← Chapters

အခန်း ၄၁၃

Vol. 42 Ch. 413

အခန်း ၄၁၃

Vol. 42 Ch. 413

အခန်း (၄၁၃) - ဒန်ရှားတောင်ခြေမှ အလောင်းများနှင့် မြစ်ကမ်းဘေးမှ တင်းမာမှု

“ပညာကုန်သွားပြီလား…. ဒါဆိုရင်တော့ သေဖို့သာ ပြင်ပေတော့”

မြောင်ယွီက နှာခေါင်းရှုံ့လှောင်ပြောင်လိုက်ရင်း လက်ထဲမှ မြင်းမြီးယပ်တောင်ကို လှုပ်ခါရင်း နောက်ဆုံးသတ်ကွက်ကို ဖော်ဆောင်ရန် ပြင်လိုက်သည်။

သို့သော်လည်း နောက်တစ်စက္ကန့်တွင် ရောင်စုံလှံရှည်ကြီးတစ်စင်းက လေကိုခွင်း၍ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ၎င်းက ကောင်းကင်ယံမှ သက်တံ့ကြီး ကမ္ဘာမြေသို့ ကျရောက်လာသည့်အလားပင်။

ရှူး....

မြောင်ယွီ၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားကာ မြင်းမြီးယပ်တောင်ကို အဆက်မပြတ် ဝေ့ယမ်းလိုက်ပြီး ပိုးပဝါ ခံစစ်ရတနာဆန်းကိုလည်း အစွမ်းကုန် လှုံ့ဆော်လိုက်ရာ ၎င်း၏ အလင်းတန်းများမှာ ရူးသွပ်စွာ တောက်ပလာခဲ့သည်။

သို့သော်လည်း ထိုရောင်စုံလှံရှည်ကြီးကမူ ဘာကိုမျှ ဂရုမစိုက်သည်အလား တို့ဟူးကို ဓားဖြင့် လှီးဖြတ်လိုက်သကဲ့သို့ အလွှာလိုက် အလွှာလိုက် ဖောက်ထွင်းသွားတော့သည်။

ဘုန်းး....

ပြင်းထန်လှသော ပေါက်ကွဲသံကြီးက တွမ်ဖုန်း မျှော်လင့်ထားသည့်အတိုင်း သဘာဝကျစွာပင် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

“ခန်းမခေါင်းဆောင်တွမ်…. စစ်သုံ့ပန်းပစ္စည်းတွေကို သိမ်းပြီး ဒန်ရှားတောင်ကို အမြန်ပြန်ခဲ့ပါ”

မင်လုံယွီ၏ အသံမှာ သူ၏ စိတ်ဝိညာဉ်အသိစိတ်အတွင်းသို့ နောက်ထပ်တစ်ကြိမ် ရောက်ရှိလာခဲ့ပြန်သည်။ တွမ်ဖုန်း တုံ့ဆိုင်းမနေတော့ဘဲ ခက်ခဲစွာ မတ်တပ်ထရပ်ရင်း မြောင်ယွီ၏ အလောင်းရှိရာသို့ လျှောက်သွားခဲ့၏။

တစ်ဖက်လူမှာ အသက်ဝိညာဉ် ကင်းမဲ့သွားခဲ့ပြီ ဖြစ်သည်။

“နှမြောစရာပဲ၊ သိုလှောင်အိတ်က ပျက်စီးသွားလို့ ယူစရာတောင် သိပ်မကျန်တော့ဘူး”

သူသည် ထိုမြင်းမြီးယပ်တောင်နှင့် ပျက်စီးနေသော ပိုးပဝါကို ကောက်ယူလိုက်ပြီး တစ်ဖက်လူ၏ အလောင်းကို ဆွဲမကာ ဒန်ရှားတောင်ဆီသို့ တည့်တည့် ဦးတည်ပျံသန်းသွားတော့သည်။

သူ ခက်ခဲစွာဖြင့် တောင်ပေါ်သို့ ပြန်ရောက်လာသောအခါ ဒဏ်ရာအပြင်းအထန် ရရှိကာ ပြန်လာပြီး မုရုံချင်းလျန်နှင့် အဖွဲ့သားများ၏ ကုသမှုကို ခံယူနေရသော ရှင်းကျုံးဟန့်နှင့် ဆုံတွေ့လိုက်ရ၏။

“ကျင့်ဖော်ရှင်း.... မင်းလည်း တော်တော်လေး အနိုင်နိုင် တိုက်ခဲ့ရပုံပဲ”

