အခန်း ၅၃
Vol. 6 Ch. 53
အခန်း (၅၃) - အဆုံးသတ်
ဘုန်း…
လင်းဖန်၏ သံတူကြီးက သခင်ကြီးထန်၏ ဦးခေါင်းဆီသို့ အရှိန်ပြင်းစွာ ဝင်စောင့်မိသွားသည်။
ထိုရိုက်ချက်ကြောင့် ဦးခေါင်းတွင် အပေါက်ကြီးတစ်ခု ဖြစ်သွားပြီး သံတူ၏ သံမဏိအနက်ရောင်အပိုင်းမှာ သခင်ကြီးထန်၏ ပါးပြင်နေရာရှိ ချိုင့်ဝင်သွားသော နေရာတွင် နစ်ဝင်နေလေသည်။
သို့သော်ငြား သခင်ကြီးထန်၏ ခန္ဓာကိုယ်ကြီး ပျော့ခွေကျသွားကာ မြေပြင်ပေါ်သို့ လဲကျသွားမည့် မြင်ကွင်းမျိုးမှာ ဖြစ်မလာခဲ့ချေ။
သခင်ကြီးထန်က သူ၏ ဘယ်ဘက်လက်ကို အသုံးပြုကာ လင်းဖန်အား လက်ဝါးဖြင့် ရိုက်ချလိုက်ပေသည်။
ဘုန်း…
ထိုလက်ဝါးရိုက်ချက်က လင်းဖန်၏ ရင်ဘတ်ကို ထိမှန်သွားပြီး သူ၏ခန္ဓာကိုယ်မှာ မြေပြင်ပေါ်၌ လိမ့်ထွက်သွားကာ သေဆုံးနေသော အလောင်းများက ထိုရိုက်ချက်၏ ထိခိုက်မှုအချို့ကို သက်သာစေရန် အကာအကွယ်ပေးထားလေသည်။
လင်းဖန်သည် သူ၏ တန်းထျန်အတွင်းရှိ ချီစွမ်းအင်များ ဖရိုဖရဲဖြစ်သွားကာ သွေးကြောများတစ်လျှောက် လှုပ်ရှားနေသည်ကို ခံစားလိုက်ရသည်။
“အား...”
ဤအရာက သူ၏ သွေးကြောများကို ရက်စက်သော ခွေးရိုင်းများက ကိုက်ဖြဲနေသည့်အလား ပြင်းထန်သောနာကျင်မှုကို ဖြစ်ပေါ်စေပြီး လည်ချောင်းထဲတွင် သံချေးနံ့တစ်ခုကို ခံစားလိုက်ရလေသည်။
အဟွတ်…
သူသည် မြေပြင်ပေါ်သို့ သွေးတစ်ပွက် အန်ချလိုက်သည်။
လင်းဖန် လွင့်စင်သွားသည်နှင့်တစ်ပြိုင်နက် ရေဘဝဲလက်တံများအားလုံးက ဟိုကျဲ့ဆီသို့ ပစ်ဝင်သွားပြီး သခင်ကြီးထန်၏ ကြွက်သားအပြည့်ဖြင့် လက်ကြီးက မြေပြင်ကို အကြိမ်ကြိမ် ထုနှက်လိုက်ပေသည်။
ဘုန်း…
ဓားကိုသုံး၍ ရေဘဝဲလက်တံများကို ခုတ်ပိုင်းဖယ်ရှားနေသော ဟိုကျဲ့မှာ မရှောင်တိမ်းနိုင်တော့ဘဲ ထိုပေါက်ကွဲမှုအရှိန်နှင့် ထိမှန်သွားလေတော့သည်။
ဟိုကျဲ့မှာ စွန်တစ်ကောင်ပမာ တစ်ဆယ်မီတာခန့် အကွာအဝေးသို့ လွင့်စင်သွားပြီး သူ၏သွေးများမှာ ကြိုးနီတစ်ချောင်းကဲ့သို့ လေထဲတွင် ခေတ္တမျှ တွဲလောင်းကျန်ရစ်ကာ မြေပြင်ပေါ်သို့ ဖြာကျသွားပေသည်။
ဟိုကျဲ့၏ အညိုရောင်ဝတ်ရုံမှာ ယခုအခါ အနီရောင်သွေးကွက်ကြီးများဖြင့် စိုရွှဲနေကာ သူ၏ အသားအရေနှင့် ကပ်တွယ်နေလေသည်။
အတွင်းဒဏ်ရာမှာ အလွန်ပြင်းထန်လွန်းလှသဖြင့် သူသည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေလေသည်။
သခင်ကြီးထန်က ဟိုကျဲ့နောက်သို့ လိုက်သွားပြီး မြေပြင်ပေါ် ကျသွားချိန်တွင် အဆုံးသတ်တိုက်ကွက်ကို ထုတ်ဖော်ရန် အသင့်ပြင်လိုက်သည်။
“ကျစ်”
လင်းဖန်က သခင်ကြီးထန်ကို ထိန်းချုပ်နိုင်ရန် အုပ်စုခေါင်းဆောင်စွမ်းရည်ကို အလျင်အမြန် အသုံးပြုလိုက်လေသည်။
သို့သော် အလုပ်မဖြစ်ခဲ့ချေ။
ဟိုကျဲ့အပေါ် ကျဆင်းလာတော့မည့် ကြွက်သားအပြည့်ဖြင့် လက်ကြီးကို မြင်လိုက်ရချိန်တွင် လင်းဖန်က ဟိုကျဲ့အပေါ်သို့ ထိုစွမ်းရည်ကို အလျင်အမြန် အသုံးပြုလိုက်ပေသည်။
သူ၏ ထိန်းချုပ်မှုအောက်တွင် ဟိုကျဲ့မှာ ဘေးဘက်သို့ လိမ့်ထွက်သွားသည်။
လက်မအနည်းငယ်ခန့် လွဲချော်သွားပြီးနောက် ပေါက်ကွဲမှုအရှိန်ပါဝင်သော သခင်ကြီးထန်၏ လက်ကြီးမှာ ကျဆင်းလာသည်။
ဘုန်း…
ထိုပေါက်ကွဲမှုကြားတွင် လင်းဖန်က အံ့ဖွယ်ခုန်ပျံခြင်းကို အသုံးပြု၍ ဟိုကျဲ့ကို ဆွဲယူကာ သခင်ကြီးထန်ထံမှ အဝေးသို့ ခေါ်ဆောင်သွားလေသည်။
“လင်းဖန်၊ ငါ့ဝတ်ရုံထဲမှာ သွေးနဲ့ချီ ပြန်လည်အားဖြည့်ဆေးလုံးတချို့ ရှိတယ်။ အဲဒါတွေကို ယူလိုက်”
ဟိုကျဲ့က ဆေးလုံးများရှိရာ နေရာကို သူ၏အကြည့်ဖြင့် လင်းဖန်အား ညွှန်ပြလိုက်သည်။
လင်းဖန်က အလျင်အမြန် ယူလိုက်ပြီး ဆေးတစ်လုံးကို ဟိုကျဲ့အား တိုက်လိုက်လေသည်။
သွေးထွက်ရပ်တန့်သွားကာ ဟိုကျဲ့ ပြန်ထနိုင်သည်အထိ သက်သာသွားသည်ကို မြင်သောအခါ လင်းဖန်ကိုယ်တိုင်လည်း ဆေးတစ်လုံးကို သောက်လိုက်ပေသည်။
“ဟီးဟီး... မင်းက ဘာလို့ ဒီမျက်နှာကို ဖျက်ဆီးရတာလဲ။ အဲဒါက ငါ အသုံးလိုသေးတယ်ဆိုတာ မင်း သိရဲ့သားနဲ့”
သခင်ကြီးထန်က ထိုစူးရှရှအသံကြီးဖြင့် ထပ်ပြောလိုက်လေသည်။
နောက်တစ်စက္ကန့်တွင် မြေပြင်ပေါ်ရှိ အလောင်းများအားလုံးထံမှ ကျန်ရစ်နေသော သွေးများကို စုပ်ယူလိုက်ရာ ထိုအလောင်းများမှာ ခြောက်သွေ့သွားကြတော့သည်။
သူ၏ ဦးခေါင်းမှ ပျက်စီးသွားသော အစိတ်အပိုင်းများတွင် အရိုး၊ အသားနှင့် အရေပြားများ တဖြည်းဖြည်း ပြန်လည် ထွက်ပေါ်လာသည်။
“ငါတို့က သိပ်ကွာခြားတာ မဟုတ်ပါဘူး။ မင်းက ပြန်လည်ကောင်းမွန်ဖို့ ဆေးလုံးကို သောက်တယ်။ ငါက သေဆုံးသွားသူတွေရဲ့ သွေးကို သုံးတယ်။ ငါတို့နဲ့ လာပူးပေါင်းစမ်းပါ။ မင်း တွေးတောင် မတွေးရဲတဲ့ စွမ်းအားတွေကို ငါ ပေးနိုင်တယ်”
သခင်ကြီးထန်က သူ့မျက်နှာသူ ပြည့်စုံမှုရှိ၊ မရှိနှင့် နဂိုမူလအတိုင်း ပြန်ဖြစ်သွားခြင်း ရှိ၊ မရှိ သေချာအောင် စမ်းသပ်ကြည့်ရင်း ပြောလိုက်သည်။
ဆေးလုံးအာနိသင်နှင့် စွမ်းအင်များ ပြန်လည်ပြည့်ဖြိုးလာသဖြင့် လင်းဖန်က သခင်ကြီးထန်၏ စကားများကို သိပ်ပြီး ဂရုမစိုက်နေချေ။
သူ့အား မည်သို့ အဆုံးသတ်ရမည်ကိုသာ စဉ်းစားနေခဲ့သည်။
အနည်းငယ်လေး လိုသွားခြင်းပင်။ အကယ်၍ သူက ဦးခေါင်းကို မရိုက်ဘဲ ခန္ဓာကိုယ်ကို နှစ်ပိုင်းကျိုးသွားအောင် ထုရိုက်နိုင်ခဲ့လျှင် သို့မဟုတ် ခန္ဓာကိုယ်ပေါ်သို့ သူ၏ သံမဏိလက်သည်းကိုသာ အသုံးပြုခဲ့မည်ဆိုလျှင် သူ အနိုင်ရသွားနိုင်လေသည်။
“ထပ်တိုက်ခိုက်ဖို့ အဆင်ပြေရဲ့လား။ ဒီတစ်ခါတော့ သူ့ခန္ဓာကိုယ်ကို နှစ်ပိုင်းကျိုးသွားအောင် ကျုပ် ကြိုးစားပြီး ထုရိုက်ကြည့်မယ်”
ဟိုကျဲ့က မတ်တတ်ရပ်ကာ လက်ထဲရှိ ဓားဖြင့် လွှဲယမ်းပြလိုက်ပြီးနောက် လင်းဖန်ဘက်သို့ လှည့်ကာ ခေါင်းညိတ်ပြလိုက်ပေတော့သည်။
လင်းဖန်သည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး နောက်တစ်ကြိမ် ကြိုးစားရန် ပြင်ဆင်လိုက်သည်။
သို့သော်ငြား သူ လှုပ်ရှားမှု မစတင်မီမှာပင် ရင်းနှီးနေသော အသံတစ်သံက လေထုထဲမှ ထွက်ပေါ်လာချေသည်။
“ချင်ဖုန်းဂိုဏ်းထဲ ကျူးကျော်ဝင်ရောက်ပြီး ငါတို့တပည့်တွေကို သတ်ရဲတယ်ပေါ့လေ။ မင်း အသက်နဲ့ ပြန်ပေးဆပ်ရမယ်”
ထိုသူမှာ ကျန်းရှီဖြစ်ပြီး သူမဘေးတွင်တော့ စွန်းဟိုင် ရှိနေပေသည်။
နောက်ဆုံးတွင်တော့ အကူအညီများ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဝှစ်…
စွန်းဟိုင်သည် စကားတစ်ခွန်းမျှ မဆိုဘဲ သူရပ်နေသော နေရာမှ ခုန်ထွက်သွားရာ ဖုန်လုံးများ ထောင်းခနဲ ထသွားပြီး မြေပြင်တွင် ချိုင့်ခွက်တစ်ခု ကျန်ရစ်ခဲ့လေသည်။
စွန်းဟိုင်က အနီးသို့ ရောက်ရှိသွားချိန်တွင် သခင်ကြီးထန်၏ မျက်လုံးများဆီသို့ သူ၏လက်ချောင်းများဖြင့် ထိုးလိုက်သည်။
သခင်ကြီးထန်က သူ၏ ကြွက်သားအပြည့်ဖြင့် သန်မာသော လက်မောင်းကို မြှောက်ကာ ကာကွယ်လိုက်သည်။
ထိုအခိုက် စွန်းဟိုင်သည် လက်သီးဖြင့် ထိုလက်မောင်းဆီသို့ ထိုးချလိုက်လေသည်။
ဘုန်း…
ထိုတိုက်ခိုက်မှုအရှိန်ကြောင့် သခင်ကြီးထန်၏ လက်မောင်းတွင် အပေါက်ကြီးတစ်ခု ဖြစ်သွားချေသည်။
ထို့နောက် အသားမျှင်လက်တံများက စွန်းဟိုင်ဆီသို့ တိုးဝင်လာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပေသည်။
ဒဏ်ရာများမှ သွေးများ စီးကျလာသော်လည်း စွန်းဟိုင်က ဂရုမစိုက်ပေ။
သူသည် ထိုသန်မာသော လက်မောင်းကြီးကို ဆွဲဖမ်းလိုက်ပြီး သခင်ကြီးထန်အား မြေပြင်ပေါ်သို့ ဆောင့်ချပစ်လိုက်သည်။
သူ၏ခြေထောက်များဖြင့် သခင်ကြီးထန်၏ ခေါင်းကို ဆောင့်နင်းလိုက်လေသည်။
သခင်ကြီးထန်က သူ၏ အသားမျှင်လက်တံများကို အသုံးပြုကာ စွန်းဟိုင်အား လွှင့်ပစ်လိုက်သည်။
စွန်းဟိုင်မှာ လင်းဖန်၏ ဘေးနားသို့ ကျဆင်းသွားလေသည်။
သူသည် မတ်တတ်ရပ်ကာ ဖုန်များကို ခါထုတ်လိုက်ပြီး လင်းဖန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
“မင်း အဆင်ပြေရဲ့လား”
“ကျုပ် အဆင်ပြေပါတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ ဒဏ်ရာတွေက...”
လင်းဖန်က စွန်းဟိုင်၏ ဒဏ်ရာများကို လက်ညှိုးထိုးပြလိုက်သည်။
စွန်းဟိုင်က ပြုံးရင်း ခေါင်းယမ်းလိုက်စဉ် သူ၏ ဒဏ်ရာများပေါ်မှ အသားစများက ဖြည်းညင်းစွာ ပြန်လည်ပိတ်ဆို့သွားလေသည်။
ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသူတစ်ယောက်၏ စွမ်းအင်များပင် ဖြစ်ပေသည်။
“သတိထား”
သခင်ကြီးထန်က သူတို့ဆီသို့ ပြေးဝင်လာပြီး စွန်းဟိုင်အား ထုချေရန် ပြင်လိုက်ချိန်တွင် လင်းဖန်က အော်ဟစ်သတိပေးလိုက်သည်။
စွန်းဟိုင်က ဘေးသို့ရှောင်တိမ်းလိုက်ပြီး သခင်ကြီးထန်၏ခါးကို လက်သီးဖြင့် ထိုးလိုက်သည်။
ခါးတစ်ဖက်ခြမ်းတွင် အပေါက်ကြီးတစ်ခု ပွင့်ထွက်သွားပြီး ကလီစာများက ခန္ဓာကိုယ်ထဲမှ လွင့်စင်ထွက်လာချေသည်။
သခင်ကြီးထန်က သူ၏ သန်မာသော လက်ကြီးဖြင့် ဆွန်းဟိုင်အား ပြန်လည်ထိုးကြိတ်လိုက်သည်။
ဘုန်း...
စွန်းဟိုင်မှာ ထိုတိုက်ခိုက်မှုဒဏ်ကို ခံလိုက်ရပြီး မြေပြင်ပေါ်တွင် လိမ့်ထွက်သွားလေသည်။
သခင်ကြီးထန်၏ ဟန်ချက်ပျက်ကာ ကာကွယ်မှုလွတ်သွားချိန်တွင် လင်းဖန်သည် ထိုအခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး တူကြီးဖြင့် သခင်ကြီးထန်၏ ခန္ဓာကိုယ်ကို ရိုက်ခွဲချလိုက်ပေသည်။
ဘုန်း…
သူ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအစစ ကွဲကြေသွားပြီး သွေးနှင့် အသားစများက နေရာအနှံ့ လွင့်စင်ထွက်သွားလေသည်။
ယခုအခါ သခင်ကြီးထန်မှာ နှစ်ပိုင်း ပြတ်သွားချေပြီ။
ထိုအလောင်းနှစ်ပိုင်းထဲမှ တစ်ပိုင်းပိုင်း လှုပ်ရှားလာပါက ထပ်မံရိုက်ချရန် လင်းဖန်သည် သူ၏ တူကြီးကို အသင့်အနေအထား ကိုင်ဆောင်ထားလိုက်သည်။
မည်သည့်အရာမှ ဖြစ်မလာတော့ဘဲ သူ၏ စိတ်ထဲတွင် ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာလေသည်။
[ဒင်။ ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]
[ကလဲ့စားချေအမှတ် + ၁၇၀]
[လက်ရှိ ကလဲ့စားချေအမှတ် - ၅၀၀]
စနစ်၏ အသိပေးချက်ကို မြင်လိုက်ရမှသာ လင်းဖန်သည် သူ၏ ကာကွယ်မှုများကို အဆုံးသတ်လိုက်ပြီး အနားယူရန် ထိုင်ချလိုက်ပေတော့သည်။
‘သီသီလေး လွတ်သွားခဲ့တာပဲ။ ငါသာ ပိုသန်မာခဲ့ရင် ဒီလောက် အန္တရာယ်များတဲ့ အခြေအနေမျိုး ကြုံရမှာ မဟုတ်ဘူး’
မြေပြင်ပေါ်တွင် လဲကျနေသော အလောင်းများအားလုံးနှင့် ဟိုကျဲ့၏ သွေးပေပွနေသော ဝတ်ရုံများကို ကြည့်ရင်း လင်းဖန်က တွေးလိုက်မိသည်။
ထို့အပြင် ပိုမိုသန်မာလာစေရန်အတွက် သူသည် ဂိုဏ်းစွမ်းဆောင်ရည်အမှတ်များနှင့် ငွေကြေးများ အမြောက်အမြား လိုအပ်လေသည်။