန်းမ မင်းနဲ့ ဒီလောက် ရင်းနှီးအောင် လုပ်တာက ငါတို့ ကန်းမျိုးနွယ်စုကို ပေါ့ဆသွားအောင် လုပ်ဖို့သက်သက်ပဲ…. ဒန်ရှားတောင်ထိပ်နဲ့ ငါတို့ ကန်းမျိုးနွယ်စုက လက်တစ်ကမ်းအကွာမှာပဲရှိတာ.... အတိတ်တုန်းက မင်မျိုးနွယ်စု ထွန်းကားစဉ်တုန်းက ငါတို့ ကန်းမျိုးနွယ်စုကို နှစ်ပေါင်း ရာချီ ဖိနှိပ်ခဲ့တာ…. လော့ထျန်းအဖွဲ့သာ ထပ်ပြီး ကြီးထွားလာရင် ငါတို့ ကန်းမျိုးနွယ်စု ဘယ်တော့မှ ခေါင်းမော့နိုင်တော့မှာ မဟုတ်ဘူး"

ကန်းရှုကျန်း၏ ကျောပြင်တစ်လျှောက် စိမ့်ခနဲ ဖြစ်သွားခဲ့ရသည်။ မျိုးနွယ်စု၏ သမိုင်းကြောင်းကို သူမ ကောင်းကောင်း နားလည်ထားသည်။ လွန်ခဲ့သော နှစ်ပေါင်းရာချီက ဒန်ရှား မင်မျိုးနွယ်စုသည် အလွန် ထွန်းကားခဲ့ပြီး ပတ်ဝန်းကျင်ရှိ အင်အားစုကြီးငယ်အားလုံးကို ဖိနှိပ် အမြတ်ထုတ်ခဲ့ကြသည်။ မိမိတို့ကန်းမျိုးနွယ်စုသည်လည်း ထိုထဲမှ သားကောင် ဖြစ်ခဲ့ရပြီး ခြိမ်းခြောက်ခြင်း ခံခဲ့ရသေးသည်။ ဤကဲ့သို့သော အရှက်ရဖွယ် အတိတ်များကို သူမ မှတ်မိနေဆဲ ဖြစ်သည်။ နောက်ပိုင်းတွင်မှ ကန်းမျိုးနွယ်စုက နောက်ကွယ်မှ ကြိုးကိုင်ကာ အရပ်မျက်နှာအနှံ့ကို ချိတ်ဆက်ပြီး အားကောင်းသော ရန်သူများကို စုစည်းကာ မင်မျိုးနွယ်စုကို တစ်နှစ်တိတိ ဝိုင်းရံတိုက်ခိုက်ပြီး ခြေမှုန်းနိုင်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ လော့ထျန်းအဖွဲ့သာ ထွန်းကားလာပါက မင်မျိုးနွယ်စုကဲ့သို့ အရပ်မျက်နှာအနှံ့ကို ဖိနှိပ်လာမည်လော။ မိမိတို့ ကန်းမျိုးနွယ်စုလည်း ထပ်မံ၍ လမ်းဟောင်းအတိုင်း လျှောက်လှမ်းရဦးမည်လော။

"ဒီလိုမျိုး ခြိမ်းခြောက်မှုကြီးက ငါတို့ရဲ့ ဘေးနားမှာ ရှိနေတာကို.... ငါတို့ ဘယ်လိုလုပ်ပြီး ခြေဆန့် အိပ်ပျော်နိုင်မှာလဲ"

ကန်းလျဲ့ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း တောင်ကြားတစ်ခု၏ ရှေ့တွင် ခြေလှမ်းများကို ရပ်တန့်လိုက်တော့သည်။

ကန်းရှုကျန်းက ဤပျက်စီးနေသည်မှာ ကြာပြီဖြစ်သော တောင်ကြားလေးကို ကြည့်ရင်း စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

"အစ်ကိုကြီး.... ဒါက အတိတ်တုန်းက ညီမလေးတို့ ကန်းမျိုးနွယ်စု ဘိုးဘေးတွေ.... မင်မျိုးနွယ်စု တောင်စောင့်အစီအရင်ရဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးခဲ့တဲ့ နေရာလား"

"ဟုတ်တယ်၊ ငါတို့ရဲ့ ဘိုးဘေးတွေက အထဲကနေ အစီအရင်ကို ဖျက်ဆီးပစ်ခဲ့လို့သာ မဟာမိတ်တွေက မင်မျိုးနွယ်စုရဲ့ ကျင့်ကြံသူတွေကို သတ်ဖြတ်နိုင်ခဲ့တာ၊ သူတို့ရဲ့ ကြိုးစားမှုတွေကြောင့်.... ကန်းမျိုးနွယ်စုက ဖိနှိပ်မှုတွေထဲကနေ ရုန်းထွက်နိုင်ခဲ့ပြီး ရာစုနှစ်တစ်ခုစာ ကြွယ်ဝလာခဲ့သလို.... ဒီနေ့ ငါတို့ မောင်နှမနှစ်ယောက်စလုံး အခြေတည်အဆင့်ကို ရောက်အောင်လည်း ထောက်ပံ့ပေးနိုင်ခဲ့တာ"

ကန်းလျဲ့၏ မျက်ဝန်းများထဲတွင် အတိတ်ကို လွမ်းဆွတ်မှုများ ပြည့်နှက်နေပြီး ထိုထဲတွင် လေးစားကြည်ညိုမှုများလည်း ပါဝင်နေသည်။

တောအုပ်အပြင်ဘက်တွင် လုရုန်တို့ အသေအလဲ တိုက်ခိုက်နေကြခြင်းမှာ အချည်းနှီးသာ ဖြစ်သည်။ ကန်းလျဲ့သည် အခြေအနေအားလုံးကို အလွန် ရှင်းလင်းစွာ မြင်ထားပြီး ဖြစ်သည်။ ဒန်ရှားတောင်ထိပ်သည် အတိတ်က မင်မျိုးနွယ်စု၏ တောင်စောင့်အစီအရင်ကို ပြန်လည် နိုးထစေခဲ့ပြီ ဖြစ်ရာ အခြေတည်အဆင့်အစောပိုင်း ကျင့်ကြံသူအနည်းငယ်ဖြင့် မည်ကဲ့သို့ ဖျက်ဆီးနိုင်မည်နည်း။ လော့ထျန်းအဖွဲ့ကို ခြေမှုန်းချင်ပါက ဤတောင်စောင့်အစီအရင်ကို အရင်ဆုံး ဖျက်ဆီးရမည်သာ ဖြစ်သည်။

"လော့ထျန်းအဖွဲ့ကို ဖျက်ဆီးပစ်ဖို့အတွက်.... ငါတို့ အရင်ဆုံး သူတို့ရဲ့ အစီအရင်ကို ဖျက်ဆီးရမယ်၊ သူတို့ ပြောတာတော့ လော့ထျန်းအဖွဲ့မှာ မင်လုံယွီလို့ ခေါ်တဲ့ အစီအရင်ဆရာတစ်ယောက် ရှိတယ်ဆိုပဲ၊ သူ့ရဲ့ နောက်ကြောင်းက မရှင်းလင်းပေမဲ့.... ငါကတော့ သူဟာ အတိတ်က မင်မျိုးနွယ်စုရဲ့ ကျန်ရစ်သူတစ်ယောက် ဖြစ်မယ်လို့ ယုံကြည်တယ်"

"ငါ မင်မျိုးနွယ်စုတစ်စုလုံးကို အပြတ်ရှင်းခဲ့တာတောင်.... အပြင်မှာ လွတ်နေတဲ့သူ ရှိနေသေးတယ်ပေါ့လေ.... အခြေတည်အဆင့်ကိုတောင် ရောက်သွားသေးတယ်"

ဤအခိုက်အတန့်တွင် မိုးစဲသွားပြီ ဖြစ်သလို လေလည်းငြိမ်သွားသည်။

ကန်းလျဲ့သည် တိမ်တိုက်များကြားသို့ ထိုးတက်နေသော ဒန်ရှားတောင်ထိပ်ကို မော့ကြည့်လိုက်သည်။

မိုးကုပ်စက်ဝိုင်းတွင် ခုနစ်ရောင်ခြယ် သက်တံ့ကြီးတစ်ခုက ဒန်ရှားတောင်ထိပ်၏ တိမ်ပင်လယ်ကို ဖြတ်ကျော်လျက် တည်ရှိနေသည်။

"နှစ်ပေါင်း ရာချီက ရန်ကြွေးတွေကို ဒီနေ့ပဲ အပြတ်ရှင်းကြတာပေါ့"

"ဟမ် အစ်ကိုကြီး.... ဘာပြောလိုက်တာ…."

ကန်းလျဲ့က ခေါင်းငုံ့လိုက်ရင်း ကန်းရှုကျန်းကို စိုက်ကြည့်လိုက်သည်။

"ညီမလေး.... သဘောကောင်းလွန်းတာက ကျင့်ကြံခြင်းလောကရဲ့ အကြီးမားဆုံးသော အပြစ်ပဲ၊ မျိုးနွယ်စုအတွက်ဆိုရင် တချို့ သူငယ်ချင်းတွေကို စွန့်လွှတ်သင့်စွန့်လွှတ်ရမှာပဲ.... ပြီးတော့ အဲ့ စီမာဟွေ့နန်က သူငယ်ချင်းမဟုတ်ဘူး.... ရန်သူပဲ၊ သူမတင်မကဘူး.... ဒီတောင်ပေါ်မှာ ရှိတဲ့ ကျင့်ကြံသူအားလုံးက ငါတို့ မျိုးနွယ်စုရဲ့ ရန်သူတွေချည်းပဲ၊ မျိုးနွယ်စုအတွက်.... မင်းရဲ့ သဘောကောင်းမှုတွေကို စွန့်လွှတ်ပြီး ရန်သူတွေကို သတ်ဖြတ်ရမယ်၊ လော့ထျန်းအဖွဲ့ကို ဖျက်ဆီးရမယ်၊ မင်းကိုယ်တိုင်ပဲ.... ဒီတောင်အစီအရင်ကို ဖျက်ဆီးပြီး ပထမဆုံးခြေလှမ်းကို စတင်လိုက်စမ်း"

ကန်းရှုကျန်း ပါးစပ်အဟောင်းသားဖြစ်ကာ အနည်းငယ် တွန့်ဆုတ်နေမိသည်။ သို့သော် တဖြည်းဖြည်းနှင့် ထိုတွန့်ဆုတ်မှုသည် ပြတ်သားမှုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"မျိုးနွယ်စုအတွက်"

"မှန်တယ်"

အားပေးမှုကို ရရှိသွားသဖြင့် ကန်းရှုကျန်း တွန့်ဆုတ်မနေတော့ဘဲ ထိုတောင်ကြားလေးထဲသို့ ဝင်ရောက်သွားတော့သည်။ ကန်းလျဲ့၏ ညွှန်ကြားချက်အတိုင်း သူမ အစီအရင်လက်ကွက်များကို တရစပ် ရိုက်ထုတ်လိုက်ပြီး တောင်ကြား၏ အခြေခံအုတ်မြစ်ကို ထိုးနှက်လိုက်တော့သည်။

ကန်းလျဲ့သည် တောင်ကြားအပြင်ဘက်တွင် ရပ်နေရင်း အလွန်ပင် ယုံကြည်ချက် ရှိနေသည်။ ပါးစပ်ကလည်း ညီမဖြစ်သူအား တရစပ် လမ်းညွှန်ပေးနေသည်။

"ဒီလိုဆိုရင်.... ဒီတောင်စောင့်အစီအရင်က အခြေခံအုတ်မြစ် မရှိတော့တာမို့ ဟာလာဟင်းလင်း ဖြစ်သွားပြီး ဘာမှ...."

သို့သော်လည်း သူ၏ စကားသံများက တဖြည်းဖြည်းနှင့် တိတ်ဆိတ်သွားရသည်။ အကြောင်းမှာ အန္တရာယ်အရိပ်အယောင်အချို့ သူ၏ စိတ်ထဲဝယ် ရုတ်ချည်း ထွက်ပေါ်လာသောကြောင့်ပင်။

"ညီမလေး.... ချက်ချင်း ပြန်ဆုတ်ခဲ့…."

"ရှင်...."

ကန်းရှုကျန်း ဇဝေဇဝါဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည်။

နောက်တစ်စက္ကန့်တွင် မြေအောက်နက်ရှိုင်းလှသော နေရာဆီမှ ပြင်းထန်လှသော ချီစွမ်းအား လှိုင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ဝုန်းးး....

မြေအောက်မီးတောက်လှိုင်းကြီးတစ်ခုမှာ မီးနဂါးကြီးတစ်ကောင်အလား ကောင်းကင်ယံဆီသို့ ထိုးတက်သွားခဲ့ပြီး မီးတောက်လျှာကြီးများကို ထုတ်လွှတ်လိုက်တော့သည်။ သွေးမြူ လှိုင်းလုံးကြီးတစ်ခုမှာ အရပ်မျက်နှာအနှံ့သို့ ပေါက်ကွဲထွက်ပေါ်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားခဲ့ရတော့သည်။

ကန်းလျဲ့ ထိုမြင်ကွင်းကို ကြောင်စီစီဖြင့် စိုက်ကြည့်နေမိသည်။ ဟာလာဟင်းလင်း ဖြစ်သွားသော သူ၏ စိတ်ထဲဝယ် အဆုံးမရှိသော နောင်တများသာ ကျန်ရှိတော့သည်။

'ဘယ်တုန်းကလဲ.... ဘယ်သူက ဒီနေရာမှာ မြေအောက်မီးလျှံကို ချိတ်ဆက်ပြီး ထောင်ချောက်ဆင်ထားတာလဲ'

ညီမဖြစ်သူ ကန်းရှုကျန်းမှာကား နေရာတွင်ပင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူ တုန်ရင်နေသော အသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်မိသည်။

"ငါ.... ငါ ညီမလေးကို အစီအရင် သွားမဖျက်ခိုင်းသင့်ဘူး.... ညီမလေး...."

ထိုစဉ် သတ်ဖြတ်ခြင်းအရှိန်အဝါ ပြည့်နှက်နေသော အသံကြီးက ဒန်ရှားတောင်ထိပ်ဆီမှ ထွက်ပေါ်လာသည်။

"ကန်းလျဲ့.... ငါ မင်းကို စောင့်နေတာ ကြာပြီ"

ကြီးမားလှသော မျက်နှာကြီးတစ်ခုက ဒန်ရှားတောင်ထိပ်တစ်ခုလုံးကို လွှမ်းခြုံထားသော အစီအရင် အလင်းအကာအကွယ်ပေါ်တွင် ရေးရေးလေး ပေါ်ထွက်လာသည်။ မျက်နှာသွင်ပြင်က ဝေဝါးနေသော်လည်း မျက်လုံးများက လျှပ်စီးအလား စူးရှလှသည်။

ထိုလူမှာ မင်လုံယွီ ဖြစ်သည်။

ကန်းလျဲ့ ရုတ်တရက် ခေါင်းမော့လိုက်ရာ မျက်လုံးများက သွေးချင်းချင်းနီနေပြီး မျက်ရည်များပင် ဝဲလာတော့သည်။

"လူယုတ်မာ"

ကန်းလျဲ့သည် ကောင်းကင်ယံဆီသို့ တဟုန်ထိုး ပျံသန်းသွားခဲ့ရင်း သူ၏ အခြေတည်အဆင့် ၃ အရှိန်အဝါများကို အပြည့်အဝ ထုတ်လွှတ်လိုက်တော့သည်။ ထိုအခိုက် ကြီးမားလှသော တူပုံစံ မှော်တနာကြီးတစ်ခု သူ၏ လက်ထဲ၌ ကြီးထွားလာခဲ့သည်။ သူ ထိုတူကြီးအား အထက်သို့ မြှောက်တင်လိုက်ရာ ဒန်ရှားတောင်ထိပ်တစ်ခုလုံးကို အမှုန့်ဖြစ်သွားအောင် ရိုက်ခွဲပစ်တော့မည့်အတိုင်း ဖြစ်နေခဲ့သည်။

ဒန်ရှားတောင်ထိပ်၏ ခန်းမကြီးအတွင်း၌ မင်လုံယွီသည် တင်ပျဉ်ခွေ ထိုင်နေပြီး ရှေ့တွင် ရှိနေသည်မှာ လော့ချန် လက်ဆောင်ပေးထားသော မော်ကွန်းဝင် အစီအရင်အိမ်မြှောင် ဖြစ်သည်။ ထိုမှော်ရတနာမှာ မပြည့်စုံသေးသော်လည်း သူ၏ မြင့်မားလှသော အစီအရင်ဆိုင်ရာ ကျွမ်းကျင်မှုများကြောင့် ပျောက်ဆုံးနေသော အူတိုင်နေရာတွင် လုံးဝဥဿုံ သစ်လွင်လှသော အစီအရင်ဗဟိုချက်တစ်ခုကို အစားထိုးထည့်သွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤအစီအရင် ဗဟိုချက်အသစ်သည် အတိတ်က မင်မျိုးနွယ်စု၏ တောင်စောင့်အစီအရင်နှင့် သူ ဝမ်ယွမ်ထံမှ ရရှိခဲ့သော မိုးမြေစွမ်းအားလုယူခြင်းအစီအရင်တို့ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။

ထိုမိုးမြေစွမ်းအားလုယူခြင်းအစီအရင်ဟူသည် အတိတ်က ဝိညာဉ်သန္ဓေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကိုပင် ခုခံထားနိုင်ဖူးသော တတိယအဆင့် အစီအရင်ကြီးတစ်ခု ဖြစ်ပေသည်။ သူ့အနေဖြင့် ၎င်းကို အပြည့်အဝ မဖော်ဆောင်နိုင်သေးသောကြောင့် အထဲမှ အနှစ်သာရများကို ထုတ်ယူကာ အားနည်းချက်များကို ဖြည့်ဆည်းပြီး မင်မျိုးနွယ်စု အစီအရင်နှင့် ပေါင်းစပ်ကာ ဒန်ရှားတောင်ထိပ်ပေါ်တွင် အသစ်စက်စက် တောင်စောင့်အစီအရင်တစ်ခုကို ပြန်လည် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

အစီအရင် ခင်းကျင်းခြင်း လုပ်ငန်းစဉ်အတွင်း ဟာကွက်များကို ရှာဖွေပြင်ဆင်ခဲ့သဖြင့် အားနည်းချက် အနည်းငယ်ကို သူ ရှာဖွေတွေ့ရှိခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းရာချီက မင်မျိုးနွယ်စု၏ အကာအကွယ်အစီအရင်ကို ဖျက်ဆီးရန်အတွက် ကန်းမျိုးနွယ်စု အသုံးပြုခဲ့ဖူးသော တောင်ကြားလမ်း အပါအဝင် အားနည်းချက်ရှိနိုင်သော နေရာအမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုအားနည်းချက်ရှိသော နေရာတိုင်းကို လုံးဝဥဿုံ ပိတ်ဆို့လိုက်သည့်အပြင် အဆိုပါ နေရာတိုင်း၌ ထောင်ချောက်များကိုလည်း ဆင်ထားခဲ့ပြီး ဖြစ်သည်။ သူသည် ဤထောင်ချောက်များက ဤမျှလောက်အထိ ပြီးပြည့်စုံစွာ အလုပ်ဖြစ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့မိပေ။ သူခိုးတစ်ယောက်တည်းတင် မဟုတ်ဘဲ နှစ်ယောက်စလုံးကို ဖမ်းဆီးနိုင်ခဲ့သည် မဟုတ်ပါလော။

ယခုအခါ မိမိ၏ တောင်ထိပ်ဆီသို့ တရဟော ကျရောက်လာသော ဧရာမ တူကြီးကို ကြည့်ရင်း မင်လုံယွီ အေးစက်စွာ လှောင်ရယ်လိုက်မိသည်။

"သခင်ကို သစ္စာဖောက်ပြီး နောက်ကျောဓားထိုးတဲ့ကောင်.... အဲ့လိုကောင်က ကောက်ကျစ်တယ်ဆိုတဲ့ စကားလုံးကို ပြောဖို့ အရည်အချင်း ရှိလို့လား"

သူ လက်ကို ဆန့်ထုတ်လိုက်ပြီး မော်ကွန်းဝင် အစီအရင်အိမ်မြှောင်ကို လှည့်လိုက်သည်။

နောက်တစ်စက္ကန့်တွင် ဒန်ရှားတောင်ထိပ်၏ အပြင်ဘက်တွင် အတိုင်းအဆမရှိသော ချီစွမ်းအင်များသည် ဒန်ရှားတောင်ကို ဗဟိုပြု၍ စုစည်းလာတော့သည်။ ထို့အပြင် မြောက်မြားစွာသော ရောင်စုံအလင်းတန်းများသည် ဆွဲဆောင်ခြင်း ခံလိုက်ရပြီး တောင်စောင့်အစီအရင်၏ အလင်းအကာအရံကြီးပေါ်သို့ ကျရောက်လာသည်။

အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ အမဲ၊ ခရမ်း စသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ခုနစ်ရောင်ခြယ် အရောင်များ စုစည်းသွားသည်။

ခုနစ်ရောင်ခြယ် လှံရှည်ကြီးတစ်စင်က အလင်းအကာအကွယ်ပေါ်တွင် ရုတ်ချည်း ပေါ်ထွက်လာသည်။ လှံရှည်က စူးရှတောက်ပလှကာ တိမ်တိုက်များ၊ ရောင်စုံအလင်းတန်းများဖြင့် သွန်းလုပ်ထားသည့်အလား ရှိနေသည်။

"ဒီပေါင်းစပ်ထားတဲ့ ခုနစ်ရောင်ခြယ် ဒန်ရှားအစီအရင်က ဒုတိယအဆင့် အစီအရင်ပဲ.... ဒန်ရှားဆိုတဲ့ ခန့်ညားထည်ဝါတဲ့ တောင်ကြီးကို အမှီပြုထားတာမို့ အခြေတည်အဆင့်နှောင်းပိုင်းကျင့်ကြံသူရဲ့ တိုက်ခိုက်မှုကိုတောင် ကြံ့ကြံ့ခံနိုင်တယ်…. ပြီးတော့ ပြင်ပ ဟင်းလင်းပြင်ထဲက ချီစွမ်းအင်တွေကိုလည်း ဆက်တိုက် စုပ်ယူနေတာမို့ ဖြည်းဖြည်းချင်း အဆင့်တက်နေတာ၊ အခြေတည်အဆင့်အစောပိုင်း ကျင့်ကြံသူလေးက ဒန်ရှားတောင်နဲ့ လာပြိုင်ချင်သေးတယ်ပေါ့လေ"

"သွားစမ်း"

မင်လုံယွီသည် ဖုန်မှုန့်လေးတစ်ခုကို ခါယမ်းပစ်လိုက်သည့်အလား သူ၏ လက်ချောင်းများကို အသာအယာ လှုပ်ရှားလိုက်သည်။ သူ၏ ထိတွေ့မှုကြောင့် ထိုခုနစ်ရောင်ခြယ် လှံရှည်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ရပြီးနောက် နတ်ဘုရားအလင်းတန်းတစ်ခုကဲ့သို့ ရှေ့သို့ ထိုးထွက်သွားခဲ့ကာ ကောင်းကင်ယံကို ဆွဲဖြဲပစ်လိုက်ရင်း ကန်းလျဲ့ ထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားခဲ့တော့သည်။

ဒေါသကြောင့် မျက်လုံးများ နီမြန်းနေပြီဖြစ်သော ကန်းလျဲ့ကမူ ဘာကိုမှ ဂရုမစိုက်တော့ဘဲ တူကြီးဖြင့် ပြင်းထန်စွာ ထုနှက်လိုက်တော့သည်။

သို့သော်လည်း နှစ်ဦးစလုံး၏ စွမ်းအားကား မိုးနဲ့မြေလို ကွာခြားလှသည်။

နောက်တစ်စက္ကန့်တွင် ကန်းလျဲ့၏ ခန္ဓာကိုယ်မှာ မရေမတွက်နိုင်သော အပေါက်များဖြင့် ပြည့်နှက်သွားခဲ့ရပြီး ထိုအလင်းတန်းများမှာ သူ၏ ခန္ဓာကိုယ်ကို လုံးဝဥဿုံ ထိုးဖောက်သွားခဲ့ကြသဖြင့် အနောက်ဘက်မှ ကြည့်လိုက်ပါက သူသည် ဇကာတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မည်သည့် အသံမျှ မထွက်နိုင်တော့ဘဲ ကောင်းကင်ယံမှ ပြုတ်ကျသွားတော့သည်။

အခြေတည်အဆင့် ၃ ကျင့်ကြံသူတစ်ဦးက အခြေတည်အဆင့် ၁ရှိသော မင်လုံယွီ၏ လက်ထဲတွင် အလွယ်လေး သေဆုံးသွားရခြင်း ဖြစ်သည်။

ပြောရလျှင် မည်သူမျှ ယုံကြည်ကြမည် မဟုတ်ချေ။ သို့သော် ထိုလူများအနေဖြင့် ကန်းလျဲ့သည် ကြိုတင်ပြင်ဆင်ထားသော အစီအရင် ဆရာကြီးတစ်ဦး၏ ထောက်ချက်ထဲ တိုးဝင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိသွားပါက “ဪ.... တကယ့်ကို ငတုံးပဲကိုး” ဟု ဆိုကာ ချက်ချင်း သဘောပေါက်သွားကြမည် ဖြစ်သည်။

ဒန်ရှားတောင်ထိပ်၏ ခန်းမကြီးထဲတွင် မင်လုံယွီသည် ထိုပြုတ်ကျသွားသော အလောင်းကို အေးစက်စွာ စိုက်ကြည့်လိုက်ရင်း စိတ်ထဲတွင် ကျေနပ်နေခဲ့သည်။ သူသည် သွယ်လျသော လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး အစီအရင်အိမ်မြှောင်ကို ထပ်မံ လှည့်လိုက်ပြန်သည်။

တောင်အပြင်ဘက်တွင်မူ ကန်းလျဲ့၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားသော ထိုခုနစ်ရောင်ခြယ် လှံရှည်ကြီးသည် ထိန်းချုပ်မှုကို ခံလိုက်ရသဖြင့် ရုတ်တရက် ဝူးဝူးဝါးဝါး မြည်ဟည်းသံများ ထွက်ပေါ်လာသည်။

"နောက်ထပ် တိုက်ကွက်တစ်ကွက်စာ စွမ်းအား ကျန်သေးတယ်"

နောက်ဆုံး ပြတ်သားလှသော လက်ချောင်း လှုပ်ရှားမှုတစ်ခုနှင့်အတူ မင်လုံယွီသည် ထိုခုနစ်ရောင်ခြယ် လှံရှည်ကြီးကို တောင်ခြေဆီသို့ ပစ်လွှတ်လိုက်တော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters