← Chapters

အခန်း ၄၁၂

Vol. 42 Ch. 412

အခန်း ၄၁၂

Vol. 42 Ch. 412

အခန်း (၄၁၂) - မင်လုံယွီ.... မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့

“မင်းရဲ့ အရည်အချင်းက ဒီလောက်ပဲလား.... ဘာလို့ ရှောင်နေတာလဲ.... မင်းလိုကောင်ကများ ခန္ဓာကိုယ်ကျင့်စဉ်ကို ကျင့်ချင်ရသေးတယ်”

ဝမ်ယွမ်၏ ဟိန်းဟောက်သံများကား တောင်ခြေတစ်လျှောက် ဆက်တိုက် ထွက်ပေါ်လာသည်။ သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ မိုးကြိုးမုန်တိုင်းတစ်ခုကဲ့သို့ လှုပ်ရှားနေခဲ့ပြီး ခြေလှမ်းတိုင်းက မြေငလျင်တစ်ခုကို ဖြစ်ပေါ်စေကာ တိုက်ကွက်တိုင်းက လုရုန်၏ ခံစစ်ကို ရိုက်ခွဲပစ်မည့် ကြီးမားလှသော သံမဏိတူကြီးများကဲ့သို့ ဖြစ်နေတော့သည်။

ထိုမရပ်မနား တိုက်ခိုက်လာသော တိုက်စစ်ကြီးအောက်တွင် လုရုန်မှာ ထပ်ခါတလဲလဲ အနောက်သို့ ဆုတ်နေရရှာသည်။ လွန်ခဲ့သော မိနစ်ပိုင်းကပင် သူ ဂုဏ်ယူဝံ့ကြွားခဲ့ဖူးသော ရှေးဟောင်းချပ်ဝတ်ရတနာကြီးမှာ ယခုအခါ ထိုတိုက်စစ်အောက်တွင် အပိုင်းပိုင်း ပြိုလဲပျက်စီးနေခဲ့ပြီ ဖြစ်သည်။

သူ့ခန္ဓာကိုယ်အတွင်းမှ မြူခိုးများ အဆက်မပြတ် ထွက်ပေါ်လာပြီး ချပ်ဝတ်ကို ပြန်လည်ပြုပြင်နေသော်လည်း အသက်ရှူရုံမျှ အချိန်အတွင်းမှာပင် ပြန်လည် စုတ်ပြတ်သတ်သွားရပြန်သည်။ ၎င်း၏ အပေါ်တွင် ရှိနေသော အက်ကွဲကြောင်းများမှာ မိုးခေါင်၍ ခြောက်သွေ့ကွဲအက်နေသော မြေပြင်နှယ် ဖြစ်နေပြီး ဝမ်ယွမ်၏ ဒေါသတကြီး ထိုးနှက်ချက်များအောက်တွင် လွန်စွာမှပင် နုနယ်ပျော့ပျောင်းနေပုံရ၏။

လုရုန် ထိတ်လန့်သွားခဲ့ပြီ ဖြစ်သည်။

“ဘာလို့လဲ.... ဘာလို့ ဒီလောက်အထိ မြင့်မားတဲ့ ခန္ဓာကျင့်ကြံခြင်းအဆင့်ကို ရောက်နေတဲ့ သူရှိနေရတာလဲ.... ဒီလူ့ရဲ့ အစွမ်းက ဘာလို့ ဒီလောက်တောင် အားကောင်းနေရတာလဲ”

လုရုန်၏ စိတ်ဝိညာဉ်တစ်ခုလုံး တုန်လှုပ်ချောက်ချားသွားကာ အကြိမ်ကြိမ် ပြန်လည်ခုခံသော်လည်း အကြိမ်ကြိမ်ပင် ဆုတ်ဖြဲခံနေရသည်။ သူ့မျက်နှာတစ်ခုလုံး နီမြန်းလာပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာခဲ့ပြီ ဖြစ်သည်။

“မဖြစ်ဘူး.... ဒီအတိုင်းဆို မဖြစ်တော့ဘူး.... သူ့ရဲ့ ခန္ဓာကျင့်ကြံမှုက ငါ့ထက် သာလွန်နေတယ်၊ ငါ့ရဲ့ နည်းလမ်းတွေနဲ့ သူ့ကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူး၊ မီးနတ်ဘုရား ဆေးတံကိုပဲ သုံးရတော့မယ်”

သူ စိတ်ထဲမှ ရုတ်တရက် ဆုံးဖြတ်ချက်ချလိုက်ပြီး ဝမ်ယွမ်၏ ပြင်းထန်လှသော တိုက်ခိုက်မှုကို အတင်းအကျပ် အောင့်အည်းခံယူလိုက်သည်။ ထို့နောက် ထိုအရှိန်ကို အသုံးချကာ နောက်သို့ ပေတစ်ရာခန့် ဆုတ်ခွာသွားလိုက်သည်။ ချက်ချင်းပင် သူ့လက်ထဲတွင် မည်းနက်သော ဆေးတံအိုကြီးတစ်ချောင်း ထပ်မံပေါ်ပေါက်လာခဲ့သည်။ သူသည် မည်သို့မျှ တွန့်ဆုတ်မနေဘဲ ၎င်းကို ပါးစပ်တွင် ကိုက်ခဲလိုက်၏။

မလှမ်းမကမ်းတွင်မူ ပေ ၂၀ ခန့် မြင့်သော ဘီလူးကြီးသည် ရပ်တန့်သွားပြီး သူ့အား လှောင်ပြောင်သရော်သလို ကြည့်နေလေသည်။ ထို့နောက် ဧရာမ လက်ညှိုးကြီးကို နှေးကွေးသယောင်နှင့် အလွန်လျင်မြန်စွာ ညွှန်ပြလိုက်သည်။

“မင်းကွာ.... ချီလမ်းစဉ် ကျင့်ရင်လည်း ကျင့်၊ ခန္ဓာလမ်းစဉ် ကျင့်ရင်လည်း ကျင့်.... အခုတော့ မယှဉ်နိုင်တာနဲ့ တိုက်ပွဲအလယ်မှာတင် ရုတ်တရက် လမ်းစဉ်ပြောင်းတယ်.... မင်းကျင့်နေတာ ဘာလမ်းစဉ်ကြီးတုန်း”

ထိုလက်ညှိုး ညွှန်ပြလိုက်သည်နှင့် တစ်ပြိုင်နက် သွေးချင်းချင်းနီသော စွမ်းအင်တန်းတစ်ခု လေကိုခွင်း၍ ပြေးထွက်သွားတော့သည်။

လုရုန်၏ စိတ်အာရုံများ တုန်လှုပ်သွားကာ မီးနတ်ဘုရားဆေးတံကို သုံး၍ အသက်လုကာ နောက်ဆုံးတစ်ချက် တိုက်ခိုက်ရန် ပြင်လိုက်၏။ သို့သော်လည်း ဒန်ရှားတောင်ထိပ်ပေါ်မှနေ၍ ခရမ်းရောင် သက်တံ့ကဲ့သို့သော ရောင်စုံလှံရှည်တစ်စင်း တည့်တည့်ဦးတည်ပျံသန်းလာသည်ကို သူ့မျက်လုံးထောင့်မှ မြင်လိုက်ရသည်။

ထိုထိတ်လန့်ဖွယ် ကောင်းလှသော ဖိအားကြောင့် သူ့တစ်ကိုယ်လုံး သွေးပျက်မတတ် ဖြစ်သွားရ၏။ လက်ထဲမှ လှုပ်ရှားမှုများမှာလည်း သိသိသာသာ နှေးကွေးသွားခဲ့ရသည်။

ထိုခဏလေးမှာပင် သူ သတိပြန်ဝင်လာပြီး ရတနာဆန်း၏ စွမ်းပကားကို စုစည်းရန် ကြိုးစားလိုက်သည်။ သို့သော် ထိုသွေးရောင်စွမ်းအင်က သူ့မျက်ခုံးအလယ်ကို ဖောက်ထွင်းသွားခဲ့ပြီ ဖြစ်သည်။ အဆင့်မြင့် ဓားပျံကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ချပ်ဝတ်တန်ဆာမှာ ဘာမှမခုခံနိုင်ဘဲ ချက်ချင်း ကြေမွပျက်စီးသွားခဲ့သည်။ သူ မျက်လုံးများ ပြူးကျယ်လျက် မကျေမနပ်ဖြစ်စွာဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့၏။

သူ့မျက်ဝန်းအစုံထဲတွင်မူ ထိုရောင်စုံလှံရှည်ကြီးက သူ့ခေါင်းထက်တွင် ခဏမျှ ရပ်တန့်သွားပြီးနောက် ဝေးကွာသော အရပ်ဆီသို့ ဆက်လက် ပျံသန်းသွားသည်ကို တွေ့လိုက်ရသည်။

“ဒါက ကြိုတင်ပြင်ဆင်ထားပြီး အခွင့်ကောင်းကို စောင့်နေတဲ့ အစီအရင်ဆရာရဲ့ စွမ်းအားလား.... ဒီတိုက်ခိုက်မှုအောက်မှာ ငါရော ခံနိုင်ရည် ရှိပါ့မလား.... ကံကောင်းတာက ရန်သူမဟုတ်ဘဲ မိတ်ဆွေဖြစ်နေလို့ပဲ”

ဝမ်ယွမ်အနေဖြင့် မင်လုံယွီတွင် သူ့အား ကူညီချင်သော စိတ်ရှိသည်ကို ခံစားမိသည်။ ထို့အပြင် လုရုန်၏ အာရုံကို အမှန်တကယ် လွှဲပေးနိုင်သဖြင့် နောက်ဆုံး ရတနာဆန်း တိုက်ကွက်ကို မဖော်ဆောင်နိုင်တော့ပေ။ မဟုတ်လျှင်မူ ယခုကဲ့သို့ ကြီးမားလှသော ခန္ဓာကိုယ်နှင့် သူ ရှောင်တိမ်းနိုင်မည်မဟုတ်ဘဲ အတင်းအကျပ်သာ တောင့်ခံရပေလိမ့်မည်။ ထိုတိုက်ခိုက်မှုကို တောင့်ခံနိုင်လျှင်ပင် နောက်ပိုင်းတွင် ဒဏ်ရာအပြင်းအထန် ရသွားနိုင်သည်။ သူသည် မူလက ဒဏ်ရာရချင်ရပါစေ၊ ရန်သူ့အသက်ကို ယူမည်ဟူသော တိုက်ပွဲဗျူဟာကို ပြင်ဆင်ထားသော်လည်း ယခုမူ မည်သည့်ဒဏ်ရာမျှ မရရှိခဲ့ပေ။ သူ ချက်ချင်းပင် ခန္ဓာကိုယ်ကို ပြန်လည်သေးငယ်စေကာ လုရုန်၏ အလောင်းရှိရာသို့ ပျံသန်းသွားခဲ့သည်။ သူ့ကျောပြင်ထက်မှမူ သွေးမြွေပွေးများစွာ တရှူးရှူးမြည်လျက် ထွက်ပေါ်လာ၏။

“ငါနဲ့ တစ်သားတည်း ဖြစ်သွားစမ်း”

ဝမ်ယွမ် ထိုသို့ ရေရွတ်လိုက်ပြီး သွေးမြွေပွေးများအား လုရုန်၏ အလောင်းထဲသို့ တိုးဝင်ခွင့်ပြုလိုက်သည်။ မကြာမီအချိန်၌ သွေးမြွေပွေးများမှာ ဝလင်စွာ စားသောက်ပြီးသကဲ့သို့ ခန္ဓာကိုယ်များ ကြီးထွားလာကာ ဝမ်ယွမ်၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် တိုးဝင်သွားကြတော့၏။

သူ၏ သွေးချီစွမ်းအားများမှာ ပြန်လည်၍ ဖောင်းကြွလာခဲ့ပြီး ယခင်ကထက် သုံးပုံတစ်ပုံခန့် ပိုမို၍ အားကောင်းလာခဲ့ပြီ ဖြစ်သည်။

....

ဒန်ရှားတောင်ခြေ တစ်မိုင်ခန့်အကွာတွင် လှိုင်းထနေသော တောင်ကုန်းငယ်တစ်ခု ရှိသည်။

ထိုနေရာ၏ မြေမျက်နှာပြင်မှာ မညီမညာဖြစ်နေပြီး မြေဆီလွှာ ညံ့ဖျင်းလှသည့်အပြင် ချီစွမ်းအားများမှာလည်း အလွန်ပင် ပါးလွှာလှပေသည်။ နှစ်ပေါင်းများစွာအတွင်း လော့ထျန်းအဖွဲ့သည် ထိုနေရာကို တန်ဖိုးမရှိဟု သတ်မှတ်ကာ မည်သည့် ပြင်ဆင်မှုမျှ မပြုလုပ်ဘဲ ဤအတိုင်း ပစ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယနေ့တွင်မူ ၎င်းက ရှိသင့်သော တန်ဖိုးကို ထုတ်ဖော်ပြသနိုင်ခဲ့ပြီ ဖြစ်သည်။

ကောင်းကင်ယံထက်တွင် ရေငွေ့များ ဖုံးလွှမ်းနေပြီး ထုထည်ကြီးမားလှသော လှိုင်းလုံးကြီးများ ထွက်ပေါ်နေ၏။ လှိုင်းသံ တဝုန်းဝုန်းကြားတွင် တွမ်ဖုန်းက လှိုင်းလုံးထိပ်တွင် ရပ်တန့်နေပြီး ဓားရှည်ကို ဝေ့ယမ်းနေကာ ခါးတွင်မူ ကစားစရာ ဗုံငယ်လေးတစ်ခုကို ချိတ်ဆွဲထားသည်။

ဤနေရာသည် သူ့အတွက် အားသာချက်အရှိဆုံး စစ်တလင်း ဖြစ်လာခဲ့ချေပြီ။ သူသည် ဟယ်လော့ဓားနှင့် ရေဓာတ် မှော်အတတ်များကို အဆက်မပြတ် အသုံးပြုနေ၏။ ရတနာဆန်းနှင့် မှော်အတတ်ပေါင်းစပ်ခြင်းက သူတို့ တွမ်မျိုးနွယ်စု၏ လျှို့ဝှက်နည်း ဖြစ်သည်။ ၎င်းက ရတနာဆန်း သို့မဟုတ် မှော်အတတ်တစ်ခုတည်း သက်သက်သုံးခြင်းမျိုး မဟုတ်ဘဲ ရတနာဆန်းကို အသုံးချ၍ မှော်အတတ်၏ စွမ်းပကားကို ပိုမိုတိုးမြှင့်ပေးခြင်း ဖြစ်၏။

မဟုတ်လျှင်မူ သူ၏ အခြေတည်အဆင့် (၁) ကျင့်ကြံမှုဖြင့် အခြေတည်အဆင့် (၂) ရှိသော မြောင်ယွီအား မည်သို့မျှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ သို့သော် ထိုသို့ဆိုလျှင်ပင် ယခုအချိန်တွင် သူ ခံနိုင်ရည်ရှိရန် လုံးဝမလွယ်ကူတော့ချေ။

ရှူး....

လှိုင်းလုံးကြီးများကြားမှ ဖုန်မှုန့်များ ရုတ်တရက် ရှေ့သို့ တဟုန်ထိုး ပျံ့လွင့်လာခဲ့သည်။

တွမ်ဖုန်း၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားကာ ခါးရှိ ဗုံငယ်လေးကို လက်ဖြင့် တစ်ချက်ပုတ်လိုက်၏။

ဗုံ.... ဗုံ....

ဗုံသံမြည်လာသည်နှင့် တစ်ပြိုင်နက် ခရမ်းပြာရောင် ရေဒိုင်းကာတစ်ခုက ဘေးဘက်တွင် ကာကွယ်ပေးလိုက်သဖြင့် ထိုဖုန်မှုန့်များ တားဆီးခံလိုက်ရသည်။

ဝုန်းး....

“မင်းကို ရှာတွေ့ပြီ”

တွမ်ဖုန်း ချက်ချင်းပင် ဓားရှည်ကို နောက်သို့ ပြင်းထန်စွာ လွှဲခုတ်လိုက်တော့သည်။

လှိုင်းလုံးကြီးများ ကွဲအက်သွားကာ သွယ်လျလှပသော ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။

မြောင်ယွီ၏ မျက်နှာထက်ဝယ် လှောင်ရိပ်တစ်ခု ပေါ်လာပြီး လက်ထဲမှ မြင်းမြီးယပ်တောင်တောင်ကို ဝေ့ယမ်းကာ ထိုဓားအလင်းကို ဖယ်ရှားပစ်လိုက်သည်။

ဘုန်း....

ဓားအလင်းက တောင်ကုန်းလွင်ပြင်ပေါ်သို့ ကျရောက်သွားကာ ကျယ်လောင်သော မြည်ဟီးသံကြီး ထွက်ပေါ်လာ၏။

မြောင်ယွီက တွမ်ဖုန်း တည်ဆောက်ထားသော တိုက်ပွဲမြေပြင်ကို ကြည့်ရင်း မျက်နှာဝယ် လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေသည်။

“တိုက်ပွဲဗျူဟာကတော့ မဆိုးပါဘူး.... ပထမတော့ ချောင်းမြောင်းပြီး ကျွန်မကို ဒဏ်ရာအပြင်းအထန် ရအောင်လုပ်တယ်…. ပြီးတော့ စစ်တလင်းရဲ့ အားသာချက်ကို ယူပြီး အချိန်ဆွဲ ဖိနှိပ်ထားတယ်…. မှော်အတတ်နဲ့ ရတနာဆန်း ပေါင်းစပ်မှုကလည်း တကယ့်ကို ပြည့်စုံလှပလွန်းတယ်.... ဒါပေမဲ့ နှမြောစရာကောင်းတာက ရှင်က အခြေတည်အဆင့်ကို ခုမှဝင်ကာစဆိုတော့ ချီစွမ်းအင်က နည်းလွန်းတယ်.... ဒီလို တိုက်စစ်မျိုးကို ရှင် ဘယ်လောက်ကြာကြာ တောင့်ခံနိုင်ဦးမှာလဲ”

ထိုသို့သော စိတ်ဓာတ်ကျစေမည့် စကားလုံးများကို ရင်ဆိုင်ရသော်လည်း တွမ်ဖုန်း၏ မျက်နှာမှာမူ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင်များမှာ အမှန်တကယ်ပင် ကုန်ခမ်းလုနီးပါး ဖြစ်နေချေပြီ။ သို့သော်လည်း သူ ဆုတ်ခွာသွားရန် မဖြစ်နိုင်ပေ။ အကယ်၍ ဤသို့သော လူမျိုးများကို ဒန်ရှားတောင်ထဲသို့ ပေးဝင်လိုက်ပါက သူ့မိသားစုနှင့် မိတ်ဆွေများအားလုံး ဘေးဒုက္ခနှင့် ရင်ဆိုင်ရပေလိမ့်မည်။ သူ ထိုသို့ လုံးဝ အဖြစ်မခံနိုင်ချေ။ သူ ချက်ချင်းပင် အဆင့်လတ် ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်သည်။

မြောင်ယွီတစ်ယောက် ထိုမြင်ကွင်းကို ကြည့်ကာ မျက်နှာ အနည်းငယ် ပျက်သွား၏။

“ရှင်က ဝိညာဉ်ကျောက်တုံးထဲက စွမ်းအင်ကို တိုက်ရိုက် စုပ်ယူမလို့လား၊ ရှင့် ချီပင်လယ်ကို ဖျက်ဆီးပစ်ချင်လို့လား”

“ငါ ဘယ်တော့မှ နောက်မဆုတ်ဘူး”

တွမ်ဖုန်းက သူမကို အေးစက်စွာ ကြည့်ရင်း လက်ထဲမှ ဝိညာဉ်ကျောက်တုံးကို စုပ်ယူရန် ပြင်လိုက်သည်။

ထိုစဉ် ရုတ်တရက် စိတ်ဝိညာဉ်အသံလွှင့်ချက်တစ်ခု နားထဲသို့ ဝင်ရောက်လာ၏။ သူ့မျက်နှာထား အနည်းငယ် ပြောင်းလဲသွားကာ ဝိညာဉ်ကျောက်တုံးကို ပြန်သိမ်းလိုက်သည်။

မြောင်ယွီတစ်ယောက် ထိုအခြင်းအရာကို မြင်သောအခါ အော်ဟစ်ရယ်မောလိုက်သည်။ သူမသည် တစ်ဖက်လူအား နောက်မဆုတ်ဘဲ တောင့်ခံမည့် ယောက်ျားကောင်းတစ်ယောက်ဟု ထင်မှတ်ခဲ့မိသည်။ သို့သော်လည်း ငကြောက်တစ်ယောက်သာ ဖြစ်နေလေသည်။

တစ်ဖက်လူက သူ့တစ်ကိုယ်လုံးရှိ ချီစွမ်းအင်များကို လှုံ့ဆော်ကာ နောက်ဆုံးတစ်ချက် တိုက်ခိုက်ရန် ပြင်နေသည်ကို မြင်သောအခါ သူမလည်း အပြုံးများကို ရုပ်သိမ်းလိုက်သည်။

ရုတ်တရက် သူမ၏ ခါးမှ ပိုးပဝါတစ်ထည် ဝဲပျံလာကာ သူမ တစ်ကိုယ်လုံးကို ဖုံးလွှမ်းကာကွယ်လိုက်၏။

“ဒီတိုက်ကွက်ကို တားဆီးပြီးတာနဲ့ ရှင့်ကို ကျွန်မ စိတ်ကြိုက် သတ်လို့ရပြီ”

တွမ်ဖုန်းက ဘာမှမကြားသကဲ့သို့ ဓားရှည်ကို ပြန်သိမ်းလိုက်ပြီး လက်ထဲမှ ဗုံငယ်လေးကို အဆက်မပြတ် လှုပ်ခါလိုက်တော့သည်။ သူ့ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ဗုံငယ်လေးအပေါ်သို့ စုစည်းသွားသည်။

ပတ်ဝန်းကျင်တွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော လှိုင်းလုံးကြီးများက ထပ်မံ ထွက်ပေါ်လာပြန်သည်။ ထို့နောက် ပိုမို ပြင်းထန်လာကာ တစ်လှိုင်းပြီးတစ်လှိုင်း ထပ်ဆင့်ကာ မြောင်ယွီထံသို့ တိုးဝင်သွားတော့၏။

ထိုအရာမှာ သမုဒ္ဒရာဖြတ် လှိုင်းလုံး ပင် ဖြစ်သည်။

မြောင်ယွီတစ်ယောက် နှာခေါင်းရှုံ့လိုက်မိသည်။

“ဒီအကွက်က ထပ်လာပြန်ပြီ၊ ဒီအကွက်ဟောင်းကြီးက ကျွန်မဖို့ အသုံးမဝင်တော့ဘူး”

မြောင်ယွီ၏ စကားဆုံးသည်နှင့် ပိုးပဝါဆီမှ အလင်းတန်းများ အလွှာလိုက် ထွက်ပေါ်လာကာ အဆက်မပြတ် တိုက်ခိုက်လာသော လှိုင်းလုံးကြီးများကို တားဆီးပစ်လိုက်သည်။ လက်ထဲမှ မြင်းမြီးယပ်တောင်မှာလည်း ထက်မြက်သော ဓားတစ်စင်းကဲ့သို့ ဤတိုက်ခိုက်မှုကို တားဆီးပြီးသည်နှင့် တစ်ဖက်လူ၏ ဦးခေါင်းကို ဖြတ်ယူရန် အဆင်သင့် ဖြစ်နေချေပြီ။

ဝုန်းးး....

နောက်ဆုံးလှိုင်းလုံးကြီး ကျဆင်းသွားသောအခါ တွမ်ဖုန်း မောပန်းနွမ်းနယ်စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး အသက်ကို အသည်းအသန် ရှူနေရတော့သည်။ ယခုအချိန်တွင် သူသည် ချီစွမ်းအင် တစ်စက်မျှပင် မညှစ်ထုတ်နိုင်တော့ချေ။

ချီပင်လယ်အတွင်း၌လည်း လုံးဝ ဗလာကျင်းနေခဲ့လေပြီ။ ပုံမှန်အားဖြင့် ဝိညာဉ်ရည်အဖြစ် ပြောင်းလဲပေးတတ်သော ကြီးမားလှသော ချီစွမ်းအင် တိမ်တိုက်ကြီးပင်လျှင် အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။ ဤတိုက်ပွဲအပြီးတွင် အသက်ရှင်လျက် ပြန်သွားနိုင်လျှင်ပင် ချီစွမ်းအင် တိမ်တိုက်ကြီးကို ပြန်လည်စုစည်းရန်နှင့် ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်ရန် ရက်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။

ပါးလွှာသွားခဲ့ပြီ ဖြစ်သော မြူခိုးများကြားမှနေ၍ မြောင်ယွီ ရှေ့သို့ ဖြည်းညှင်းစွာ လှောက်လှမ်းလာခဲ့သည်။

တွမ်ဖုန်း ထိုမြင်ကွင်းကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။

“မင်လုံယွီ.... မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့”

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters