အခန်း ၅၂
Vol. 6 Ch. 52
အခန်း (၅၂) - တူနှင့် အလုပ်လုပ်ရမည့်အချိန်
ထိုအတောအတွင်း ထွက်ပြေးလွတ်မြောက်သွားသော အောက်ခြေသိမ်းတပည့်များမှာ အကူအညီတောင်းခံရန် သွားကြလေသည်။
သူတို့အထဲမှ အများစုမှာ ဒဏ်ရာများအတွက် အကူအညီရယူရန် ဆေးဖော်စပ်ခြင်းတောင်ထွတ်သို့ သွားရောက်ခဲ့ကြလေသည်။
ထိုနေရာတွင်ရှိသော အောက်ခြေသိမ်းတပည့် အကြီးအကဲများက သူတို့ကို ကုသပေးရင်း မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို မေးမြန်းကြသည်။
အခြေအနေကို ကြားသိရပြီးနောက်တွင် အောက်ခြေသိမ်းတပည့် အကြီးအကဲများက ထန်ဖေးထံသို့ အဆင့်ဆင့် သတင်းပို့လိုက်ကြပေသည်။
“ဂိုဏ်းတူအစ်ကို... ကုန်ပစ္စည်းတွေထဲ ပုန်းအောင်းပြီး လုံခြုံရေးစစ်ဆေးမှုတွေကို ကျော်ဖြတ်ဝင်လာတဲ့သူ တစ်ယောက်ရှိတယ်။ သူက အခု တွေ့သမျှလူကို လိုက်သတ်နေတာပဲ”
“ပြီးတော့ကော”
ထန်ဖေးက ချက်ချင်းဖျော်ထားသော လက်ဖက်ရည်ပူပူကို နှာခေါင်းနားတေ့ကာ ရှူရှိုက်လိုက်ရင်း ကျေနပ်သဘောကျစွာ ခေါင်းညိတ်ပြလိုက်သည်။
“သူ့ကို နှိမ်နင်းဖို့ လူလွှတ်ရမလား”
ထန်ဖေးသည် သူ၏လက်ဖက်ရည်ပန်းကန်ကို မှုတ်လိုက်ပြီး လက်ဖက်ရည်ကို တစ်ငုံ ငုံလိုက်သည်။
“ဘာလောစရာရှိလို့လဲ။ အောက်တန်းစား အောက်ခြေသိမ်းတပည့်တွေ အသတ်ခံရတာပဲဟာကို။ ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်က လူရိုင်းတွေနဲ့ ဓားတောင်ထွတ်က ဓားသမားတွေကိုပဲ ရှင်းခိုင်းလိုက်”
“ဟုတ်ကဲ့... ဂိုဏ်းတူအစ်ကို”
ဓားတောင်ထွတ်၊ မှော်လက်နက်တောင်ထွတ်နှင့် အစီအရင်တောင်ထွတ်များတွင်လည်း အလားတူပင် ဖြစ်ပျက်နေပြီး အကူအညီလွှတ်ရန် အလောတကြီး မရှိကြချေ။
ကျောက်ရွေ့သည် ဟိုမင်၊ ပိုင်ညီအစ်ကိုတို့နှင့်အတူ တာဝန်တစ်ခု ထမ်းဆောင်နေခဲ့ခြင်း ဖြစ်ပေသည်။
ထိုသို့သာမဟုတ်လျှင် သူမသည် သူတို့ကို တန်းခေါ်လာမည်မှာ အသေအချာပင်။
သို့သော်ငြား ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်ဘက်တွင်မူ အခြေအနေက ထိုမျှလောက် မဆိုးရွားလှပေ။
“လုံခြုံရေးကို ကျော်ဖြတ်သွားတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ”
ထိုစကားကို ကြားသောအခါ ကျန်းရှီမှာ အမျက်ဒေါသ ထွက်သွားလေသည်။
“စုံစမ်းနေဖို့ အချိန်မရှိတော့ဘူး။ ငါတို့ မြန်မြန်သွားပြီး ကျူးကျော်လာတဲ့ကောင်ကို ရှင်းပစ်တာ ပိုကောင်းမယ်”
စွန်းဟိုင်မှာ မည်သည့်အရာက ပိုအရေးကြီးကြောင်း ကျန်းရှီကို သတိပေးလိုက်ပြီး သူတို့နှစ်ဦးသည် အောက်ခြေသိမ်းတပည့်များနေထိုင်ရာ အဆောင်များဆီသို့ ချက်ချင်း ဦးတည်သွားကြသည်။
…
သခင်ကြီးထန်သည် သူ၏လက်ထဲတွင် ချီစွမ်းအင်များကို စုစည်းလိုက်သောအခါ လေပြင်းအသေးစားလေးတစ်ခု ဖြစ်ပေါ်လာသည်။
ကြွက်သားများအပြည့်ဖြင့် ကြီးမားသောလက်ပေါ်မှ သွေးကြောများမှာ ထောင်ထလာပြီး ချီစွမ်းအင်များ စုပုံလာသည်နှင့်အမျှ ရွေ့လျားနေသည့်အလား ထင်မှတ်ရပေသည်။
ကြွက်သားများနှင့်လက်ကြီးမှာ မူလထက် နှစ်ဆခန့် ပိုမိုကြီးမားလာသောအခါ သခင်ကြီးထန်က လှောင်ပြောင်လိုက်သည်။
“ဟီးဟီး... သေလိုက်တော့”
သခင်ကြီးထန် လှုပ်ရှားမှုမပြုလုပ်မီ တစ်စုံတစ်ယောက်က လေပွေဓားကွက်ကို အသုံးပြုကာ ရေဘဝဲလက်တံများကို ချိန်ရွယ်တိုက်ခိုက်လိုက်သည်။
ဖြောင်း…
လေပွေများနှင့် ထိတွေ့သွားချိန်တွင် ရေဘဝဲလက်တံများမှာ ပြတ်တောက်သွားလေသည်။
ဟိုကျဲ့…
သူသည် လက်ထဲတွင် ဓားတစ်လက်ကို ကိုင်ဆောင်ထားကာ လင်းဖန်အား လွတ်မြောက်စေရန် ကူညီပေးခဲ့ခြင်း ဖြစ်သည်။
လင်းဖန်က အချိန်မဖြုန်းတော့ဘဲ ဟိုကျဲ့၏ဘေးဆီသို့ ခုန်ကူးသွားလိုက်သည်။
ယခုအခါ သူတို့နှစ်ဦးမှာ သခင်ကြီးထန်နှင့် မီတာနှစ်ဆယ် အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
“ဒီမှာ မင်းရဲ့တူတွေ”
ဟိုကျဲ့က သူ၏ရင်ဘတ်နှင့် ကျောကို သိုင်းချည်ထားသော အဝတ်စကို ဖြည်ချလိုက်သည်။
သူက အဝတ်ကိုဖွင့်ကာ အထဲရှိ တူတစ်စုံကို လင်းဖန်ထံသို့ ပစ်ပေးလိုက်သည်။
ဟိုကျဲ့သည် သူ၏တူတစ်စုံကို သယ်ဆောင်နိုင်စွမ်းရှိသည်ကို မြင်သောအခါ လင်းဖန်က ဟိုကျဲ့မှာ အပြင်ပန်းတွင် ပြသထားသည်ထက် ပိုမိုစွမ်းအားကြီးမားလိမ့်မည်ဟု သံသယဝင်သွားမိသည်။
‘အမြုတေဖွဲ့စည်းခြင်းအဆင့်... ဒါမှမဟုတ် မူလဝိညာဉ်အဆင့်လောက်များ ရှိနေမလား’
ထိုစဉ် ကြီးမားသော လေပြင်းတစ်ချက်ကြောင့် လင်းဖန်သည် အတွေးကမ္ဘာထဲမှ လန့်နိုးလာလေသည်။
သခင်ကြီးထန်သည် သူ၏အရှေ့၌ ပေါ်လာပြီး ကြွက်သားများအပြည့်ရှိသော လက်သီးဖြင့် လင်းဖန်၏ မျက်နှာဆီသို့ ထိုးချလိုက်ပေသည်။
လင်းဖန်က သူ၏ တူတစ်စုံထဲသို့ ချီစွမ်းအင်များ ရိုက်သွင်းလိုက်သောအခါ တူများမှာ နှစ်ဆပိုမိုကြီးမားလာပြီး လင်းဖန်၏မျက်နှာဆီသို့ ကျရောက်လာသော တိုက်ခိုက်မှုကို အချိန်မီ ပိတ်ဆို့ကာကွယ်လိုက်နိုင်လေသည်။
ဒေါင်…
တူများမှာ မာကျောသော အရာတစ်ခုခုနှင့် ထိခိုက်မိသွားသဖြင့် အသံကြီးက ပဲ့တင်ထပ်သွားလေသည်။
အဆိုပါ ရိုက်ခတ်မှုကြောင့် သခင်ကြီးထန်၏ ကြွက်သားအပြည့်ဖြင့် လက်ကြီးမှာ ယခုအခါ ပုံပန်းပျက်ယွင်းသွားချေပြီ။
သို့သော်ငြားလည်း ကျိုးပဲ့သွားသော လက်ချောင်းများမှာ တွန့်လိမ်လှုပ်ရှားသွားပြီး အသား၊ အရိုးများနှင့် တစ်ရှူးများမှာ ချက်ချင်းပင် ဖြည်းညင်းစွာဖြင့် ပြန်လည်ကုစားသွားကာ အသစ်အတိုင်း ပြန်လည်ကောင်းမွန်သွားလေသည်။
လင်းဖန်က သခင်ကြီးထန်ကို အသက်ရှူချိန်ပင် မပေးချင်သောကြောင့် သူ၏တူကို အသုံးပြုကာ သခင်ကြီးထန်အပေါ်သို့ မိုးရွာချသကဲ့သို့ ဆက်တိုက်ဆိုသလို ရိုက်ချလိုက်လေသည်။
သခင်ကြီးထန်သည် သူ၏ ကြွက်သားအပြည့်ဖြင့် ကြီးမားလှသော လက်ကိုမြှောက်ကာ ကာကွယ်လိုက်လေသည်။
ဒိုင်း…
ပထမဦးစွာ တူ၏ရိုက်ချက်ဒဏ်ကြောင့် လက်ပေါ်ရှိ အရေပြားမှာ နီရဲကာ ပွန်းပဲ့သွားလေသည်။
တဖြည်းဖြည်းနှင့် အရေပြားမှာ ပေါက်ပြဲလာပြီး ကွဲအက်သွားသည်။
နောက်ဆုံးတွင်မူ တူ၏ရိုက်ချက်များအောက်၌ အရိုးနှင့် အသားများမှာ ကြေမွသွားတော့သည်။
သူ၏ ကြွက်သားအပြည့်ဖြင့် ကြီးမားလှသော လက်ကြီးမှာ အသားနှင့် အရိုးများ အိစက်ကြေမွနေသည့် အခြေအနေသို့ တဖြည်းဖြည်း ပြောင်းလဲသွားသော်လည်း၊ သခင်ကြီးထန်သည် သူ၏ ရေဘဝဲလက်တံများကို ခေါ်ထုတ်ကာ လင်းဖန်ထံသို့ ရိုက်ချလိုက်လေသည်။
ဟိုကျဲ့မှာ လင်းဖန်ကို ချက်ချင်းကူညီရန် ဓားကိုကိုင်ကာ ရေဘဝဲလက်တံများဆီသို့ ခုတ်ပိုင်းလိုက်သည်။
ချီစွမ်းအင်များ စီးဆင်းနေသော ဓားချက်ဖြင့် သူသည် ရေဘဝဲလက်တံများကို အောင်မြင်စွာ ခုတ်ဖြတ်နိုင်ခဲ့သည်။
“ထွက်သွားစမ်း”
ဆက်၍ သည်းမခံနိုင်တော့သည့်အဆုံး သခင်ကြီးထန်က အော်ဟစ်လိုက်ပြီး လင်းဖန်၏ ဗိုက်ဆီသို့ ရှေ့တည့်တည့်မှ ကန်ချလိုက်လေသည်။
ဘုန်း…
လင်းဖန်သည် သူ၏တိုက်ခိုက်မှုကို ရပ်တန့်လိုက်ရပြီး တူဖြင့် ထိုကန်ချက်ကို ကာကွယ်လိုက်ရသည်။
သခင်ကြီးထန်သည် သူ၏ နောက်ခြေတစ်ဖက်ဖြင့် ခုန်တက်လိုက်ပြီး လင်းဖန်၏တူကို ကန်ကျောက်လိုက်ပြန်သည်။
ထိုသို့ကန်လိုက်သည့် အရှိန်၏ တန်ပြန်သက်ရောက်မှုကြောင့် သခင်ကြီးထန်မှာ နောက်သို့ ခုန်ဆုတ်ကာ လွတ်မြောက်သွားလေသည်။
“ဟီးဟီး... မင်းက ကျုပ်ကို တကယ် အံ့သြသွားစေတာပဲ။ ဒါပေမဲ့ မပြီးသေးဘူးနော်”
သခင်ကြီးထန်သည် ပုံပန်းသဏ္ဌာန် ပျက်ယွင်းသွားသော သူ၏လက်ကြီးကို ငုံ့ကြည့်လိုက်သည်။
အရေပြား၊ အသားနှင့် အရိုးများမှာ ရောထွေးကြေမွနေပြီး ပခုံးမှနေ၍ တွဲလောင်းကျနေချေပြီ။
“ဟား...”
သူသည် အသက်ကို ပြင်းပြင်းရှူထုတ်လိုက်လေသည်။
မြေပြင်ပေါ်ရှိ သွေးများနှင့် အလောင်းများထံမှ သွေးများမှာ လေထဲသို့ မြောက်တက်လာသည်။
ထို့နောက် ထိုသွေးအားလုံးသည် သခင်ကြီးထန်၏ ပခုံးပေါ်ရှိ ကြေမွနေသော အရေပြား၊ အသားနှင့် အရိုးများထံသို့ ဝင်ရောက်သွားလေသည်။
ကြေမွနေသော အသားစများမှာ တဖြည်းဖြည်း ပြန်လည်ဖြောင့်မတ်လာပြီး အရိုးများမှာလည်း ပြန်လည်ဖြစ်တည်လာကာ မူလပုံစံအတိုင်း ပြန်ဖြစ်လာသည်။
အသားများက အရိုးများကို ပြန်လည်ဖုံးအုပ်သွားပြီး မည်သည့်နေရာမှ ရောက်လာမှန်းမသိသော အရေပြားက အသားများကို တစ်ဖန် လွှမ်းခြုံသွားပြန်သည်။
လက်ကြီးမှာ မည်သည့်အရာမျှ မဖြစ်ခဲ့သည့်အလား မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပေတော့သည်။
ထိုဖြစ်ရပ်ကို မြင်လိုက်ရသောအခါ လင်းဖန်သည် သူ၏လက်ထဲရှိ တူနှစ်လက်ကို ငုံ့ကြည့်လိုက်သည်။
သူ၏ဦးနှောက်က အရှိန်ပြင်းပြင်း အလုပ်လုပ်လာပြီး ဤအခြေအနေမှ လွတ်မြောက်မည့် နည်းလမ်းကို စဉ်းစားနေလေသည်။
နောက်ဆုံးတွင်မူ သူ၏ခေါင်းထဲ၌ အကြံတစ်ခု ရလာခဲ့သည်။
“ဟိုကျဲ့၊ သူ့ရဲ့ လက်ကြီးကို အာရုံစိုက်ထားဖို့ ကျုပ်ကို ကူညီပေးပါ။ သတိထားနော်၊ သူက မြေကြီးကို လက်နဲ့ထိုးချပြီး ပေါက်ကွဲမှုဖြစ်အောင် လုပ်နိုင်တယ်”
လင်းဖန်က ဟိုကျဲ့ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
“မင်း အဆင်သင့်ဖြစ်ရင် စလို့ရပြီ”
ဟိုကျဲ့သည် သူ၏ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်လေသည်။
အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် လင်းဖန်က ဟိုကျဲ့ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ခေါင်းညိတ်ပြကာ တိုက်ခိုက်ရန် အချက်ပြလိုက်သည်။
ဟိုကျဲ့သည် ညာဘက်ရှိ ကြီးမားသောလက်ကြီးဆီသို့ ပြေးသွားကာ သေချာချိန်ရွယ်လိုက်ပြီး လေပွေဓားသိုင်းဖြင့် ငါးချက်တိတိ ထိုးသွင်းလိုက်သည်။
(T/N: လေပွေတိုက်ကွက်ကို လေပွေဓားသိုင်းဟု ပြောင်းသုံးသွားပါမည်။)
ဘယ်ဘက်တွင်မူ လင်းဖန်က သခင်ကြီးထန်၏ ခါးဆီသို့ သူ၏တူဖြင့် ရိုက်ချလိုက်လေသည်။
ကြီးမားသောလက်ကြီးက ဟိုကျဲ့၏တိုက်ခိုက်မှုကို ကာကွယ်နေစဉ်မှာပင် ရေဘဝဲလက်တံများ အားလုံးက လင်းဖန်ထံသို့ ရိုက်ခတ်လာကြသည်။
လင်းဖန်သည် ချီစွမ်းအင်များ ထည့်သွင်းထားသော တူနှစ်လက်ဖြင့် ရေဘဝဲလက်တံများကို လွှဲရိုက်လိုက်ရာ လက်တံများမှာ ပြတ်တောက်လွင့်စင်သွားသည်။
သူ၏ ဘယ်ဘက်လက်ရှိတူဖြင့် လင်းဖန်က သခင်ကြီးထန်၏ ဘယ်ခြေထောက်ကို ရိုက်ချလိုက်သည်။
သခင်ကြီးထန်သည် ဘယ်ခြေထောက်ကိုမြှောက်ကာ ရှောင်တိမ်းလိုက်သော်လည်း မည်သည့်ကြိုတင်သတိပေးမှုမျှမရှိဘဲ လင်းဖန်၏ ညာဘက်တူက သခင်ကြီးထန်၏ ဦးခေါင်းဆီသို့ ကျရောက်လာလေသည်။
တိမ်တိုက်ခေါင်းဖြတ် ရိုက်ချက်ပင်။