← Chapters

အခန်း ၄၁၆

Vol. 42 Ch. 416

အခန်း ၄၁၆

Vol. 42 Ch. 416

အခန်း (၄၁၆) - ရွှီချန်တောင်မှ မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်

လော့ချန် အခြေတည်အဆင့် ကျင့်ကြံသူ သုံးဦးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သောအခါ ချင်းဟွာမြစ်ကမ်း ပတ်ဝန်းကျင်ရှိ တောင်တန်းများကြားတွင် ဝိုင်းရံကြည့်ရှုနေကြသော မရေမတွက်နိုင်သော တစ်ကိုယ်တော်ကျင့်ကြံသူများမှာ ဆွံ့အသွားကြပြီး အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်သွားသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင်မူ လီမျိုးနွယ်စုရှိရာဘက်မှ မိုးခြိမ်းသံကဲ့သို့ ဟစ်ကြော်အားပေးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။

“အကြီးအကဲလော့က တကယ့်ကို အစွမ်းထက်တာပဲ….”

“အကြီးအကဲလော့က တကယ်ကို လေးစားဖို့ကောင်းတယ်၊ အဆင့်တူချင်းမှာ ဘယ်သူမှ မယှဉ်နိုင်ဘူးပဲ”

“အခြေတည်အဆင့် သုံးယောက်ကို သတ်တာတောင် လက်နက် တစ်ခုမှ မသုံးသွားဘူး၊ ခန့်ညားလိုက်တာ လွန်ပါရော….”

“ငါတို့ အဖွဲ့ချုပ်ခေါင်းဆောင်က အတော်ဆုံးပဲလေ”

နောက်ဆုံးတစ်ခွန်းမှာမူ ယွမ်တုန်းရှန်း၏ အားရပါးရ အော်ဟစ်လိုက်သံ ဖြစ်သည်မှာ ပြောစရာပင်မလို။

လော့ချန် ခပ်ရေးရေး ပြုံးလိုက်ပြီး ဆူးပန်းနွယ်ပင်များကို ထိန်းချုပ်ကာ တိုက်ပွဲမှ ကြွင်းကျန်ရစ်သော ပစ္စည်းများကို တစ်ခုချင်းစီ ယူလိုက်၏။ ထိပ်တန်းအဆင့် ဓားပျံတစ်လက်၊ ထိပ်တန်းအဆင့် လက်အိတ်တစ်စုံ၊ တစ်ဝက်ခန့် လောင်ကျွမ်းနေသော မှော်စာရွက်တစ်ရွက်နှင့် သိုလှောင်အိတ်တစ်လုံးပင်။ ဤမျှသာ ရရှိခဲ့သည်။

ဟူချန်းနူနှင့် ဟူချန်းလဲ့တို့ နှစ်ဦး၏ သိုလှောင်အိတ်များမှာမူ နေမီးလျှံမှော်အတတ်၏ ပေါက်ကွဲမှုအောက်တွင် ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ အဝတ်အစားများနှင့် ခံစစ် မှော်လက်နက်များမှာလည်း ထိုကဲ့သို့သော တိုက်ခိုက်မှုအောက်တွင် အရင်ဆုံး ပျက်စီးသွားလေ့ရှိသည်။ ထို့ကြောင့်ပင် ခံစစ် ဂုဏ်သတ္တိရှိသော လက်နက်များ၏ တန်ဖိုးမှာ အမြဲ အလွန်မြင့်မားနေခြင်း ဖြစ်၏။

ဤတိုက်ပွဲဆုလာဘ်များကို ကြည့်ရင်း လော့ချန် သိုလှောင်အိတ်ကို ဖွင့်ကြည့်ရန်ပင် စိတ်မဝင်စားတော့ချေ။

ငမွဲ သုံးယောက်သာ ဖြစ်သည်။

သူသည် အကြည့်များကို ချင်းဟွာမြစ်၏ အောက်ဘက်သို့ ပို့လိုက်သည်။ မကြာမီမှာပင် ဝိညာဉ်ရိပ်တစ်ခုက ပူပြင်းလှသော နေရောင်ခြည်ကို အံတုရင်း လေထဲမှ ပျံသန်းလာခဲ့သည်။

လီကျင်ဟွမ်ကို ကြည့်ရင်း လော့ချန် မျက်မှောင်ကြုတ်လိုက်မိ၏။

“အကြီးအကဲ ခင်ဗျားရဲ့ ရုပ်အလောင်းရော”

လီကျင်ဟွမ်က တည်ငြိမ်လှသော အပြုံးတစ်ခုနှင့် ပြန်ဖြေလိုက်သည်။

“တန်ယွမ်ဇီကို သတ်ဖို့ဆိုရင်တော့ တစ်ခုခုကိုတော့ စွန့်လွှတ်ရမှာပဲလေ”

၎င်းက သဘာဝကျပေသည်။ မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူ တန်ယွမ်ဇီကိုယ်တိုင်ကလည်း အခြေတည်အဆင့်အလယ်ပိုင်း ကျင့်ကြံသူတစ်ဦး မဟုတ်ပါလော။

“ရော့.... ဒါက မင်း ဒီတစ်ကြိမ် ကူညီပေးတဲ့အတွက် အဖိုးအခပဲ”

လော့ချန်၏ အံ့သြတကြီး အကြည့်များအောက်တွင် ဆေးရနံ့များ သင်းပျံ့နေသော သိုလှောင်အိတ်တစ်ခုက သူ့ရှေ့သို့ ပျံသန်းလာခဲ့ပြီး ၎င်းနှင့်အတူ ဓားပျံတစ်လက်လည်း ပါလာသည်။

လော့ချန်က အံ့အားသင့်စွာဖြင့် ဆိုလိုက်သည်။

“ဒါပေမဲ့ အကြီးအကဲ အရင်က ပေးထားတာတွေကတင် တော်တော်ကြီး များနေပါပြီ”

“တန်ယွမ်ဇီကလည်း အဆင့်မြင့် ဒုတိယအဆင့် ဆေးဖော်ဆရာတစ်ယောက်ပဲ၊ သူ့ရဲ့ သိုလှောင်အိတ်က မင်းအတွက် သေချာပေါက် အသုံးဝင်လိမ့်မယ်”

လီကျင်ဟွမ်က ပြုံးလျက် ပြောလိုက်ပြီးနောက် အဝေးတွင် သူ့အတွက် ဝမ်းသာအားရ အော်ဟစ်နေကြသော လီမျိုးနွယ်စုဝင်များကို လှမ်းကြည့်လိုက်သည်။

“ဒါတင်မကဘူး.... လီမျိုးနွယ်စုကို ကာကွယ်ပေးနိုင်ခဲ့တာဆိုတော့ မောင်ရင်ကို ဘယ်လောက်ပဲ ပေးရပေးရ မနှမြောပါဘူး.... လီယင်ကျန်း အခြေတည်အဆင့် အောင်မြင်သွားတဲ့အခါ ဒီချီလုံဓားကို သူ့ကို ပေးလိုက်ပါ.... တကယ်လို့ သူ ကျရှုံးသွားခဲ့ရင်တော့.... မောင်ရင်ပဲ ယူလိုက်ပါ”

ရှူး.... ရှူး.... ရှူး....

ပြောနေစဉ်မှာပင် သူ၏ ခန္ဓာကိုယ်မှ မီးခိုးငွေ့များ တဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။

ပူပြင်းလှသော နေရောင်ခြည်အောက်တွင် လီကျင်ဟွမ်၏ ဝိညာဉ်မှာ နှင်းများ အရည်ပျော်သွားသကဲ့သို့ တဖြည်းဖြည်းနှင့် ပျောက်ကွယ်လုနီးပါး ဖြစ်လာခဲ့သည်။ သူ၏ စိတ်ချီစွမ်းအားမှာ မူလက အခြေတည်အဆင့်၏ စွမ်းအားများကို ပိုင်ဆိုင်ထားခဲ့သော်လည်း တစ္ဆေကျင့်ကြံခြင်း နည်းစနစ်များသို့ အသွင်မပြောင်းလဲနိုင်ခဲ့ခြင်းကြောင့် သူ၏ စွမ်းအားမှာ အဆင့်နိမ့် တစ္ဆေစစ်သည်တော်တစ်ဦးထက် မပိုနိုင်ခဲ့ပေ။

ထို့အပြင် သူသည် သက်စောင့်လက်ညှိုးဟုခေါ်သော တတိယအဆင့် လျှို့ဝှက်မှော်အတတ်ကိုလည်း အသုံးပြုထားသေးသည်။ ယခုအချိန်တွင် သူ၏ စွမ်းအားများမှာ အဆက်မပြတ် ကျဆင်းနေပြီး ကျင့်ကြံခြင်းလောက၏ သဘာဝနိယာမတရားကို မည်သို့မျှ ဆန့်ကျင်နိုင်စွမ်း မရှိတော့ချေ။

လော့ချန် သိုလှောင်အိတ်ကို ဝတ်ရုံအိတ်ထဲသို့ ထည့်သွင်းလိုက်ပြီး တည်ငြိမ်နေသော လီကျင်ဟွမ်ကို စူးစိုက်ကြည့်လိုက်သည်။

“နောက်ထပ် ဘာများ မှာတမ်းခြွေချင်သေးလဲဗျာ”

ဟူးး....

လီကျင်ဟွမ်က သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ရင်း ခေါင်းခါလိုက်၏။

“ပြောသင့်တာတွေ အကုန်လုံး ပြောပြီးပါပြီ”

သူ့အကြည့်များက ဝေးလံလှသော တောင်တန်းများဆီသို့ ရောက်ရှိသွားသည်။ ယခုအချိန်တွင် သူ့စိတ်ဝိညာဉ် မပျက်စီးခင်၌ သူ့အာရုံခံစားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေခြင်း ဖြစ်၏။ သူသည် ဘေးပတ်ဝန်းကျင်ရှိ တောတောင်များအတွင်း၌ ပုန်းကွယ်နေကြသော မရေမတွက်နိုင်လှသည့် အားကောင်းသော စိတ်ဝိညာဉ် အရှိန်အဝါများကို အာရုံခံမိနေခဲ့ပြီး ၎င်းတို့မှာ ပိန်းပိတ်အောင် မှောင်မိုက်နေသော ကောင်းကင်ယံထက်ရှိ ကြယ်ပွင့်များကဲ့သို့ တောက်ပနေခဲ့ကြသည်။

နောက်သို့ ပြန်လှည့်မကြည့်တော့ဘဲ သူ တိုးညင်းစွာ ဆိုလိုက်သည်။

“မောင်ရင်လော့.... နောက်ပိုင်း ကိစ္စတွေကိုတော့ မင်းကိုပဲ အားကိုးရတော့မယ်”

ထိုဝိညာဉ်ပုံရိပ်ကြီး ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားသည်ကို ကြည့်ရင်း လော့ချန် တစ်ခုခုပြောရန် ပြင်လိုက်သည်။ နောက်ဆုံးတွင်မူ သူ စကားတစ်ခွန်းသာ ပြောနိုင်ခဲ့သည်။

“အကြီးအကဲ.... လမ်းခရီးဖြောင့်ဖြူးပါစေဗျာ”

လီကျင်ဟွမ် အနောက်သို့ ပြန်လှည့်မကြည့်တော့ပေ။ သူ လက်ကို တစ်ချက်မျှသာ ဝှေ့ယမ်းပြလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကြီးမှာ မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားသည်။ မီးခိုးငွေ့များ ပျောက်ကွယ်သွားပြီးနောက် စိတ်ဝိညာဉ်မှာ ကောင်းကင်ယံထက်သို့ လွင့်ပျံသွားတော့၏။ သူ တမလွန်လမ်းခရီးအား အေးချမ်းစွာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ခြင်း ရှိမရှိကိုမူ မည်သူမျှ မပြောနိုင်ကြတော့ပေ။

လော့ချန် အသက် ပြင်းပြင်းရှူလိုက်ပြီး လီကျင်ဟွမ် နောက်ဆုံး ကြည့်သွားခဲ့သော အရပ်မျက်နှာဆီသို့ အကြည့်ကို ပို့လိုက်သည်။ ဝေးကွာလှသော နေရာဆီမှနေ၍ ပုံရိပ်တစ်ခုသည် အခြားသော လူများ အရင်ဦးဆုံး ရောက်ရှိသွားမည်ကို စိုးရိမ်နေသည့်အလား ဤနေရာသို့ အလောတကြီး ပျံသန်းလာခဲ့ပြီ ဖြစ်သည်။

“အစ်ကိုကြီးလီ”

“ဟူး.... ဘာဖြစ်လို့ ဒီလောက်အထိ အလောတကြီး ထွက်သွားရတာလဲ၊ ဒီမိတ်ဆွေဟောင်းကြီးက ခင်ဗျားကို နောက်ဆုံးနှုတ်ဆက်ခွင့်တောင် မရလိုက်ဘူးပဲ”

ထိုလူသည် အဖြူရောင် တိမ်တိုက်ကြီးတစ်ခုကို စီးနင်းထားပြီး ဆံပင်နှင့် မုတ်ဆိတ်မွေးများ ဖြူဖွေးနေသဖြင့် အသက်ကြီးရင့်နေပြီဖြစ်ကြောင်း သိသာလှပေသည်။ သူသည် တိမ်တိုက်ပေါ်တွင် ရပ်လျက် ရင်ဘတ်ကို တဗုန်းဗုန်း ထုကာ ဝမ်းနည်းပက်လက် ဖြစ်နေ၏။

သို့သော်လည်း လော့ချန်ကမူ သူ့အား အေးစက်စွာသာ စူးစိုက်ကြည့်နေခဲ့သည်။

ထိုအေးစက်သော အကြည့်ကို ခံစားမိသောအခါ အဘိုးအိုက ခပ်ရေးရေး ပြုံးလိုက်ပြီး ဝမ်းနည်းနေသော အမူအရာများကို ရုပ်သိမ်းလိုက်၏။

“ဒါက ညီလေးလော့ချန် မဟုတ်လား.... ငါက ဝေထော်ပါ၊ ရွှီချန်တောင်က လာတာ.... ပြောရရင် အတော်ကို တိုက်ဆိုင်တာပဲ၊ မင်းနာမည်လိုပဲ ငါ့ နယ်မြေနာမည်မှာလည်း ချန် ဆိုတဲ့ စကားလုံး ပါတယ်လေ.... ဒါက ငါတို့မှာ ရေစက်ရှိတယ်ဆိုတာ ပြနေတာပဲ.... ဒါတင်မကဘူး.... ငါနဲ့ အစ်ကိုကြီးလီကလည်း နှစ်ပေါင်းများစွာကတည်းက မိတ်ဆွေဟောင်းတွေလေ.... သူ့ မိတ်ဆွေဆိုတော့ ငါ့မိတ်ဆွေပဲပေါ့…. မင်း ငါ့ကို အစ်ကိုကြီးဝေလို့ ခေါ်လို့ရပါတယ်”

‘အစ်ကိုကြီးဝေ တဲ့လား’

လော့ချန် မည်သည့် နွေးထွေးမှုမျှ မပါဝင်သော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်မိသည်။

“မိတ်ဆွေဝေ.... အခု ဘာကိစ္စများရှိလို့ ရောက်လာတာပါလဲ”

ဝေထော်က အလျင်အမြန် လက်ဝေ့ယမ်းလိုက်သည်။

“ကိစ္စရယ်တော့ မဟုတ်ပါဘူး”

သူသည် အောက်ဘက်တွင် မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသော လီမျိုးနွယ်စုဝင်များကို လက်ညှိုးညွှန်ပြလိုက်၏။

“အစ်ကိုကြီးလီက.... သတ္တိရှိရှိ သွားရှာပြီ.... ဒါပေမဲ့ သူက ဒီလောက်အထိ များပြားတဲ့ မျိုးနွယ်စုဝင်တွေကို ချန်ထားခဲ့တာဆိုတော့ ငါ တကယ်ကို စိတ်မကောင်းဘူး.... သူတို့ကို စောင့်ရှောက်ဖို့နဲ့ ကာကွယ်ပေးဖို့ လူတစ်ယောက် လိုအပ်တာပေါ့.... လိုက်ပို့တာ နောက်ကျသွားခဲ့ပြီဆိုတော့ နောက်ဆက်တွဲ ကိစ္စတွေကိုတော့ တတ်နိုင်သလောက် ကူညီပေးရမှာပေါ့”

ဝေထော်က ပြုံးစိစိဖြင့် လော့ချန်ကို ကြည့်လိုက်သည်။

“ညီလေးလော့က လော့ထျန်းအဖွဲ့ကြီးကိုလည်း စီမံခန့်ခွဲနေရတာဆိုတော့ လီမျိုးနွယ်စုကို စောင့်ရှောက်ဖို့ စိတ်ကူးရှိပါ့မလား မသိဘူး.... ငါက အခြေတည်အဆင့်အလယ်ပိုင်း ကျင့်ကြံသူတစ်ဦးဖြစ်ပြီး အစွမ်းအစလည်း အသင့်အတင့် ရှိတာဆိုတော့ ငါ့ကိုပဲ စောင့်ရှောက်ခွင့်ပေးပါလား”

“ဟဲဟဲ.... မိတ်ဆွေဝေ အများကြီး တွေးပူနေပြီ”

လော့ချန် လှောင်ပြောင်လိုက်၏။

“ကျုပ်တို့ လော့ထျန်းအဖွဲ့က အခြေစိုက်စခန်း ကြီးမားလှတာမလို့ အခြေတည်အဆင့် ကျင့်ကြံသူ တစ်ယောက် နှစ်ယောက်လောက်ကို ဒီနေရာမှာ လာပြီး စောင့်ရှောက်ခိုင်းဖို့ကတော့ ပြဿနာမရှိပါဘူး”

ဝေထော်၏ အပြုံးမှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားသည်။

“မင်းက အသုံးမကျတဲ့ ကောင်လေး တချို့ကို သတ်နိုင်ခဲ့တာနဲ့တင် နတ်ဘုရားမြို့တော်မှာ မင်းထက်စွမ်းတဲ့လူမရှိတော့ဘူးလို့ ထင်နေတာလား”

လော့ချန်၏ မျက်နှာအမူအရာမှာ မည်သို့မျှ ခန့်မှန်း၍ မရနိုင်လောက်အောင် လေးနက်နေဆဲ ဖြစ်သည်။

“နတ်ဘုရားမြို့တော်မှာ အစွမ်းထက်တဲ့လူ ရှိမရှိတော့ ကျုပ် မသိဘူး၊ ဒါပေမဲ့ ဒီနေ့ကစပြီး နတ်ဘုရားမြို့တော်မှာ ရွှီချန်တောင်က ဝေထော် ဆိုတဲ့ လူ ရှိတော့မှာ မဟုတ်ဘူး”

လော့ချန် လက်နှစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်၏။

ဝေထော် မျက်မှောင်ကြုတ်လိုက်သည်။

“စကားကောင်းကောင်း ပြောတာကို နားမထောင်ဘဲ ပြဿနာရှာချင်နေတာပဲ.... အခြေတည်အစောပိုင်း အဆင့်လေးနဲ့များ ဒီလောက်အထိ ကြွားဝါရဲတယ်ပေါ့”

သူ လက်ကောက်ဝတ်ကို အသာအယာ လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် နဝရတ်တောင်ဝှေး တစ်ချောင်း သူ၏ လက်ထဲ၌ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

လော့ချန် ထိုတောင်ဝှေးကို တစ်ချက်မျှ ကြည့်ရှုလိုက်သည်။

‘မှော်ရတနာလား’

သို့သော်လည်း သူ မည်သို့မျှ မတုန်လှုပ်ဘဲ လက်နှစ်ဖက်ကို လေထဲသို့ မြှောက်လိုက်ပြီးနောက် ဝုန်းခနဲ ပြန်လည် ရိုက်ချလိုက်တော့၏။ ဆူပွက်နေသော ချီစွမ်းအင် လှိုင်းလုံးကြီးများက မည်သည့် ဖုံးကွယ်မှုမျှ မရှိဘဲ ရူးသွပ်စွာ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ထိုတစ်ခဏ၌ပင် ဝေထော်၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားသည်။

“မဖြစ်နိုင်တာ.... မင်းက အခြေတည်အလယ်ပိုင်းအဆင့်ပဲ”

လော့ချန် ယခင်က ဖုံးကွယ်ထားခဲ့သော စွမ်းအား အားလုံးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အခြေတည် အဆင့် ၃ ဆီမှနေ၍ အသက်ရှူတစ်ချက်စာ အချိန်အတွင်း အဆင့် ၄ သို့ တဟုန်ထိုး ထိုးတက်သွားခဲ့သည်။ သို့သော် ၎င်းက ထိုနေရာတင် ရပ်တန့်မသွားခဲ့ပေ။ သူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသော ချီစွမ်းအားများဟူသည် အတိုင်းအဆမရှိလှသော သမုဒ္ဒရာကြီး၏ ဒီရေလှိုင်းများကဲ့သို့ ကျယ်ပြန့်ပြီး အဆုံးမရှိလောက်အောင် များပြားလှပေသည်။ ၎င်းက အခြေတည်အဆင့် (၄) နှင့်ပင် မတူဘဲ အခြေတည်အဆင့် (၆) ကျင့်ကြံသူတစ်ဦးကဲ့သို့ပင် ဖြစ်နေ၏။

သူ ထုတ်လွှတ်လိုက်သော စွမ်းအင်များမှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှပြီး ၎င်းက ပေးစွမ်းနိုင်သော ထိတ်လန့်မှုဟူသည် စွမ်းအားများ ပြောင်းလဲသွားခြင်းကြောင့်သာ မဟုတ်ဘဲ လူတစ်ဦးကို အသက်ရှူရကျပ်စေလောက်သည့်အထိ ပြင်းထန်လှသော ဖိအားကြီးကြောင့် ဖြစ်ပေသည်။

ဝေထော်၏ စိတ်ဝိညာဉ် နက်ရှိုင်းရာမှလည်း အန္တရာယ်ရှိသော အချက်ပြမှုများ အဆက်မပြတ် ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။ သူသည် တစ်ခုခု မှားယွင်းနေသည်ကို ရိပ်မိသွားသဖြင့် စမ်းသပ်တိုက်ခိုက်ခြင်းကိုပင် မပြုလုပ်တော့ဘဲ ချက်ချင်းပင် လှည့်ပြေးတော့၏။

သို့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

တောင်တစ်လုံးအလား ကြီးမားလှသော ဖိအားကြီးတစ်ခုက ဝုန်းခနဲ ကျဆင်းလာခဲ့ပြီ ဖြစ်၏။ ကြီးမားလှသော ချီစွမ်းအင် ဖိအားများက သူ့အား ဖိနှိပ်ချုပ်ချယ်ထားသည်။

ဝေထော်၏ ခေါင်းပေါ်တွင် တိမ်မြူများအလား အသွင်သဏ္ဌာန်ရှိသော ဧရာမ တောင်ကြီးတစ်လုံး ပေါ်ထွက်လာခဲ့ချေပြီ။

အားး....

ဝေထော်၏ နာကျည်းလှသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ သူသည် ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင်များကို အစွမ်းကုန် ထုတ်လွှတ်ကာ နဝရတ်တောင်ဝှေးဖြင့် အပေါ်သို့ အတင်းအကျပ် ရိုက်ထုတ်လိုက်တော့သည်။ ထိုတိမ်မြူ အသွင်သဏ္ဌာန်ရှိသော တောင်ကြီးမှာ သူ့တိုက်ခိုက်မှုအောက်တွင် အနည်းငယ် တုန်ယင်သွားပြီး ဖိအားများ အနည်းငယ် လျော့နည်းသွားလေရာ သူ မသိစိတ်အရ ထွက်ပြေးရန် ခြေလှမ်း လှမ်းလိုက်သည်။ သို့သော်လည်း ခြေလှမ်း အနည်းငယ်မျှ မလှမ်းရသေးခင်မှာပင် ချင်းဟွာမြစ်ထဲမှ ဆူပွက်နေသော လှိုင်းလုံးကြီးများက သူ့အား နောက်သို့ လွင့်ထွက်သွားအောင် ပြန်လည် ရိုက်ခတ်လိုက်ပြန်၏။ ဖိနှိပ်ခြင်းနှင့် နှောင့်နှေးစေခြင်း ဟူသော စွမ်းအားနှစ်ခု၏ ဖိအားအောက်တွင် သူ လက်မဝက်ခန့်ပင် ရှေ့သို့ မတိုးနိုင်တော့ချေ။

ဝေထော်သည် စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားပြီး ရွှေခေါင်းလောင်းတစ်ခုကို ဦးခေါင်းထက်၌ အလျင်အမြန် ထုတ်ဖော်လိုက်သည်။

သူ နောက်သို့ လှည့်ကြည့်လိုက်ပြီး

“ညီလေးလော့.... ငါ လီမျိုးနွယ်စုရဲ့ ကိစ္စတွေကို ဝင်မစွက်ဖက်တော့ဘူးလေ၊ ဘာလို့ ဒီလောက်အထိ သတ်ပစ်ချင်နေရတာလဲ”

လော့ချန် သူ့အား အေးစက်စွာ စိုက်ကြည့်နေဆဲ ဖြစ်ပြီး စကားတစ်ခွန်းမျှ ပြန်လည်ပြောဆိုခြင်း မရှိပေ။ သူသည် ရှေ့ပြေး မှော်အတတ်များအားလုံးကို အဆင်သင့် ပြင်ဆင်ပြီးသွားခဲ့ပြီ ဖြစ်သည်။ ဤအရာဟူသည် မိမိ၏ စိတ်အလိုအတိုင်း ချက်ချင်း ရပ်တန့်ပစ်နိုင်မည့် အရာမျိုး မဟုတ်ပေ။ ထို့အပြင် အကယ်၍ သူသာ ဤနေရာ၌ ပြင်းထန်လှသော ထိုးနှက်ချက်တစ်ခုကို မပြုလုပ်နိုင်လျှင် အရပ်မျက်နှာအနှံ့မှ ရန်သူများအား မည်သို့ ဖိနှိပ်နိုင်ပါ့မည်နည်း။ အရာအားလုံးသည် ဝေထော် အခွင့်ကောင်းလာယူရန် ထွက်ပေါ်လာကတည်းက သေချာပေါက် သတ်မှတ်ပြီးသား ဖြစ်၏။

လော့ချန်အနေဖြင့် အခြားလူများကို သတိပေးရန်အတွက် ကြွက်တစ်ကောင်ကို သတ်ပြရမည် ဖြစ်သည်။ ဟူမျိုးနွယ်စု ညီအစ်ကို သုံးယောက်မှာ ကြွက်မဟုတ်ချေ။ ဤရွှီချန်တောင်မှ ဝေထော်သည်သာ ထိုကြွက် ဖြစ်ပေလိမ့်မည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters