← Chapters

အခန်း ၄၁၅

Vol. 42 Ch. 415

အခန်း ၄၁၅

Vol. 42 Ch. 415

အခန်း (၄၁၅) - မင်းတို့ကို သတ်ဖို့ ဘာဝှက်ဖဲမှ မလိုဘူး

ဝေးကွာလှသော အရပ်ဆီမှနေ၍ လီယင်ကျန်း လက်ထဲရှိ ချီလုံဓားသည် သခင်ဟောင်း၏ ခေါ်ယူမှုကို ချက်ချင်း တုံ့ပြန်လိုက်တော့သည်။ ၎င်းသည် ရစ်ခွေနေသော နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ဟိန်းဟောက်သံများနှင့်အတူ လီကျင်ဟွမ်ထံသို့ တဟုန်ထိုး ပျံသန်းသွားခဲ့သည်။

တန်ယွမ်ဇီ၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားသည်။ တစ်ဖက်လူက မည်သို့မျှ တွန့်ဆုတ်မနေဘဲ ရတနာဆန်းကို တိုက်ရိုက် အသုံးပြုလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ လူအများအပြား၏ အကြည့်များအောက်တွင် သူ ချက်ချင်းပင် လှည့်ပြေးတော့သည်။

သို့သော်လည်း လီကျင်ဟွမ်က သူ့အား မည်သို့မျှ လွတ်မြောက်ခွင့်ပေးမည် မဟုတ်ဘဲ လူနှင့်ဓား တစ်သားတည်းပေါင်းစည်းကာ ချီလုံဓားအလင်းဖြင့် လွှမ်းခြုံလျက် တန်ယွမ်ဇီနောက်သို့ အရှိန်အဟုန်ဖြင့် လိုက်လံ ဖမ်းဆီးတော့၏။

တိုက်ပွဲက ချင်းဟွာမြစ် အောက်ပိုင်းသို့ ဦးတည်သွားကာ အဆက်မပြတ် ပေါက်ကွဲသံများ ထွက်ပေါ်နေသည်။ ထိုအထဲတွင် တန်ယွမ်ဇီ၏ စူးစူးဝါးဝါး အော်ဟစ်သံများလည်း ပါဝင်နေ၏။

လီကျင်ဟွမ် ပြောခဲ့သည်မှာ မမှားပေ။ ခုနစ်ရက်တာ မျှသာ မွေးမြူထားခဲ့သော ဇီဝစွမ်းအား ဖြစ်သော်လည်း တန်ယွမ်ဇီကို သတ်ဖြတ်ရန်အတွက်မူ လုံလောက်လွန်းလှပေသည်။ သူ၏ အထွတ်အထိပ် အချိန်က သူသည် အခြေတည်အဆင့် ၅ အထိ ရောက်ရှိခဲ့ဖူးသူ ဖြစ်သည်။ ယခုအခါတွင်မူ သူသည် မိမိ၏ ခန္ဓာကိုယ်အခြေအနေကို လုံးဝ ဂရုမစိုက်တော့ဘဲ စွမ်းအားများကို ချွေတာရန်လည်း မလိုတော့သည့်အတွက် မှော်ရတနာကို အစွမ်းကုန် ရူးသွပ်စွာ အသုံးပြုနေခြင်း ဖြစ်ပေသည်။

မြစ်ကမ်းတစ်လျှောက် မရေမတွက်နိုင်သော လူများက တိုက်ပွဲအား မျက်တောင်မခတ် ကြည့်နေကြသည်။

ထိုစဉ် စူးရှလှသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။

“သတ္တိရှိလှချေလား”

ဟူချန်းရှီ၏ ခြေလှမ်းများ နေရာ၌ပင် ရပ်တန့်သွားခဲ့ရပြီး သူ၏ မျက်နှာအမူအရာ မည်းမှောင်သွားခဲ့ရသည်။

“ဟန်ဆောင်မနေနဲ့တော့၊ အဲဒီ လီကျင်ဟွမ်ရဲ့ အခြေအနေက သိသာနေတာပဲ၊ သူက တန်ယွမ်ဇီ တစ်ယောက်တည်းကိုပဲ ရင်ဆိုင်နိုင်မှာ”

“လော့ချန် မင်းမှာရော ဘာဝှက်ဖဲတွေ ကျန်သေးလို့လဲ”

လော့ချန်မှာမူ တည်ငြိမ်နေဆဲ ဖြစ်ပြီး ဟူမျိုးနွယ်စု ညီအစ်ကို သုံးယောက်အား မျက်စိထဲပင်ထည့်ထားပုံ မပေါ်ချေ။

“မင်းတို့ကို သတ်ဖို့.... ဘာဝှက်ဖဲမှ မလိုပါဘူး”

“ကြွားဝါလှချေလား”

“ရူးမိုက်လိုက်တာ”

“သေဖို့သာ ပြင်ပေတော့”

ဤအကြိမ်တွင်မူ ဟူမျိုးနွယ်စု ညီအစ်ကို သုံးယောက်သည် တွန့်ဆုတ်မနေတော့ဘဲ လော့ချန်ထံသို့ တစ်ပြိုင်နက်တည်း တိုက်ခိုက်ဝင်ရောက်လာကြတော့သည်။ သူတို့ လုံးဝ အောင့်အီးမနေနိုင်တော့ချေ။ အကယ်၍ ထပ်မံ အချိန်ဆွဲနေမည်ဆိုပါက လီမျိုးနွယ်စု၏ ရတနာမြေနှင့် သူတို့ လုံးဝ လွဲချော်သွားရပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူတို့ ပြင်ဆင်ခဲ့သမျှ အရာအားလုံး သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။

လော့ချန် ဤမြင်ကွင်းကို အေးစက်စွာ ကြည့်နေခဲ့သည်။

သူ လက်ထဲမှ ထီးကို လှမ်းပစ်လိုက်ရာ ချင်းဟွာမြစ်ထဲသို့ ကျရောက်သွား၏။ ထို့နောက် ဘယ်လက်ဖြင့် မုဒြာလက်ကွက်တစ်ခု ဖော်ဆောင်လိုက်ရာ ဆူပွက်နေသော ချီစွမ်းအင်များ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

နောက်တစ်စက္ကန့်တွင် ချင်းဟွာမြစ်အတွင်း၌ လှိုင်းလုံးကြီးများ ထန်လာပြီး ကမ်းပါးကို ရိုက်ခတ်တော့သည်။ ပေတစ်ရာခန့် ကျယ်ဝန်းသော ဧရာမ လှိုင်းလုံးကြီးသည် ကောင်းကင်သို့ ထိုးတက်သွားပြီး ညီအစ်ကို သုံးယောက်ထံသို့ အရှိန်အဟုန်ဖြင့် ကျဆင်းသွားတော့၏။

“ပထမအဆင့် လှိုင်းလုံးမှော်အတတ်လေးနဲ့များ ငါတို့ကို ယှဉ်ချင်သေးတယ်”

ဟူချန်းလဲ့က လှောင်ပြောင်လိုက်ပြီး လက်ထဲတွင် မှော်စာရွက်တစ်ရွက် ပေါ်ထွက်လာကာ ပါးစပ်မှ သွေးတစ်လုပ်ကို ထိုအပေါ်သို့ ထွေးချလိုက်သည်။

မှော်စာရွက်မှာ လေမတိုက်ဘဲ အလိုအလျောက် လောင်ကျွမ်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ထက်ဝက်ခန့် လောင်ကျွမ်းသွားခဲ့သည်။ ထို့နောက် ကြီးမားလှသော အဖြူရောင် မြေခွေးကြီးတစ်ကောင် အတွင်းမှ ပြေးထွက်လာကာ ထိုလှိုင်းလုံးကြီးကို ထိပ်တိုက် ရင်ဆိုင်လိုက်တော့၏။

“မှော်ရတနာလား”

လော့ချန် တီးတိုး ရေရွတ်လိုက်ပြီး ညာလက်ဖြင့် အဝေးသို့ လှမ်းဖမ်းလိုက်သည်။ ဆူပွက်နေသော ချီစွမ်းအင်များက ထပ်မံ ထွက်ပေါ်လာပြန်၏။

မြစ်ကမ်းနှစ်ဖက်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ထိတ်လန့်တုန်လှုပ်မှုများအောက်တွင် တောင်ကုန်းငယ်တစ်ခုသည် မြေပြင်မှ ထိုးထွက်လာပြီး ဟိန်းဟောက်သံများနှင့်အတူ ညီအစ်ကို သုံးယောက်ထံသို့ ဖိနှိပ်ကျဆင်းသွားတော့သည်။

ကြည့်ရှုသူများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အသွားခဲ့ကြရသည်။

“ဒါက မြေစိုင်တောင်အတတ်လား”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“နောက်နေတာလား.... ဘယ်သူ့ရဲ့ မြေတောင်မှော်အတတ်က တောင်တစ်လုံးကို လှမ်းပစ်နိုင်လို့လဲ”

လူတိုင်း၏ ထိတ်လန့်မှုများကြားတွင် ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ မူလက ကြီးမားလှသော လှိုင်းလုံးကြီးမှာ မှော်စာရွက်မှ ပြောင်းလဲလာသော မြေခွေး၏ တိုက်ခိုက်မှုအောက်တွင် ကြေမွပျက်စီးသွားခဲ့ပြီ ဖြစ်၏။ သို့သော်ငြားလည်း လှိုင်းလုံးတစ်ခု ပြိုလဲသွားသည်နှင့်တစ်ပြိုင်နက် နောက်ထပ် လှိုင်းလုံးကြီးတစ်ခုက ၎င်း၏ နေရာတွင် ချက်ချင်း အစားထိုး၍ ပေါ်ထွက်လာခဲ့ပြန်သည်။

“အာ....”

“ဘယ်လို ပထမအဆင့် လှိုင်းလုံးမှော်အတတ်က ဒီလောက်အထိ အစွမ်းထက်ရတာလဲ”

“ဒီချင်းဟွာမြစ်တစ်ခုလုံးက သူကစားတာကို ခံနေရသလိုပဲ၊ ချီစွမ်းအင် နည်းနည်း သုံးပြီးတော့ မကုန်ခမ်းနိုင်တဲ့ မြစ်ရေတွေကို လှိုင်းလုံးကြီးတွေအဖြစ် ပြောင်းလဲပြီး ရန်သူကို တိုက်ခိုက်နေတာ”

“အဖွဲ့ချုပ်ခေါင်းဆောင်လော့ရဲ့ နည်းလမ်းတွေက တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်၊ ပထမအဆင့် မှော်အတတ်လေးကိုတောင် သူ့လက်ထဲမှာ စိတ်ကြိုက် သုံးနိုင်ရုံတင်မကဘဲ စွမ်းအားကလည်း ဒီလောက်အထိ ကြီးမားနေသေးတယ်”

မြစ်ကမ်းနှစ်ဖက်လုံးတွင် အာမေဍိတ်သံများစွာ ထွက်ပေါ်နေသည်။ သူတို့ မသိသည်မှာ လော့ချန်သည် ဤမှော်အတတ်နှစ်ခုကို အထွတ်အထိပ်အဆင့်သို့ မြှင့်တင်ထားကြောင်းကိုပင်။ မီးလုံးမှော်အတတ်ကဲ့သို့ပင် ထိုမှော်အတတ်များသည်လည်း ပုံသဏ္ဌာန် ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့လေသည်။

လှိုင်းလုံးမှော်အတတ်သည် ရေရှိသော နေရာတွင် ရေကို အသုံးချ၍ ပိုမိုအစွမ်းထက်လာနိုင်ခြင်း ဖြစ်၏။ မြေတောင်မှော်အတတ်သည်လည်း ချီစွမ်းအင်ဖြင့် ကြီးမားလှသော တောင်ကြီးများကို ဖန်တီးနေရန် မလိုတော့ဘဲ ပတ်ဝန်းကျင်ရှိ မြေပြင်အနေအထားကို အသုံးချ၍ တောင်များကို ဆွဲထုတ်ကာ ပစ်ပေါက်နိုင်ခြင်း ဖြစ်သည်။

ဤပြောင်းလဲမှုနှစ်ခုကို လော့ချန်အနေဖြင့် အံ့သြမနေတော့ပေ။ ၎င်းက မီးလုံးမှော်အတတ်၏ စွမ်းအားနှင့် ဆင်တူပြီး ချီစွမ်းအင်ကို အဓိက ချွေတာပေးနိုင်ခြင်း ဖြစ်သည်။ စွမ်းအား ဆယ်ရာခိုင်နှုန်းမျှ စိုက်ထုတ်ရုံဖြင့် ရာနှုန်းပြည့် အကျိုးသက်ရောက်မှုကို ရရှိစေခြင်း ဖြစ်သည်။

ယခုအချိန်တွင် လော့ချန်၏ တိုက်ခိုက်မှုနှစ်ခုကို ထိပ်တိုက် ရင်ဆိုင်နေရသော ဟူမျိုးနွယ်စု ညီအစ်ကို သုံးယောက်၏ မျက်နှာများမှာမူ အကြီးအကျယ် ပျက်ယွင်းသွားခဲ့ပြီ ဖြစ်သည်။

ဟူချန်းလဲ့သည် မြေခွေးကို ထိန်းချုပ်၍ ခြေလှမ်းတိုင်းတွင် ဆူပွက်နေသော လှိုင်းလုံးကြီးများကို ခုခံနေရသဖြင့် အနည်းငယ် အားအင်ကုန်ခမ်းလာခဲ့ချေပြီ။ သူသည် အခြေတည်အဆင့်သို့ တက်လှမ်းခဲ့သည်မှာ မကြာသေးဘဲ ကျင့်ကြံမှုအဆင့်ကို တည်ငြိမ်အောင် လုပ်ထားနိုင်ရုံသာ ရှိသေး၏။ သူသည် လော့ချန်၏ အခြေတည်အဆင့် (၃) စွမ်းအားဖြင့် ဖော်ဆောင်ထားသော အထွတ်အထိပ်အဆင့် လှိုင်းလုံးမှော်အတတ်ကို မည်သို့မျှ မယှဉ်နိုင်ချေ။

ကောင်းကင်ထက်မှ ကျရောက်လာသော တကယ့် တောင်ကုန်းကြီးကို မြင်တွေ့လိုက်ရသည့်အခါ ဟူချန်နူ လှုပ်ရှားလိုက်တော့သည်။

“ငါ လာပြီ”

သူ လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်တင်လိုက်သည်။ သူ၏ လက်ဖဝါးပေါ်ရှိ တောက်ပနေသော လက်အိတ်များမှာ ပြင်းထန်လှသော စွမ်းအားများနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ကျရောက်လာသော တောင်ကုန်းကြီးကို အောင်မြင်စွာ တားဆီးလိုက်နိုင်သည်။ ကြီးမားလှသော ခန္ဓာကိုယ်စွမ်းအားများနှင့်အတူ သူ ၎င်း၏ ကျဆင်းလာမှုကို အတင်းအကျပ် ရပ်တန့်ပစ်လိုက်ခြင်း ဖြစ်ပေသည်။

“ဒီလောက်ပဲလား”

ဟူချန်နူ တံတွေးထွေးလိုက်မိသည်။

သူ အော်ဟစ်လိုက်ရင်း ထိုတောင်ကုန်းကြီးကို အပေါ်သို့ အတင်းအကျပ် ပြန်လည်မြှောက်တင်ရန် ကြိုးစားလိုက်သည်။

ထိုတောင်ကုန်းကြီး၏ အရိပ်အောက်တွင်မူ ဟူချန်းရှီသည် ထိပ်တန်းအဆင့် ဓားပျံကို ထိန်းချုပ်ကာ လော့ချန်ထံသို့ တည့်တည့် ထိုးစိုက်လိုက်သည်။

ပြေးဝင်လာသော ဓားပျံကို ကြည့်ရင်း လော့ချန်၏ မျက်ဝန်းများမှာ တည်ငြိမ်နေဆဲ ဖြစ်၏။ ဤရန်သူများ၏ နည်းလမ်းများနှင့် ပတ်သက်၍ လီကျင်ဟွမ် မသေဆုံးမီကပင် သူ့အား သေချာ သတင်းပေးခဲ့ပြီးဖြစ်သည်။

ဟူမျိုးနွယ်စုသည် အလွန် ချမ်းသာပြီး အခြေတည်အဆင့် ကျင့်ကြံသူ သုံးဦးကိုပင် မွေးထုတ်ပေးနိုင်ခဲ့သည်။ သို့သော်လည်း အလွန် ဆင်းရဲလှပြီး အခြေတည်အဆင့် သုံးဦး ပေါ်ထွက်လာပြီးနောက်တွင်မူ ကျင့်ကြံခြင်း အရင်းအမြစ်များအားလုံး ပြတ်တောက်သွားခဲ့ရ၏။ ဤသို့သော အခြေအနေမျိုးတွင် သူတို့အနေဖြင့် ကောင်းမွန်လှသော မှော်လက်နက်များကို မဝယ်ယူနိုင်တော့ပေ။ အရင်းအမြစ် အားလုံးကို ကျင့်ကြံခြင်းတွင်သာ အသုံးပြုခဲ့ရသဖြင့် ခံစစ် လက်နက်များမှာမူ အလွန် ကောင်းမွန်ခြင်း မရှိချေ။ သူတို့၏ တစ်ခုတည်းသော ကြီးမားလှသော နည်းလမ်းမှာ အသက်အငယ်ဆုံးဖြစ်သူ ဟူချန်းလဲ့ လက်ထဲမှ မှော်စာရွက် ဖြစ်ပေလိမ့်မည်။ ၎င်းက သူတို့ဖခင်ဖြစ်သူ ယခင်က ချန်ထားခဲ့သော အရာဖြစ်၏။

အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော ဓားပျံကို ကြည့်ရင်း လော့ချန်မှာ ကျောက်ရုပ်တစ်ရုပ်အလား ငြိမ်သက်နေဆဲ ဖြစ်သည်။ သူ လက်ကွက်တစ်ခု ညင်သာစွာ ဖော်ဆောင်လိုက်ရာ ချင်းဟွာမြစ်ထဲမှ ကြီးမားလှသော လှိုင်းလုံးကြီးတစ်ခု ကွဲထွက်လာပြီး သူ့ရှေ့တွင် ဖန်သားပြင်အလား အလင်းကာရံကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။

ဒုတိယအဆင့် ခံစစ်မှော်အတတ်ဖြစ်သော ဖန်သားနတ်ဘုံအကာအရံ ဖြစ်သည်။

ရှပ်....

ဟူချန်းရှီသည် ဓားပျံကို အစွမ်းကုန် ထိုးစိုက်လိုက်သော်လည်း လော့ချန်နှင့် လက်မဝက်ခန့်အကွာတွင် ပေတစ်သိန်းခန့် ဝေးကွာနေသကဲ့သို့ ရှေ့ ဆက်မတိုးနိုင်တော့ချေ။

လော့ချန် ခေါင်းခါလိုက်မိသည်။

“မင်းတို့ ဘာလို့ ဒီလောက် အားနည်းနေရတာလဲ၊ ငါ့ကို လက်နက် သုံးခွင့်တောင်မပေးနိုင်ဘူးပဲ”

စကားမဆုံးသေးခင်မှာပင် သူ လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်လိုက်၏။ ပူပြင်းလှသော နေဝန်းကြီးတစ်ခုက သူ့လက်ဖဝါးထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ထိုနေဝန်းကြီးကို မြင်လိုက်ရသောအခါ ဟူချန်းရှီ၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး ရူးသွပ်မတတ် နောက်သို့ ဆုတ်ခွာသွားတော့သည်။

ဒုတိယအဆင့် မှော်အတတ်ဖြစ်သော နေမီးလျှံ ပင် ဖြစ်သည်။

ထိုစဉ်က လော့ချန် ထျန်းလန် နတ်ဘုရားမြို့တော်သို့ ပထမဆုံး ရောက်ရှိလာချိန်၌ ဤတစ်ကွက်တည်းဖြင့် အခြေတည်အဆင့် ကျင့်ကြံသူ သုံးဦးကို အနိုင်ယူခဲ့ဖူးသည်။ ယခုအချိန်တွင်မူ သူ့ကျင့်ကြံမှု အဆင့်အတန်းက ယခင်ကထက် ဆယ်ဆမက မြင့်မားနေပြီဖြစ်ရာ အထွတ်အထိပ်အဆင့် မီးလုံးမှော်အတတ်မှတစ်ဆင့် အဆက်မပြတ် တိုးတက်လာသော ဤနေမီးလျှံအတတ်၏ စွမ်းပကားကလည်း ယခင်ကထက် ဆယ်ဆမက ပြင်းထန်နေခဲ့ပြီ ဖြစ်၏။ အချိန်အလုံအလောက် မရှိလျှင်ပင် ဤသုံးယောက်ကို သတ်ရန်အတွက်မူ လုံလောက်လှပေသည်။

“သွားစမ်း”

သူ အော်ဟစ်လိုက်သည်နှင့် လက်ထဲရှိ တောက်လောင်နေသော နေမင်းကြီးမှာ ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားခဲ့တော့သည်။

လှိုင်းလုံးကြီးများနှင့် တောင်ကုန်းကြီး၏ ဖိနှိပ်မှုမှ ယခုလေးတင် အနိုင်နိုင် ရုန်းထွက်နိုင်ခဲ့သော ဟူချန်းလဲ့နှင့် ဟူချန်းရှီတို့မှာ မျက်နှာချင်းဆိုင် ရောက်ရှိလာသော ထိုတိုက်ခိုက်မှုအောက်တွင် ရှောင်တိမ်းရန် အခွင့်အရေး မရှိတော့ချေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးစလုံးမှာ ကြီးမားလှသော ပေါက်ကွဲမှုကြီးအတွင်းသို့ နစ်မြုပ်သွားကြတော့သည်။ ပူပြင်းလှသော အပူရှိန်ကြီးကလည်း အရပ်မျက်နှာအနှံ့သို့ အဆက်မပြတ် ပျံ့နှံ့သွား၏။ ထိုအထဲတွင် နစ်မြုပ်သွားသော လူနှစ်ဦး၏ ရလဒ် မည်သို့ရှိမည်ကို တွေးကြည့်ရုံနှင့် သိနိုင်ပေသည်။

သေချာပေါက် အသက်ရှင်ရန် လမ်းစမရှိတော့ချေ။

“မင်း သေရမယ်”

ပြင်းထန်လှသော ပေါက်ကွဲသံကြီး ကွယ်ပျောက်သွားခဲ့သည့် အခါတွင်မူ နာကျည်းမှုများ ပြည့်နှက်နေသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာခဲ့သည်။ မြူခိုးများနှင့် မီးခိုးငွေ့များကြားမှနေ၍ ဟူချန်းနူသည် ဓားပျံကို စီးနင်းလျက် လော့ချန်ထံသို့ ရူးသွပ်မတတ် ပြေးဝင်လာခဲ့ပြီ ဖြစ်၏။ သူ့မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အငြိုးအတေးများ ပြည့်နှက်နေပြီး ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင်များမှာလည်း ထိန်းချုပ်မရဘဲ ရူးသွပ်စွာ ဆူပွက်နေသည်။ မတည်ငြိမ်ဘဲ ဖရိုဖရဲဖြစ်နေသော စွမ်းအားများကြောင့် သူ ရှေ့သို့ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် သူ၏ ခန္ဓာကိုယ်မှာ တုန်ရင်နေခဲ့ရသည်။ သို့သော်လည်း ဒေါသက လူတစ်ယောက်၏ စွမ်းအားကို များစွာ တိုးတက်မလာစေနိုင်ချေ။

“ပုရွက်ဆိတ်က သစ်ပင်ကြီးကို လှုပ်ခါချင်နေတာပဲ၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်”

လော့ချန် လှောင်ပြောင်လိုက်ပြီး သူ၏ ဝတ်ရုံလက်စကို ခါယမ်းလိုက်ရာ သေးငယ်လှသော အမည်းရောင် အစက်အပြောက်ပေါင်း ဆယ်ဂဏန်းကျော်မှာ လေထုထဲသို့ ပျံ့နှံ့သွားခဲ့သည်။ ထိုအမည်းစက်များက အရပ်မျက်နှာအနှံ့မှနေ၍ ရှေ့ဆင့်နောက်ဆင့်ဖြင့် ဟူချန်းနူထံသို့ ပျံသန်းသွားသည်။

၎င်းတို့ထဲမှ တစ်ခုမှာ ဟူချန်းနူ၏ ဘေးမှ ဖြတ်သန်းသွားသော်လည်း သူ မည်သည့်အန္တရာယ်မျိုးကိုမျှ မခံစားမိဘဲ ခဏမျှ ကြောင်အသွားမိရုံသာ ရှိ၏။

“ဒါက.... မျိုးစေ့တွေလား”

သူ အံ့အားသင့်နေစဉ်မှာပင် ထိုမျိုးစေ့ ဆယ့်နှစ်စေ့မှာ ရုတ်တရက် အခွံများ ကွဲအက်သွားသည်။ ထို့နောက် ရက်စက်ကြမ်းကြုတ်သော ဆူးများ ပြည့်နှက်နေသော နွယ်ပင်များက မြွေဆိုးများအလား တိုးထွက်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့က သူ၏ ခန္ဓာကိုယ်ဘေးပတ်လည်တွင် ရစ်ပတ်သွားခဲ့ကြပြီး သူ့အား လုံးဝဥဿုံ ဝိုင်းရံပိတ်ဆို့လိုက်တော့၏။

ဟူချန်းနူက ခန္ဓာကိုယ်ကို အတင်းအကျပ် ရပ်တန့်လိုက်ရင်း ဓားပျံကို ဝေ့ယမ်းကာ ထိုနွယ်ပင်များကို ဖြတ်တောက်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ထိပ်တန်းအဆင့် ဓားပျံဖြင့် မည်သို့ပင် ဖြတ်တောက်စေကာမူ ထိုနွယ်ပင်များမှာ အလွန်မာကျောနေပြီး ပြတ်တောက်သွားလျှင်ပင် ထပ်မံ ထွက်ပေါ်လာပြန်ကာ သူ့အား ရူးသွပ်စွာ ဝိုင်းရံပိတ်ဆို့လာတော့၏။

အဝေးတွင်မူ လော့ချန်သည် မြစ်ကမ်းနားတွင် ရပ်နေပြီး မုဒြာလက်ကွက်များကို အဆက်မပြတ် ဖော်ဆောင်နေသည်။

နွယ်မြက်သစ်ပင်ဆေးဘုရင်ကျင့်စဉ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိပြီးကတည်းက သူသည် အဆက်မပြတ် စမ်းသပ်မှုများကြားမှ သန့်စင်ပြီးသား ချီစွမ်းအင်များသည် သစ်သားဓာတ် မှော်အတတ်များအား ပိုမို၍ အားကောင်းလာအောင် စွမ်းဆောင်ပေးနိုင်သည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းက အခြားသော မှော်အတတ်များကို ဖော်ဆောင်ခြင်းထက် အဆပေါင်းများစွာ သာလွန်၏။ သို့သော် သစ်သားဓာတ် မှော်အတတ်များထဲတွင် တိုက်စစ်အတွက် သင့်တော်သော မှော်အတတ်များ သိပ်မရှိချေ။ အများစုမှာ ကုသရေးမှော်အတတ်၊ နွယ်ရှင်နှောင်ကြိုးကဲ့သို့ အထောက်အကူပြုမှော်အတတ်များသာ ဖြစ်သည်။

ဤသို့သော အခြေအနေမျိုးတွင် သူသည် မိမိ၏ ချီစွမ်းအင် အားသာချက်ကို လုံးဝ လက်မလွှတ်ချင်ပေ။ ထို့ကြောင့် တိုက်ပွဲနည်းလမ်းများကို ပြောင်းလဲရန် အမြဲ တွေးတောနေခဲ့သည်။ နောက်ပိုင်းတွင် ယွမ်တုန်းရှန်းက သူ့ဂူဗိမာန်ရှေ့တွင် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ် စိတ်ကူးစိတ်သန်းများ ပေးခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့လို လယ်သမားတွေ တတ်ကျွမ်းတဲ့ မှော်အတတ်တွေကလည်း တိုက်ပွဲတွေမှာ သုံးလို့ရပါတယ်၊ ကျွန်တော့်အဘွားတုန်းက လခြမ်းတောင်ခြားမှာ မင်လုံယွီနဲ့ တိုက်ခိုက်တုန်းက ရွှေရင်မှည့်ဓားဆိုတဲ့ နည်းလမ်းကို သုံးဖူးတယ်၊ အဲ့မှော်အတတ်နဲ့ စိုက်ပျိုးထားတဲ့ သီးနှံတွေကို ပေါင်းပြီး ဓားချီတွေကို ထုတ်ခဲ့တာလေ၊ အဲဒီတုန်းက မင်လုံယွီတောင် ကျွန်တော့်အဘွားလက်ချက်နဲ့ ဒဏ်ရာအပြင်းအထန်ရပြီး သွေးအန်ခဲ့ရသေးတယ်၊ အဖွဲ့ချုပ်ခေါင်းဆောင်.... တကယ်လို့ သစ်သားဓာတ် မှော်အတတ်တွေကို တိုးတက်အောင် လုပ်ချင်ရင် သစ်သားဓာတ်ရှိတဲ့ အပင်တချို့နဲ့ တွဲပြီး သုံးကြည့်လို့ရနိုင်ပါတယ်”

ထို့နောက်တွင် လော့ချန်သည် ယွမ်တုန်းရှန်းနှင့် အခါအားလျော်စွာ စိတ်ကူးချင်း ဖလှယ်ခဲ့ကြသည်။ နောက်ဆုံးတွင် တစ်ဖက်လူ၏ အကြံပြုချက်အရ သူသည် ဆေးပေါင်းတစ်ထောင်ခန်းမမှ ဒုတိယအဆင့် ဆူးပန်းမျိုးစေ့ အချို့ကို ဝယ်ယူခဲ့၏။ ၎င်းတို့ကို ကြိုတင် ပြုပြင်ထားပြီးနောက် သစ်သားဓာတ် ချီစွမ်းအင်ဖြင့် လှုံ့ဆော်လိုက်ပါက မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးထွားလာနိုင်ခြင်း ဖြစ်သည်။ အတင်းအကျပ် ကြီးထွားလာသော နွယ်ပင်များမှာ သက်တမ်း တိုတောင်းလှသော်လည်း တစ်ကိုယ်လုံးတွင် ဆူးများ ပြည့်နှက်နေသဖြင့် သတ်ဖြတ်ခြင်း စွမ်းအားကမူ အပြည့် ရှိ၏။ ဤသို့ဖြင့် မူလက ပံ့ပိုးမှုသာ လုပ်ဆောင်နိုင်သော နွယ်ရှင်နှောင်ကြိုးမှော်အတတ်မှာ ကြီးမားလှသော သတ်ဖြတ်ခြင်း စွမ်းအားကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။

ထိုကောင်းကင်ယံထက်မှ နွယ်ပင်များ၏ ဝိုင်းရံမှုအောက်တွင် ပိတ်မိနေကာ သားရဲတစ်ကောင်ကဲ့သို့ ရူးသွပ်စွာ ပြန်လည် တိုက်ခိုက်နေသည့် ဟူချန်းနူကို ကြည့်ရင်း လော့ချန် သရော်လိုက်၏။

“အားအကုန်ခံပြီး ရုန်းနေတာပဲ”

လက်ထဲမှ မုဒြာလက်ကွက် ပြောင်းလဲသွားသည်နှင့်တစ်ပြိုင်နက် ကြီးမားလှသော နွယ်ပင် ဆယ့်နှစ်ပင်မှာ ရုတ်တရက် တုန်ယင်သွားတော့သည်။ မရေမတွက်နိုင်သော ဆူးများက ကောင်းကင်ယံထက်မှ မြားများအလား ဟူချန်းနူထံသို့ ပြေးဝင်သွားခဲ့ကြတော့သည်။

ဟူချန်းနူမှာ သွေးပျက်မတတ် ဖြစ်သွားကာ အလျင်အမြန်ပင် ကာကွယ်ရေး မှော်လက်နက်ကို လှုံ့ဆော်လိုက်ရသည်။

ဒိန်း.... ဒိန်း.... ဒိန်း....

ထိခိုက်သံများက အဆက်မပြတ် ထွက်ပေါ်နေသည်။

ထိုမှော်လက်နက်၏ အလင်းရောင်များ မှေးမှိန်သွားသည်။ ကံကောင်းထောက်မစွာဖြင့် ဆူးများ၏ တိုက်ခိုက်မှုကိုမူ တောင့်ခံနိုင်ခဲ့၏။

“ဟူး.... ဟူး.... တော်သေးတယ်....”

သူ မပျော်နိုင်သေးခင်မှာပင် ကြီးမားလှသော နွယ်ပင်ကြီးတစ်ခုက စပါးအုန်းမြွေကြီးတစ်ကောင်ကဲ့သို့ သူအား ချည်နှောင်ပစ်လိုက်သည်။ သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ရပြီး ဓားကို အလိုလို ဝေ့ယမ်းလိုက်၏။

သို့သော်လည်း လက်ကို မြှောက်လိုက်ရုံသာ ရှိသေးပြီး ဆက်လက်၍ မခုတ်နိုင်တော့ချေ။ အကြောင်းမှာ နောက်ထပ် နွယ်ပင်တစ်ပင်က မည်သည့်အချိန်ကမှန်းမသိသော်လည်း သူ့လက်မောင်းကို လာရောက်ရစ်ပတ်ထားခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

‘တစ်ပင်.... နှစ်ပင်.... သုံးပင်.... လေးပင်....’

သူ့မျက်နှာထက်တွင် မျှော်လင့်ချက် ကင်းမဲ့ခြင်းများ ပြည့်နှက်နေစဉ်မှာပင် ကြီးမားလှသော နွယ်ပင် ဆယ့်နှစ်ပင်က သူ့အား လုံးဝ လွှမ်းခြုံပစ်လိုက်တော့သည်။

အဝေးတွင်မူ လော့ချန်သည် သူ၏ တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်ဖဝါးကို ရုတ်တရက် ဖြေလျော့လိုက်သည်။ ထိုနွယ်ပင်ကြီးများမှာ နံနက်ခင်းတွင် ပွင့်လန်းလာသော ပန်းတစ်ပွင့်ကဲ့သို့ ဘေးဘက်သို့ ကွဲထွက်သွားခဲ့ကြသည်။

ထိုရစ်ပတ်မှုများကြားမှ တိုးညှင်းသော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ ခံစစ် မှော်လက်နက်ကြီးတစ်ခု ပျက်စီးသွားသည့် အသံပင် ဖြစ်ပေသည်။ ထို့နောက် သွေးချင်းချင်းနီသော ပန်းပွင့်ကြီးတစ်ပွင့်က ထိုချည်နှောင်ထားသော နွယ်ပင်များ၏ ထိပ်ဖျားထက်တွင် လှပစွာ ပွင့်လန်းလာခဲ့ပြီ ဖြစ်တော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters