အခန်း ၅၁
Vol. 6 Ch. 51
အခန်း (၅၁) - မိစ္ဆာကျင့်စဉ်
သခင်ကြီးထန်သည် ထိုနေရာတွင် ရပ်နေကာ သူ့ ‘မျက်နှာ’ က လင်းဖန်အား ခံစားချက်ကင်းမဲ့စွာ စိုက်ကြည့်နေလေသည်။
သူ၏ မျက်လုံးအိမ်များတွင် အာရုံစူးစိုက်မှု မရှိဘဲ အမှောင်ထုသာ ဖုံးလွှမ်းနေသည်။
လေထုထဲတွင် ညည်းတွားသံများနှင့် အော်ဟစ်သံများ ပြည့်နှက်နေသည်။
နေရာအနှံ့တွင် သွေးများမှ ထွက်ပေါ်လာသော သံချေးနံ့များက ဖုံးလွှမ်းနေချေပြီ။
သခင်ကြီးထန်က သတ်ဖြတ်ခြင်းကို ရပ်တန့်လိုက်သည်ကို မြင်သောအခါ မသေသေးသော တပည့်များအားလုံးက ဤအခွင့်အရေးကို အသုံးချကာ ထွက်ပြေးကြလေသည်။
သူတို့သည် ပြာယာခတ်စွာ ပြေးလွှားကြပြီး အချို့မှာ ခြေတစ်ဖက်သာကျန်တော့သဖြင့် ခုန်ဆွခုန်ဆွသွားရကာ သူတို့၏ အနောက်တွင် သွေးစက်များ ကျန်ရစ်ခဲ့ပေသည်။
ဝမ်းဗိုက်ပွင့်ကာ ကလီစာများ ထွက်ကျနေသူများပင် နာကျင်မှုကို အံကြိတ်ခံကာ ဒဏ်ရာများကို လက်ဖြင့်အုပ်၍ ပြေးကြလေသည်။
ဆက်နေမည်ဆိုပါက ရလဒ်တစ်ခုသာ ရှိလေသည်။ ၎င်းမှာ သေချာပေါက် သေဆုံးရခြင်းပင်။
သခင်ကြီးထန်က သူတို့ကို အာရုံမစိုက်တော့ပေ။ ယခု သူ၏ အာရုံစိုက်မှုက လင်းဖန်အပေါ်၌သာ အပြည့်အဝ ကျရောက်နေတော့သည်။
ခဏအကြာတွင် ရင်းနှီးနေသော အသံတစ်သံက လင်းဖန်၏ စိတ်ထဲတွင် ထွက်ပေါ်လာလေသည်။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်]
[ကလဲ့စားချေအမှတ် ၁၇၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ]
လင်းဖန်က ကလဲ့စားချေအမှတ်များကို မြင်လိုက်ရချိန်တွင် မကောင်းသော ခံစားချက်တစ်ခု ဝင်ရောက်လာခဲ့သည်။
ယခင်တစ်ခေါက်က သခင်ကြီးထန်ကို သုတ်သင်ပြီး ကလဲ့စားချေအမှတ် ၁၀၀ ရရှိခဲ့ချိန်က ကျောက်ရွေ့နှင့် ပိုင်ညီအစ်ကိုတို့၏ အကူအညီများ ပါဝင်ခဲ့လေသည်။
ယခုမူ ခက်ခဲသော တိုက်ပွဲတစ်ခု ဖြစ်လာပေတော့မည်။
လင်းဖန်က ဘေးသို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်နှင့် သခင်ကြီးထန်၏ အကြည့်သည်လည်း နောက်မှ ဖြစ်လာပေတော့သည်။
‘သခင်ကြီးထန်က ငါ့ကို အလွတ်ပေးတော့မှာ မဟုတ်ဘူးထင်တယ်’
သူ တိတ်တဆိတ် တွေးလိုက်မိသည်။
လင်းဖန်သည် တည်ငြိမ်မှုကို ထိန်းထားရင်း သူသင်ယူထားသည့်အတိုင်း အသက်ရှူခြင်းကို စည်းချက်ကျကျ ထိန်းညှိလိုက်လေသည်။
ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များက စုရုံးလာပြီး သူ၏ တန်းထျန်အတွင်းသို့ စီးဝင်သွားသည်။
“ဟီးဟီးဟီး... ဒီနေရာမှာ မိစ္ဆာကျင့်စဉ်အတွက် အလားအလာရှိတဲ့သူကို တွေ့ရမယ်လို့ မထင်ထားဘူး။ ကျုပ်တို့နဲ့ပူးပေါင်းရင် မင်း အသက်ရှင်ခွင့်ရမယ်”
သခင်ကြီးထန်က စကားပြောလိုက်သော်လည်း သူ၏အသံမှာ စူးရှရှဖြစ်နေပြီး ဟာလာဟင်းလင်းနှင့် ပဲ့တင်ထပ်နေကာ အဝေးမှနေ၍ ပြောနေသည့်နှယ်။
၎င်းမှာ အရေခွံရုပ်သေးတျောင်၏ အသံပင် ဖြစ်သည်။
‘မိစ္ဆာကျင့်ကြံစဉ်အတွက် အလားအလာ’
‘ဒါက ဘာကိုဆိုလိုတာလဲ’
လင်းဖန်သည် သူ၏ သားရဲစွမ်းရည်များနှင့် ပတ်သက်ဆက်နွှယ်နေနိုင်ကြောင်း တွေးမိလိုက်သည်။
သို့သော်လည်း သူက ဆက်နေပြီး အဖြေရှာကြည့်ရန် အစီအစဉ်မရှိပေ။
ကြာနက်ဂိုဏ်းက မည်သည့်အရာများတွင် နစ်မွန်းနေကြောင်းကို သိထားသဖြင့် သူတို့နှင့် မည်သို့မျှ ပတ်သက်လိုစိတ် မရှိချေ။
“ခင်ဗျားရဲ့ ကမ်းလှမ်းချက်ကို ပြန်သွားပြီး စဉ်းစားလိုက်ပါရစေဦး”
ဝှစ်….
လင်းဖန်သည် သူ၏ အံ့ဖွယ်ခုန်ပျံခြင်းစွမ်းရည်ကို အစွမ်းကုန်သုံးကာ ခုန်ထွက်လိုက်လေသည်။
ထိုစဉ် သခင်ကြီးထန်၏ ခန္ဓာကိုယ်ထဲမှ အမည်းရောင် ရေဘဝဲလက်တံအချို့ ထွက်ပေါ်လာပြီး သူ့ဆီသို့ ပစ်လွှတ်လာလေသည်။
သူ၏ ခြေထောက်များမှာ မြေပြင်မှ လွတ်ချိန်တွင် ထိုရေဘဝဲလက်တံများ၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။
အကြမ်းပတမ်း ဆွဲချခံလိုက်ရပြီးနောက် လင်းဖန်၏ ခုန်ပျံနေသည့် အရှိန်မှာ ရပ်တန့်သွားလေသည်။
လင်းဖန်၏ အစွမ်းကုန် ခုန်ပျံလိုက်သော အားကြောင့် သခင်ကြီးထန်မှာ မြေပြင်ပေါ်တွင် ခြေရာနှစ်ကြောင်း ထင်ကျန်ရစ်ကာ လက်မအနည်းငယ်ခန့် ရွေ့သွားခဲ့သည်။
“ဟီးဟီး... အဲဒီလိုဆိုမှတော့ ဒီလောက်အဖိုးတန်တဲ့ ပါရမီရှင်ကို ချင်ဖုန်းဂိုဏ်းဆီ လုံးဝအပါမခံနိုင်ဘူး”
သခင်ကြီးထန်က ပြောလိုက်သည်။
မကြာမီမှာပင် ရေဘဝဲလက်တံများက လင်းဖန်ကို သူ့ဆီသို့ ဆွဲယူတော့သည်။
လင်းဖန်သည် လက်တံများ၏ ဖမ်းဆုပ်ခြင်းမှ ရုန်းထွက်နိုင်ရန် ကြိုးစားလိုက်လေသည်။
သူ၏လက်က လက်တံများကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်ချိန်တွင် လက်တံများမှာ ရေလိုမျိုးဖြစ်နေသဖြင့် ဖမ်းဆုပ်၍ မမိဘဲ ဖောက်ထွက်သွားပေသည်။
သူ ခေါင်းမော့ကြည့်လိုက်ရာ သခင်ကြီးထန်က သူ့အနီးသို့ ပို၍ နီးကပ်လာနေသည်ကို မြင်လိုက်ရသည်။
အခြားရွေးချယ်စရာ မရှိတော့သဖြင့် လင်းဖန်သည် သူ၏ တန်းထျန်ကို အာရုံစိုက်ကာ ချီစွမ်းအင်များကို လက်ဆီသို့ ပို့လွှတ်လိုက်ရာ ချီစွမ်းအင်များက လက်ကို လွှမ်းခြုံသွားလေသည်။
သူ၏လက်မှာ မှိန်ပျပျ အဖြူရောင်အလင်းတန်းများ တောက်ပလာသည်။
လင်းဖန်သည် သူ၏လက်ကို ဓားတစ်လက်သဖွယ် ပုံဖော်ကာ မြှောက်လိုက်ပြီး ရေဘဝဲလက်တံကို ပိုင်းချလိုက်တော့သည်။
ရွှစ်…
အလုပ်ဖြစ်သွားလေသည်။
ချီစွမ်းအင်က လက်တံကို အောင်မြင်စွာ ဖြတ်တောက်နိုင်ခဲ့လေသည်။
လင်းဖန် ထွက်မပြေးနိုင်မီ သခင်ကြီးထန်မှာ သူ့ရှေ့တွင် ပေါ်လာလေသည်။
လင်းဖန်သည် တုံ့ဆိုင်းနေခြင်းအလျဉ်းမရှိဘဲ ဘေးဘက်သို့ လှိမ့်ရှောင်လိုက်သည်။
သခင်ကြီးထန်သည် သူ၏ ကြွက်သားအမြှောင်းမြှောင်းထနေသော လက်ကြီးဖြင့် မြေပြင်ကို ထုချလိုက်လေသည်။
ဝုန်း…
မြေပြင်မှာ ပေါက်ကွဲသွားပြီး အပျက်အစီးစများ နေရာအနှံ့ လွင့်စဉ်သွားတော့သည်။
လင်းဖန်က သူ၏ခေါင်းကို လက်နှစ်ဖက်ဖြင့် အလျင်အမြန် ကာကွယ်လိုက်သည်။
အုတ်ခဲနှင့် ကျောက်ခဲအစအနလေးများ လွင့်စင်လာသော်လည်း ကြီးကြီးမားမား ထိခိုက်မှုတော့ မရှိခဲ့ပေ။
ချက်ချင်းဆိုသလိုပင် လင်းဖန်၏ ညာဘက်မှ လက်တံတစ်ခု ဝင်ရောက်လာချေသည်။
လင်းဖန် လှည့်လိုက်ပြီး သူ၏ညာလက်ဖြင့် ခုတ်ဖြတ်ချလိုက်လေသည်။
သူ၏ ဘယ်ဘက်မှနေ၍ အခြားလက်တံတစ်ခုမှာ သူ့ထံသို့ တိတ်တဆိတ် တွားသွားချဉ်းကပ်လာခဲ့သည်။
ဖြောင်း…
ထိုလက်တံက လင်းဖန်၏ ကျောပြင်ကို ကျာပွတ်တစ်ချောင်းပမာ ရိုက်ချလိုက်လေသည်။
“အား”
ကျာပွတ်ဖြင့် ရိုက်နှက်ခံလိုက်ရသော တိုက်ခိုက်မှုကြောင့် လင်းဖန်၏ ဝတ်ရုံနက်မှာ စုတ်ပြဲသွားကာ ကျောပြင်တွင် ဒဏ်ရာတစ်ခုကျန်ရစ်ခဲ့ပြီး ထိုနေရာမှ သွေးများ ဖြည်းညင်းစွာ စိမ့်ထွက်လာတော့သည်။
ဒဏ်ရာအနီးရှိ အရေပြားနှင့် အသားစများမှာ အဆိပ်ကြောင့် မည်းနက်သွားပြီး လင်းဖန်၏ အာရုံကြောစနစ်တစ်ခုလုံးဆီသို့ နာကျင်မှုများ ဖြတ်သန်းသွားလေတော့သည်။
ဆက်လက်ရှောင်တိမ်းနေ၍ မရနိုင်တော့ကြောင်း လင်းဖန် သိလိုက်သည်။ အနှေးနှင့်အမြန်ဆိုသလို သူ၏ ချီနှင့် ခွန်အားများ ကုန်ခန်းသွားပေလိမ့်မည်။
သူသည် ဤတိုက်ပွဲကို လျင်လျင်မြန်မြန်ဖြင့် အဆုံသတ်နိုင်အောင် လုပ်ရပေလိမ့်မည်။
ထိုသို့ တွေးတောမိသည်နှင့် လင်းဖန်သည် သခင်ကြီးထန်ထံသို့ ခုန်အုပ်လိုက်ပြီး သူ၏ လက်နှစ်ဖက်စလုံးဖြင့် ကုတ်ခြစ်တိုက်ခိုက်လိုက်လေသည်။
ဗြိ…
သခင်ကြီးထန်က သူ၏ ကြွက်သားအမြှောင်းမြှောင်းထနေသော လက်ကြီးကိုသုံးကာ လင်းဖန်၏ လက်သည်းများကို ကာကွယ်လိုက်သည်
လင်းဖန်ကို အံ့အားသင့်စေသည်မှာ သူ၏ သံမဏိလက်သည်းများမှာ အရေပြားကို ထိုးဖောက်နိုင်ခြင်းမရှိဘဲ ခြစ်ရာများသာ ချန်ထားနိုင်ခဲ့ခြင်း ဖြစ်လေသည်။
ဤကြွက်သားအမြှောင်းမြှောင်းထနေသော လက်ကြီးမှာ ပြင်းထန်သည့် ရိုက်ချက်များနှင့် ခုတ်ထစ်မှုများကို ခံနိုင်ရည်ရှိစေရန် ခန္ဓာကိုယ်အား ကျင့်ကြံထားသော ရုပ်ခန္ဓာကျင့်ကြံသူတစ်ဦး၏ လက်ဖြစ်ပေလိမ့်မည်။
သူ မြေပြင်ပေါ်သို့ ပြန်လည်ကျဆင်းသွားချိန်တွင် လက်တံများက သူ့ထံသို့ ထပ်မံဝင်ရောက်လာပြန်သည်။
ရွှစ်…
သူ၏ချီစွမ်းအင်များကို စုစည်းလမ်းညွှန်ကာ လက်တံများကို ဖြတ်တောက်ချလိုက်လေသည်။
ထို့နောက် အရိပ်တစ်ခုက သူ့အပေါ်သို့ ကျရောက်လာလေသည်။
လင်းဖန် မော့ကြည့်လိုက်ရာ ၎င်းမှာ လက်တစ်ဖက်၏ ပုံသဏ္ဌာန် ဖြစ်နေလေသည်။
၎င်းက သူ့ထံသို့ ပိကျလာပြီး လင်းဖန်က အလျင်အမြန် ခုန်ရှောင်လိုက်သည်။
ဝုန်း…
မြေပြင်ပေါက်ကွဲသွားကာ အခြားတွင်းပေါက်ကြီးတစ်ခု ထပ်မံဖြစ်ပေါ်သွားတော့သည်။
လင်းဖန် မြေပြင်ပေါ်သို့ ဆင်းသက်မိချိန်တွင် မောပန်းမှုကို စတင်ခံစားလိုက်ရသည်။
သူ၏ခွန်အားမှာ ယခုအခါ ထက်ဝက်ခန့်သာ ကျန်ရှိတော့သည်။
ထို့ကြောင့် သူက အသက်ရှူနှုန်းကို အမြန်ပြန်လည်ထိန်းညှိလိုက်ပြီး ချီစွမ်းအင်ကို စုစည်းလိုက်လေသည်။
ထို့နောက် တန်းထျန်အတွင်းမှ ချီများဖြင့် သူ၏ခွန်အားကို ပြန်လည်ဖြည့်တင်းလိုက်သည်။
သခင်ကြီးထန် ထပ်မံဝင်ရောက်လာသည်ကို မြင်လိုက်ရသောကြောင့် အချိန်ခဏလေးသာ ထိုကဲ့သို့ ပြုလုပ်နိုင်ခဲ့သည်။
အနီးသို့ ရောက်လာချိန်တွင် သခင်ကြီးထန်၏ ‘မျက်နှာ’ မှာ ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာပြီး အသားများသာ ရွေ့လျားနေသကဲ့သို့ ဖြစ်နေလေသည်။
“ဟီးဟီး... အခုတော့ ပျော်စရာ အဆုံးသတ်သွားပြီ။ ငါ တကယ် အလေးအနက်ထားရမယ့် အချိန်ရောက်ပြီ”
ထို့နောက် သခင်ကြီးထန်၏ ခန္ဓာကိုယ်ထဲမှ လက်တံလေးခုလုံး ထပ်မံထွက်ပေါ်လာချေသည်။
တစ်ချိန်တည်းမှာပင် ၎င်းတို့က လင်းဖန်၏ ခြေလက်လေးဖက်ဆီသို့ ဝင်ရောက်လာကြသည်။
လင်းဖန်သည် ဘယ်ဘက်သို့ ခုန်ရှောင်လိုက်သည်။
သို့သော် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
သူ၏ဘယ်ဘက်ခြေထောက်ကို လက်တံတစ်ခုက ဖမ်းဆွဲထားလိုက်လေသည်။
လင်းဖန်သည် ချီစွမ်းအင်များကို သူ၏လက်ဆီသို့ လမ်းညွှန်ကာ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ အခြားလက်တံများပါ ရောက်ရှိလာပြီး သူ၏လက်များနှင့် ကျန်နေသောခြေထောက်ကိုပါ ဖမ်းဆုပ်သွားတော့သည်။
သခင်ကြီးထန်က သူ၏ ကြွက်သားအမြှောင်းမြှောင်းထနေသော လက်ကြီးကို ချီစွမ်းအင်များဖြင့် အားဖြည့်လိုက်ပြီး လင်းဖန်အား အဆုံးသတ်ပေးရန် ပြင်ဆင်လိုက်လေတော့သည်။