← Chapters

အခန်း ၄၁၉

Vol. 42 Ch. 419

အခန်း ၄၁၉

Vol. 42 Ch. 419

အခန်း (၄၁၉) - လော့ချန်၏ စစ်မိန့်တော်

ညဉ့်နက်သန်းခေါင်ယံ အချိန်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ဒန်ရှားတောင်ထွတ်ပေါ်ရှိ လော့ထျန်း ခန်းမဆောင်အတွင်း၌ လော့ချန်တစ်ယောက် ပလ္လင်ပေါ်တွင် ထိုင်လျက်ရှိသည်။

အောက်ဖက်တွင်မူ လူသံများ စီစီညံနေပြီး အလွန်တရာ သက်ဝင်လှုပ်ရှားနေ၏။

စီမာဟွေ့နန် တစ်ဦးတည်းသာ မရှိခြင်း ဖြစ်ပြီး လော့ထျန်းအဖွဲ့၏ အဆင့်မြင့် ကျင့်ကြံသူအားလုံး စုံစုံလင်လင် ရောက်ရှိနေကြပြီ ဖြစ်သည်။

အခြေတည်အဆင့်ရှိ အကြီးအကဲ ဝမ်ယွမ် နှင့် မင်လုံယွီ၊ လက်နက်ခန်းမဆောင်မှ တွမ်ဖုန်း၊ ဆေးဖော်ခန်းမဆောင်မှ ချွီလင်ကျွင်း၊ ဆေးဝါးခန်းမဆောင်မှ ဘီယန်ကျန်း၊ တိုက်ခိုက်ရေးခန်းမဆောင်မှ စီမာရှန့်၊ ကုသိုလ်ခန်းမဆောင်မှ မုရုံချင်းလျန်၊ ရွှေခန်းမဆောင်မှ ကူချိုင်ယီ၊ ပြစ်ဒဏ်စီရင်ရေးခန်းမဆောင်မှ ကျိုးယွမ်လီ နှင့် အပြင်စည်းအဖွဲ့မှ ရွှီရှောင်လျို တို့ ဖြစ်ကြသည်။

ထို့အပြင် ခန်းမဆောင်အသီးသီး၏ အကြီးအကဲများ အားလုံးလည်း စုံလင်စွာ ရောက်ရှိနေကြ၏။ ၎င်းတို့အထဲတွင် ချင်လျန်ချန်း၊ စုရှောင်လင်း၊ စီမာဝမ်ကျဲ၊ ဖုန်းရှ၊ လျိုချန်း စသည့် ချီသန့်စင် အဆင့် ၉ ရှိသူများလည်း အသီးသီး ပါဝင်နေကြသည်။

ဤမျှ များပြားလှသည့် အရည်အချင်းရှိသူများ စုံလင်စွာ တည်ရှိနေသည့် ခန်းမဆောင်ကြီးကို ကြည့်ရှုရင်း လော့ချန်၏ ရင်ထဲ၌ စွန့်စားလိုသော စိတ်ဓာတ်များ ဟုန်းဟုန်းတောက် ထကြွလာခဲ့ရသည်။

အတိတ်ကာလ တစ်ချိန်က လော့ထျန်းအဖွဲ့သည် အခြေတည်အဆင့် ကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှပင် ထုတ်ပြစရာ မရှိခဲ့ဘဲ ချီသန့်စင် အဆင့် ၉ ရှိသူများမှာလည်း လက်ချိုးရေတွက်နိုင်ရုံမျှသာ ရှိခဲ့သဖြင့် ထိုစဉ်က ချီသန့်စင် အဆင့် ၈ သာ ရှိသေးသည့် မိမိကပင် ဦးဆောင်ခဲ့ရသည်။

အချိန်ကာလများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ရာ အခြေအနေများလည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ယခုတွင်မူ အခြေတည်အဆင့် ကျင့်ကြံသူကြီးလေးဦးနှင့် ခန်းမခေါင်းဆောင်ကြီးခုနစ်ဦး ရှိနေပြီ ဖြစ်သည်။ ချီသန့်စင်အဆင့် ၉ ရှိသည့် ကျင့်ကြံသူများသည် အတွင်းစည်းနှင့် အပြင်စည်းအဖွဲ့ စုစုပေါင်း သုံးဆယ့်ခြောက်ဦးအထိ တည်ရှိနေပြီ ဖြစ်၏။ ထိုအောက်ရှိ ချီသန့်စင် အဆင့်မြင့် ကျင့်ကြံသူများမှာမူ ရာဂဏန်းမက ရှိနေပြီ ဖြစ်သည်။ ဤမျှ ကြီးမားလှသည့် အင်အားစုကို အကယ်၍ ယခင်က တာဟဲဈေးမြို့တော်တွင် ထားရှိမည်ဆိုပါက မျိုးနွယ်စုကြီး ငါးစုနှင့် ဂိုဏ်းကြီး နှစ်ဂိုဏ်းကိုပါ ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း ရှိပေလိမ့်မည်။

လက်တစ်ချက် လှန်လိုက်ရုံမျှဖြင့် မိုးသက်မုန်တိုင်း ကျစေနိုင်သည်ဟု ဆိုပါကလည်း အလွန်အကျွံ ပြောဆိုခြင်း မဟုတ်ပေ။ ကျင့်ကြံခြင်း အဆင့်နိမ့်သူများကို ခွေးကဲ့သို့ သဘောထားပြီး အခြေတည်အဆင့် ကျင့်ကြံသူများ လမ်းဘေးတွင် ပေါများလှသည့် ထျန်းလန် နတ်ဘုရားမြို့တော်တွင်ပင် လော့ထျန်းအဖွဲ့ဟူသည် မည်သူမျှ လာရောက်၍ မထိပါးရဲကြသော အင်အားစုကြီးတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

အခြေတည်အဆင့် အဆင့်မြင့် ကျင့်ကြံသူကြီးများ ထွက်မလာသရွေ့ လော့ချန်သည် မည်သူ့ကိုမျှ ကြောက်ရွံ့ခြင်း မရှိကြောင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပေသည်။

သို့သော်ငြားလည်း ဤမြို့တော်ကြီး၏ အာဏာစက် ပြောင်းလဲသွားခဲ့သော အခြေအနေ ဖရိုဖရဲ ဖြစ်မှုကို အခွင့်ကောင်းယူကာ အချို့သော လူမိုက်များက လော့ထျန်းအဖွဲ့အား အခြေခံအုတ်မြစ် မခိုင်မာသေးဘူးဟု ထင်မှတ်လျက် ရေနောက်တွင် ငါးမျှားရန်အတွက် ကြိုးစားကာ အားနည်းချက်ကို အခွင့်ကောင်းယူပြီး အကျိုးအမြတ်များ ရှာဖွေရန် ကြံစည်ခဲ့ကြသည်။

‘တကယ်ကို အဓိပ္ပာယ်မရှိလိုက်တာ…. ငါက သူများကို ဂုတ်သွေးစုတ်ရတာပဲ ကြိုက်တာ…. ငါ့လာဂုတ်သွေးစုတ်ရင်တော့…. ဟားဟား’

သို့ဆိုလျှင် မည်သို့ ပြုလုပ်ရမည်နည်း။ ရှေ့ဆုံးမှ ပြေးထွက်လာသည့် အခြေတည်အဆင့် ကျင့်ကြံသူ အနည်းငယ်ကို သတ်ဖြတ်လိုက်ရုံမျှဖြင့် ကိစ္စရပ်များ ပြီးဆုံးသွားမည်လော။

လော့ချန်၏ စရိုက်သည် ထိုမျှဖြင့် အားရတတ်သူ မဟုတ်ပေ။ အခြေအနေများက အတင်းအကျပ် ဖိအားပေးလာခဲ့ပြီဖြစ်ရာ အရင်းအနှီးကို ပြန်လည် ရရှိရမည်သာမက အတိုးကိုလည်း သေသေချာချာ သိမ်းပိုက်ရပေမည်။

‘မင်းတို့က စရင် ငါကလည်း အဆုံးသတ်ပေးရုံပေါ့’

လော့ချန် သူ၏ ညာဘက်လက်ကို အသာအယာ မြှောက်လိုက်သည့် အခါတွင် ခန်းမဆောင်အတွင်းရှိ လှုပ်ရှားသက်ဝင်နေသည့် အခြေအနေသည် ချက်ချင်းပင် တိတ်ဆိတ် ငြိမ်သက်သွားခဲ့ရသည်။

ဤအချက်ကပင် လော့ချန်၏ ဩဇာအာဏာ မည်မျှအထိ မြင့်မားကြောင်း သိသာနေသည်။

သူ အပိုစကားများ မပြောဘဲ တိုက်ရိုက်ပင် အဓိက အကြောင်းအရာကို စပြောလိုက်သည်။

“ငါတို့ကို လာဆွရဲတယ်ဆိုရင် ရှုံးသွားတဲ့အခါ ပေးဆပ်ရမယ့် တန်ဖိုးကိုလည်း ခံယူဖို့ ပြင်ထားရမှာပေါ့…. သူတို့တွေ အဲဒီလောက်အထိ တွေးထားရဲ့လားတော့ မသိဘူး.... ဒါပေမဲ့ စိတ်မပူပါနဲ့…. ငါက သူတို့အတွက် ကြိုတွေးပေးထားပြီးပြီမလို့”

လူတိုင်းကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး လော့ချန် လေးနက်တည်ကြည်စွာဖြင့် ဆက်ပြောသည်။

“ဝမ်ယွမ်”

ဝမ်ယွမ် သူ၏ ထိုင်ခုံမှ ထရပ်လိုက်၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူသည် မိမိ ညီနောင်၏ မျက်နှာကို ဘယ်သောအခါမျှ ပျက်စေမည် မဟုတ်ပေ။

“တန်ယွမ်ဇီက ချင်းဟွာ မြစ်ကမ်းပါးမှာ ငါ့ကို စိန်ခေါ်ခဲ့ပြီး ငါတို့ လော့ထျန်းအဖွဲ့ရဲ့ မဟာမိတ်ကို တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တယ်…. အခု သူ သေဆုံးသွားပြီ ဖြစ်တဲ့အတွက် တန်ယွမ်ဂိုဏ်းလည်း ဆက်လက် တည်ရှိနေဖို့ မလိုတော့ဘူး….. မင်း လူတွေကို ဦးဆောင်ပြီး တန်ယွမ်ဂိုဏ်းကို တိုက်ခိုက်ချေမှုန်းပါ၊ သူတို့ဂိုဏ်းအနွယ်ကို အမြစ်ဖြတ်ပြီး ရတနာတွေကို သိမ်းပိုက်လိုက်…. ဆေးဖော်ခန်းမဆောင်နဲ့ ဆေးဝါးခန်းမဆောင်နှစ်ခုက မင်းနောက်ကနေ လိုက်ပါပြီး မင်းရဲ့ အမိန့်ကို နာခံလိမ့်မယ်၊ အုတ်တစ်ချပ် သဲတစ်ပွင့်တောင် ချန်မထားခဲ့ရဘူး၊ မိုးလင်းတာနဲ့ ချက်ချင်း ထွက်ခွာတော့”

ဝမ်ယွမ်က လက်နှစ်ဖက်ကို ယှက်ကာ အလေးပြုရင်း လေးနက်စွာ တုံ့ပြန်လိုက်၏။

“အဖွဲ့ခေါင်းဆောင်ရဲ့ အမိန့်အတိုင်းပါ”

သူ အမိန့်ကို နာခံလိုက်သည်နှင့် တစ်ပြိုင်နက် ဆေးဖော်ခန်းမဆောင်မှ ချွီလင်ကျွင်း နှင့် ဆေးဝါးခန်းမဆောင်မှ ဘီယန်ကျန်း တို့သည်လည်း သူ့နောက်တွင် မတ်တပ်ရပ်လိုက်ကြပြီ ဖြစ်သည်။ ၎င်းတို့အထဲတွင် ချွီလင်ကျွင်းသည် အတော်လေး စိတ်လှုပ်ရှားနေ၏။

လော့ထျန်းအဖွဲ့၏ သမိုင်းကြောင်းအတွင်း ကြီးမားလှသည့် တိုက်ပွဲကြီးများစွာ ရှိခဲ့ဖူးသည်။ သို့သော်လည်း သူသည် ထိုစဉ်က အသက်ငယ်ရွယ်သေးသဖြင့် တစ်ကြိမ်တစ်ခါမျှ ကိုယ်တိုင် ပါဝင်ခွင့်မရခဲ့ချေ။ အနီးစပ်ဆုံး ဖြစ်ပွားခဲ့သည့် ကောင်းလင်လွင်ပြင် တိုက်ပွဲတွင်ပင် သူသည် သူတစ်ပါး၏ အကာအကွယ်ပေးမှုကို ခံခဲ့ရသူ ဖြစ်သည်။

ယခုတွင်မူ သူသည် အသက် နှစ်ဆယ့်လေးငါးနှစ် အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ကျင့်ကြံခြင်း အဆင့်သည်လည်း လော့ချန်၏ အစွမ်းကုန် ပျိုးထောင်ပေးမှုကြောင့် ချီသန့်စင် အဆင့် ၇ သို့ ရောက်ရှိကာ ချီသန့်စင်နှောင်းပိုင်း အဆင့်အတွင်းသို့ ကပ်လျက် ဝင်ရောက်နေပြီ ဖြစ်သည်။

ချီသန့်စင် ကျင့်ကြံသူများထဲတွင် သူသည်လည်း အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်၏။ ယောက်ျားဟူသည် သွေးစွန်းသည့် ဒဏ်ရာကို တစ်ကြိမ်တစ်ခါတော့ ရင်ဆိုင်ရမည်သာ ဖြစ်သည်။ ယနေ့တွင် သူသည် လော့ထျန်းအဖွဲ့အတွင်း မိမိ ဆရာမှလွဲ၍ အားအကောင်းဆုံးဖြစ်သည့် အကြီးအကဲ ဝမ်ယွမ်နှင့်အတူ စစ်ချီခွင့်ရရှိသဖြင့် စဉ်းစားကြည့်ရုံမျှဖြင့်ပင် အလွန်တရာ စိတ်ကျေနပ်စရာ ကောင်းလှပေသည်။

တောင်တန်းများကို ချေမှုန်းပြီး ဂိုဏ်းကို ဖျက်ဆီးမည်။ ထိုသူတို့၏ အမွေအနှစ်ကို ဖျက်ဆီးပြီး ရတနာများကို သိမ်းပိုက်မည်။

စဉ်းစားကြည့်ရုံမျှဖြင့် အလွန်တရာ စိတ်လှုပ်ရှားရပေသည်။ သေချာသည်မှာ သူသည် ဆရာဖြစ်သူက သူ့အား အဘယ်ကြောင့် ဝမ်ယွမ်နှင့်အတူ လွှတ်လိုက်ကြောင်းကိုလည်း အကြမ်းဖျင်း နားလည်ပေသည်။

ဆရာနှင့် အကြီးအကဲ ဝမ်ယွမ်တို့၏ ဆက်ဆံရေးသည် အရင်းနှီးဆုံးဖြစ်ရာ ထိုသူ့နောက်သို့ လိုက်ပါသွားပါက ဆန့်ကျင်ဖက် အနေဖြင့် မိမိအား အထူး ဂရုစိုက်ပေးမည်မှာ အသေအချာပင်။

ထို့အပြင် သူသည် ထက်မြက်လှသည့် ဆေးလုံးဖော်စပ်ခြင်း ပညာရပ် ရှိနေပြီး တန်ယွမ်ဂိုဏ်းသည်လည်း ဆေးလုံးဖော်စပ်ခြင်း ပညာရပ်ကို အဓိက အမွေဆက်ခံထားသည့် ဂိုဏ်းငယ်လေးတစ်ခု ဖြစ်သည်။ ဤတစ်ခေါက် သွားရောက်ခြင်း၌ သက်ဆိုင်ရာ ကျင့်ကြံခြင်း အရင်းအမြစ်များကို သေသေချာချာ သိမ်းပိုက်ရပေမည်။

‘ခဏနေရင် အစ်ကိုကြီး ထန်ချွမ် နဲ့ မာရှို့ဖူ ကိုပါ တစ်ခါတည်း ခေါ်သွားရမယ်၊ အစ်ကိုကြီးထန်က အတွေ့အကြုံ ကြွယ်ဝတယ်၊ မာရှို့ဖူကလည်း ဆေးဘက်ဝင် အပင်တွေကို ခွဲခြားရာမှာ ဆေးဝါးခန်းမဆောင်က ကျင့်ကြံသူတွေထက် မနိမ့်ဘူး၊ ဒီလိုဆိုရင် ငါတို့ ဆေးဖော်ခန်းမဆောင်ရဲ့အကျိုးအမြတ်က ဆေးဝါးအဆောင်ထက် ဘယ်တော့မှ နည်းမှာ မဟုတ်ဘူး’

သူ ဤမျှ စိတ်လှုပ်ရှား ရင်ခုန်စွာဖြင့် တိတ်တဆိတ် အကြံအစည်များ ရှိနေသကဲ့သို့ ဆေးဝါးခန်းမဆောင်ဖက်မှ ဘီယန်ကျန်းသည်လည်း ဤသို့ပင် ဖြစ်သည်။

ယွမ်တုန်းရှန်းသည် လီမျိုးနွယ်စုထံတွင် တည်ရှိနေဆဲ ဖြစ်ပြီး ပြန်မလာသေးသဖြင့် သူသည် ဆေးဝါးခန်းမဆောင်၏ ချီသန့်စင်အဆင့်အလယ်ပိုင်း ကျင့်ကြံသူများအပြင် တာဝန်ခံ ဖုန်းရှ ကိုပါ တစ်ခါတည်း ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။ သူမသည် ဆေးဘက်ဝင် အပင်များကို အလွန်တရာ ကျွမ်းကျင်လှပြီး လက်နက်ခန်းမခေါင်းဆောင် တွမ်ဖုန်း၏ ကြင်သူသက်ထားလည်း ဖြစ်ရာ ဤဆက်နွှယ်မှု ရှိနေသဖြင့် အန္တရာယ်နှင့် ကြုံတွေ့ရပါက အကြီးအကဲ ဝမ်ယွမ်လည်း လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

သူတို့ အသီးသီး အကြံအစည်များ ရှိနေကြစဉ် လော့ချန်ကမူ ဆက်လက်၍ အမိန့်များ ထုတ်ပြန်နေဆဲ ဖြစ်၏။

“စီမာရှန့် ဘယ်မှာလဲ”

“ရှိပါတယ်”

မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ စီမာရှန့်သည် လူအများကြားမှ ရှေ့သို့ ပြေးထွက်လာသည်။

လော့ချန်က သူ့အား ကြည့်ရင်း လေးနက်စွာဖြင့်

“ငါ မင်းကို တိုက်ခိုက်ရေးခန်းမဆောင်ရဲ့ လူအင်အားအားလုံးကို ခေါ်ဆောင်သွားပြီး ယွီကျန်း ကျောင်းတော်နဲ့ ထျန်းယင်းတောင်ထွတ်ကို တိုက်ခိုက်ချေမှုန်းဖို့ ခွင့်ပြုတယ်၊ မင်း လုပ်နိုင်လား”

စီမာရှန့်၏ မျက်နှာတွင် ခက်ခဲခက်ခဲ ဖြစ်သွားသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ခန်းမဆောင်တစ်ခုတည်း၏ အင်အားဖြင့် ပျံသန်းနိုင်သော သားရဲတိရစ္ဆာန်များကို မွေးမြူရာတွင် ကျွမ်းကျင်လှသည့် ထျန်းယင်းတောင်ထွတ်မှ ယင်းမျိုးနွယ်စုနှင့် အမွေအနှစ်များ ရှိနေသည့် ကျောင်းတော်တစ်ခုကို သွားရောက် တိုက်ခိုက်ရမည် ဆိုပါလား။

သူ့အတွက်မူ ၎င်းသည် အသက်ရှင်ရန် အခွင့်အရေး အလွန်နည်းပါးလှသည့် ကိစ္စရပ်တစ်ခု ဖြစ်၏။ သို့သော်လည်း လူတိုင်း၏ စောင့်ကြည့်နေသော မျက်ဝန်းများနှင့် အဖွဲ့ချုပ်ခေါင်းဆောင်၏ မျှော်လင့်ချက်အပြည့် ရှိနေသည့် အကြည့်များအောက်တွင် သူသည် ဘယ်သောအခါမျှ စိတ်ဓာတ်ကျဆင်းမှုကို မပြသရဲချေ။

ဤသည်မှာ မိမိ၏ ဂုဏ်သိက္ခာအတွက်သာ မကဘဲ ညီမငယ် စီမာဟွေ့နန် အတွက်လည်း ဖြစ်သည်။

လော့ထျန်းအဖွဲ့၏ စီမံခန့်ခွဲရေးမှူး အနေဖြင့် အဖွဲ့အတွင်း အသက်ဘေးအန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် ဆန့်ကျင်ဖက် အနေဖြင့် သူမ ရှိမနေခဲ့ချေ။ သူမတွင် အခြေတည်အဆင့်သို့ တက်လှမ်းရန် ကျင့်ကြံနေသည့် အကြောင်းပြချက် ရှိနေသော်လည်း အခြေအနေများက သူတစ်ပါး ပြောစရာ ဖြစ်နေစေသည်။ မိမိကဲ့သို့ အစ်ကိုကြီး အနေဖြင့် မလွဲမသွေ ရှေ့သို့ ထွက်လာရပေမည်။

လော့ချန်၏ မျှော်လင့်ချက်ကြီးမားလှသော အကြည့်များအောက်တွင် သူ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ဆိုသည်။

“အသက်နဲ့လဲပြီး အမိန့်ကို နာခံပါ့မယ်”

“ကောင်းတယ်၊ သိပ်ကောင်းတယ်”

လော့ချန် နှစ်ကြိမ်တိုင်တိုင် ချီးမွမ်းစကားဆိုလိုက်ပြီး မျက်ဝန်းများအတွင်း၌ လေးစားအသိအမှတ်ပြုမှုများ ထင်ဟပ်လာသည်။ သူတင်မကဘဲ ခန်းမဆောင်အတွင်း ကျန်ရှိသည့် အဆင့်မြင့် ကျင့်ကြံသူများလည်း သူ့အား တစ်ချက် ပြန်လည် အကဲခတ်လိုက်ကြ၏။

ဤမျှ ခက်ခဲလှသည့် တာဝန်ကို အခြားသူတစ်ဦးသာဆိုပါက ဤသို့ ရဲရဲဝံ့ဝံ့ လက်ခံရဲမည် မဟုတ်ချေ။ သို့သော်လည်း အဖွဲ့ခေါင်းဆောင်သည် အဘယ်ကြောင့် ဤမျှ ခက်ခဲလှသည့် တာဝန်ကို စီမာရှန့် တစ်ဦးတည်းထံ အပ်နှံလိုက်ရသနည်း။ စီမာဟွေ့နန် မရှိခြင်းကြောင့် အဖွဲ့အတွင်း စိတ်ဝမ်းကွဲပြားမှုများ ရှိနေသည်ကို ပြန်လည် တည်ငြိမ်စေရန်အတွက် သူမ၏ အစ်ကိုကြီး စီမာရှန့်ကို အသုံးချ၍ မကျေနပ်မှုများကို ဖြေဖျောက်ရန် ကြိုးပမ်းခြင်းလော။

လူတိုင်း၏ ဇဝေဇဝါ ဖြစ်နေသည့် အကြည့်များကြားတွင် လော့ချန်သည် သူတို့၏ အတွေးအမြင်များကို မသိမမြင်သကဲ့သို့ တိုက်ရိုက်ပင် စကားဆိုလာ၏။

“စိတ်ချပါ၊ မင်းကို သေတွင်းထဲ လွှတ်လိုက်တာ မဟုတ်ပါဘူး”

ဖြောင်း…. ဖြောင်း….

သူ လက်ခုပ် တီးလိုက်သည်နှင့် ခန်းမဆောင် အပြင်ဖက်မှ လူရိပ်တစ်ခု ဝင်ရောက်လာသည်။

“အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်တော် ရောက်လာပါပြီ”

ထိုအသံနှင့်အတူ လူတိုင်း၏ မျက်စိရှေ့သို့ လူတစ်ယောက် ရောက်ရှိလာ၏။

မုရုံချင်းလျန်က အံ့အားသင့်စွာဖြင့်

“အစ်ကိုကြီး ကျူံးဟန့်.... ရှင့် ဒဏ်ရာက....”

ရှင်းကျုံးဟန့်က လက်ကို ခါယမ်းပြလိုက်ပြီး မျက်ဝန်းများအတွင်း၌ စိတ်မရှည်နိုင်တော့သည့် အရိပ်အယောင်များ ပေါ်ပေါက်လာကာ

“ဒဏ်ရာက ပြင်းထန်ပေမဲ့လည်း ယင်းမျိုးနွယ်စုကို ချေမှုန်းမယ့် ငါ့ရဲ့ စိတ်ဆန္ဒကိုတော့ တားဆီးနိုင်မှာ မဟုတ်ဘူး”

လော့ချန်က ခေါင်းညိတ်ပြလိုက်ပြီး ဝမ်းသာအားရ ဖြစ်နေသည့် စီမာရှန့်ကို ကြည့်ကာ ဆိုသည်။

“မင်း စိတ်အေးအေးထားပြီး သွားစမ်းပါ၊ အစ်ကိုကြီးရှင်းလည်း မင်းနဲ့အတူ ပါမှာပဲလေ”

“အဖွဲ့ချုပ်ခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်၊ အစ်ကိုကြီးရှင်းကိုလည်း ကျေးဇူးတင်ပါတယ်”

စီမာရှန့် ဝမ်းသာအားရ အော်ဟစ်လိုက်မိသည်။ ဒဏ်ရာပြင်းထန်နေသည့် အခြေတည်အဆင့် ကျင့်ကြံသူ ဖြစ်ပါစေဦး၊ ထိုသူသည် အခြေတည်အဆင့် ကျင့်ကြံသူ ဖြစ်နေဆဲပင်။ ထိုသို့သော တည်ရှိမှုမျိုးက ရန်သူများ၏ စိတ်ဓာတ်ကို လုံးဝဥဿုံ ရိုက်ချိုးပစ်နိုင်မည် ဖြစ်သလို ခေါင်းဆောင်မဲ့ ဖြစ်နေခဲ့သော ရန်သူများအား မလွဲမသွေ တုန်လှုပ်ခြောက်ခြားသွားစေမည် ဖြစ်သည်။

ထို့အပြင် မိမိ၏ တိုက်ခိုက်ရေးခန်းမဆောင်မှ ကျင့်ကြံသူများသည်လည်း အလကားလူများ မဟုတ်ကြပေ။

စစ်သည်များကို နှစ်ပေါင်းများစွာ လက်ရည်သွေးထားခဲ့ခြင်း ဖြစ်ရာ တစ်ခဏမျှ အသုံးချရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။ ထျန်းလန် နတ်ဘုရားမြို့တော်မှ လူများကို လော့ထျန်းအဖွဲ့ တိုက်ခိုက်ရေးခန်းမဆောင်သည် သွေးနှင့် မီးတောက်များကြားမှ ထွက်ပေါ်လာသည့် တည်ရှိမှုများ ဖြစ်ကြောင်း သိရှိစေရပေမည်။

လော့ချန်၏ အကြည့်များ တစ်ချက် ဝေ့ဝဲသွားပြီး စိတ်အားထက်သန်နေသည့် တွမ်ဖုန်းထံသို့ ကျရောက်သွား၏။

သို့သော်လည်း သူ ခေါင်းယမ်းလိုက်သည်။ ထိုသူ၏ အခြေအနေသည် သိပ်မကောင်းသေးဘဲ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များ ခေါင်းပါးနေသဖြင့် ပြန်လည် နာလန်ထူရန်အတွက် အနည်းဆုံး ရက်အနည်းငယ်ခန့် လိုအပ်ဦးမည် ဖြစ်သည်။

နောက်ဆုံးတွင် သူ၏ အကြည့်သည် မင်လုံယွီထံသို့ ကျရောက်သွား၏။

“ငါ ပြစ်ဒဏ်စီရင်ရေးခန်းမဆောင်နဲ့ လက်နက်ခန်းမဆောင်က ကျင့်ကြံသူတွေကို မင်းဆီ လွှဲအပ်ပေးမယ်၊ ကန်းမျိုးနွယ်စုဆီ တစ်ခေါက် သွားလိုက်ရင် ဘယ်လိုလဲ”

မင်လုံယွီက သဘောကျစွာ ပြုံးလိုက်ရင်း

“မလိုပါဘူး၊ ကျွန်တော် တစ်ယောက်တည်းတင် လုံလောက်ပါတယ်”

သူသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိနေပြီး လော့ချန်လည်း ထိုအချက်ကို အလွန် သဘောကျသော်လည်း အချို့သော ကိစ္စရပ်များကိုမူ သတိပေးရန် လိုအပ်ပေသည်။

“လူသတ်ပွဲကြီး ဖြစ်သွားအောင် မလုပ်ရဘူး”

မင်လုံယွီက မျက်ခုံးပင့်လိုက်သော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်၏။

ထိုအချိန်တွင် တစ်စုံတစ်ဦးက မိမိသဘောအလျောက် ရှေ့ထွက်လာသည်။

“အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်တော်တို့ အပြင်စည်းအဖွဲ့က ရာဂဏန်းမကတဲ့ ကျင့်ကြံသူတွေလည်း စစ်ကူပေးနိုင်ပါတယ်”

ထိုသူကား ရွှီရှောင်လျို ဖြစ်၏။ သူသည် စုရှောင်လင်းကဲ့သို့ပင် အပြင်စည်းအဖွဲ့၏ စီမံခန့်ခွဲသူကြီး နှစ်ဦးအနက် တစ်ဦးအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။ ယခုအချိန်တွင် အပြင်စည်းအဖွဲ့၌ ခန်းမခေါင်းဆောင်ကဲ့သို့သော အမြင့်ဆုံးရာထူးကြီး မသတ်မှတ်ရသေးပေ။

ထို့ကြောင့် သူသည် အမှန်တကယ် အာဏာရှိသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။

သူ့အား ကြည့်ရင်း လော့ချန် ပြုံးလိုက်ကာ

“မင်းတို့ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး၊ အပြင်စည်းအဖွဲ့မှာ အခု လူပေါင်း ၁၃၇ ယောက် ရှိတယ်၊ မင်းနဲ့ စုရှောင်လင်းက လူပေါင်း ငါးဆယ်စီ ထုတ်ပြီး အကြီးအကဲ ဝမ်ယွမ်နှင့် ခန်းမခေါင်းဆောင် စီမာတို့ နောက်ကို လိုက်ပါသွားပါ၊ သူတို့ရဲ့ အမိန့်ကို နာခံရမယ်၊ ဘယ်နှယ့်လဲ”

ရွှီရှောင်လျိုနှင့် စုရှောင်လင်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်ကြသည်။

လော့ချန် ဆက်လက်၍ အမိန့်များ ထုတ်ပြန်နေ၏။

မုရုံချင်းလျန်နှင့် ကူချိုင်ယီတို့ကို စေလွှတ်လိုက်ပြီး ကုသိုလ်ခန်းမဆောင်နှင့် ရွှေခန်းမဆောင်မှ ကျင့်ကြံသူများကို အသီးသီး ဦးဆောင်စေကာ နောက်တန်း ထောက်ပံ့ရေး အနေဖြင့် အဆင့်လတ် လှေပျံများကို မောင်းနှင်၍ နေရာအသီးသီးမှ ရတနာပစ္စည်းများနှင့် ဒဏ်ရာရရှိသူများကို သယ်ယူပို့ဆောင်ရန် တာဝန်ပေးလိုက်သည်။ ထို့အပြင် ကျိုးယွမ်လီကို ပြစ်ဒဏ်စီရင်ရေးခန်းမဆောင်နှင့် လက်နက်ခန်းမဆောင်မှ ကျင့်ကြံသူများကို ဦးဆောင်စေကာ သတ်မှတ်အခြေစိုက်စခန်းတွင် တည်ရှိနေစေပြီး နေရာအသီးသီးကို စစ်ကူပေးရန် စီစဉ်လိုက်၏။

ဤအချိန်တွင် လော့ချန်သည် စစ်ပွဲတစ်ပွဲ၏ ကြိုတင်ပြင်ဆင်မှုများအား ပြီးဆုံးအောင် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

“ငါ မင်းတို့ကို သုံးရက်အတွင်းမှာ ပစ်မှတ်တွေကို တိုက်ခိုက်သိမ်းပိုက်ဖို့ အမိန့်ပေးတယ်”

“မင်းတို့ လုပ်နိုင်မလား”

မည်သည့် တွန့်ဆုတ်မှုမျှ မရှိချေ။

လော့ထျန်းခန်းမဆောင်အတွင်းရှိ ကျင့်ကြံသူ အယောက်ပေါင်းများစွာသည် ချက်ချင်းပင် မိုးထစ်ချုန်း အော်ဟစ်လိုက်ကြ၏။

“လုပ်နိုင်ပါတယ်”

လော့ချန်၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သည့် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

“ဒါဆိုရင်….”

“မနက်ဖြန် မိုးလင်းတာနဲ့ ချက်ချင်း ထွက်ခွာတော့”

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters