အခန်း ၄၂၀
Vol. 42 Ch. 420
အခန်း (၄၂၀) - မီးနတ်ဘုရားလော့နှင့် ဆယ်ဆ ပြန်လည်လက်စားချေခြင်း
လော့ထျန်းအဖွဲ့၏ လှုပ်ရှားမှုကား အလွန်တရာ မြန်ဆန်လှသည်။ သို့သော် သူတို့ထက် ပို၍ လက်ဦးမှုရယူသွားသော အဖွဲ့တစ်ဖွဲ့ ရှိနေသေးသည်။
ထိုအဖွဲ့ကား ချင်းဟွာမြစ် လီမျိုးနွယ်စုပင် ဖြစ်သည်။
နေခြည်လင်းသစ်၍ အာရုဏ်ဦးသို့ ရောက်ရှိလာသောအခါ ထန်ချိုးတောင်ထက်၌ သွေးအိုင်များ ကျန်ရစ်ကာ မီးခိုးမီးလျှံများ တလူလူ တောက်လောင်လျက် ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။
လီယင်ကျန်းသည် ဓားရှည်တစ်လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ချီသန့်စင်အထွတ်အထိပ် ဖိအားများကို မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ အရပ်မျက်နှာအနှံ့သို့ ထုတ်လွှတ်နေ၏။
သတင်းကြား၍ အရပ်ရပ်မှ အလုအယက် ရောက်ရှိလာကြသော ကျင့်ကြံသူများကို လှမ်းမျှော်ကြည့်ရင်း သူ အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိဘဲ ဓားရှည်ကို ဝှေ့ယမ်းကာ ရှေ့သို့ ညွှန်လိုက်သည်။
"ရန်ကြွေးရှိရင် ရန်ကြွေးဆပ်ရမယ်၊ နာကျည်းမှုရှိရင် ကလဲ့စားချေရမယ်၊ ဒီနေ့ ငါတို့ ချင်းဟွာ လီမျိုးနွယ်စုဟာ ထန်ချိုးတောင်က ဟူမျိုးနွယ်စုကို အမြစ်ပြတ် ချေမှုန်းလိုက်ပြီ"
"ဒီအချိန်ကစပြီး ငါတို့ကြားက အာဃာတတရားအားလုံး အပြီးတိုင် ချုပ်ငြိမ်းသွားပြီ"
ဘေးမှ ဝိုင်းအုံကြည့်ရှုနေသူအားလုံး ဆွံ့အမှင်သက်သွားကြရသည်။
‘အကုန်သတ်ပစ်လိုက်မှတော့ ဘယ်လိုလုပ် အာဃာတတွေ ရန်ကြွေးတွေ ကျန်တော့မှာလဲ’
သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ ထွက်၍ စောဒကမတက်ရဲကြချေ။
ချင်းဟွာမြစ် လီမျိုးနွယ်စုသည် မူလကတည်းကပင် စည်းစိမ်ချမ်းသာ ကြွယ်ဝပြီး အင်အားတောင့်တင်းလှရာ လီကျင်ဟွမ် ကွယ်လွန်သွားခဲ့လျှင်ပင် မျိုးနွယ်စုအတွင်း၌ ချီသန့်စင်အဆင့် ကျင့်ကြံသူ ရာဂဏန်းမျှ ရှိနေသေးသည်။ လီယင်ကျန်း ကိုယ်တိုင်ကလည်း ချီသန့်စင်အဆင့် အထွတ်အထိပ်၌ နှစ်ပေါင်းများစွာ ရောက်ရှိနေသူဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည် အလွန်ထက်မြက်သူ ဖြစ်၏။ ယခုအခါတွင်မူ ဒန်ရှားတောင်၏ လော့ထျန်းအဖွဲ့နှင့်ပါ လက်တွဲထားနိုင်ခဲ့ပြီ မဟုတ်ပါလော။
ထိုမျှသာမက ခိုင်လုံသောအကြောင်းပြချက်ဖြင့် လာရောက် တိုက်ခိုက်ခြင်းဖြစ်ရာ အကြောင်းမဲ့ သတ်ဖြတ်ခြင်းဟု မဆိုနိုင်ချေ။ မည်သူက ဝင်ရောက် စွက်ဖက်ချင်ပါမည်နည်း။ ထို့ကြောင့် မည်သူမျှ ဝင်ရောက် စကားမများဝံ့၊ လက်မပါဝံ့ကြချေ။
လူအများ တိတ်ဆိတ်ငြိမ်သက်နေစဉ်မှာပင် နောက်ဘက်ဆီမှ ရုတ်တရက် အော်ဟစ်သံကြီးတစ်သံ ပျံ့လွင့်လာသည်။
"လော့ထျန်းအဖွဲ့က တန်ပြန်စစ်ဆင်ရေး စတင်လိုက်ပြီဟေ့…."
"ဘာ…."
လူအများ အံ့အားသင့်သွားကြပြီး ချက်ချင်းပင် တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးက အလောတကြီး မေးမြန်းလိုက်သည်။
"ဘာတန်ပြန်စစ်ဆင်ရေးလဲ၊ ဘယ်သူ့ကို သွားတိုက်တာလဲ၊ ဘယ်သူ လက်ဦးမှုရယူလိုက်တာလဲ"
သတင်းလာပို့သော ထိုချီသန့်စင်အဆင့် တစ်ကိုယ်တော် ကျင့်ကြံသူသည် အမောပင် မဖြေနိုင်သေးဘဲ အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ပြောဆိုလေသည်။
"မနေ့က လော့ထျန်းအဖွဲ့ကို ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ အခြေတည်အဆင့် ကျင့်ကြံသူကြီးတွေရဲ့ ဂိုဏ်းအင်အားစုတွေကို ပြန်ပြီး အမြစ်ဖြတ်တာပေါ့ဗျာ"
"ဒီနေ့ မနက်အစောကြီးကတည်းက ဒန်ရှားတောင်ထွတ်မှာ ကျင့်ကြံသူတွေ အများကြီး စုရုံးလှုပ်ရှားနေကြပြီး အာရုဏ်တက်တာနဲ့ လူအင်အား နှစ်ရာကျော် ထွက်ခွာသွားကြတယ်၊ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး တန်ယွမ်ဂိုဏ်းနဲ့ ထျန်းယင်းတောင်ထွတ်ဆီကို ဦးတည်သွားကြတာ"
"ဘယ်သူ စစ်ကြောင်းကို ဦးဆောင်သွားလဲဆိုတာတော့ ကျွန်တော် အသေအချာမသိဘူး၊ ဒါပေမဲ့ လော့ထျန်းအဖွဲ့ရဲ့ အခြေတည်အဆင့် အကြီးတန်းတွေတော့ သေချာပေါက် ပါသွားလိမ့်မယ်"
ရှည်လျားလှသော စကားစုများကို တစ်ဆက်တည်း ပြောကြားပြီးနောက် သူသည် အသက်ကို အဝရှူကာ အမောဖြေနေတော့သည်။
သူ၏ ဘေးပတ်ဝန်းကျင်တွင် ရှိနေကြသော လူအုပ်ကြီးမှာမူ မယုံကြည်နိုင်မှုများနှင့်အတူ တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်စွာ စိုက်ကြည့်လိုက်မိကြတော့သည်။
"မီးနတ်ဘုရားလော့က အဲ့ဒီ အခြေတည် ကျင့်ကြံသူကြီးတွေကို သတ်လိုက်တာနဲ့ မကျေနပ်သေးဘဲ သူတို့ ဂိုဏ်းတွေကိုပါ အမြစ်ပါမကျန် သုတ်သင်ချင်နေတာလား"
"ဘာမီးနတ်ဘုရားလဲဗျာ၊ အကြီးအကဲလော့ချန်ကို ချင်းဟွာဆရာတော် ဆိုတဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ ဘွဲ့နာမနဲ့ပဲ ခေါ်သင့်တာပေါ့"
"အဓိကအချက်က အဲဒါမဟုတ်ဘူး" ဟု တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးက မျက်စောင်းထိုးရင်း ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်သည်။
"မီးနတ်ဘုရားလော့ ဒီလိုလုပ်နေတာ…. ထျန်းလန် နတ်ဘုရားမြို့တော်ရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အပြစ်ပေးမှာကို မကြောက်ဘူးလား မသိဘူး"
"ချင်းဟွာဆရာတော်ပါဆို"
ဘေးနားမှ တစ်ဦးက ဝင်ရောက်ရှင်းပြသည်။
"အခု ထျန်းလန် နတ်ဘုရားမြို့တော်က အရှင်သခင်အသစ် ပြောင်းလဲသွားပြီမို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကလည်း ဘာမှ မတတ်နိုင်တော့ဘူး၊ အဲဒါအပြင် အခုက မြို့တော်ထဲမှာ ဆူပူသောင်းကျန်းနေတာမှ မဟုတ်တာ၊ မီးနတ်ဘုရားလော့က မျက်လုံးထဲမှာ သဲတစ်ပွင့်တောင် အဝင်မခံတဲ့သူမို့လို့ တစ်ယောက်ယောက် သူ့ကို လာစော်ကားရင် ဆယ်ဆ၊ အဆတစ်ရာ ပြန်ပြီး လက်စားချေတတ်တဲ့ သဘောပဲလေ…."
"ချင်းဟွာဆရာတော်ပါဆိုနေ"
"မင်းပါးစပ်ပိတ်ထားစမ်း…. ဂိုဏ်းအင်အားစုနဲ့ အခြေစိုက်စခန်း အခိုင်အမာ ရှိနေတဲ့သူကို ဘယ်လိုလုပ်ပြီး ဆရာတော်လို့ ခေါ်လို့ရမှာလဲ" ဟု အစောပိုင်းက စကားပြောခဲ့သော ချီသန့်စင်အဆင့်မြင့် ကျင့်ကြံသူက ဒေါသတကြီး အော်ဟစ်လိုက်ရာ တစ်ဖက်လူမှာ ကျင့်ကြံအဆင့်နိမ့်လွန်းသဖြင့် ခေါင်းငုံ့သွားရသည်။
ထိုကျင့်ကြံသူ၏ မျက်လုံးများထဲတွင် အရောင်အဝါများ တောက်ပလာလျက် "အဖွဲ့အစည်းတစ်ခုတည်းရဲ့ အင်အားနဲ့ ဂိုဏ်းအင်အားစုကြီး နှစ်ခုကို တစ်ပြိုင်နက်တည်း သွားတိုက်တယ်ဆိုတာ တကယ့်ကို ပွဲကြီးပွဲကောင်းပေါ့၊ သွားကြည့်ရမှ ဖြစ်မယ်"
"တန်ယွမ်ဂိုဏ်းက ဒီနေရာနဲ့ သိပ်မဝေးဘူး၊ မိုင်အနည်းငယ်ပဲ ဝေးတာဆိုတော့ ခဏလေးနဲ့ ရောက်နိုင်တယ်၊ အဲဒီနေရာကို အရင်သွားကြစို့"
"အတူသွားမယ်၊ အတူသွားကြမယ်"
ထန်ချိုးတောင် အနီးအနားရှိ တစ်ကိုယ်တော် ကျင့်ကြံသူများသည် အနည်းငယ်မျှ တွန့်ဆုတ်မနေတော့ဘဲ ချက်ချင်းပင် အနီးဆုံးဖြစ်သော တန်ယွမ်ဂိုဏ်းဆီသို့ ဦးတည်၍ အပြေးအလွှား သွားကြတော့သည်။
....
ထန်ချိုးတောင်ထက်၌ လီယင်းကျွင်းသည် ဓားရှည်ကို ဆွဲကိုင်လျက် သူမ၏ အစ်ကိုကြီးဖြစ်သူ အနားသို့ လျှောက်လှမ်းလာခဲ့သည်။
"အစ်ကိုကြီး ညီမလေးတို့ လော့ထျန်းအဖွဲ့ကို သွားကူညီပေးရဦးမလား"
လီယင်ကျန်းက တည်ငြိမ်သော အမူအရာဖြင့် ခေါင်းခါယမ်းလိုက်သည်။
"မလိုဘူး"
"ဒါပေမဲ့ အကြီးအကဲလော့က ညီမလေးတို့ကို အများကြီး ကူညီပေးခဲ့တာလေ"
လီယင်ကျန်းက အေးဆေးတည်ငြိမ်စွာ ဆိုသည်။
"အစ်ကိုတို့သွားရင် အနှောင့်အယှက်ပဲ ဖြစ်လိမ့်မယ်၊ အစ်ကိုကြီးလော့မှာ သူ့အစီအစဉ်နဲ့သူ ရှိပြီးသားဖြစ်မှာပဲ၊ ပြီးတော့ စစ်ကူ လိုအပ်လာရင် သူ အစ်ကို့ကို သေချာပေါက် အကြောင်းကြားလိမ့်မယ်၊ အဲဒီအချိန်ကျရင် အစ်ကိုလည်း တစ်ချက်တောင် တွန့်ဆုတ်နေမှာ မဟုတ်ဘူး"
ထိုသို့ပြောပြီးနောက် သူ၏ အကြည့်များမှာ အဝေးတစ်နေရာတွင် တပ်ဖွဲ့ကို ဦးစီးညွှန်ကြားကာ ဟူမျိုးနွယ်စု၏ အမွေအနှစ်များကို သိမ်းဆည်းနေသော ယွမ်တုန်းရှန်းဆီသို့ ကျရောက်သွားသည်။
"ညီမလေး၊ ခဏနေရင် အစ်ကိုတို့ သိမ်းဆည်းရမိတဲ့ ရတနာပစ္စည်းတွေရဲ့ ခုနစ်ပုံသုံးပုံနဲ့ ဆေးဖော်ကျမ်းတွေ အားလုံးကို မင်းခင်ပွန်းကို ပေးလိုက်ပါ၊ သူ့ကို အဲဒါတွေ ယူသွားခိုင်းပြီး အစ်ကိုကြီးလော့ဆီ ပေးခိုင်းလိုက်"
လီယင်းကျွင်းက အံ့အားသင့်စွာဖြင့်
"ခုနစ်ပုံသုံးပုံတောင်လား၊ အဲဒီလောက်အများကြီးလား"
"နည်းတောင်နည်းသေးတယ်လို့ ညီမလေး ထင်သင့်တာ" ဟု လီယင်ကျန်းက အေးစက်စွာ ပြောလိုက်၏။
လီယင်းကျွင်း တစ်ခဏမျှ မှင်သက်သွားပြီးမှ ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ သူမသည် ယခုအခါ ယွမ်တုန်းရှန်းနှင့် လက်ထပ်ထားပြီး ဖြစ်သဖြင့် သေချာပေါက် လော့ထျန်းအဖွဲ့၏ ဘက်တော်သား ဖြစ်နေပြီ ဖြစ်သည်။ မည်သည့်အရာကိုမဆို လုပ်ဆောင်ရာတွင်လည်းကောင်း၊ စကားပြောဆိုရာတွင်လည်းကောင်း လော့ထျန်းအဖွဲ့၏ အကျိုးစီးပွားကို ရှေ့တန်းတင် စဉ်းစားရမည် ဖြစ်၏။ ထို့အပြင် သူမ ယူဆောင်သွားသော ရတနာပစ္စည်းများ များပြားလေလေ ယွမ်တုန်းရှန်း၏ လော့ထျန်းအဖွဲ့အတွင်းရှိ ရာထူးအဆင့်အတန်း ပိုမိုမြင့်မားလာလေလေ ဖြစ်ပြီး ၎င်းနှင့် ဆက်နွှယ်နေသော မိမိလီမျိုးနွယ်စုသည်လည်း လော့ထျန်းအဖွဲ့နှင့် ဆက်ဆံရေး ပိုမိုခိုင်မာလာမည် ဖြစ်သည်။
သူမ၏ အစ်ကိုကြီးသည် စကားလုံးများဖြင့် သူမကို လမ်းညွှန်ပြသနေခြင်း ဖြစ်ချေသည်။
သူမ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ခေါင်းကို အလေးအနက် ညိတ်ပြလိုက်သည်။
"အစ်ကိုကြီးရဲ့ လမ်းညွှန်မှုကို ကျေးဇူးတင်ပါတယ်၊ ညီမလေး နားလည်ပါပြီ"
လီယင်ကျန်း ပြုံးလိုက်ပြီး ပျက်စီးယိုယွင်းနေသော ထန်ချိုးတောင်ကို လှည့်လည်ကြည့်ရှုလိုက်သည်။ အတိတ်က မွှေးပျံ့လှသော စန္ဒကူးနံ့သာတောအုပ်ကြီးများဖြင့် ပြည့်နှက်နေခဲ့သော ဤနေရာသည် ယခုအချိန်တွင်မူ ပြာများနှင့် အမှိုက်သရိုက်များသာ ကျန်ရှိနေခဲ့တော့သည်။
ဂိုဏ်းတစ်ခုထဲမှ အခြေတည်အဆင့် သုံးဦးထွက်ပေါ်ခြင်းဟူသည် အတိတ်ကာလက အလွန်တရာ အင်အားကြီးမားလှသည်ဟု ထင်မှတ်ခဲ့ရသော်လည်း အဆုံးသတ်တွင်မူ တောက်လောင်နေသော မီးပုံထဲသို့ ဆီလောင်းလိုက်သကဲ့သို့ ခဏတာမျှသာ တောက်ပဆန်းသစ်ခဲ့သည့် ပျက်ပြယ်လွယ်သော အတုအယောင် ပုံရိပ်မျှသာ ဖြစ်ချေသည်။
ဆန့်ကျင်ဘက်အနေဖြင့် လော့ထျန်းအဖွဲ့ကဲ့သို့ ဖြစ်တည်ခြင်းမျိုးကသာ လမ်းမှန် ဖြစ်ပေသည်။ အတွင်းပိုင်း၌ အစွမ်းထက်သော ပါရမီရှင်များ အစဉ်မပြတ် ထွက်ပေါ်နေပြီး ပြင်ပ၌လည်း စီးပွားရေးလုပ်ငန်းများ တနေ့တခြား စည်ပင်ဝပြောလာသည်။ အကယ်၍ ယခုတစ်ကြိမ်တွင် လော့ထျန်းအဖွဲ့၏ စစ်ချီမှု အောင်မြင်ပြီး ထိုရန်သူများ ချန်ရစ်ခဲ့သော ဂိုဏ်းအင်အားစုများ၏ ရတနာများကို သိမ်းပိုက်ရယူကာ အသုံးချနိုင်ခဲ့လျှင် အဖွဲ့၏အင်အားသည် နောက်ထပ်တစ်ကြိမ် အဆမတန် မြင့်တက်လာပေလိမ့်မည်။
"ငါတို့ လီမျိုးနွယ်စုအနေနဲ့ ဒီခြေထောက်ကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရမယ်"
....
‘ယွမ်ဟယ်တောင်’
ထိုတောင်သည် အလွန်အမင်း မြင့်မားလှသည်မဟုတ်ဘဲ ပေသုံးထောင်ခန့်သာ ရှိရာ ဒန်ရှားတောင်နှင့်မူ ယှဉ်နိုင်စရာ မရှိချေ။ သို့သော် ထိုနေရာ၌ တန်ယွမ်ဂိုဏ်း အခြေစိုက်စခန်း တည်ရှိနေသောကြောင့် ထိုတောင်သည် အနည်းနှင့်အများဆိုသလို နာမည်ကျော်ကြားမှု ရှိနေသည်။
နှစ်ပေါင်းများစွာအတွင်း ထိုနေရာသို့ လာရောက်လည်ပတ်ကြသော ကျင့်ကြံသူ အရေအတွက်ကား မရေမတွက်နိုင်ချေ။ ဂိုဏ်းချုပ် တန်ယွမ်ဇီသည် မိတ်ဆွေအပေါင်းအသင်း များပြားလှပြီး အခြေတည်အဆင့် အကြီးအကဲများစွာနှင့်လည်း အမြဲမပြတ် ကူးလူးဆက်ဆံမှု ရှိခဲ့သည်။
မနေ့က တန်ယွမ်ဇီသည် လီကျင်ဟွမ်၏ လက်ချက်ဖြင့် ချင်းဟွာမြစ်အတွင်း၌ ကျဆုံးသွားခဲ့သည့် အချိန်မှစ၍ တန်ယွမ်ဂိုဏ်းအတွင်း၌ လူအများ စိတ်နှလုံး တုန်လှုပ်ချောက်ချားနေကြရသည်။ သို့သော် မည်သို့ပင်ဆိုစေကာမူ နှစ်ပေါင်းနှစ်ရာကျော် သက်တမ်းရှိသော ဂိုဏ်းငယ်လေးတစ်ခု ဖြစ်သဖြင့် အတွင်းပိုင်း၌ တည်ငြိမ်ရင့်ကျက်သော အကြီးအကဲအချို့ ကျန်ရှိနေသေးသည်။
ထို့ကြောင့် ယနေ့ မနက်အစောပိုင်းတွင် တန်ယွမ်ဇီ သက်ရှိထင်ရှားရှိစဉ်က ရင်းနှီးသော မိတ်ဆွေဖြစ်ခဲ့ဖူးသည့် အခြေတည်အဆင့် အကြီးအကဲတစ်ဦးကို ပင့်ဖိတ်ထားနိုင်ခဲ့သည်။
"အစ်ကိုကြီးရှန်း၊ အခုတစ်ခေါက် အစ်ကိုကြီးကိုပဲ အားကိုးရပါတော့မယ်"
စကားပြောနေသူကား တန်ယွမ်ဂိုဏ်း၏ သိုင်းဆရာကြီးဖြစ်ပြီး အသက်ရာကျော်ရှိကာ ကျင့်ကြံခြင်းအဆင့် နက်ရှိုင်းလှ၍ ချီသန့်စင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။ သို့သော် အသက်အရွယ် ကြီးရင့်လွန်းသဖြင့် ခန္ဓာကိုယ်တွင်းရှိ သွေးစွမ်းအင်များမှာ မူလကတည်းကပင် ဆုတ်ယုတ်နေပြီ ဖြစ်၏။ အကယ်၍ အခြေတည်အဆင့်သို့ အတင်းအကျပ် အဆင့်တက်ရန် ကြိုးစားပါက အဆင့်တက်သည့် ဖြစ်စဉ်အတွင်း၌ပင် ခန္ဓာကိုယ် ပေါက်ကွဲ၍ ဝိညာဉ်ချုပ်ငြိမ်းသွားနိုင်ခြေ အလွန်များလှသဖြင့် နှစ်ပေါင်းများစွာအတွင်း ရှေ့သို့မတိုးဝံ့ဘဲ ထိုနေရာ၌ပင် ပိတ်မိနေခဲ့ရသည်။ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ တပည့်ကောင်း အမြောက်အမြားကို ပြုစုပျိုးထောင်ပေးပြီး မိမိကို မွေးဖွားစောင့်ရှောက်ခဲ့သော ဤတန်ယွမ်ဂိုဏ်းငယ်လေးကို ကျေးဇူးဆပ်ရန်သာ ဖြစ်၏။
ယခုအခါ တန်ယွမ်ဂိုဏ်းသည် လော့ထျန်းအဖွဲ့ကို သွားရောက် စော်ကားမိခဲ့ပြီ ဖြစ်သည်။
ဂိုဏ်း၏ မျိုးဆက်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် သူသည် ကြီးမားသော တန်ဖိုးကို ပေးဆောင်၍ အခြေတည်အဆင့် အကြီးအကဲတစ်ဦးဖြစ်သော ရှန်းကုန်းရိကို ပင့်ဖိတ်ခဲ့ခြင်း ဖြစ်ပေသည်။
ရှန်းကုန်းရိ သူ၏ မုတ်ဆိတ်မွေးကို သပ်လိုက်ရင်း ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ကိစ္စမရှိပါဘူး၊ လွယ်ပါတယ်"
"ဒီလော့ထျန်းအဖွဲ့က ထျန်းလန်ကို ရောက်ကတည်းက ဆေးလုံးဈေးကွက်ကို လုဖို့အတွက်နဲ့ လူအများကြီးကို ရန်စခဲ့ပြီးသားပဲ…. သူတို့ကိုယ်တိုင်တောင် ခြေကုပ်မမြဲဘဲ လုံခြုံမှုမရှိလှတာ... ငါတို့တန်ယွမ်ဂိုဏ်းကို ဘယ်လိုလုပ်ပြီး လာရောက် ကျူးကျော်ရဲမှာလဲ"
သိုင်းဆရာကြီးက မချိပြုံး ပြုံးလိုက်ရင်း
"ဒီလိုပဲ ဖြစ်ပါစေလို့ မျှော်လင့်ရတာပေါ့"
သူတို့နှစ်ဦး စကားပြောဆိုနေစဉ်မှာပင် တပည့်တစ်ဦးက ရုတ်တရက် အလောတကြီး ပြေးဝင်လာခဲ့သည်။
"ငါးပါးတွေမှောက်ပြီဗျို့…."
သိုင်းဆရာကြီး၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး အလောတကြီး မေးမြန်းလိုက်သည်။
"ဒီကောင် မရှင်းမရှင်းနဲ့…. ဘာဖြစ်လို့လဲ"
တပည့်ဖြစ်သူက ငိုမဲ့မဲ့မျက်နှာဖြင့်
"ဆယ်မိုင်အကွာမှာ တပ်ဖွဲ့ကြီးတစ်ခု ကျွန်တော်တို့ တန်ယွမ်ဂိုဏ်းဆီကို ပျံသန်းလာနေကြပါတယ်၊ ညီအစ်ကိုတစ်ယောက် မြင်လိုက်ရတာကတော့ ရှေ့ဆုံးက လှေပျံပေါ်မှာ လော့ထျန်းအဖွဲ့ရဲ့ အလံတော်ကို လွှင့်ထူထားတယ်လို့ ဆိုပါတယ်"
ရောက်လာချေပြီ။
သိုင်းဆရာကြီး၏ မျက်နှာတွင် သွေးဆုတ်ဖြူလျော်သွားသည်။ မသိစိတ်၏ စေခိုင်းမှုအရ သူသည် အကူအညီတောင်းခံသော အကြည့်ဖြင့် ရှန်းကုန်းရိကို လှမ်းကြည့်လိုက်၏။
"အစ်ကိုကြီး...."
"မစိုးရိမ်နဲ့"
ရှန်းကုန်းရိက လက်ကို မြှောက်လိုက်ပြီး ပြုံးရွှင်စွာ ဆိုသည်။
"စစ်ကြောင်းကို ဦးဆောင်လာသူက ဘယ်သူလဲဆိုတာ သိရသလား၊ မီးနတ်ဘုရားလော့လား"
တစ်ရက်နှင့် တစ်ညတာ အချိန်အတွင်းမှာပင် လော့ချန်၏ ဘွဲ့နာမအသစ်သည် တစ်ကိုယ်တော် ကျင့်ကြံသူ မြောက်မြားစွာ၏ ပါးစပ်ဖျားမှတစ်ဆင့် ထျန်းလန် နတ်ဘုရားမြို့တော်တစ်ခွင်သို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။
ထိုမြောက်မြားစွာသော ဘွဲ့နာမများထဲတွင် မီးနတ်ဘုရားလော့ ဟူသော နာမသည် လူအများစု၏ အသိအမှတ်ပြုမှုကို ရရှိခဲ့၏။
မှော်အတတ်ပိုင်းတွင် ထက်မြက်လှပြီး ချီစွမ်းအင် သိပ်သည်းဆမှာ အဆင့်တူ ကျင့်ကြံသူများထက်ပင် သာလွန်လှသည်။ သူ၏ လက်တစ်ဖက်မှ ထွက်ပေါ်လာသော မီးဓာတ် မှော်အတတ်များမှာ ပို၍ပင် အနှိုင်းမဲ့ စွမ်းပကားကြီးမားလှပေ၏။ ထို့အပြင် ကတိသစ္စာကို စောင့်ထိန်းပြီး တရားမျှတမှုကို မြတ်နိုးသူဖြစ်ရာ ရန်သူအပေါင်း ဝိုင်းရံနေသည့် အခြေအနေအောက်တွင်ပင် ချင်းဟွာ လီမျိုးနွယ်စုကို အတင်းအကျပ် အကာအကွယ်ပေးခဲ့သည်။
ရှေးခေတ် သူတော်စင်တို့၏ စရိုက်လက္ခဏာနှင့် အလွန်တရာ တူညီလှပေသည်။ ထို့ကြောင့် အချို့သောသူများက လေးစားသမှုကို ဖော်ပြရန်အတွက် ‘နတ်ဘုရား’ ဟူသော စကားလုံးကို ထည့်သွင်းပေးခဲ့ကြခြင်း ဖြစ်သည်။
ရှန်းကုန်းရိ၏ မေးမြန်းမှုကို ကြားရသောအခါ ထိုတပည့်မှာ ခေတ္တမျှ မှင်တက်သွားသည်။
ထို့နောက်မှ မီးနတ်ဘုရားလော့ဟူသည် လော့ချန်ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သဘောပေါက်သွားပြီး ခေါင်းကို အလျင်အမြန် ခါယမ်းကာ
"မဟုတ်ပါဘူး၊ စစ်ကြောင်းကို ဦးဆောင်လာတဲ့သူက အခြေတည်အဆင့်ရှိတဲ့ ဝမ်ယွမ် ဖြစ်ပါတယ်၊ ကြားသိရတာကတော့ သူဟာ လော့ထျန်းအဖွဲ့ရဲ့ တိုက်ခိုက်ရေးခန်းမ ခေါင်းဆောင်ဟောင်းဖြစ်ပြီး တိုက်တဲ့ခိုက်တဲ့နေရာမှာ သူမတူအောင် စွမ်းတဲ့သူလို့ ဆိုပါတယ်"
‘မီးနတ်ဘုရား မဟုတ်ရင် ပြီးရောပေါ့’ ရှန်းကုန်းရိ သက်ပြင်း အသာအယာ ချလိုက်သည်။
"ဟက်…. တိုက်ခိုက်ရေးမှာ တော်တော့ရော ဘာလုပ်လို့ရမှာလဲ"
သူ နှာခေါင်းရှုံ့လိုက်ပြီး သူ့ရှေ့မှ ပျာယာခတ်နေသည့် လူနှစ်ဦးကို ကြည့်ကာ ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
"ဒီလူ့အကြောင်းကို ငါ နည်းနည်း ကြားဖူးပါတယ်၊ အခြေတည်အဆင့်ကို ရောက်တာ နှစ်နှစ်ပဲ ရှိသေးလို့ အစွမ်းထက်တဲ့သူလို့ မဆိုနိုင်ပါဘူး"
သိုင်းဆရာကြီးက စိုးရိမ်ပူပန်စွာဖြင့်
"ဒါပေမဲ့ သူဟာ ချောင်ယွမ်ချွန်းနဲ့ လုရုန်တို့ကို ထိပ်တိုက်ရင်ဆိုင်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ကောလာဟလတွေ ရှိနေတယ်မဟုတ်လား"
"ချောင်ယွမ်ချွန်းဆိုတာ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်ပဲလေ…. ငါလည်း လွယ်လွယ်လေး သတ်နိုင်တယ်"
ရှန်းကုန်းရိက အေးစက်စွာ နှာခေါင်းရှုံ့ရင်း
"အဲဒီလုရုန်ဆိုတာကတော့ ငါတို့ကျင့်ကြံသူတွေအတွက် အရှက်ရစရာပဲ၊ လမ်းစဉ်ကို နှစ်ခု ခွကျင့်တာ သေရောပေါ့၊ သကောင့်သားက ခန္ဓာကိုယ်ကျင့်ကြံမှုအဆင့်ကိုပါ လောဘတက်ခဲ့သေးတယ်၊ နောက်ဆုံးတော့ ဘာကောင်မှန်းမသိတဲ့ အခြေအနေမျိုးကို ရောက်သွားတာဆိုတော့ အစွမ်းထက်တဲ့သူလို့ မဆိုနိုင်ပါဘူး"
သူ ထိုသို့ပြောဆိုလိုက်သဖြင့် သိုင်းဆရာကြီးမှာ စိတ်သက်သာရာရသွားကာ သက်ပြင်းချနိုင်တော့သည်။
သူ တရိုတသေဖြင့် ပြောလိုက်သည်။
"ဒီလိုဆိုရင်တော့ အစ်ကိုကြီးရှန်းအနေနဲ့ ကျွန်တော်တို့ တန်ယွမ်ဂိုဏ်းကို လာရောက် ကျူးကျော်တဲ့ ရန်သူတွေကို တားဆီးပေးဖို့ မျှော်လင့်ပါတယ်"
"ဒါကတော့ သေချာပေါက်ပေါ့…. ငါ ရှန်းကုန်းရိက တရားမျှတမှုကို အမြတ်နိုးဆုံးပဲ၊ မီးနတ်ဘုရားလော့တောင် သူ့ မိတ်ဆွေရဲ့ မျိုးနွယ်စုကို အကာအကွယ်ပေးနိုင်ရင် ငါ ရှန်းကုန်းရိကလည်း ငါ့မိတ်ဆွေ တန်ယွမ်ဇီရဲ့ ဂိုဏ်းကို အကာအကွယ်ပေးနိုင်တာပေါ့"
သူ၏ စကားလုံးများမှာ ပြတ်သားပြီး ရဲရင့်လှပေသည်။
သို့သော် သိုင်းဆရာကြီး၏ မျှော်လင့်ချက်ကြီးမားနေသော အကြည့်အောက်၌ သူ ခေါင်းကို ငုံ့လိုက်ပြီး တစ်ဖက်လူကို မပြုံးမရယ် ကြည့်လိုက်၏။
"တကယ်လို့ ငါ လာကျူးကျော်တဲ့ ရန်သူတွေကို မောင်းထုတ်ပေးနိုင်ရင် မင်းရဲ့ အစောပိုင်းက ကတိကဝတ်ကိုတော့ တည်ပလေ့စေနော်"
သိုင်းဆရာကြီး၏ မျက်နှာမှာ တည်တံ့သွားသည်။
"အစ်ကိုကြီးကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ တန်ယွမ်ဂိုဏ်းမှာ ပထမအဆင့် ဆေးဖော်ဆရာ နှစ်ဦး ရှိပါတယ်၊ အားလုံးဟာ ဂိုဏ်းချုပ်ကိုယ်တိုင် သင်ကြားပြသပေးခဲ့တာမို့ ပညာရပ် တော်တော်လေး နက်ရှိုင်းပါတယ်၊ သူတို့ ရှိနေသရွေ့ တန်ယွမ်ဂိုဏ်းဟာ အစ်ကိုကြီးရဲ့ မျိုးနွယ်စုအတွက် နှစ်ပေါင်းဆယ်နှစ်တိုင်တိုင် ဆေးလုံးတွေ အခမဲ့ ဖော်စပ်ပေးပါလိမ့်မယ်"
ရှန်းကုန်းရိက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
သူ တောင်းဆိုသည်ကား မများလှချေ။ တန်ယွမ်ဂိုဏ်း၏ ထိုဆေးဖော်ဆရာနှစ်ဦးကို အသုံးချ၍ တန်ယွမ်ဂိုဏ်း၏ အင်အားဖြင့် မိမိတို့မျိုးနွယ်စုအတွက် ဆယ်နှစ်တိုင်တိုင် အခမဲ့ ဆေးလုံးဖော်စပ်ပေးရန်သာ ဖြစ်သည်။ ဆယ်နှစ်ပြီးလျှင်မူ ထိုအချိန်ကျလျှင် တန်ယွမ်ဂိုဏ်းသည်လည်း အင်အားဆုတ်ယုတ်ပျက်စီးပြီး အလွန်အမင်း အားနည်းသွားလောက်ပြီ ဖြစ်၏ သူသည် ထိုအချိန်ကျမှ ဆေးဖော်နည်း အမွေအနှစ်ကို တရားဝင် သိမ်းပိုက်ရယူနိုင်မည် ဖြစ်သည်။
ယခုအချိန်၌မူ သူ့တွင် လူအမြောက်အမြားကို ပျိုးထောင်စောင့်ရှောက်နိုင်လောက်အောင် ကြီးမားသော လောဘ မရှိသေးချေ။
နှစ်ဦးသား စကားပြောဆိုပြီးနောက်တွင် အပြင်ဘက်မှ ဆူညံသံကြီးတစ်သံ ပျံ့လွင့်လာခဲ့သည်။
တောင်စောင့်အစီအရင်ကြီးသည် တန်ယွမ်ဂိုဏ်းသားများ၏ ထိန်းချုပ်မှုအောက်တွင် တဖြည်းဖြည်းချင်း မြင့်တက်လာနေပြီ ဖြစ်၏။
ရန်သူများ ရောက်ရှိလာခဲ့လေပြီ။
ရှန်းကုန်းရိသည် ခန်းမဆောင်အတွင်းမှ ထွက်ခွာလာခဲ့ပြီး သူ၏ အကြည့်ကို ပထမဆုံးအနေဖြင့် တောင်ပြင်ပဆီသို့ ပို့လွှတ်လိုက်သည်။ တစ်ခဏတွင်းမှာပင် သူ၏ မျက်နှာအမူအရာ ပျက်ယွင်းသွားရသည်။
"ဟင်…. လူတွေက ဘာလို့ ဒီလောက်တောင် များနေရတာလဲ"
ဘေးနားမှ တပည့်လေးက အလျင်အမြန် ရှင်းပြသည်။
"အဲဒီလောက် မများပါဘူးဗျာ၊ လော့ထျန်းအဖွဲ့ရဲ့ ရှေ့တန်းတပ်ဖွဲ့က လူတစ်ရာကျော်ပဲ ရှိတာပါ၊ ကျန်တဲ့လူတွေက သတင်းကြားလို့ ပွဲလာကြည့်ကြတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတွေပါ"
ထိုသို့ပြောလိုက်မှ ရှန်းကုန်းရိ သက်ပြင်းချနိုင်တော့သည်။
သူ ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုလိုက်ပြီး သတိပေးစကား ဆိုလိုက်သည်။
"ဘေးက ပွဲထိုင်ကြည့်မယ့်သူတွေ များနေတယ်ဆိုတော့ အခွင့်ကောင်းယူပြီး လုယက်မယ့်သူတွေကို သတိထားရမယ်၊ အစီအရင်တွေကို လျှော့ချလို့မရဘူး၊ ငါ သွားပြီး အဲ့ဝမ်ယွမ်ကို မောင်းထုတ်လိုက်ဦးမယ်"
"ဟုတ်ကဲ့ပါ အစ်ကိုကြီး"
ကျေနပ်လောက်သော အဖြေကို ရရှိပြီးနောက်မှ သူ တိမ်တိုက်များကို စီးနင်းလျက် ယွမ်ဟယ်တောင်ခြေသို့ ထွက်ခွာလာခဲ့သည်။
ပျံသန်းနေစဉ်အတွင်း သူ၏ အကြည့်များသည် လှေပျံထက်၌ မတ်တပ်ရပ်နေသော ခုနစ်ပေခန့်မြင့်သည့် လူသန်ကြီးထံသို့ အမြဲကျရောက်နေ၏။ ရိုးရှင်းသော ဖျင်ကြမ်းဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်နှစ်ဖက်ကို နောက်ပစ်ထားကာ ကြည့်ရသည်မှာ သိုင်းဆရာကြီးတစ်ဦး၏ အသွင်သဏ္ဌာန် ရှိပေသည်။ သို့သော် ပြောင်လက်နေသော ကတုံးကေသာကမူ အနည်းငယ်မျှ ကြမ်းတမ်းခက်ထန်သော အရှိန်အဝါကို ပြသနေသည်။
"ဝမ်ယွမ်၊ အခြေတည်အဆင့်ကို အသစ်စက်စက် ရောက်ရှိထားသူ…. ခန္ဓာကိုယ်ကျင့်ကြံသူ"
"ချောင်ယွမ်ချွန်းကို သတ်နိုင်ခဲ့တာကတော့ မီးနတ်ဘုရားလော့က တစ်ဖက်လူကို အရင်ဆုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် တိုက်ခိုက်ထားခဲ့လို့ပဲ"
"လုရုန်ကို သတ်နိုင်ခဲ့တာကတော့... လုရုန်က ခန္ဓာကိုယ်ကျင့်ကြံတဲ့ လမ်းစဉ်မှာ မကျွမ်းကျင်သေးဘဲ သူ့ရဲ့ အားသာချက်နဲ့ အတင်းဖိနှိပ်တာကို ခံလိုက်ရလို့ပဲ"
"မနေ့က တိုက်ပွဲမှာ ချီစွမ်းအင်တွေ အတော်များများ ကုန်ခမ်းသွားခဲ့တာ၊ ဒုတိယအဆင့် ချီစွမ်းအင်ဖြည့်ဆေးလုံးတွေ အများကြီး သောက်ခဲ့ရင်တောင်... အလွန်ဆုံး ချီစွမ်းအင် တစ်စိတ်တစ်ပိုင်းလောက်ပဲ ပြန်ပြည့်နိုင်ဦးမယ်”
“ဒါပေမဲ့ ငါ့လက်ထဲမှာ အစွမ်းထက်တဲ့ ကောင်းကင်ပိုက်ကွန်ရတနာ ရှိနေတာပဲ... သူက ငါ့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ပါဘူး"
မြောက်မြားစွာသော အတွေးစုံတို့သည် သူ၏ စိတ်ထဲဝယ် စီးဆင်းသွားခဲ့သည်။
ရှန်းကုန်းရိသည် ဝမ်ယွမ်နှင့် ကိုက်တစ်ရာခန့်အကွာသို့ ရောက်ရှိလာခဲ့၏။
သူ လက်နှစ်ဖက်ကို ယှက်ရင်း
"မိတ်ဆွေဝမ်၊ ငါ ရှန်းကုန်းရိက နှုတ်ခွန်းဆက်သပါတယ်"
ဝမ်ယွမ်က သူ့အား အေးစက်စွာ စိုက်ကြည့်နေပြီး သူ၏ ပါးစပ်ဖျားမှ စကားလုံးနှစ်လုံးကိုသာ ထုတ်ဖော်လိုက်သည်။
"ဖယ်စမ်း"
ရှန်းကုန်းရိ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားရသည်၊ လူအမြောက်အမြား၏ ရှေ့မှောက်တွင် တစ်ဖက်လူက ဤမျှအထိ ရိုင်းစိုင်းစွာ ဆက်ဆံလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
သူသည် ရင်ထဲမှ ဒေါသများကို ဖိနှိပ်လိုက်ရင်း လေးနက်သော အသံဖြင့် ဆိုသည်။
"တန်ယွမ်ဇီက အစောပိုင်းမှာ မှားခဲ့တာ မှန်ပေမယ့် အခုတော့ လူလည်း သေသွားခဲ့ပြီပဲ၊ မင်းတို့ ဘာဖြစ်လို့ အမြစ်ပါမကျန် သုတ်သင်ချင်နေရတာလဲ"
သူ စကားပြောနေသည့် အချိန်မှာပင် ဝမ်ယွမ် လက်ကို မြှောက်လိုက်သည်။
"ငါ နောက်ဆုံးအကြိမ် ပြောမယ်"
"ဖယ်စမ်း"
အန္တရာယ်ရှိသော အရှိန်အဝါတစ်ခုသည် တဖြည်းဖြည်းချင်း ပျံ့လွင့်လာခဲ့ပြီ ဖြစ်သည်။
ရှန်းကုန်းရိ၏ မျက်ခွံများ ပြင်းထန်စွာ လှုတ်ခတ်သွားရသည်။
"ဒီအဘိုးကြီးဟာ ထျန်းလန်နတ်ဘုရားမြို့တော်မှာ နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့တာ၊ မင်းတို့လို ရိုင်းစိုင်းလွန်းတဲ့သူမျိုး တစ်ခါမှ မမြင်ဖူးဘူး၊ မတော်တဆ အခြေတည်အဆင့် နှစ်ယောက်ကို သတ်လိုက်နိုင်ရုံနဲ့ လောကကြီးမှာ အနှိုင်းမဲ့ ဖြစ်သွားပြီလို့ ထင်နေတာလား၊ ဒီအဘိုးကြီးက ဒီနေ့ မင်းကို သင်ခန်းစာ ကောင်းကောင်း ပေးရမယ်"
စကားပြောနေသည့် အချိန်မှာပင် သူ လက်ကို ဆန့်ထုတ်လိုက်ပြီး ပိုက်ကွန်တစ်ခုကို ဝှေ့ယမ်းပစ်လိုက်သည်။
ပိုက်ကွန်သည် ကနဦးတွင် အလွန်သေးငယ်သော်လည်း လေပွေလှိုင်းနှင့်အတူ ချက်ချင်းပင် ကြီးထွားလာခဲ့ရာ မျက်တောင်ခတ်အတွင်း ပေအနည်းငယ်မျှ ကြီးမားသော အရွယ်အစားသို့ ရောက်ရှိသွားတော့သည်။
၎င်းကား သူ၏ အားထားရသော ရတနာဖြစ်သည့် ကောင်းကင်ပိုက်ကွန်ပင် ဖြစ်ချေသည်။
ဤတိုက်စစ်ကို ရင်ဆိုင်ရသော်လည်း ဝမ်ယွမ်၏ မျက်နှာထက်ဝယ် မည်သည့်အမူအရာမျှ ပြောင်းလဲခြင်း မရှိချေ။
သူ ညာဘက်လက်ကို မြှောက်လိုက်ပြီး သူ၏ လက်ညှိုးကို ရှေ့သို့ တန်းတန်းမတ်မတ် ညွှန်ပြလိုက်သည်။
မရေမရာသော အခြေအနေအောက်တွင် ဝမ်ယွမ်သည် တစ်စုံတစ်ခုကို သဘောပေါက် နားလည်သွားပုံရ၏။ သူ၏ တစ်ကိုယ်လုံးရှိ သွေးစွမ်းအင်များ ပွက်ပွက်ဆူလာပြီး အဆုံးသတ်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုအဖြစ် လျှို့ဝှက်စွာ စုစည်းသွားတော့သည်။
သွေးဘေးဒုက္ခလက်ညှိုး တိုက်ကွက်ပင် ဖြစ်၏။
"သွားစမ်း"
သွေးနီရောင် ကြယ်တာရာ အလင်းတန်းတစ်ခုသည် လူပေါင်းမြောက်မြားစွာ၏ စိုက်ကြည့်နေသော အကြည့်များအောက်၌ လေဟာနယ်ကို ဖောက်ခွဲလျက် ပေါက်ကွဲထွက်ခွာသွားသည်။
ကိုက်တစ်ရာအကွာ၌ ရှန်းကုန်းရိ နှာခေါင်းရှုံ့လိုက်သည်။
‘ခန္ဓာကိုယ် ကျင့်ကြံသူတစ်ယောက်က... ဒီလောက်အထိ ဝေးကွာတဲ့ နေရာကနေ လှမ်းပြီးတော့ တိုက်ခိုက်နေတာလား၊ ဒီလူမိုက်က... ငါ့ကို ကျောက်ရုပ်လို့ ထင်နေတာလား’
သူ ချီစွမ်းအင်များကို လှုံ့ဆော်လျက် ဓားပျံကို စီးနင်းကာ ပျံသန်းလိုက်သည်။
ထိုသွေးနီရောင် ကြယ်တာရာ အလင်းတန်းက သူ၏ မျက်ခုံးအစုံအလယ်သို့ ထိုးစိုက်တော့မည့် ဆဲဆဲအချိန်တွင် သူ အန္တရာယ်ကြားမှ သီသီလေး ရှောင်တိမ်းနိုင်ခဲ့၏။ ဆံချည်မျှင်တစ်ပင်သည် လေထဲတွင် ဝဲပျံလျက် ဖြည်းညှင်းစွာ ကျဆင်းသွားသည်။
‘ပေါ့ဆသွားတယ်၊ ခံလိုက်ရတော့မလို့ပဲ၊ ဒီလောက်အထိ မြန်လိမ့်မယ်လို့ မထင်ထားဘူး’
‘ဒါပေမဲ့ ဒီဝမ်ယွမ်က တိုက်ခိုက်ရေးဗျူဟာကို နားမလည်တာလား’
‘ဘယ်သူက တိုက်ပွဲစတာနဲ့ အသက်သေစေနိုင်တဲ့ တိုက်ကွက်ကို သုံးလို့လဲ’
"တကယ့်အသက်လု တိုက်ပွဲထဲမှာသာ ဒီတိုက်ကွက်နဲ့ ကြုံခဲ့ရင်တော့... ဒီ လျှပ်စီးလို မြန်ဆန်တဲ့ အရှိန်အောက်မှာ ငါ မသေရင်တောင် အသည်းအသန် ဒဏ်ရာရသွားမှာ သေချာတယ်"
ထိုသွေးနီရောင် အလင်းတန်းကို ရှောင်တိမ်းပြီးနောက် ရှန်းကုန်းရိမှာ ရင်တမမ ဖြစ်သွားရသည်။
သို့သော် သူ ချက်ချင်းပင် ပြုံးလိုက်သည်။ အကြောင်းမူကား သူ၏ အကြည့်အောက်၌ ကောင်းကင်ပိုက်ကွန်သည် ဝမ်ယွမ်ကို လွှမ်းခြုံအုပ်မိုးသွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။
ပိုက်ကွန်အောက်သို့ ရောက်ရှိသွားပြီဖြစ်ရာ တစ်ဖက်လူသည် စဉ့်အိုးထဲမှ လိပ်ကဲ့သို့ ရုန်းမထွက်နိုင်တော့ချေ။
ရှန်းကုန်းရိသည် လက်ညှိုးနှင့် လက်ခလယ်ကို ဓားသဖွယ် ပူးကပ်လိုက်ပြီး ဓားပျံကို ထိန်းချုပ်လိုက်သည်။ သူ ဝမ်ယွမ်အား ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် ပြုလုပ်တော့မည် ဖြစ်သည်။
သို့သော် အသက်ကိုပါ နှုတ်ယူရန်အထိမူ သူ ထိုမျှအထိ မဝံ့ရဲချေ။
ထိုမီးနတ်ဘုရားလော့သည် လူများ စေလွှတ်၍ တန်ယွမ်ဂိုဏ်းကို တန်ပြန်တိုက်ခိုက်ဝံ့သည်ကို ကြည့်ခြင်းအားဖြင့် မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း လက်စားချေတတ်သူ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
ဒဏ်ရာရရုံမျှသာ လုပ်လိုက်မည်ဆိုလျှင်မူ အားလုံးက နောက်ဆုတ်နိုင်သော လမ်းစ ကျန်ရှိနေဦးမည် ဖြစ်၏။
သို့သော် ဓားပျံကို မထုတ်လွှတ်ရသေးမီမှာပင် ဝမ်ယွမ်၏ နှုတ်ခမ်းဖျားမှ အေးစက်သော လှောင်ပြုံးတစ်ခုကို လှမ်းမြင်လိုက်ရသည်။
"ဟင်"
ရှူး…
နောက်တစ်စက္ကန့်၌ ရှန်းကုန်းရိ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားရသည်။ အကြောင်းမှာ သွေးနီရောင် အလင်းတန်းတစ်ခုသည် သူ၏ နောက်ကျောဘက်ဆီမှနေ၍ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် သူ၏ အဆုတ်အတွင်း၌ ကြီးမားသော အပေါက်ကြီးတစ်ခု ပွင့်ထွက်သွားသောကြောင့်ပင်။
"အင့်...."
သူ ခေါင်းငုံ့ကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ထိုအပေါက်ကြီးကို မယုံကြည်နိုင်လောက်အောင် မြင်တွေ့လိုက်ရ၏။
သူ၏ ဝတ်ရုံသည် မည်သည့် အကာအကွယ် အစွမ်းကိုမျှ ထုတ်ဖော်ခဲ့ခြင်း မရှိခဲ့ချေ။ အကယ်၍ ဤတိုက်ကွက်သည် နှလုံးသား၊ သို့မဟုတ် ဦးခေါင်းကို ထိမှန်ခဲ့မည်ဆိုလျှင်မူ သူ သေချာပေါက် အသက်နဲ့ခန္ဓာ အိုးစားကွဲသွားပြီး ဖြစ်ပေလိမ့်မည်။ ဝမ်ယွမ် သူ၏ ညာလက်ကို ထပ်မံမြှောက်လိုက်သည်ကို မြင်ရသောအခါ သူ ဘာမှမပြောတော့ဘဲ ဓားပျံကို စီးနင်းလျက် အသက်လု၍ ထွက်ပြေးတော့သည်။ ကောင်းကင်ပိုက်ကွန်ကိုပင် ပြန်လည်သိမ်းဆည်းရန် စိတ်ကူးမရှိတော့ချေ။
"အစ်ကိုကြီးရှန်း"
"အစ်ကိုကြီးရှန်းရေ"
ယွမ်ဟယ်တောင်အတွင်း၌ တန်ယွမ်ဂိုဏ်းသားများအားလုံး ဆွံ့အမှင်သက်စွာဖြင့် ကျန်ရစ်ခဲ့သည်။ ထို့နောက် သူတို့ သတိဝင်လာပြီး အော်ဟစ်အကူအညီတောင်းခံသည့် အချိန်တွင်မူ တစ်ဖက်လူက အနည်းငယ်မျှ ဂရုမစိုက်တော့ဘဲ အသက်လု၍ ထွက်ပြေးသွားခဲ့ပြီ ဖြစ်၏။
ဝမ်ယွမ်သည် သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော ကောင်းကင်ပိုက်ကွန်ကို လက်ဖြင့် အလွယ်တကူ ဆွဲဖြဲပစ်လိုက်သည်။
"တကယ့်ကို ရတနာကောင်းတစ်ခုပဲ၊ ခန္ဓာကိုယ်ကို ချည်နှောင်ပြီး ချီစွမ်းအင်ကို ပိတ်ဆို့နိုင်တဲ့ အစွမ်းထက် ဂုဏ်သတ္တိ ရှိနေတာပဲ၊ ဒါပေမဲ့ ငါသုံးတာက သွေးစွမ်းအင်ဖြစ်လို့ ငါ့အပေါ်မှာတော့ အာနိသင် အများကြီး လျော့နည်းသွားတာပေါ့"
ကောင်းကင်ပိုက်ကွန်ကို သိမ်းဆည်းလိုက်ပြီးနောက် ဝမ်ယွမ် တစ်လှမ်းချင်းစီဖြင့် ယွမ်ဟယ်တောင်ဆီသို့ ချဉ်းကပ်လာခဲ့သည်။ လူပေါင်းမြောက်မြားစွာ၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်အောက်၌ သူသည် သူ၏ ညာဘက်တံတောင်ဆီသို့ စွမ်းအားများ စုစည်းလိုက်ရာ ယပ်တောင်ပမာ ကြီးမားလှသော လက်ဖဝါးထက်၌ သိပ်သည်းလှသော သွေးစွမ်းအင်များ စုစည်းလာတော့သည်။
လော့ချန်၏ စကားများမှာ သူ့စိတ်ထဲဝယ် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။
‘ဂိုဏ်းအနွယ်ကို အမြစ်ဖြတ်ပြီး ရတနာတွေကို သိမ်းပိုက်လိုက်’
လူအများ၏ အကြည့်အောက်၌ ဝမ်ယွမ် အသက် ပြင်းပြင်းရှူသွင်းလျက် သူ၏ လက်ဖဝါးဖြင့် ရှေ့သို့ ရိုက်ချလိုက်တော့သည်။
"ဖျက်ဆီးစမ်း"