ရှင်းကျုံးဟန့်က နာကျင်မှုများကြားမှ ရယ်မောလိုက်သည်။

“ရန်ငြိုးကို လက်စားချေနိုင်ခဲ့ပြီပဲ၊ သေရရင်တောင် ဂရုမစိုက်ပါဘူး”

တွမ်ဖုန်း ခေါင်းခါလိုက်မိသည်။ အတိတ်ကာလက သူသည်လည်း ဤသို့သော စိတ်နေသဘောထားမျိုး ရှိခဲ့ဖူးသည်။ သို့သော် ယခုမူ သူ့တွင် မိသားစုရှိနေပြီ ဖြစ်ရာ ထိုကဲ့သို့ ဘာကိုမျှ ဂရုမစိုက်ဘဲ မနေနိုင်တော့ချေ။ ဘေးနားရှိ ဖုန်းရှကို ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ လော့ထျန်းအဖွဲ့၏ ခန်းမဆောင်ကြီးထဲသို့ လှမ်းဝင်ခဲ့သည်။

“ဝမ်ယွမ်ရော ဘာမှမဖြစ်ဘူးမလား”

“ဒဏ်ရာနည်းနည်း ရကောင်းရနိုင်ပေမဲ့ စိုးရိမ်စရာမရှိပါဘူး.... ငါ အပြင်က ချောင်းမြောင်းနေတဲ့လူတွေရဲ့ ရန်ကို ကာကွယ်ဖို့ အစီအရင်ကို ထိန်းချုပ်ရဦးမယ်.... မင်း ဒီကျောက်စိမ်းပြားကို ယူပြီး အဖွဲ့ခေါင်းဆောင်ဆီကို အသံလွှင့်ပြီး လက်ရှိအခြေအနေကို သတင်းပို့လိုက်”

ပြောပြီးနောက် မင်လုံယွီ ခဏမျှ ရပ်တန့်လိုက်၏။

“လုပ်နိုင်တယ်မလား”

တွမ်ဖုန်းက ချီတည်ငြိမ်ဆေးလုံးတစ်လုံးကို မြိုချလိုက်ပြီး နားလည်စွာ ပြုံးလိုက်သည်။

“ပြဿနာမရှိပါဘူး”

သူတို့နှစ်ဦး စကားပြောနေကြစဉ်မှာပင် ဒန်ရှားတောင်နှင့် မိုင်အနည်းငယ် အကွာတွင် ရှိနေသော ပုံရိပ်များစွာမှာ ကြောက်ရွံ့တုန်လှုပ်လျက် ငြိမ်သက်နေကြ၏။

မကြာမီက ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးကို သူတို့ အစအဆုံး စောင့်ကြည့်ခဲ့ကြသည်။

အခြေတည်အဆင့် ကျင့်ကြံသူ ငါးဦး ပူးပေါင်းခဲ့သော်လည်း တောင်ထဲသို့ပင် ခြေတစ်လှမ်း မနင်းနိုင်ဘဲ တောင်ခြေ၌ပင် အားလုံး ကျဆုံးသွားခဲ့ရသည်။ ၎င်းက တိုက်ပွဲအပြီး အခွင့်ကောင်းယူ၍ လုယက်ရန် ကြံစည်နေသော သူတို့၏ စိတ်ကူးများကို ချက်ချင်း ပျက်ပြယ်သွားစေခဲ့သည်။

တစ်စုံတစ်ယောက်က အကြံပြုလာ၏။

“ဒီတိုက်ပွဲအပြီးမှာ လော့ထျန်းအဖွဲ့ရဲ့ အခြေတည်အဆင့်ကျင့်ကြံသူတွေ ခြေကုန်လက်ပန်းကျနေလောက်ပြီ၊ ငါတို့....”

“မစဉ်းစားနဲ့တော့၊ သူတို့မှာ တခြား အစီအစဉ်တွေ ရှိသေးတယ်”

“ကြည့်လိုက်ဦး”

ဒန်ရှားတောင်ထိပ်တွင်မူ တိမ်မြူအကာအရံကြီးတစ်ခု တဖြည်းဖြည်း ဖြန့်ကြက်လာခဲ့ပြီ ဖြစ်သည်။ အရောင်အသွေးစုံလင်လှသော အလင်းတန်းများစွာက အရပ်မျက်နှာအနှံ့မှ တိုးဝင်လာပြီး ကောင်းကင်ယံဆီသို့ မြင့်မားစွာ ထိုးထွက်နေသော တောင်ထိပ်ကြီးကို အိပ်မက်ကမ္ဘာအလား လှပစွာ ဆင်ယင်ပေးထားတော့သည်။

....

“မင်း တကယ်ပဲ ငါတို့နဲ့ ရန်သူဖြစ်ဖို့ ရွေးချယ်လိုက်ပြီပေါ့”

“မဟုတ်ဘူး”

လော့ချန်၏ မျက်နှာမှာ တည်ကြည်သွားသည်။

“မင်းတို့ကသာ ငါနဲ့ ရန်သူဖြစ်ဖို့ ရွေးချယ်ခဲ့တာ”

ချင်းဟွာမြစ်ကမ်းဘေးတွင် မိုးသည်းထန်စွာ ရွာသွန်းနေခဲ့သော်လည်း မိုးပြေးလေးမျှသာ ဖြစ်ခဲ့သည်။

ထိုလေးလံထိုင်းမှိုင်းသော လေထုကြားဝယ် မည်သည့်အချိန်က မိုးစဲသွားသည်ကိုပင် မသိလိုက်ရချေ။

ကောင်းကင်ယံတွင်မူ တောင်တန်းကြီးများ၏ အပြင်ဘက်သို့ ဖြန့်ကားလျက် ရောင်စုံသက်တံ့ကြီး ပေါ်ထွက်နေသည်။

မိုးစဲသွားသော်လည်း အခြေအနေကမူ တင်းမာနေဆဲဖြစ်ပြီး လော့ချန်က ထီးကို သိမ်းဆည်းရန် မေ့လျော့နေပုံရကာ ဆောင်းထားဆဲ ဖြစ်၏။ လော့ချန်၏ မယိမ်းမယိုင်လှသော ရပ်တည်ချက်နှင့် ရင်ဆိုင်လိုက်ရသည့်အခါ ဟူချန်းရှီအနေဖြင့် အကျပ်ရိုက်သွားခဲ့ရပြီ ဖြစ်သည်။

“အစ်ကိုကြီး.... သူ့နဲ့ ဘာလို့ စကားတွေ အများကြီး ပြောနေဦးမှာလဲ”

ဟူချန်းနူက ဘေးဘက်မှ စိတ်တိုဒေါသထွက်စွာ ပြောလိုက်သည်။ သူ၏ မျက်နှာထက်ဝယ် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ လော့ချန်တစ်ယောက်တည်းအားဖြင့် သူတို့ ညီအစ်ကို သုံးယောက်ကို တားဆီးနိုင်မည်ဟု သူ လုံးဝ မယုံကြည်ပေ။

ဟူချန်းရှီက ခေါင်းခါလိုက်ပြီး လော့ချန်အပေါ်တွင် ချီစွမ်းအင်များကို အလဟဿ မဖြုန်းတီးလိုသေးချေ။ ပတ်ဝန်းကျင်တွင် စောင့်ကြည့်နေသော ကျင့်ကြံသူ အရေအတွက် ပိုမိုများပြားလာသည်ကို သူ ခံစားမိသည်။ ထိုအထဲတွင် အခြေတည်အဆင့် ရှိသူများမှာမူ လက်နှစ်ဖက်ဖြင့်ပင် ရေတွက်၍ မရနိုင်တော့ချေ။ ထိုမျှသာမက အခြေတည်အလယ်ပိုင်းအဆင့် ရှိသူများလည်း ပါဝင်နေ၏။ အကယ်၍ သူတို့ ညီအစ်ကို သုံးယောက်သာ ထိခိုက်ဒဏ်ရာရသွားပါက နောက်ပိုင်းတွင် အခြေတည်အလယ်ပိုင်းအဆင့် ကျင့်ကြံသူများကို ရင်ဆိုင်နိုင်တော့မည် မဟုတ်ပေ။

“လော့ချန်.... ငါ မင်းကို နောက်ဆုံးတစ်ကြိမ် ထပ်မေးမယ်၊ တကယ်ပဲ နောက်မဆုတ်ဘူးလား”

“စကားများလိုက်တာ”

လော့ချန်က မလေးမစား ပြောလိုက်ပြီး ထိုသုံးယောက်ကို လုံးဝ အထင်မကြီးသည့်အလား ရှိနေသည်။

ဤကဲ့သို့ အော်ဟစ်ငေါက်ငမ်းခြင်းကို ခံရသဖြင့် ဟူချန်းရှီ၏ မျက်နှာလည်း မည်းမှောင်သွားတော့သည်။

“လုရုန်တို့ သုံးယောက်ကို မင်း ဂရုမစိုက်ဘူးဆိုရင်.... ကန်းမျိုးနွယ်စုရဲ့ မောင်နှမတွေကိုပါ ထည့်လိုက်ရင်ရော ဘယ်လိုလဲ.... ကန်းမျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်က အခြေတည်အဆင့် (၃) ရှိတဲ့ ကျင့်ကြံသူပဲ၊ သူသာ ဒန်ရှားတောင်ကို ဝင်စီးမယ်ဆိုရင် မင်းတို့ လော့ထျန်းအဖွဲ့မှာ ဘယ်သူက သူ့ကို တားနိုင်မှာမို့လဲ”

ဤစကားကို ကြားသောအခါ မြစ်ကမ်းနှစ်ဖက်ရှိ စောင့်ကြည့်နေသော ကျင့်ကြံသူအားလုံး ထိတ်လန့်သွားကြသည်။

"လီမျိုးနွယ်စုရဲ့ အမွေအနှစ်တွေကို လုယူဖို့အတွက်.... ဟူချန်းရှီက ဒီလောက်အထိ လုပ်ရဲတာလား.... လုရုန်နဲ့ ပူးပေါင်းရုံတင်မကဘဲ.... တစ်ယောက်နဲ့တစ်ယောက် မုန်းတီးနေကြတဲ့ ကန်းမျိုးနွယ်စုကိုပါ ဆွဲထည့်ခဲ့တာပဲ"

ထိုထဲမှ တစ်ယောက်က မယုံကြည်နိုင်စွာဖြင့် တိုးတိုးလေး ဆိုလိုက်သည်။

"အဲ့လူ သူတို့ကို ဘယ်လောက်အထိ အကျိုးအမြတ်တွေ ပေးဖို့ ကတိပြုထားခဲ့လဲဆိုတာ ဘယ်သူသိမှာလဲ"

"တကယ်လို့ လော့ချန်သာ ဒီနေရာကနေ ထွက်သွားရင်...."

အခြားတစ်ဦးကလည်း သိနားလည်စွာဖြင့် ဖြည့်စွက်ပြောဆိုလိုက်သည်။

"ကန်းမျိုးနွယ်စုက ချက်ချင်း ဝင်ရောက်ပြီးတော့ လီမျိုးနွယ်စုရဲ့ပိုင်ဆိုင်မှုကို သိမ်းပိုက်ကြလိမ့်မယ်၊ သူတို့ အင်အားချင်း ပူးပေါင်းသွားကြရင်.... ငါတို့လို သာမန်ကျင့်ကြံသူတွေအတွက် ဘာမှ ကျန်တော့မှာ မဟုတ်ဘူး"

တစ်ဖက်တွင်လည်း ဟူချန်းရှီ၏ စကားကို ကြားသောအခါ လော့ချန် မျက်ခုံးတစ်ချက် ပင့်လိုက်၏။

“မင်း ငါ့ကို ထွက်သွားဖို့ အကြိမ်ကြိမ် နားချနေတာကို ငါ သတိထားမိတယ်”

“ငါက မင်းအတွက် စဉ်းစားပေးတာပါ” ဟူချန်းရှီက ပြောလိုက်သည်။

လော့ချန် ထိုသူအား ပြုံးစိစိနှင့် ကြည့်လိုက်၏။

“ဒါဆို ငါ အခုပြန်သွားပြီး လုရုန်နဲ့ ကန်းလျဲ့တို့ကို မောင်းထုတ်လိုက်ရင်.... သူတို့ နောက်ပိုင်းကျရင် မင်းကို ပြဿနာလာရှာကြမှာ မဟုတ်ဘူးလား"

ဟူချန်းရှီ၏ မျက်နှာ အမူအရာ ပျက်ယွင်းသွားသည်။ အကြောင်းမှာ သဘောတူချက်အရ သူသည် လော့ချန်အား ချင်းဟွာမြစ်ဘက်တွင် သတ်ပစ်မည် သို့မဟုတ် အနည်းဆုံးတော့ အချိန်ဆွဲထားပေးမည်ဟု ကတိပေးခဲ့သည်။

“ကြည့်ရတာ မင်းတို့ရဲ့ မဟာမိတ်ဆက်ဆံရေးက သိပ်ပြီးတော့ မခိုင်မြဲဘူးပဲ”

လော့ချန် ခေါင်းခါလိုက်ပြီး သူ့လက်ထဲတွင်မူ မည်သည့်အချိန်က ရောက်နေမှန်းမသိသော ကျောက်စိမ်းပြားတစ်ခု ရှိနေခဲ့လေပြီ။

“တောင်းပန်ပါတယ်.... မင်းတို့ကို စိတ်ပျက်အောင် လုပ်မိပြန်ပြီ.... ကျူးကျော်လာတဲ့ ရန်သူအားလုံးကို ငါတို့ လော့ထျန်းအဖွဲ့က အကုန်လုံး သုတ်သင်ပစ်လိုက်ပြီ၊ တစ်ယောက်မှ မလွတ်သွားဘူး”

ဟူချန်းရှီ ကြောင်အသွားတော့သည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဘေးနားရှိ ညီအစ်ကိုဖြစ်သူ ဟူချန်းနူက အော်ဟစ်ဆဲဆိုလိုက်၏။

“ကြွားတာတောင် ဘောင်မရှိဘူးပဲ၊ မင်းတို့ လော့ထျန်းအဖွဲ့ရဲ့ လူလေး သုံးလေးယောက်နဲ့ အဲဒီလောက်များတဲ့ အခြေတည်အဆင့် ကျင့်ကြံသူတွေကို တားဆီးနိုင်မယ် ဟုတ်လား”

ဟူချန်းလဲ့က လှောင်ပြောင်သော အမူအရာကို ပြသလိုက်သည်။

“ငါတို့ကို လိမ်လို့ရပေမဲ့ မင်းကိုယ့်ကိုယ်ကိုယ် ပြန်လိမ်နေတာကတော့ သိပ်မဟုတ်သေးဘူး”

သူတို့၏ မယုံကြည်မှုအပေါ်တွင် လော့ချန်ကမူ ပြုံးရုံသာ ပြုံးနေခဲ့သည်။ မည်သည့် ရှင်းလင်းချက်မျိုးကိုမျှ ပေးရန် စိတ်ကူးမရှိချေ။ သူ အသံလွှင့်ကျောက်စိမ်းပြားကို ပြန်သိမ်းလိုက်ပြီး ထီးကိုဆောင်းကာ လှည့်မကြည့်ဘဲ ပြောလိုက်၏။

“ဈာပနကို ဆက်လုပ်ပါ.... အကြီးအကဲလီကို မြေမြှုပ်ရမယ့် အချိန်ကို မလွတ်စေနဲ့”

မူလက နေရာတွင် ကြက်သေသေနေသော ဈာပနပို့သည့်လူတန်းကြီးမှာ ဤစကားကို ကြားသောအခါ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ အားလုံးက သူတို့၏ အကြည့်များကို လီမျိုးနွယ်စု၏ လက်ရှိ မျိုးနွယ်စုခေါင်းဆောင် လီယင်ကျန်းထံသို့ ပို့လိုက်ကြသည်။

လီယင်ကျန်းက လော့ချန်၏ ကျောပြင်ကို ကြည့်ပြီးနောက် အမိန့်ပေးလိုက်သည်။

“ဆက်သွားမယ်”

သူ လက်နှစ်ဖက်ဖြင့် နာရေးဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ သတ်မှတ်ထားသော သုသာန်ဆီသို့ ဦးတည် ချီတက်သွားတော့သည်။

ဈာပနအဖွဲ့ကြီး ရှေ့သို့ တိုးလာသည်နှင့်အမျှ ဟူချန်းနူ မအောင့်အီးနိုင်တော့ချေ။

“အစ်ကိုကြီး.... သူနဲ့ ဘာလို့ စကားတွေ အများကြီး ပြောနေဦးမှာလဲ၊ အဲဒီခွေးအိုကြီးက မြေကြီးထဲ ဝင်တော့မယ်.... သူ အသက်ရှင်စဉ်တုန်းက ကျွန်တော်တို့ ဘာမှမတတ်နိုင်ခဲ့ရင်တောင် သေပြီးရင်တော့ သူ့ဝိညာဉ်ကို မအေးချမ်းအောင် လုပ်ရမှာပေါ့”

လီကျင်ဟွမ်မှာ သက်တမ်းကုန်ဆုံး၍ သေဆုံးခဲ့ခြင်း ဖြစ်သည်။ ၎င်းက မဟာတာအိုလမ်းစဉ်ကို မျှော်လင့်ချက်မရှိသော လူများအတွက် အမြင့်မြတ်ဆုံးသော သေဆုံးခြင်း ဖြစ်၏။

ဟူမျိုးနွယ်စု ညီအစ်ကို သုံးယောက်မှာ အကျိုးအမြတ်အတွက် ရောက်ရှိလာခြင်းဖြစ်သော်လည်း အတိတ်က ထိုနာကျည်းမှုကမူ လုံးဝ ပျောက်ကွယ်မသွားခဲ့ချေ။ သူတို့သည် အဘိုးကြီးအား အဆုံးစွန်ထိ သိက္ခာချပစ်ချင်ကြခြင်း ဖြစ်သည်။

“လော့ချန်”

ဤအကြိမ်တွင်မူ ဟူချန်းရှီက ခေါင်းဆောင်လော့ဟု ယဉ်ကျေးသမှုဖြင့်ပင် မခေါ်ဆိုတော့ချေ။

“ဒီနေ့ ခေါင်းမာမှုအတွက် မင်း နောင်တရစေရမယ်”

လော့ချန် သူ့အား တည်ငြိမ်စွာ ကြည့်လိုက်၏။

“နောင်တရမလား မရမလားတော့ ငါမသိဘူး၊ ဒါပေမဲ့ မင်းတို့ သုံးယောက်ကိုတော့ ငါ မျက်စိထဲကို မထည့်တာ ရှင်းလား”

“ငါတို့ကို မျက်စိထဲ မထည့်ဘူးဆိုရင်.... တန်ယွမ်ဇီရော ဘယ်လိုလဲ”

ဟူချန်းရှီ၏ စကား ဆုံးသည်နှင့် တစ်ပြိုင်နက် ချင်းဟွာမြစ်အောက်ပိုင်းမှ အလင်းတန်းတစ်ခု လေကိုခွင်း၍ အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့ပြီ ဖြစ်သည်။

ဝိညာဉ်အလင်းများ ပျောက်ကွယ်သွားသောအခါ အဘိုးအိုတစ်ဦးက ဓားပျံကို စီးလျက် ပေါ်ထွက်လာပြီး ဟူချန်းရှီကို မကျေမနပ် ကြည့်လိုက်၏။

“ငါ ဝင်ပါစရာ မလိုဘူးလို့ ပြောထားတယ် မဟုတ်လား”

ဟူချန်းရှီက မတတ်သာဘဲ ပြောလိုက်သည်။

“ကျွန်တော် လော့ချန်အပေါ်မှာ စွမ်းအင်တွေ အများကြီး မဖြုန်းတီးချင်လို့ပါ၊ ဒါကြောင့် အကြီးအကဲကိုပဲ အကူအညီတောင်းရတော့မယ်”

“ဟွန်း”

တန်ယွမ်ဇီက နှာခေါင်းရှုံ့လိုက်ပြီး

“အဲဒီဆေးဖက်ဝင် စိုက်ခင်းက နောက်ပိုင်းမှာ ငါ့အပိုင် လုံးဝဖြစ်ရမယ်၊ မင်းတို့ရဲ့ အကျိုးအမြတ် ဆယ်ပုံတစ်ပုံကိုလည်း ငါ လိုချင်တယ်”

ဟူမျိုးနွယ်စု ညီအစ်ကို သုံးယောက်ထဲမှ ဟူချန်းလဲ့က အနည်းငယ် မကျေမနပ် ဖြစ်သွား၏။

သို့သော် ဟူချန်းရှီကမူ သဘောတူလိုက်သည်။ အချိန်ပို ကြာလေလေ ပိုရှုပ်ထွေးလေလေ ဖြစ်ရပေလိမ့်မည်။ မတော်တဆ အခြေတည်အဆင့်နှောင်းပိုင်း ကျင့်ကြံသူကြီးများကို ဆွဲဆောင်မိသွားနိုင်သည်။ ထိုအချိန်ကျမှမူ သူတို့၏ ကြိုးစားအားထုတ်မှုအားလုံးက သူတစ်ပါးအတွက် လမ်းခင်းပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

တန်ယွမ်ဇီက ခေါင်းကိုငုံ့ကာ လော့ချန်ကို အထက်စီးမှ ငုံ့ကြည့်လိုက်၏။

“မောင်ရင်.... မင်း ဒီလို မလုပ်သင့်....”

“တန်ယွမ်ဇီ ဟုတ်တယ်မလား.... ခင်ဗျားကို စောင့်နေတဲ့ လူတစ်ယောက် ရှိတယ်”

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters