← Chapters

အခန်း ၅၄

Vol. 6 Ch. 54

အခန်း ၅၄

Vol. 6 Ch. 54

အခန်း (၅၄) - ဓားတစ်သန်း ခန်းမ

“အဆုံးသတ်တိုက်ကွက်က တော်တော်လေး ကောင်းတာပဲ။ မင်းက ချီစုစည်းမှုအဆင့်ကို ရောက်နေပြီကိုး”

စွန်းဟိုင်က သူ၏ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာရန် စောင့်ဆိုင်းရင်း ပြောလိုက်သည်။

“ဟုတ်တယ် ဂိုဏ်းတူအစ်ကို။ ကျွန်တော် အခု ချီစုစည်းမှုအဆင့်ကို ရောက်နေပါပြီ”

လင်းဖန်က လက်ကိုယှက်ကာ အရိုအသေပေးလိုက်လေသည်။

သို့သော်ငြားလည်း သူ လုပ်စရာရှိသည့် ပို၍အရေးကြီးသောကိစ္စများ ရှိနေသဖြင့် စကားဆက်မပြောချင်တော့ပေ။

“ခွင့်ပြုပါဦး ဂိုဏ်းတူအစ်ကို။ အသက်ရှင်ကျန်ရစ်သူတွေ ရှိ၊ မရှိ သွားစစ်ဆေးပါရစေ”

လင်းဖန်က မြေပြင်ပေါ်တွင် လဲကျနေသော အလောင်းများဆီသို့ လက်ညှိုးထိုးပြလိုက်သည်။

စွန်းဟိုင်မှာ လင်းဖန်၏ ကရုဏာတရားကြီးမားမှုကို ကျေနပ်သွားကာ ခေါင်းညိတ်ပြလိုက်လေသည်။

အခြားသူများကို ကယ်တင်ရန် တွေးတောနေဆဲဖြစ်သည့် သူ၏စိတ်ထားကို သဘောကျသွားခြင်းပင်။

လင်းဖန်သည် အချိန်မဆွဲတော့ဘဲ အလောင်းများကို စစ်ဆေးရန် အလျင်အမြန် သွားရောက်လေတော့သည်။

သူသည် အလောင်းများကို မွှေနှောက်ရှာဖွေလိုက်ပြီး သစ်သားပြားများကို တွေ့ရှိပါက မည်သူမျှ မမြင်ချိန်တွင် ဂိုဏ်းစွမ်းဆောင်ရည်အမှတ်များအားလုံးကို သူ၏သစ်သားပြားဆီသို့ အမြန်လွှဲပြောင်းရယူလိုက်သည်။

မည်သို့ပင်ဖြစ်စေ ပိုင်ရှင်များမှာ သေဆုံးသွားကြပြီဖြစ်ရာ ထိုအမှတ်များကို အလဟဿ အပျောက်အပျက်မခံခြင်းက အကောင်းဆုံးဖြစ်ပေသည်။

သို့သော်လည်း လင်းဖန်အတွက် ဝမ်းနည်းစရာတစ်ခုမှာ ပိုက်ဆံများအားလုံးကို သိမ်းဆည်းရန် နေရာမရှိသဖြင့် ယူဆောင်မသွားနိုင်ခြင်းပင်။

မလှမ်းမကမ်းတွင်မူ သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးက ဒဏ်ရာများကို အပြည့်အဝ မကုသပေးနိုင်သောကြောင့် ဟိုကျဲ့မှာ သူ၏ဒဏ်ရာများကို ကုသရန် အလုပ်ရှုပ်နေပေသည်။

လင်းဖန်နှင့် ဟိုကျဲ့တို့ ကိုယ့်ကိစ္စနှင့်ကိုယ် အလုပ်ရှုပ်နေကြချိန်တွင် စွန်းဟိုင်ကမူ သခင်ကြီးထန်၏ အလောင်းကို စစ်ဆေးနေလေသည်။

“ဒီမျက်နှာကို ငါအရင်က မြင်ဖူးသလိုပဲ၊ ဒါပေမဲ့ ဘယ်သူလဲဆိုတာကိုတော့ ပြန်စဉ်းစားလို့မရဘူး”

စွန်းဟိုင်က သခင်ကြီးထန်၏ ကိုယ်ပေါ်ရှိ အမျိုးသား၏မျက်နှာကို ကြည့်ကာ မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

စွန်းဟိုင်၏ စကားကို ကြားလိုက်ရသောအခါ ကျန်းရှီမှာ အနားသို့ရောက်လာပြီး ထိုသူမည်သူဖြစ်ကြောင်း အတည်ပြုရန် ကြိုးစားလေသည်။

ကျန်းရှီသည်လည်း ခေါင်းကို ကုတ်လိုက်ပြီးနောက် ထိုသူမှာ မည်သူဖြစ်ကြောင်းကို အတည်မပြုနိုင်ခဲ့ချေ။

ထိုအခိုက်တွင် သူမခေါင်းထဲသို့ အတွေးတစ်ခု ဝင်ရောက်လာချေသည်။

အကယ်၍ ကျူးကျော်သူက မိစ္ဆာဂိုဏ်းတစ်ခုခုကသာဆိုလျှင် စွန်းဟိုင်မှာ သူ့အား အဘယ့်ကြောင့် သိနေသနည်း။

ထို့ကြောင့် ဤသူမှာ မိစ္ဆာဂိုဏ်းမှ ဖြစ်ဖို့ရန် အလားအလာ အလွန်နည်းပါးလှပေသည်။

ကျန်းရှီ၏ ပင်ကိုသိစိတ်အရ သူမသည် တစ်ခုခုကို သိရှိလုနီးပါး ဖြစ်နေသည်ဟု ခံစားလိုက်ရပြီး ပဟေဠိ၏ နောက်ဆုံးအပိုင်းအစကိုသာ ဖော်ထုတ်ရန် လိုအပ်နေတော့သည်။

သူမ အတွေးနက်နေစဉ်မှာပင် အခြားတောင်ထွတ်များမှ တပည့်များသည် နောက်ဆုံးတွင် ရောက်ရှိလာကြလေတော့သည်။

ကျန်းရှီက သူတို့ကို မြင်သောအခါ သိပ်မကျေနပ်လှဘဲ အော်ဟစ်လိုက်သည်။

“နင်တို့က ဘာလို့ ဒီလောက်ကြာနေရတာလဲ”

တာဝန်ခံတပည့်က ရှေ့သို့ထွက်လာပြီး ပြောလိုက်လေသည်။

“စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ် ဂိုဏ်းတူအစ်မ။ အကူအညီတောင်းခံတဲ့ သတင်းကို ရရချင်းပဲ ကျွန်တော်တို့ အမြန်ဆုံး လာခဲ့ကြတာပါ”

၎င်းမှာ အပြစ်ရှာမရသော အဖြေတစ်ခုဖြစ်ရာ ကျန်းရှီအနေဖြင့် ဆက်လက်၍ ဒေါသထွက်နေ၍ မရနိုင်တော့ချေ။

သူတို့မှာ အချိန်ဆွဲပြီး တမင် နောက်ကျမှလာသည်ဆိုသည့် အထောက်အထားလည်း သူမ၌ မရှိပေ။

သူမက သခင်ကြီးထန်၏ အလောင်းကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

“သေဆုံးသွားတဲ့ သူတွေရဲ့ နာမည်တွေကို မှတ်ထားကြ။ အလောင်းတွေကို ဖယ်ရှားပြီး ဒီနေရာကို ရှင်းလင်းလိုက်ပါ။ ဒီတစ်ယောက်ကလွဲလို့ပေါ့။ သူက ကျူးကျော်သူပဲ”

သူတို့လည်း လက်ကိုယှက်ကာ အရိုအသေပေးလိုက်ကြပြီး အလုပ်စတင်ကြတော့သည်။

ထို့နောက် ကျန်းရှီသည် ချင်းယန်ဇီထံသို့ သတင်းပို့ရန် ထွက်ခွာသွားလေသည်။

…

သံမဏိလက်သီးဂိုဏ်း…

“ဟီးဟီး... အဲဒီ အာရုံလွှဲမှုလေးက သူတို့ကို ခဏလောက်တော့ အလုပ်ရှုပ်သွားစေမှာ သေချာတယ်”

ဤဂိုဏ်းငယ်လေး၏ ဂိုဏ်းချုပ် ပုံမှန်ထိုင်လေ့ရှိသည့် ပင်မခန်းမဆောင်ကြီးထဲတွင် အရေခွံရုပ်သေးတျောင်သည် သခင်ကြီးထန်အပေါ် ထားရှိသော သူ၏ချုပ်ကိုင်မှု ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရချိန်၌ မျက်လုံးများကို ဖွင့်လိုက်လေသည်။

တစ်ချိန်က စည်ကားသိုက်မြိုက်ခဲ့သော ဂိုဏ်းကြီးမှာ ယခုအခါ ပြိုလဲပျက်စီးနေခဲ့ပြီ ဖြစ်သည်။

လူ့အသားများ တူးခြစ်လောင်ကျွမ်းနေသည့် အနံ့ဆိုးများ ရောနှောနေသော မီးခိုးငွေ့များသည် နေရာအနှံ့သို့ ပျံ့နှံ့နေလေသည်။

အရေခွံရုပ်သေးတျောင်၏ အရှေ့တွင်မူ အလောင်းများမှာ တောင်ပုံရာပုံ ထပ်နေလေသည်။

လူကြီးလူငယ်မရွေး မည်သူတစ်ဦးတစ်ယောက်မျှ ချမ်းသာခွင့် မရခဲ့ကြချေ။

သူ၏ လက်ပါးစေများသည် မည်သည့်ခံစားချက်မှမရှိဘဲ နောက်ဆုံးကျန်ရစ်နေသည့် အသက်ရှင်သူများကို ယခုလေးတင် သတ်ဖြတ်လိုက်ခြင်းပင်။

အခြားသူများကမူ သူ၏ အရေခွံရုပ်သေးလုပ်ငန်းတွင် အသုံးပြုရန် အကောင်းဆုံးအလောင်းများကို စစ်ထုတ်ရွေးချယ်ကာ ရှာဖွေနေကြသည်။

“ကောင်းတယ်ကွ။ အခုတော့ ငါ့စစ်တပ်အတွက် လူသစ်တွေ ထပ်ရပြီပေါ့... ဟီးဟီး”

သူက ရှုပ်ထွေးပွေလီသော အနီရောင်အနုစိတ် ထွင်းထုထားသည့် အနက်ရောင် အပ်တစ်ချောင်းကို ထုတ်ယူလိုက်သည်။

ထိုအပ်တွင် သခင်ကြီးထန်၏ ခန္ဓာကိုယ်၌ တွေ့ရသော ကြိုးမျိုးကဲ့သို့ ကြမ်းတမ်းသော ကြိုးတစ်ချောင်းကို တပ်ဆင်ထားလေသည်။

ခန္ဓာကိုယ်များကို ခုတ်ထစ်ဖြတ်တောက်နေသော အသံများနှင့် အရေခွံရုပ်သေးတျောင်၏ အပ်ချုပ်သံများက သွေးနံ့များ ဖုံးလွှမ်းနေသော ခန်းမကြီးအတွင်း ပဲ့တင်ထပ်နေတော့သည်။

…

ဓားတောင်ထွတ်…

ဓားတစ်သန်း ခန်းမ…

မျက်နှာကြက်တွင် ဓားပေါင်းထောင်ချီ ချိတ်ဆွဲထားပြီး အောက်ဘက်၌ ရှိသူများအပေါ်သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ဖြာကျနေပေသည်။

အလယ်ရှိ နံ့သာနီသစ်သားကုလားထိုင်ပေါ်တွင် ထိုင်နေသော ချင်းယန်ဇီမှာ သူ၏ ပုံမှန် ကရုဏာသက်နေတတ်သော မျက်နှာထားမျိုး မရှိတော့ချေ။

သူ၏ရှေ့ တစ်ဖက်တစ်ချက်တွင် တောင်ထွတ်သခင်များက အတန်းနှစ်တန်းခွဲ၍ ထိုင်နေကြသည်။

ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်နှင့် ဆေးဖော်စပ်ခြင်းတောင်ထွတ်၏ ကြီးကြပ်သူများဖြစ်သော ကျန်းရှီနှင့် ထန်ဖေးတို့အပြင် လက်နက်တောင်ထွတ်သခင် ဟန်တန်နှင့် အစီအရင်တောင်ထွတ်သခင် ကျောက်မင်ယဲ့တို့လည်း ရှိနေကြသည်။

“ကျူးကျော်သူက လုံခြုံရေးကို ဘယ်လိုဖြတ်ကျော်သွားတာလဲ”

ချင်းယန်ဇီက မေးလိုက်လေသည်။

တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။

အထက်သို့ မော့ကြည့်လိုက်သောအခါ ကျန်းရှီသည် ချင်းယန်ဇီ၏ ဒေါသကြောင့် အပေါ်တွင် ချိတ်ဆွဲထားသော ဓားအချို့ ယိမ်းထိုးနေသည်ကို မြင်တွေ့လိုက်ရသည်။

ကျောက်မင်ယဲ့က တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ပြန်လည်ဖြေကြားလိုက်လေသည်။

“အတွင်းလူရဲ့ လက်ချက်ဖြစ်ရမယ်လို့ ကျုပ် ထင်တယ်”

“မင်ယဲ့၊ ခင်ဗျားရဲ့ ဂိုဏ်းအကာအကွယ် အစီအရင်က အလုပ်မလုပ်ဘူးလေ။ အဲဒါကို သွားပြင်သင့်တယ်။

ဟန်တန်က ကျောက်မင်ယဲ့အပေါ် မကျေနပ်မှုများဖြင့် အပြစ်ဖို့လိုက်သည်။

ပုံမှန်ဆိုလျှင် ချင်းယန်ဇီသည် သူတို့အချင်းချင်း ငြင်းခုံရန်လွှတ်ထားတတ်ပြီး နောက်ဆုံးမှသာ တာအိုကို ဟန်ချက်ညီစေရန် ညှိနှိုင်းပေးလေ့ရှိသည်။

သို့သော် ယနေ့မှာကား သာမန်နေ့တစ်နေ့ မဟုတ်ပေ။

“တိတ်စမ်း”

ချင်းယန်ဇီက ဒေါသတကြီး ဟောက်လိုက်လေသည်။

ချလွမ်…

အပေါ်ရှိ ဓားများက ၎င်းတို့၏ ဓားအိမ်များအတွင်း၌ တုန်ခါသွားကြသည်။

အချိန်အနည်းငယ်ကြာပြီးနောက် သူတို့ ရပ်တန့်သွားကြသည်။

တောင်ထွတ်သခင်များအားလုံး တိတ်ဆိတ်သွားကြပြန်သည်။

၎င်းတို့သည် ချင်းယန်ဇီ ဤမျှလောက် ဒေါသထွက်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

ခဏအကြာတွင် ချင်းယန်ဇီက မတ်တတ်ရပ်ကာ ကျောက်မင်ယဲ့ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။

“သူတို့ရဲ့ မိသားစုမျိုးနွယ်စုတွေ၊ တခြားအဖွဲ့အစည်းတွေနဲ့ ရင်းနှီးတဲ့ ဆက်နွှယ်မှုရှိတဲ့ တပည့်တွေရဲ့ စာရင်းကို ကျုပ်ဆီ ပေးပါ”

“အောက်ခြေသိမ်းတပည့်လျန်ကို ဘယ်သူက အထဲပေးဝင်ခဲ့တာလဲဆိုတာကိုပါ စစ်ဆေးပါ”

“ပြီးတော့ ကျူးကျော်သူက ဘယ်သူလဲဆိုတာကိုပါ စစ်ဆေးပါ”

“ကျုပ်က တာအိုရဲ့ ဟန်ချက်ညီမှုကို အချိန်အတော်ကြာထိန်းသိမ်းထားခဲ့တာ။ အချိန်တန်ရင် ပြင်းထန်တဲ့ မုန်တိုင်းတစ်ခုကလည်း တာအိုစက်ဝန်းရဲ့ အစိတ်အပိုင်းတစ်ခုဆိုတာ တချို့လူတွေ မေ့နေကြပြီထင်တယ်”

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်။ ဒီကိစ္စကို အောက်ခြေကနေ ကျုပ် စုံစမ်းလိုက်ပါ့မယ်”

ကျောက်မင်ယဲ့က မတ်တတ်ရပ်ကာ အရိုအသေပေးလိုက်လေသည်။

ထို့နောက် သူက ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များကို ရှင်းပြလိုက်သည်။

ဘေးဘက်တွင်မူ ကျောက်မင်ယဲ့ စကားပြောနေစဉ်အတွင်း ထန်ဖေးက မျက်စိမှေးကြည့်နေသည်။

‘ဒီချင်းယန်ဇီက နှစ်တစ်ထောင် သက်တမ်းရှိတဲ့ မြေခွေးအိုကြီးပဲ။’

သူက စိတ်ထဲမှ ကြိတ်တွေးလိုက်လေသည်။

‘ဒီဖြစ်ရပ်ကို အသုံးချပြီး သူက ငါတို့ရဲ့ ဩဇာလွှမ်းမိုးမှုကို ဖယ်ရှားပစ်ဖို့ ကြိုးစားလာလိမ့်မယ်လို့ ထင်မထားဘူး’

ဧကရာဇ်၏ အချစ်တော်ဖြစ်သည့် ကိုယ်လုပ်တော်အား ဆေးကုသပေးပြီး ပြန်ရောက်လာမည့် ဆေးဖော်စပ်ခြင်းတောင်ထွတ်သခင် ထန်ခွန်းနှင့် သူ ဆွေးနွေးတိုင်ပင်ရန်သာ ရှိပေတော့သည်။

All Chapters