← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

အခန်း (၅၅) - ယန်ရိုက်ချက်နှင့် ယင်ထိုးနှက်ချက်

သစ်သားတဲလေးတွင်…

ဒဏ်ရာများကို ကုသပြီးနောက် ဟိုကျဲ့မှာ အိပ်ပျော်သွားခဲ့ပြီ ဖြစ်လေသည်။

သူ၏အိပ်စက်ခြင်းကို မနှောင့်ယှက်လိုသောကြောင့် လင်းဖန်သည် စားပွဲတွင် တစ်ယောက်တည်း ထိုင်နေလိုက်သည်။

လင်းဖန်က သစ်သားပြားကို ကိုင်ဆောင်ထားကာ သူရရှိထားသော စွမ်းဆောင်ရည်အမှတ်များကို စစ်ဆေးနေလေသည်။

မှိန်ဖျော့ဖျော့ အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီးနောက် သစ်သားပြားပေါ်တွင် ဂဏန်းလေးဆယ် ပေါ်လာသည်။

တစ်နေ့တာ ပင်ပန်းရကျိုးနပ်သည်ဟု ဆိုရပေမည်။

များပြားလှသည်တော့ မဟုတ်သော်ငြား လင်းဖန်အတွက် ဆေးလုံးများ ထပ်ဝယ်ရန် လုံလောက်ပေသည်။

ယနေ့ဖြစ်ရပ်က အရေးပေါ်အခြေအနေများအတွက် သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးများ လိုအပ်ကြောင်း သူ့ကို သဘောပေါက်စေခဲ့သည်။

၎င်းမှာ ကျင့်ကြံခြင်းကို အထောက်အကူပြုသော ဆေးလုံးများအပြင် ရှေ့ဆက်ရမည့် ခရီးအတွက် ဦးစားပေးတစ်ခု ဖြစ်လာပေလိမ့်မည်။

နောက်ဆုံးအနေဖြင့် သူသည် ယင်ယန်တူသိုင်းကို သင်ယူရန် လိုအပ်ပေသည်။

သခင်ကြီးထန်၏ အဝေးမှ နှောင့်ယှက်တိုက်ခိုက်နိုင်သော ရေဘဝဲလက်တံကျင့်စဉ်နှင့် အနီးကပ် ပေါက်ကွဲအားပြင်းထန်သော လက်သီးချက်တို့က ကျင့်စဉ်တစ်ခုသည် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို မည်သို့ အဆုံးအဖြတ်ပေးနိုင်ကြောင်း လင်းဖန်ကို သိမြင်သွားစေခဲ့သည်။

သို့သော် ပထမဆုံးအနေဖြင့် အဆင့်မြှင့်တင်ရမည့် အချိန်ပင်။

လင်းဖန်က သူ၏စိတ်ထဲမှ စနစ်၏ အချက်အလက်ပြဇယားကို ခေါ်ထုတ်လိုက်လေသည်။

[လက်ရှိ သားရဲစွမ်းရည် - ၂]

[တောယုန်စွမ်းရည် အဆင့် - ၁]

[ဝံပုလွေစွမ်းရည် အဆင့် - ၁]

[လက်ရှိ ခန္ဓာကိုယ်ကြံ့ခိုင်ရေးအဆင့် - ၃ (အဆင့်မြှင့်တင်ရန် ကလဲ့စားချေအမှတ် ၄၀၀ လိုအပ်ပါသည်)]

[လက်ရှိ ကလဲ့စားချေအမှတ် - ၅၀၀]

[ခန္ဓာကိုယ်ကြံ့ခိုင်ရေးအဆင့်ကို မြှင့်တင်မည်လား]

[လုပ်မည်/မလုပ်ပါ]

သူသည် ခန္ဓာကိုယ်ကြံ့ခိုင်ရေးအဆင့်ကို မြှင့်တင်ရန်အတွက် တိတ်တဆိတ် တွေးလိုက်သည်။

‘လုပ်မယ်’

ချက်ချင်းဆိုသလိုပင် သူ၏ဝမ်းဗိုက်မှာ ဖောင်းကားလာသည်ကို ခံစားလိုက်ရသည်။

အမည်မသိသောနေရာမှ ထွက်ပေါ်လာသည့် ချီစွမ်းအင်များဖြင့် သူ၏တန်းထျန် ကျယ်ပြန့်လာသည်ကို ခံစားလိုက်ရသည်။

ထို့နောက် ချီစွမ်းအင်များက သူ၏ ခန္ဓာကိုယ်အနှံ့အပြားသို့ စီးဆင်းသွားကာ တစ်ရှူးများကို ဖျက်ဆီးပစ်ပြီး အသစ်များအဖြစ် ပြန်လည်တည်ဆောက်ပေးလေသည်။

သူ၏ သွေးကြောများမှာလည်း လှိုင်းလုံးများပမာ ရိုက်ခတ်လာသော ချီစွမ်းအင်များဖြင့် သန့်စင်သွားချေသည်။

သူ၏ အရေပြားများမှာ မာကျောလာပြီးနောက် အက်ကွဲကာ ကွာကျသွားပြီး အောက်ဘက်မှ အသစ်စက်စက် ချောမွေ့သော အရေပြားမှာ ထွက်ပေါ်လာလေသည်။

သူ၏ ကျောဘက်မှ ဒဏ်ရာမှာ အနာဖေးကွာကျသွားပြီး ဒဏ်ရာမရရှိခဲ့ဖူးသကဲ့သို့ အပြည့်အဝ ပျောက်ကင်းသွားလေသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အသစ်တစ်ခုဖြင့် အစားထိုးလိုက်သည့်အလားပင်။

ထိုဖြစ်စဉ် ဆက်လက်ဖြစ်ပေါ်နေစဉ် လင်းဖန်သည် နာကျင်မှုကြောင့် အော်ဟစ်မမိစေရန် အံကြိတ်ကာ တောင့်ခံထားလိုက်သည်။

သူက ဆူညံသံများဖြင့် ဟိုကျဲ့ကို မနိုးစေချင်ပေ။

ဤအခြေအနေမှာ တစ်မိနစ်ခန့် ကြာမြင့်သွားသည်။

အားလုံး ပြီးဆုံးသွားချိန်တွင် လင်းဖန်သည် သူ၏ခန္ဓာကိုယ် ပူနွေးလာသည်ကို ခံစားလိုက်ရလေသည်။

မကြာမီမှာပင် ရင်းနှီးနေသော အသံတစ်ခုက သူ၏စိတ်ထဲ၌ ထွက်ပေါ်လာသည်။

[ဒင်... ခန္ဓာကိုယ်ကြံ့ခိုင်ရေးအဆင့်ကို မြှင့်တင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]

[သင်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ခံနိုင်ရည် နှစ်ဆ မြင့်တက်လာပါပြီ။]

[စွမ်းရည် အသုံးပြုနိုင်စွမ်း နှစ်ဆ မြင့်တက်လာပါပြီ။]

သူ့ထံ၌ ကြီးမားလှသော စွမ်းအင်ပမာဏများ ရှိနေသည်ကို ချက်ချင်း ခံစားသိရှိလိုက်ပေသည်။

ထို့အပြင် ချီစွမ်းအင်များမှာ သူ၏အရေပြားမှတစ်ဆင့် အလိုအလျောက် ဝင်ရောက်လာနေသည်။

သူ တရားထိုင်ပြီး ကျင့်ကြံခြင်းနည်းစနစ်ကို လေ့ကျင့်နေရန်ပင် မလိုအပ်တော့ချေ။

ဆိုလိုသည်မှာ သူသာ အချိန်ဆွဲထားနိုင်မည်ဆိုပါက တိုက်ပွဲအတွင်း၌ ချီစွမ်းအင်များဖြင့် သူ၏အင်အားကို ပြန်လည်ဖြည့်တင်းနိုင်မည် ဖြစ်သည်။

အသစ်ရရှိလာသော စွမ်းအင်များကို အလဟဿ မဖြစ်စေချင်သဖြင့် သူသည် သူ၏တူနှင့် ယင်ယန်တူသိုင်း ကျမ်းစာအုပ်ကို ကောက်ယူလိုက်လေသည်။

သစ်သားတဲအပြင်ဘက်သို့ ရောက်သောအခါ သူသည် ကျမ်းစာအုပ်ထဲမှ သိုင်းကွက်များကို စတင် လေ့ကျင့်တော့သည်။

ပထမဆုံး သိုင်းကွက်ကို ယန်ရိုက်ချက်ဟု ခေါ်ဆိုပေသည်။

လမ်းညွှန်ချက်များအတိုင်း သူသည် ချီစွမ်းအင်ကို ထုတ်ယူလိုက်ကာ ပတ်ဝန်းကျင်မှ ယန်စွမ်းအင်များနှင့် ပေါင်းစပ်လိုက်လေသည်။

ဝှစ်…

သံတူကြီးမှာ လိမ္မော်ရောင်အလင်းတန်းနှင့်အတူ ကျဆင်းလာပြီး မြေပြင်နှင့် ရိုက်ခတ်သွားချိန်တွင် ဧရာမ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။

ရိုက်ချက်ကြောင့် မြေပြင်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်သွားကာ ယန်ရိုက်ချက်၏ အပူရှိန်ကြောင့် မြက်ပင်အချို့မှာ မီးလောင်သွားလေသည်။

လင်းဖန်မှာ ဤရိုက်ချက်ကို အတော်လေး သဘောကျသွားပေသည်။ ပြင်းထန်သော ထိခိုက်မှုနှင့်အတူ အပူဒဏ်ပါ အပိုဆောင်း ပါဝင်နေခြင်းပင်။

ထို့နောက် သူ၏ လက်ရှိအဆင့်ဖြင့် ဤရိုက်ချက်ကို အကြိမ်မည်မျှ အသုံးပြုနိုင်မည်နည်းဆိုသည်ကို သူ စမ်းသပ်ကြည့်လိုက်သည်။

သူ၏ တန်းထျန်ကို စနစ်က ချဲ့ထွင်ပေးထားသော်ငြား ချီစွမ်းအင်များ မကုန်ခမ်းမီ ငါးကြိမ်သာ သူ အသုံးပြုနိုင်ချေသည်။

ချီစွမ်းအင်များ ပြန်လည်ပြည့်ဝလာပြီးနောက် သူသည် နောက်ထပ်ထိုးနှက်ချက်တစ်ခုကို စတင်လိုက်လေသည်။

ယင်ထိုးနှက်ချက်…

ယန်ရိုက်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်သော ယင်ထိုးနှက်ချက်မှာမူ ချီစွမ်းအင်များကို ထုတ်ယူပြီး ပတ်ဝန်းကျင်မှ ယင်စွမ်းအင်များနှင့် ပေါင်းစပ်ရန် လိုအပ်ပေသည်။

သူက သံတူကြီးကို ရှေ့သို့ ထိုးသွင်းလိုက်ရာ ယင်စွမ်းအင်များ၏ အအေးဓာတ်ကြောင့် လေထုထဲတွင် နှင်းခဲများ ဖြစ်ပေါ်လာလေသည်။

အကယ်၍ ဤထိုးနှက်ချက်နှင့်ပတ်သက်ပြီး သူ၏အဆင့်သာ ပိုမိုမြင့်မားလာပါက ရန်သူများကို ထောင်ချောက်ဆင်ရန်အတွက် အလွန်ကောင်းမွန်လှပေမည်။

သူ၏ ချီစွမ်းအင် မည်မျှခံနိုင်မည်ကို စမ်းသပ်ကြည့်သည့်အခါတွင်လည်း အတူတူပင် ဖြစ်လေသည်။

ချီစွမ်းအင်များ မကုန်ခမ်းမီ စုစုပေါင်း ငါးကြိမ်သာ အသုံးပြုနိုင်ခြင်းပင်။

လင်းဖန်က သူ၏ ရှေ့ဆက်ရမည့် နည်းဗျူဟာကို တွေးတောလိုက်သည်။

သူသည် ပထမဦးစွာ ချီစွမ်းအင်ဖြင့် အသုံးပြုရသော ကျင့်စဉ်များကို အသုံးပြုမည်ဖြစ်ပြီး ချီစွမ်းအင်များ ကုန်ခမ်းသွားချိန်တွင် သူ၏ စွမ်းရည်များကို အသုံးပြုမည်ဖြစ်သည်။

ဤနည်းအားဖြင့် ချီစွမ်းအင် ပြန်လည်ပြည့်ဝလာစေရန် အချိန်ဆွဲနိုင်ပေမည်။

ထို့နောက် ကျင့်စဉ်အားလုံးကို သူ ထပ်မံ အသုံးပြုနိုင်မည်ဖြစ်သည်။

အဆုံး၌ သူ၏ အဓိက အရေးပါသော လျှို့ဝှက်လက်နက်မှာ သံမဏိလက်သည်းနှင့် အုပ်စုခေါင်းဆောင်စွမ်းရည်တို့ပင် ဖြစ်ပေလိမ့်မည်။

ဤထိုးနှက်ချက် နှစ်ခုကို တတ်မြောက်ပြီးနောက် လင်းဖန်သည် ယနေ့အတွက် ဤမျှနှင့် ရပ်နားရန် ဆုံးဖြတ်လိုက်ပြီး အိပ်ရာဝင်ခဲ့လေသည်။

မည်သို့ပင်ဆိုစေ ယနေ့သည် သူ့အတွက် အလွန်ရှည်လျားပြီး ပင်ပန်းနွမ်းနယ်စရာကောင်းသော နေ့တစ်နေ့ ဖြစ်ခဲ့သည် မဟုတ်ပါလော။

…

နောက်တစ်နေ့ သူနိုးလာချိန်တွင် ဟိုကျဲ့က နံနက်စာ ပြင်ဆင်နေလေသည်။

လင်းဖန်ကို မြင်သောအခါ နံနက်စာ လာစားရန် သူက လက်ဟန်ပြလိုက်သည်။

လင်းဖန်လည်း ခေါင်းညိတ်ပြလိုက်ပြီး မျက်နှာသစ်ကာ ဝင်စားလိုက်သည်။

လက်ထဲတွင် ပေါက်စီတစ်လုံး ကိုင်ထားရင်း လင်းဖန်က ဟိုကျဲ့ကို ပြောလိုက်သည်။

“မနေ့က ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဟိုကျဲ့က ပြန်ပြောသည်။

“မလိုပါဘူးကွာ။ ငါတို့က တစ်လှေတည်းစီး တစ်ခရီးတည်းသွားတွေပဲလေ။ ငါက မင်းကို ကူညီမယ်၊ မင်းက ဟိုမင်ကို ပြန်ကူညီမယ်၊ ဒါပါပဲ”

“စိတ်မပူပါနဲ့။ ကျုပ်ဘက်က ကတိကို တည်အောင်လုပ်မှာပါ။”

လင်းဖန်က ပြုံးကာ ပြောလိုက်သည်။

ဟိုကျဲ့က သူ့အပေါ် ဂရုစိုက်ကြောင်းကို သူသိလေသည်။

သူ၏ အတွေ့အကြုံအရ တစ်ပါးသူအပေါ် မည်မျှဂရုစိုက်ကြောင်း ပါးစပ်မှ မရပ်မနား ပြောနေတတ်သူများမှာ အဆိုးရွားဆုံးပင် ဖြစ်သည်။

ထိုသူများ၏ အတွင်းစိတ်၌မူ အချိန်မရွေး ကျောချမ်းစရာကောင်းအောင် သစ္စာဖောက်ရန် အမြဲအသင့်ရှိနေတတ်သည်။

ဟိုမင်နှင့်ပတ်သက်၍မူ သူသည် မိတ်ဆွေတစ်ဦးသာမက ဂိုဏ်းအတွင်း၌ သူ၏ မဟာမိတ်တစ်ဦးလည်း ဖြစ်ပေသည်။

လင်းဖန်အနေဖြင့် သူ့အား ကူညီပေးရမည်ကို အလွန်ဝမ်းမြောက်ဝမ်းသာ ရှိလှသည်။

နံနက်စာစားပြီးနောက် လင်းဖန်သည် ထင်းခုတ်ကာ ထင်းများစုဆောင်းရန်အတွက် တောထဲသို့ ဝင်သွားလေသည်။

ယခုအခါ ပုဆိန်ခုတ်ရသည့် အကြိမ်တိုင်းမှာ အားစိုက်ထုတ်ရန် မလိုတော့ချေ။

ထို့ပြင် ချီစွမ်းအင်များကို အလိုအလျောက် ရရှိနေသောကြောင့် သူ၏ အင်အားများမှာလည်း အဆက်မပြတ် ပြန်လည်ပြည့်ဝနေလေသည်။

ပုံမှန်အားဖြင့်ဆိုလျှင် သူ ပြီးစီးရန် သုံးနာရီခန့် အချိန်ယူရမည် ဖြစ်သည်။

သို့သော် ယနေ့တွင်မူ အနားယူရန် မလိုအပ်သည့်အပြင် ခွန်အားများပါ တိုးလာသောကြောင့် သူသည် တစ်နာရီအတွင်း ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့ပေသည်။

အားလုံးပြီးစီးသွားသောအခါ သူသည် ထင်းများကို အောက်ခြေသိမ်းတပည့်များ၏ အဆောင်ဆီသို့ သယ်ဆောင်သွားလိုက်သည်။

မနေ့က ဖြစ်ပျက်ခဲ့သည့် ကိစ္စများအပြီးတွင် အခြေအနေမှာ လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။

All Chapters