← Chapters

အခန်း ၄၁၈

Vol. 42 Ch. 418

အခန်း ၄၁၈

Vol. 42 Ch. 418

အခန်း (၄၁၈) - အရေးပေါ်ကယ်ဆယ်ရေးသမား ချူခွေးနှင့် ဝိညာဉ်ကျောက်တုံး တစ်သိန်း

လီကျင်ဟွမ် ကွယ်လွန်ခါနီး မှာကြားခဲ့သည့် ဆန္ဒအတိုင်းပင် ဈာပနအခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။ သို့သော်လည်း ခေါင်းတလားထဲတွင် သူ၏ ရုပ်အလောင်းမရှိတော့ဘဲ သက်ရှိထင်ရှားရှိစဉ်က အမြဲဝတ်ဆင်လေ့ရှိသည့် အဝတ်အစားများသာ ရှိနေပြီး အထိမ်းအမှတ် ဂူဗိမာန်တစ်ခုကိုသာ တည်ဆောက်ခဲ့ရလေသည်။

မီးလျှံတိမ်တိုက် ဝတ်ရုံနီကို ဝတ်ဆင်ထားသည့် လော့ချန်တစ်ယောက် ဤဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ သူ အမွှေးတိုင် ထွန်းညှိပူဇော်သည့်အချိန်တွင် လီမျိုးနွယ်စုဝင် အားလုံးက သူ့အား ရိုသေလေးစားစွာဖြင့် ဦးညွှတ် အလေးပြုကြ၏။

မည်သူမဆို အခြေအနေကို အထင်အရှား မြင်နိုင်ပေသည်။

လီမျိုးနွယ်စု၏ အကြီးမားဆုံးသော ဘေးဒုက္ခဆိုးကြီးအတွင်း၌ ယခင် လက်တွဲဖော်များနှင့် လီကျင်ဟွမ်၏ မိတ်ဆွေများထဲမှ တစ်ဦးတစ်ယောက်မျှပင် ကူညီရန် ရှေ့ထွက်မလာခဲ့ကြချေ။ အားလုံး လက်ပိုက်၍သာ ကြည့်နေခဲ့ကြသည် မဟုတ်လော။

လော့ချန် တစ်ဦးတည်းသာလျှင် ကူညီပေးခဲ့ခြင်း ဖြစ်၏။

ဟူမျိုးနွယ်စု ညီအစ်ကို သုံးယောက်အပြင် ဝေထော်နှင့် တန်ယွမ်ဇီကဲ့သို့သော အခြေတည်အဆင့် အလယ်ပိုင်း ကျင့်ကြံသူ အားကောင်းမောင်းသန်များ ဝိုင်းရံပိတ်ဆို့ထားသည့် ကြားတွင်ပင် သူ တုန်လှုပ်ခြင်းမရှိဘဲ ခိုင်ခိုင်မာမာ ရပ်တည်ပေးခဲ့သည်။

ဤမျှကြီးမားလှသည့် ကျေးဇူးတရားကို လီမျိုးနွယ်စုဝင်များအနေဖြင့် ရင်ထဲ၌ အစဉ်ထာဝရ မှတ်ကျောက်တင်ထားကြမည် ဖြစ်၏။ အထူးသဖြင့် လီကျင်ဟွမ်သည် ဝိညာဉ်မချုပ်ငြိမ်းမီ မျိုးနွယ်စုခေါင်းဆောင်၏ အာဏာစက်ကို ကိုယ်စားပြုသည့် ချီလုံဓားကို လော့ချန်ထံ အပ်နှံပြီး ထိန်းသိမ်းစောင့်ရှောက်ပေးရန် မှာကြားခဲ့သည်။ ထိုအချက်ကပင် သူ လော့ချန်အပေါ် မည်မျှအထိ ယုံကြည်ကိုးစားကြောင်း ပြသနေသည်။

ဤယုံကြည်မှုကြောင့်ပင် လော့ချန်၏ လီမျိုးနွယ်စုအတွင်း အဆင့်အတန်းသည် ဒုန်းစိုင်း မြင့်တက်သွားခဲ့ပြီ ဖြစ်၏။ သူ၏ ဩဇာအာဏာသည် လက်ရှိ မျိုးနွယ်စုခေါင်းဆောင် လီယင်ကျန်းကိုပင် ကျော်လွန်သွားခဲ့လေပြီ။

....

နေဝင်ရိုးရီ အချိန်တွင် ဖြစ်သည်။

ချင်းဟွာ မြစ်ကမ်းပါး၌ လော့ချန်သည် မှော်စာရွက် တစ်ခုကို လီယင်ကျန်း၏ လက်ထဲသို့ ကမ်းပေးလိုက်သည်။

“အစ်ကိုကြီးလော့.... ဒါက....”

“ယူထားလိုက်ပါ”

လော့ချန်က လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း

“မင်းမှာ ထိပ်တန်းအဆင့် မှော်လက်နက်တွေ မပြတ်လပ်ဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ တစ်ခါတလေကျရင် မှော်စာရွက်က စစ်မြေပြင်ရဲ့ အလှည့်အပြောင်းကို ဖန်တီးပေးနိုင်စွမ်း ရှိတယ်၊ ချီလုံဓားကိုတော့ ငါပဲ ထိန်းသိမ်းပေးထားမယ်၊ မင်း အခြေတည်အဆင့် ရောက်ပြီးမှပဲ ပြန်လာယူတော့”

လီယင်ကျန်းသည် ထိုမှော်စာရွက်ကို တင်းတင်းဆုပ်ကိုင်ရင်း လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။

လော့ချန်၏ အကြည့်သည် တောင်တန်းနှင့် မြစ်ရေပြင်များကို ဖြတ်ကျော်ကာ အလှမ်းဝေးကွာပြီး ခြောက်သွေ့လှသည့် ထန်ချိုးတောင်ဆီသို့ ကျရောက်သွား၏။

“ကျူပင်ခုတ် ကျူငုတ်မကျန်တဲ့”

“ကျင့်ကြံဆင့်နိမ့်တဲ့ လက်ကျန်အကြွင်းအကျန်လေးတွေပဲမို့ ငါကိုယ်တိုင် လှုပ်ရှားစရာ မလိုဘူး၊ မင်း လူတွေကို ခေါ်ပြီး သွားလိုက်တော့”

လီယင်ကျန်း၏ မျက်နှာထက်ဝယ် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ ထင်ဟပ်လာသည်။

“ဒါက လုပ်သင့်လုပ်ထိုက်တာပဲ၊ အစရှိရင် အဆုံးရှိရမှာပေါ့၊ ဒီညပဲ ကျွန်တော့် လူတွေကို ဦးဆောင်ပြီး ထန်ချိုးတောင်ကို ဝင်စီးမယ်၊ ဟူမျိုးနွယ်စုကို အမြစ်ပြတ် ချေမှုန်းပစ်မယ်”

လော့ချန် ခေါင်းညိတ်ပြပြီး တိမ်စီးကာ ထွက်ခွာသွားခဲ့သည်။

လီမျိုးနွယ်စုနှင့် လော့ထျန်းအဖွဲ့တို့၏ နောက်ဆက်တွဲ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ သူ လီယင်ကျန်းနှင့် အသေးစိတ် မဆွေးနွေးခဲ့ပေ။ ဤအသေးအဖွဲ ကိစ္စရပ်များကို စီမာဟွေ့နန် ကျင့်ကြံရာမှ ထွက်လာလျှင် သူမဘာသာ စီစဉ်လိမ့်မည် ဖြစ်သည်။ သူ လီမျိုးနွယ်စုကို အသက်စွန့် အကာအကွယ်ပေးခဲ့သည့် စွမ်းဆောင်ချက် သက်သေရှိနေသဖြင့် နောင်တွင် ပူးပေါင်းဆောင်ရွက်မှုများသည် အလွန်တရာ အဆင်ပြေချောမွေ့မည်မှာ အသေအချာပင်။

ထို့အပြင် လီကျင်ဟွမ် သက်ရှိထင်ရှားရှိစဉ်က ကြိုတင်ပြင်ဆင်မှုများကြောင့် လီမျိုးနွယ်စုသည် ကြီးမားလှသည့် အကျိုးအမြတ်များကို လက်လွှဲပေးပေလိမ့်မည်။

အကျဉ်းချုပ်ရသော် ဤအပေးအယူတွင် လော့ချန်အတွက် အရှုံးဟူ၍ ရှိမည်မဟုတ်ပေ။ အကျိုးအမြတ်ကိုလည်း သိမ်းပိုက်နိုင်ခဲ့သလို လူအများ၏ စောင့်ကြည့်မှုအောက်တွင် မိမိ၏ ဩဇာအာဏာကိုလည်း ထင်ရှားစေခဲ့သည်။

စစ်ပွဲတစ်ပွဲတည်းနှင့်ပင် ကျော်ကြားမှု အထွတ်အထိပ်သို့ ရောက်ရှိသွားခြင်းပင်။

ယနေ့မှစ၍ ထျန်းလန် နတ်ဘုရားမြို့တော်၏ အစွမ်းထက် ကျင့်ကြံသူများထဲတွင် သူ့အတွက် နေရာတစ်နေရာ ရှိလာခဲ့ပြီ ဖြစ်သည်။

ယခင်က ဒန်ရှားတောင်၏ နာမည်ကျော် တစ်ကိုယ်တော်ကျင့်ကြံသူ သုံးဦးကို တစ်ကွက်တည်းနှင့် အလဲထိုးခဲ့ပြီး ယခုတွင်မူ ဟူမျိုးနွယ်စု ညီအစ်ကို သုံးယောက်ကို သုတ်သင်ရှင်းလင်းခဲ့ပြန်သည်။ အဆင့်တူ ပြိုင်ဘက်ဖြစ်သည့် ဝေထော်နှင့် ရင်ဆိုင်ရစဉ်၌လည်း တစ်ကွက်တည်းသာ သုံးခဲ့ပြီး ထိုသူ၏ ဝိညာဉ်ကို လွင့်စင်ပျက်စီးစေခဲ့သည်။ အစမှအဆုံးတိုင် သူသည် မှော်လက်နက် သို့မဟုတ် မှော်ရတနာ တစ်ခုတစ်လေမျှပင် ထုတ်သုံးခဲ့ခြင်း မရှိချေ။

ယခုအချိန်တွင်မူ ရေတွက်၍မရနိုင်သော တစ်ကိုယ်တော်ကျင့်ကြံသူများက သူ၏ ဂုဏ်သတင်းကို အရပ်လေးမျက်နှာအနှံ့ လျှင်မြန်စွာ ဖြန့်ဝေနေကြပြီ ဖြစ်သည်။

ကတိသစ္စာကို မြဲမြံစွာ စောင့်ထိန်းတတ်ပြီး နှစ်အနည်းငယ်မျှသာ ရှိသေးသည့် သံယောဇဉ်နှင့်ပင် ကွယ်လွန်သူ မိတ်ဆွေဟောင်း၏ မျိုးနွယ်စု မျိုးဆက်များကို အစွမ်းကုန် ကာကွယ်ပေးခဲ့သည်။ မိမိလူအပေါ် ကြင်နာသနားတတ်ပြီး ရန်သူကိုမူ ရက်စက်ကြမ်းကြုတ်စွာ ပညာပေးတတ်သည်။ အစွမ်းထက်ပြီး တိုက်ပွဲစွမ်းရည် မြင့်မားလှကာ အထူးသဖြင့် အဆင့်ကျော်တိုက်ခိုက်နိုင်စွမ်းရှိသူ ဖြစ်သည်။

ချင်းဟွာ မြစ်ကမ်းပါး တိုက်ပွဲအတွင်း သူသည် မီးလျှံတိမ်တိုက် ဝတ်ရုံနီကို ဝတ်ဆင်ထားပြီး အသုံးပြုသည့် မှော်အတတ်များမှာလည်း မီးဓာတ်ကို အခြေခံထားသဖြင့် တစ်ကိုယ်တော် ကျင့်ကြံသူများ၏ စကားဝိုင်းများ၌ သူ့အား ဘွဲ့အမည် အမျိုးမျိုး ပေးခဲ့ကြလေသည်။

‘ဝတ်ရုံနီသူရဲကောင်း၊ မီးနတ်ဘုရားလော့၊ ဒန်ရှားအရှင်သခင်၊ ချင်းဟွာဆရာတော်....’

ဤသို့ဖြင့် အမည်နာမများကား စုံလင်လှပေသည်။

....

ချီစွမ်းအင် အလွန်တရာ ခေါင်းပါးလှသည့် လူသူမဲ့ တောင်ကုန်းတစ်ခုတွင် လော့ချန်သည် ဝိညာဉ်သန့်စင် အလံတော်ကို ပြန်လည်သိမ်းဆည်းလိုက်သည်။

ထို့နောက် သူ ထိုနေရာ၌ပင် စောင့်ဆိုင်းနေခဲ့၏။

မကြာမီ အချိန်အတွင်းမှာပင် လူရိပ်တစ်ခုက တိမ်မြူများကို စီးနင်းကာ ရောက်ရှိလာသည်။

“ညီအစ်ကိုလော့.... ဒီနေ့ မင်းရဲ့ ဝင့်ကြွားလှတဲ့ ဟန်ပန်က တကယ်ကို မျက်စိပွင့်လောက်စရာပဲဗျာ”

လော့ချန်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားပြီး အလိုက်သင့်ပင် ခေါ်ဝေါ်ပုံကို ပြောင်းလဲလိုက်၏။

“ဒီလို ဝင့်ကြွားနိုင်တာကလည်း အစ်ကိုချူ နောက်ကနေ ကျောထောက်နောက်ခံ ပေးထားလို့ပေါ့ဗျာ”

ချူခွေးက သူ၏ ရှေ့သို့ ဆင်းသက်လိုက်ပြီး လက်ကို ယမ်းခါပြကာ

“ငါက မင်းရဲ့ ကျောထောက်နောက်ခံ မဟုတ်ပါဘူး၊ မင်းရဲ့ ဝိညာဉ်ကျောက်တုံးတွေကသာ မင်းရဲ့ ကျောထောက်နောက်ခံပါ”

ယမ်းခါလိုက်သည့် လက်ကို သူ ပြန်မရုပ်သိမ်းခဲ့ပေ။

လော့ချန်က သဘောကျစွာ ရယ်မောရင်း သိုလှောင်အိတ်တစ်လုံးကို လှမ်းပစ်ပေးလိုက်သည်။

“ဒါက နောက်ဆုံးကျန်တဲ့ အဖိုးအခပေါ့၊ စစ်ဆေးကြည့်လိုက်ပါဦး”

“ဟာဗျာ.... ငါ မင်းကို မယုံကြည်ဘဲနေမလား”

ထိုသို့ ပြောဆိုလိုက်သော်လည်း ချူခွေးသည် လော့ချန်၏ ရှေ့မှောက်၌ပင် ဝိညာဉ်ကျောက်တုံးများကို တစ်တုံးပြီးတစ်တုံး သေချာ ထိုင်ရေနေတော့သည်။

လော့ချန် သူ၏ လုပ်ရပ်ကို ကြည့်ရင်း စိတ်ဆိုးခြင်း မရှိပေ။ စီးပွားရေး လုပ်ဆောင်သည့်အခါ ဤသို့ပင် ဖြစ်သည်။ မျက်နှာချင်းဆိုင် မစစ်ဆေးခြင်းက မျက်နှာသာပေးခြင်း ဖြစ်ပြီး၊ မျက်နှာချင်းဆိုင် စစ်ဆေးခြင်းကလည်း လုပ်ထုံးလုပ်နည်းအရ မှန်ကန်လှပေသည်။

ဤစစ်ပွဲကြီးအတွက် လော့ချန်သည် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ရသည်။

လော့ထျန်းအဖွဲ့ ဖက်တွင် သူသည် မိမိကိုယ်တိုင်မှလွဲ၍ ကျန်ရှိသည့် အခြေတည်အဆင့် ကျင့်ကြံသူ အားလုံးကို ဒန်ရှားတောင်၌ ချန်ထားခဲ့သည်။ ထိုတင်မကဘဲ သူသည် မင်လုံယွီထံသို့လည်း အဆင့်လတ် ဝိညာဉ်ကျောက်တုံးပေါင်း နှစ်ရာကျော်ကို ပေးထားခဲ့ပြီး ခုနစ်ရောင်ခြယ်ဒန်ရှားမှော်အစီအရင်ကြီးကို မည်သည့်စိုးရိမ်ပူပန်မှုမျှမရှိဘဲ အသက်သွင်းနိုင်ရန် စီမံပေးထားခဲ့သည်။

ထို့အပြင် ချင်းဟွာ မြစ်ကမ်းပါး ဖက်တွင်လည်း သူ၌ ကြိုတင်ပြင်ဆင်မှု သုံးဆင့် ရှိခဲ့သည်။

ပထမ အဆင့်မှာ လီကျင်ဟွမ်၏ အသက်ပြန်သွင်းခြင်း ဝှက်ဖဲ ဖြစ်၏။ ဒုတိယ အဆင့်မှာ ဝိညာဉ်သန့်စင်အလံတော်ဖြင့် နောက်ဆုတ်ရန် လမ်းကြောင်း ဖွင့်လှစ်ခြင်း ဖြစ်သည်။ အကယ်၍ အခြေအနေ မဟန်ပါက သူ ထွက်ပြေးတိမ်းရှောင်သည့် အခါတွင် အလံတော်အတွင်းမှ ရှောင်ဟေးကို အသုံးချ၍ ရန်သူများ၏ လိုက်လံတိုက်ခိုက်မှုကို ဟန့်တားနိုင်မည် ဖြစ်သည်။

တတိယ အဆင့်မှာမူ ချူခွေး ပင် ဖြစ်၏။ ဤမျှ ထက်မြက်လှသည့် ကျင့်ကြံသူတစ်ဦးကို ဖိတ်ခေါ်နိုင်ရန်အတွက် သူသည် စရံငွေသက်သက်ဖြင့်ပင် ဝိညာဉ်ကျောက်တုံး သုံးသောင်းကို ပေးချေခဲ့ရသည်။

ကြိုတင်၍လည်း သဘောတူညီမှု ရယူထားပြီး ဖြစ်၏။ အခြေတည်အဆင့် အစောပိုင်းနှင့် အလယ်ပိုင်း ရန်သူများကိုမူ သူ ဝင်ရောက် တိုက်ခိုက်ပေးရန် မလိုပေ။ အကယ်၍ အခြေတည် အဆင့်မြင့် ကျင့်ကြံသူကြီးတစ်ဦး ပေါ်ပေါက်လာပါက သူ ဟန့်တားပေးရန် တာဝန်ယူရမည် ဖြစ်သည်။ လက်ညှိုးတစ်ချောင်းမလှုပ်ခဲ့ရသည့်တိုင် နောက်ဆုံးကျန်ရှိငွေ ခုနစ်သောင်းကို ပေးချေရမည်ဖြစ်ပြီး စုစုပေါင်း ဝိညာဉ်ကျောက်တုံး တစ်သိန်း ပြည့်ရပေမည်။

ဤသည်မှာ ချူခွေး တောင်းဆိုသည့် အနိမ့်ဆုံး စျေးနှုန်း ဖြစ်၏။ များသောအားဖြင့် အခြေတည်အဆင့် အစောပိုင်းအဆင့်များအတွက် သတ်မှတ်သည့် စျေးနှုန်းမျိုး ဖြစ်သည်။

သူသည် လော့ချန်၏ ကြွယ်ဝချမ်းသာမှုနှင့် နောင်အနာဂတ်တွင်လည်း ဖောက်သည်ကြီး ဖြစ်လာနိုင်သည့် အခြေအနေကို ထောက်ထား၍ ဤအထူးသက်သာခွင့် စျေးနှုန်းကို ပေးခဲ့ခြင်း ဖြစ်ပေသည်။

ပထမဦးဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်မှု ဖြစ်လေရာ အခြေအနေကို စမ်းသပ်ကြည့်သည့် သဘောပင်။ အကယ်၍ အခြေတည်အဆင့် အဆင့်မြင့် ကျင့်ကြံသူနှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ရပြီး ချူခွေး ကိုယ်တိုင် လှုပ်ရှားခဲ့ရလျှင်မူ ဤစျေးနှုန်းသည် တစ်သိန်းနှင့် ပြီးပြတ်မည် မဟုတ်ချေ။

နှစ်သိန်းလော။ မဟုတ်ပေ။ ထိုစျေးနှုန်းသည် အခြေတည်အဆင့်အလယ်ပိုင်း တိုက်ပွဲများအတွက်သာ ဖြစ်သည်။ နှောင်းပိုင်းကျင့်ကြံသူကြီးတစ်ဦးနှင့် အမှန်တကယ် တိုက်ခိုက်ရပါက ချူခွေး၏ တောင်းဆိုစျေးသည် ပုံမှန်အားဖြင့် ငါးသိန်းမှ စတင်ပေလိမ့်မည်။ ဟွမ်ရှားကဲ့သို့ သူ့ထက် ကျင့်ကြံခြင်းအဆင့် တစ်ဆင့်ပိုမြင့်သူနှင့် တိုက်ပွဲဖြစ်ပွားခဲ့လျှင် သူသည် လော့ချန်ထံမှ ခုနစ်သိန်း သို့မဟုတ် ရှစ်သိန်းအထိပင် ရဲရဲဝံ့ဝံ့ တောင်းဆိုရဲပေသည်။

သို့သော်လည်း ချူခွေးသည် တိုက်ခိုက်ခြင်းကို ရူးသွပ်သူတစ်ဦး မဟုတ်ပေ။

အရာအားလုံးသည် ကျင့်ကြံခြင်း အရင်းအမြစ်များကို ရှာဖွေရန်အတွက်သာ ဖြစ်၏။

အကယ်၍ အနည်းငယ်မျှသော ဝိညာဉ်ကျောက်တုံးများအတွက်နှင့် မိမိကိုယ်ကိုယ် ဒဏ်ရာရရှိစေပြီး နောင်တွင် ရွှေအမြုတေ အဆင့်သို့ တက်လှမ်းမည့် အချိန်ကို ကြန့်ကြာသွားစေပါက အကျိုးအမြတ်ထက် အရှုံးက ပိုများပေလိမ့်မည်။ ထို့ကြောင့် အသက်ဘေးနှင့် မလဲရဘဲ တစ်သိန်းကို လွယ်လွယ်ကူကူ ရှာဖွေနိုင်ခြင်းက အသေအလဲ တိုက်ခိုက်ပြီး ခုနစ်သိန်း ရှစ်သိန်း ရှာဖွေရခြင်းထက် ပိုမို ကောင်းမွန်ပေသည်။

ပြောရလျှင် ချူခွေးသည် လော့ချန်တစ်ယောက်တည်း ချင်းဟွာ မြစ်ကမ်းပါးကို ခုခံကာကွယ်ရဲသည့် စိတ်ချရဆုံးသော ကျောထောက်နောက်ခံကြီး ဖြစ်ပေသည်။

မကြာမီ အချိန်အတွင်း ချူခွေးသည် ဝိညာဉ်ကျောက်တုံးများကို ရေတွက်ပြီးစီးသွားခဲ့သည်။

“ပြဿနာမရှိဘူး၊ အားလုံး ကွက်တိပဲ၊ ဒီသိုလှောင်အိတ် မင်းကို ပြန်ပေးရမလား”

လော့ချန်က သဘောကျစွာ ပြုံးလိုက်ရင်း

“ဒါက အသေးအဖွဲလေးပါဗျာ၊ မင်းနဲ့ငါ့ကြားမှာ ဒီလောက်အထိ သူစိမ်းဆန်နေဖို့ မလိုပါဘူး”

“အမယ်…. ရက်ရောလှချည်လား”

ချူခွေးက လက်မထောင်ပြလိုက်ပြီး သိုလှောင်အိတ်ကို သူ့ဝတ်ရုံအိတ်ထဲသို့ လျှင်မြန်စွာ ထည့်သွင်းလိုက်သည်။ ဤတစ်ကြိမ်တွင် တစ်သိန်း ထပ်မံရရှိခဲ့ပြန်သဖြင့် သူသည် အဆင့်မြင့် ဂူဗိမာန်၌ နောက်ထပ် နှစ်နှစ်ခန့် ဆက်လက် သောင်တင်နေနိုင်ဦးမည် ဖြစ်သည်။

လော့ချန်၏ လေးနက်တည်ငြိမ်ပြီး အကြံအစည်များ ရှိနေသည့် ပုံစံကို ကြည့်ရင်း သူ မမေးဘဲ မနေနိုင်တော့ပေ။

“ကြည့်ရတာ လော့ထျန်းအဖွဲ့က ငြိမ်နေမယ့်ပုံတော့ မပေါ်ဘူးပဲ…. နောက်ထပ် လှုပ်ရှားမှုကြီးတွေ ရှိလာဦးမှာပေါ့…. ငါ ဝင်ကူရမယ့် နေရာများ ရှိသေးလား… ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ၊ ငါ ထျန်းလန်မြို့ရဲ့ အရေးပေါ်ကယ်ဆယ်ရေးသမားကြီး ချူခွေးက ပထမဆုံး ဝင်ကူပေးမယ်”

လော့ချန် မျက်လုံး တစ်ချက် စောင်းကြည့်လိုက်ရင်း

“တော်ပါပြီကွာ…. မင်းကို ဖိတ်ရတာ တကယ်ကို စျေးကြီးလွန်းတယ်၊ နောက်ထပ် ကိစ္စရပ်တွေကို ငါတို့ လော့ထျန်းအဖွဲ့ ဘာသာပဲ ဖြေရှင်းနိုင်ပါတယ်”

ချူခွေးက ပုခုံးတွန့်ပြလိုက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားဟန် ပြုလိုက်သည်။ သူ အတင်းအကျပ် မတောင်းဆိုပေ၊ ရှေ့လျှောက် အချိန် များစွာ ရှိသေးသည် မဟုတ်ပါလော။ အင်အားစုတစ်စု တိုးတက်ပြန့်ပွားလိုလျှင် ပြိုင်ဘက်များနှင့် ထိပ်တိုက်တွေ့ဆုံမှုများ ရှိလာစမြဲပင်။ ဤထျန်းလန် နတ်ဘုရားမြို့တော်ဟူသော မြေတစ်ကွက်အတွင်း၌ မည်သူက ဆွေမျိုး မကင်းဘဲ နေပါမည်နည်း။

ထိုအချိန်ကျလျှင် လော့ချန် သူ့အား အမှန်တကယ် လိုအပ်လာပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ပထမဦးဆုံး ပူးပေါင်းဆောင်ရွက်မှုက အလွန်တရာ ကျေနပ်စရာ ကောင်းခဲ့ပြီး လော့ချန်၌လည်း သူ့အား ဆက်သွယ်နိုင်သည့် အသံလွှင့် ကျောက်စိမ်းပြား ရှိနေသဖြင့် ဝိညာဉ်ကျောက်တုံး ရှာဖွေနိုင်မည့် အခွင့်အရေးများက အများအပြား ရှိနေသေးသည်။

မထွက်ခွာမီ ချူခွေးက ရုတ်တရက် စကားဆိုလာ၏။

“တကယ်တော့ ဒီတစ်ကြိမ်မှာ ငါ ဝင်မကူခဲ့ရင်တောင် မင်းအတွက် ဘာမှ ထိခိုက်မှာ မဟုတ်ပါဘူး”

“ဟင်....”

လော့ချန် မျက်ခုံးပင့်လိုက်ရင်း ဇဝေဇဝါ ဖြစ်သွားသည်။

ချူခွေးက ထျန်းလန် နတ်ဘုရားမြို့တော် တည်ရှိရာ ဘက်သို့ လက်ညှိုးညွှန်ပြလိုက်ကာ ဆိုသည်။

“ထန်ထိုက်ကျင်း ဆိုတဲ့ ရေခဲတုံးကြီးက အစောပိုင်းက ဒီနေရာကို တစ်ခေါက် ရောက်လာခဲ့သေးတယ်”

ဤသတင်းနှင့် ပတ်သက်၍ လော့ချန်သည် နှုတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်၏။

ချူခွေးက တဟားဟား ရယ်မောလိုက်ပြီး ဘာစကားမျှ ထပ်မဆိုတော့ဘဲ ထွက်ခွာသွားခဲ့သည်။

သူ ထွက်သွားပြီးနောက် လော့ချန်သည် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ဝဲကြည့်ရှုလိုက်ပြီး နောက်ဆုံးတွင် ခေါင်းယမ်းကာ တိမ်စီး၍ ထွက်ခွာသွားခဲ့လေသည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters