← Chapters

အခန်း ၅၆

Vol. 6 Ch. 56

အခန်း ၅၆

Vol. 6 Ch. 56

အခန်း (၅၆) - ထောင်ချောက်

မီးခိုးရောင်ဝတ်စုံများကို ဆင်မြန်းထားပြီး ဓားများလွယ်ထားကြသော အပြင်စည်းတပည့်များစွာမှာ အခင်းဖြစ်ပွားရာနေရာအား စောင့်ကြပ်နေကြလေသည်။

အောက်ခြေသိမ်းတပည့် အတော်များများ သေဆုံးသွားခဲ့ရသဖြင့် ထိုနေရာသည် ယခင်ကလောက် မစည်ကားတော့ချေ။

အောက်ခြေသိမ်းတပည့် အနည်းငယ်ခန့်သာ ဟိုဒီ ပြေးလွှားသွားလာနေကြသည်။

သွေးကွက်များမှာ ဖျက်ပစ်ရန် ခက်ခဲသောကြောင့် မြေပြင်ပေါ်တွင် မြင်တွေ့နေရဆဲ ဖြစ်ပေသည်။

နေရာတစ်ခုလုံးမှာ မှိုင်းညို့ကျပ်တည်းသော လေထုကို ခံစားနေရပြီး အောက်ခြေသိမ်းတပည့်များ မရပ်မနား စကားများတတ်ကြသည့် နေရာမျိုး မဟုတ်တော့ပေ။

အလုပ်လုပ်နေကြသော အောက်ခြေသိမ်းတပည့်များသည် လင်းဖန်ကို မြင်သောအခါ သူတို့အချင်းချင်း မကျေမနပ် ညည်းညူလာကြလေသည်။

တာဝန်ခံများ သေဆုံးသွားသည့်အတွက် ယခုအခါ လူအတော်များများ၏ အလုပ်များကို သူတို့က ဒိုင်ခံလုပ်နေကြရခြင်း ဖြစ်သည်။

သို့သော် လင်းဖန်အတွက်မူ မည်သို့မျှ ထိခိုက်မှုမရှိဘဲ ယခင်အတိုင်း သူလုပ်စရာရှိသည်ကိုသာ ဆက်လုပ်နေနိုင်ခဲ့သည်။

လင်းဖန်သည် ထင်းများကို ချထားလိုက်ပြီးနောက် သူ၏လုပ်အားရမှတ်များ ရယူရန် သွားလိုက်ချိန်တွင် တာဝန်ခံမှာ လူစားလဲသွားကြောင်း တွေ့လိုက်ရလေသည်။

“ဂိုဏ်းတူအစ်ကို။ ကျုပ် အစ်ကို့ကို အရင်က မမြင်ဖူးသလိုပဲ”

လင်းဖန်က ပြောလိုက်သည်။

“ငါ့ကို ရှန်လို့ပဲခေါ်ပါ။ အဘိုးရွှီ သေသွားတော့ သူ့နေရာမှာ ငါက အစားထိုး ဝင်လုပ်ပေးရတာလေ။ သူက‌တော့ မနေ့က ဝင်လာတဲ့ ကျူးကျော်သူ လက်ချက်နဲ့ သေသွားရှာတာပေါ့ကွာ”

လင်းဖန်သည် ဝမ်းနည်းသွားဟန် မျက်နှာပေးဖြင့် သက်ပြင်းချလိုက်ပြီး သူ၏ သစ်သားပြားကို ရှန်ဆိုသူထံသို့ ကမ်းပေးလိုက်သည်။

ရှန်က လုပ်အားရမှတ်များကို လွှဲပြောင်းပေးနေစဉ် လင်းဖန်သည် သူ၏အနောက်ဘက်ရှိ ကြေညာစာရွက်တစ်ခုကို သတိထားမိသွားလေသည်။

၎င်းမှာ အစေခံတပည့်များ၏ လစဉ် အဆင့်သတ်မှတ်ချက် ပြိုင်ပွဲအတွက် ဖြစ်ပေသည်။

ပါဝင်လိုသူများအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင် တိုက်ခိုက်နိုင်ကြောင်း ရေးသားထားသည်။

တစ်နှစ်တာအတွင်း အကြိမ်အများဆုံး အနိုင်ရရှိသူ မည်သူမဆို အပြင်စည်းတပည့် ဖြစ်လာနိုင်မည် ဖြစ်သည်။

ဤအရာက လင်းဖန်အတွက် ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်မှ တပည့်တစ်ဦးဖြစ်လာစေရန် လမ်းကြောင်းတစ်ခုပင်။

“ဒီလစဉ်ပြိုင်ပွဲကို ဘယ်လို ဝင်ပါရမလဲ”

လင်းဖန်က မေးလိုက်သည်။

ရှန်က သူလုပ်နေသည့် အလုပ်များကို ရပ်တန့်ကာ မော့ကြည့်လာသည်။

“မင်း သေချာလို့လား။ ကြည့်ရတာ လူသစ်ထင်တယ်။ မင်းထက် ကျင့်ကြံခြင်းအဆင့်မြင့်တဲ့ စီနီယာတွေက မင်းကို သတ်ပစ်ကြလိမ့်မယ်နော်”

လင်းဖန်က ပခုံးတွန့်လိုက်လေသည်။

“စိတ်မပူပါနဲ့။ ကျုပ်ကိုယ်ကျုပ် ကာကွယ်နိုင်ပါတယ်”

“မင်းက အဲဒီလောက်တောင် လုပ်ချင်နေမှတော့ လကုန်တဲ့နေ့ ညနေခင်းရောက်ရင်သာ လာခဲ့ပေတော့”

ရှန်က လင်းဖန်အား စိုးရိမ်တကြီး ကြည့်ကာ ပြောလိုက်သည်။

သူ၏ စွမ်းဆောင်ရည်အမှတ်များနှင့် လိုအပ်သော အချက်အလက်များ ရရှိပြီးနောက် လင်းဖန်သည် ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။

သူ့မှာ အချိန်ဖြုန်းနေရန် မအားလပ်ပေ။ ချက်ချင်းပင် သူ၏ ကျင့်ကြံခြင်းများကို ဆက်လုပ်ကာ ယင်ယန်တူ သိုင်းကွက်များကို လေ့ကျင့်နေတော့သည်။

…

အစီအရင်တောင်ထွတ်…

ဖယောင်းတိုင် အနည်းငယ်ဖြင့်သာ အလင်းပေးထားသော မှိန်ပျပျ အခန်းတစ်ခန်းထဲတွင် ကျောက်မင်ယဲ့မှာ အစီအရင်တစ်ခုချထားရန် အလုပ်ရှုပ်နေသည်။

မြေပြင်ပေါ်တွင် သခင်ကြီးထန်၏ ခန္ဓာကိုယ်၌ တွဲချုပ်ထားသော ခေါင်းတစ်ခု ရှိနေလေသည်။

၎င်း၏ဘေးပတ်လည်တွင် ဆေးဟင်္သာပြဒါးများဖြင့် ရေးဆွဲထားသော ရှုပ်ထွေးလှသည့် ကျမ်းစာများနှင့် မျဉ်းခြောက်ကြောင်းအင်းကွက်တို့ ရှိနေပေသည်။

အခန်းထောင့်တွင်မူ ရှစ်ကွက်အင်းပုံစံချထားသော မိစ္ဆာသားရဲအမြုတေ ရှစ်ခု ရှိနေလေသည်။

ကျောက်မင်ယဲ့က ကျမ်းစာများကို နောက်ဆုံးအချောသတ် ရေးဆွဲပြီးသွားချိန်တွင် မတ်တတ်ရပ်လိုက်ပြီး အစီအရင်အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။

ထို့နောက် သူက အစီအရင်အတွင်းသို့ သူ၏ချီစွမ်းအင်များကို စတင်ထည့်သွင်းလိုက်လေသည်။

မိစ္ဆာသားရဲအမြုတေများမှာ တောက်ပလာပြီး အစီအရင်၏ အလယ်ဗဟိုဆီသို့ အဖြူရောင် လျှပ်စီးတန်းများ စေလွှတ်လိုက်ပေသည်။

ထိုအချိန်တွင် ခေါင်းပြတ်ထံမှ အလင်းတန်းတစ်ခုက မျက်နှာကျက်ဆီသို့ ထိုးတက်သွားတော့သည်။

ကျောက်မင်ယဲ့ မော့ကြည့်လိုက်သောအခါ အလင်းတန်းမှာ ပုံရိပ်တစ်ခုကို ထင်ဟပ်သွားစေလေသည်။

ပုံရိပ်ထဲရှိ ထိုလူ၏ အမြင်ရှုထောင့်မှနေ၍ သူ၏ တပည့်များကို နှုတ်ဆက်နေပုံပေါ်ပေသည်။

သူက အပြင်သို့ ခြေလှမ်းလှမ်းကာ ထွက်လာပြီးနောက် နောက်ပြန်လှည့်၍ သူ၏ဂိုဏ်းကို ကြည့်လိုက်သည်။

တံခါးဝ၏ အပေါ်ဘက်တွင် ဆိုင်းဘုတ်ပြားတစ်ခုရှိနေပြီး ထိုအပေါ်၌ ‘မိုးကြိုးမုန်တိုင်းလက်သီးဂိုဏ်း’ ဟု ရေးထွင်းထားလေသည်။

နောက်ထွက်ပေါ်လာသော မြင်ကွင်းတွင် ထိုသူက ‘အရေခွံရုပ်သေးတျောင်’ ဟူသော အမည်အား အော်ဟစ်လိုက်သည်ကို တွေ့လိုက်ရသည်။

ထို့နောက် အရေခွံရုပ်သေးတျောင်က ဓားတစ်လက်ဖြင့် သူ၏လည်ပင်းကို ပိုင်းဖြတ်လိုက်ပြီးနောက် ပုံရိပ်ယောင်ပြသမှုမှာ လုံးဝကွယ်ပျောက်ကွယ်သွားတော့သည်။

ကျောက်မင်ယဲ့၏ နဖူးပြင်ထက်တွင် ချွေးစေးများဖြင့် ပြည့်နှက်နေချေပြီ။

ဤသူမှာ မိုးကြိုးမုန်တိုင်းလက်သီးဂိုဏ်းမှ လူတစ်ယောက် ဖြစ်ပေသည်။

သူ့အား အရေခွံရုပ်သေးတျောင်မှ သတ်ဖြတ်ပြီးနောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည်များမှာ သူကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်း မဟုတ်တော့ချေ။

ထိုသို့မဟုတ်ပါက ကျောက်မင်ယဲ့အနေဖြင့် နောက်ထပ်ဖြစ်ပျက်မည့် ပုံရိပ်များကို ဆက်လက်မြင်တွေ့နိုင်မည် ဖြစ်သည်။

ဤသည်မှာ အတိတ်မှတ်ဉာဏ် ပြန်လည်ဖော်ထုတ်ခြင်း အစီအရင်၏ လုပ်ဆောင်ပုံပင် ဖြစ်သည်။

ကျောက်မင်ယဲ့သည် အချိန်ဆွဲမနေတော့ဘဲ ချက်ချင်းပင် ဓားတောင်ထွတ်ဆီသို့ ဦးတည်သွားတော့သည်။

ဓားတောင်ထွတ်…

ဓားတစ်သန်းခန်းမ…

တောင်ထွတ်သခင်အားလုံးသည် ကျောက်မင်ယဲ့၏ တင်ပြချက်ကို နားထောင်ရန် စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။

သူတို့အားလုံးသည် ကျောက်မင်ယဲ့ မြင်တွေ့ခဲ့ရသည်များကို အာရုံစိုက်ကာ နားထောင်နေကြသည်။

ကျောက်မင်ယဲ့၏ ရှင်းပြချက်ကို ကြားပြီးနောက် ချင်းယန်ဇီက မေးလိုက်သည်။

“သူက မိစ္ဆာဂိုဏ်းက မဟုတ်ဘူးဆိုတာ ဘာကို ဆိုလိုတာလဲ”

ကျောက်မင်ယဲ့က ပြန်ဖြေလိုက်သည်။

“ဒါက မိစ္ဆာဂိုဏ်းက ဆင်ထားတဲ့ ထောင်ချောက်တစ်ခု ဖြစ်မယ်လို့ ကျုပ် ယုံကြည်ပါတယ်”

ချင်းယန်ဇီက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ခဏမျှ စဉ်းစားကာ ပြောလိုက်သည်။

“မကြာခင် ငါတို့ ချင်ဖုန်းဂိုဏ်းမှာ ပြဿနာနည်းနည်း ကြုံရနိုင်တယ်။ မင်းတို့ရဲ့ တပည့်တွေကို အဆင်သင့် ပြင်ထားခိုင်းလိုက်ပါ။ အဲဒီဦးခေါင်းကိုလည်း ပုပ်သိုးမသွားအောင် ထိန်းသိမ်းထားပြီး မှတ်ဉာဏ်ပြန်ဖော်တဲ့ အစီအရင်ကို နောက်တစ်ကြိမ် ထပ်သုံးလို့ရအောင် သေချာပြင်ဆင်ထားပါ”

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်။ ကျုပ် အဲဒီဦးခေါင်းကို ထိန်းသိမ်းရေး အစီအရင်ထဲ ထည့်ထားပြီးပါပြီ”

ချင်းယန်ဇီက ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလိုက်သည်။

“ဒီအရေခွံရုပ်သေးတျောင်ကို ဖမ်းဝရမ်း ထုတ်လိုက်ပါ။ သူက ငါတို့အတွက် ပိုကြီးမားတဲ့ ပူးပေါင်းကြံစည်မှုတစ်ခုကို ပြင်ဆင်ထားတယ်လို့ ငါထင်တယ်”

ကျောက်မင်ယဲ့က လက်ယှက်ကာ ဦးညွှတ်လိုက်သည်။

“ကောင်းပါပြီ ဂိုဏ်းချုပ်”

ထန်ဖေးက လက်ဖက်ရည်ကို တစ်ငုံသောက်ပြီးနောက် ဝင်ပြောလိုက်သည်။

“ဂိုဏ်းချုပ်... ကျုပ်တို့ ဘာလို့ အဲဒီဦးခေါင်းကိုပဲ ဖျက်ဆီးမပစ်တာလဲ။ ဒါဆိုရင် ဘယ်သူမှသိမှာ မဟုတ်တော့ဘူးလေ”

သူသည် ထန်မိသားစုအပေါ် သစ္စာစောင့်သိသူများကို ရှင်းလင်းရန် ကြိုးပမ်းနေသော ချင်းယန်ဇီကို မကျေမနပ် ဖြစ်နေဆဲပင်။

ချင်းယန်ဇီ ဒေါသထွက်သွားချေသည်။

သူ၏နှာခေါင်းမှ ထွက်လာသော လေပြင်းများကြောင့် ရှည်လျားသော နှုတ်ခမ်းမွှေးနှင့် မုတ်ဆိတ်မွှေးများပင် လွင့်ပျံသွားတော့သည်။

ချင်းယန်ဇီက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ဟင်း... သက်သေတွေ အများကြီးရှိနေတာ။ သတင်းကတော့ တစ်နေ့ ပေါက်ကြားသွားမှာပဲ။ ငါ့ကို သူတို့အားလုံးကို သတ်ပစ်ဖို့ အကြံမပေးတာ ကောင်းမယ်”

ထိုသို့ပြောပြီးနောက် သူက ထန်ဖေးထံသို့ မေးခွန်းကို ပြန်လည်ပစ်လွှတ်လိုက်သည်။

ပြန်လည်ချေပနိုင်စွမ်းမရှိသဖြင့် ထန်ဖေးမှာ ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်ပြီး သူ၏လက်ဖက်ရည်ကို ပြန်လည်သောက်ချင်ယောင်ဆောင်နေလိုက်တော့သည်။

ထန်ဖေးမှာ ယခင်ကကဲ့သို့ စကားမပြောနိုင်တော့သည်ကို တွေ့ရသဖြင့် ကျန်းရှီက မေးလိုက်သည်။

“ဂိုဏ်းချုပ်... မကြာခင်မှာ ပြဿနာတွေ ရောက်လာတော့မယ်ဆိုတော့ ကျွန်မ အကူအညီလိုတဲ့အခါ လင်းဖန်ကို အကူအညီ တောင်းလို့ရမလား”

ချင်းယန်ဇီက ပြန်ပြောလိုက်သည်။

“ရတာပေါ့။ အဲဒါက ပြဿနာမရှိဘူး”

ကျန်းရှီသည် ထန်ဖေးထံသို့ အကဲခတ်သည့် အကြည့်တစ်ချက်ပို့လိုက်ပြီး သူ တစ်စုံတစ်ရာ ပြောလိုခြင်း ရှိမရှိ စောင့်ကြည့်လိုက်သည်။

သို့သော် ထန်ဖေးသည် ကျန်းရှီ၏ စကားကို မကြားချင်ယောင်ဆောင်ကာ လက်ဖက်ရည်ကိုသာ ဆက်လက်သောက်နေလေသည်။

ချင်းယန်ဇီက သူ၏နားထင်ကို နှိပ်နယ်ရင်း ပြောလိုက်သည်။

“ကောင်းပြီ... ပြန်ကြတော့။ မင်းတို့ရဲ့ တပည့်အားလုံးကို အထူးသတိထားပြီး စောင့်ကြည့်ခိုင်းထားပါ”

မကြာမီ အခြေအနေများမှာ တင်းမာပူပြင်းလာတော့မည် ဖြစ်သည်။

အရေခွံရုပ်သေးတျောင်မှာ ကြာနက်ဂိုဏ်း၏ စစ်တုရင်ရုပ်များထဲမှ တစ်ရုပ်မျှသာ ဖြစ်ကြောင်း သူ သိရှိထားသည်။

ရန်သူ့ခြေလှမ်းထက် နောက်ကျနေရသည့် ခံစားချက်မှာ လုံးဝမကောင်းလှချေ။ ထို့ကြောင့် သူသည် မကြာမီတွင် လက်ဦးမှုရယူကာ စတင်တိုက်ခိုက်ရပေလိမ့်မည်။

All Chapters