← Chapters

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

Vol. 6 Ch. 60

အခန်း (၆၀) - မုန်တိုင်းအစပျိုးခြင်း

ဟိုမင် ထွက်ခွာသွားပြီးနောက် လင်းဖန်က မေးလိုက်သည်။

“ဦးလေးက ဘာလို့ ကိုယ့်တူကို မတွေ့ချင်ရတာလဲ”

ဟိုကျဲ့က ထုံးစံအတိုင်း ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက် ပြောလိုက်လေသည်။

“ငါ့ဆီမှာ တစ်ခုခု ဖြစ်သွားခဲ့ရင် အဲဒီကလေး ဝမ်းမနည်းရတော့ဘူးပေါ့”

“လူတိုင်းမှာ ကိုယ့်ကံကြမ္မာနဲ့ကိုယ် ရှိကြတာပဲ”

“မင်းနဲ့ ဟိုမင်ရဲ့ ကံကြမ္မာကတော့ ကျင့်ကြံပြီး ကျင့်ကြံသူတွေထဲမှာ အကောင်းဆုံး ဖြစ်လာဖို့ပေါ့”

“ငါ့ရဲ့ ကံကြမ္မာကတော့ ဟိုးအရင်အချိန်ကတည်းက သတ်မှတ်ပြီးသား ဖြစ်နေခဲ့ပြီ”

“အဲဒါကတော့ ဟိုမိသားစုရဲ့ ကံကြမ္မာကိုပြောင်းလဲဖို့ ဘာမဆို လုပ်ဆောင်သွားဖို့ပဲ”

လင်းဖန် ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ ဟိုကျဲ့၏ ဆုံးဖြတ်ချက်သာ ဖြစ်ပေသည်။

ညဉ့်နက်လာသောအခါ လင်းဖန်သည် သူ၏ ဝံပုလွေမျက်နှာဖုံးကို တပ်ဆင်ကာ မှောင်ခိုဈေးသို့ ထွက်ခွာလာခဲ့သည်။

ယခုတစ်ကြိမ်တွင်မူ သူသည် သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးများကိုသာ လိုချင်နေမိသည်။

သခင်ကြီးထန်နှင့် ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲပြီးနောက် ပြန်လည်အားဖြည့်ဆေးလုံးများကို ဆောင်ထားရန် မည်မျှအရေးကြီးကြောင်း သူ သဘောပေါက်သွားခဲ့လေသည်။

သူသည် ကျန်းရှီ၏ဆိုင်သို့ ရောက်ရှိလာသောအခါ သူမသည် ထုံးစံအတိုင်း ယုန်မျက်နှာဖုံးကို စွပ်ထားဆဲ ရှိနေသည်ကို တွေ့လိုက်ရသည်။

သူမ၏ ဆိုင်ရှေ့တွင် လူတစ်ဦးမျှ မရှိသဖြင့် သူမမှာ ပျင်းရိစွာဖြင့် ကျစ်ဆံမြီးလေးကို လက်ချောင်းများဖြင့် ဆော့ကစားနေလေသည်။

လင်းဖန်က မေးလိုက်သည်။

“မင်းဆီမှာ သွေးနဲ့ချီ ပြန်လည်အားဖြည့်ဆေးလုံးတွေ ရှိလား”

လင်းဖန် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ကျန်းရှီမှာ စိတ်အားထက်သန်သွားပြီး ပြောလိုက်သည်။

“တစ်ပုလင်းကို စွမ်းဆောင်ရည်အမှတ် အလေးဆယ်”

ထိုဈေးနှုန်းကို ကြားလိုက်ရသဖြင့် လင်းဖန်မှာ အံ့ဩသွားရကာ မေးလိုက်မိသည်။

“ဘာ… စွမ်းဆောင်ရည်အမှတ် လေးဆယ် ဟုတ်လား”

အောက်ခြေသိမ်းတပည့်အဆောင်များ၌ပင် ဤဆေးလုံးတစ်ပုလင်းကို စွမ်းဆောင်ရည်အမှတ် သုံးဆယ်သာ ပေးရပေသည်။

ပုံမှန်အားဖြင့် မှောင်ခိုဈေးတွင် ရောင်းချသော ဆေးလုံးများသည် ရှင်းလင်းပြတ်သားသော ရင်းမြစ်များမှ မဟုတ်သဖြင့် ပို၍ ဈေးသက်သာသင့်လှသည်။

ထို့ကြောင့်လည်း သူသည် မှောင်ခိုဈေးကို ပိုမိုနှစ်သက်ခြင်း ဖြစ်ပေသည်။

‘သူမ ဘာတွေ ကြံစည်နေတာလဲ’

လင်းဖန် စိတ်ထဲမှ တွေးလိုက်မိသည်။

ကျန်းရှီသည် စျေးဆစ်သည့်ပညာတွင် ပိုမိုကျွမ်းကျင်လာခြင်း သို့မဟုတ် ပေါက်ကရစျေးနှုန်းတစ်ခုကို လျှောက်ပြောနေခြင်း နှစ်ခုအနက် တစ်ခုခု ဖြစ်ပေလိမ့်မည်။

ကျန်းရှီက လင်းဖန်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းရင်း စကားကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်လိုက်ပြီး ပြောလိုက်သည်။

“ဟုတ်တယ်၊ အမှတ် လေးဆယ်ပဲ၊ ဒါပေမဲ့...”

လင်းဖန်က မေးလိုက်သည်။

“ဒါပေမဲ့ ဘာလဲ”

သူသည် ဒေါသထွက်မသွားဘဲ စျေးဆစ်ရန် စကားလမ်းကြောင်းကို မည်သို့စတင်ရမည်ကို သူမ ကောင်းကောင်း သိရှိလာခြင်းကိုသာ သဘောကျသွားမိသည်။

ကျန်းရှီက ပြောလိုက်သည်။

“ငါ့သူငယ်ချင်း အကူအညီတောင်းတဲ့အခါ ကူညီပေးရမယ်”

လင်းဖန်က ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“ရတာပေါ့၊ ဒါပေမဲ့ မင်းရဲ့သူငယ်ချင်းက ဘယ်သူလဲဆိုတာ ငါက ဘယ်လိုသိရမှာလဲ၊ မိန်းကလေးယုန်”

“ပြီးတော့ ငါက ဘယ်သူလဲဆိုတာကိုရော မင်းက ဘယ်လိုသိနိုင်မှာလဲ၊ ဒီဝံပုလွေမျက်နှာဖုံးအောက်မှာ ဘယ်သူမဆို ရှိနေနိုင်တာပဲလေ”

“ငါ...”

ကျန်းရှီသည် သူမ၏ သရုပ်မှန်ကို မဖော်ပြလိုသော်လည်း ဤအချက်ကိုမူ ထည့်သွင်းစဉ်းစားရန် မေ့လျော့နေခဲ့ချေသည်။

လင်းဖန်က ပြုံးစိစိဖြင့် ပြောလိုက်သည်။

“ကောင်းပြီလေ၊ ဒါဆို မင်းရဲ့သူငယ်ချင်း အကူအညီလိုတဲ့အခါ ‘ပါးပါး’ လို့ သုံးခါလောက် အော်ဟစ်လိုက်ပေါ့၊ အဲဒါဆိုရင် မင်းသူငယ်ချင်းမှန်း ငါ သိသွားလိမ့်မယ်”

“နင်... နင်...”

ကျန်းရှီမှာ စနောက်ခံလိုက်ရသဖြင့် ဒေါသထွက်သွားသော်လည်း လင်းဖန်၏ အကြံပြုချက်က သူမကို စဉ်းစားစရာ လမ်းစတစ်ခု ပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။

သူမသည် ရုတ်တရက် အကြံတစ်ခု ရသွားသည်။

သူမသည် လည်ပင်းမှ ဆွဲကြိုးတစ်ကုံးကို ချွတ်ယူလိုက်ရာ ထိုဆွဲကြိုးတွင် ကျောက်စိမ်းဆွဲပြား နှစ်ခု ပါရှိနေသည်။

တစ်ခုမှာ ဓားပုံစံဖြစ်ပြီး ကျန်တစ်ခုမှာ ပုဆိန်ပုံစံ ဖြစ်ပေသည်။

သူမသည် ဆွဲပြားများကို ဖြုတ်ယူလိုက်ပြီးနောက် ပုဆိန်ပုံစံ ဆွဲပြားကို လင်းဖန်ထံ ကမ်းပေးလိုက်သည်။

“ငါ့သူငယ်ချင်းက ဒီဓားပုံစံ ဆွဲပြားကို ဆွဲထားလိမ့်မယ်၊ အဲဒါက သူမပဲဆိုတာ မင်းသိနိုင်မယ့် နည်းလမ်းပဲ”

လင်းဖန်က ပုဆိန်ပုံစံ ကျောက်စိမ်းဆွဲပြားကို ကောက်ယူလိုက်ပြီး ပြောလိုက်သည်။

“ပြီးတော့ ကူညီပေးမယ့် ငါ့သူငယ်ချင်းကလည်း ဒီပုဆိန်ဆွဲပြားကို ကိုင်ဆောင်ထားလိမ့်မယ်ပေါ့”

“မင်းရဲ့ သူငယ်ချင်း... အင်း... ကောင်းပါပြီ၊ သဘောတူတယ်၊ သွေးနဲ့ချီ ပြန်လည်အားဖြည့်ဆေးလုံးတွေကို စွမ်းဆောင်ရည်အမှတ် နှစ်ဆယ်နဲ့ပဲ ပေးလိုက်မယ်”

သူသည် သူမ၏ သရုပ်မှန်ကို သိနေပြီးဖြစ်ကြောင်း ခန့်မှန်းမိသော်လည်း တစ်ဦးနှင့်တစ်ဦး၏ သရုပ်မှန်ကို မပေါက်ကြားစေရန်အတွက်သာ သဘောတူလိုက်ခြင်း ဖြစ်ပေတော့သည်။

လင်းဖန်သည် ဆေးလုံးလေးပုလင်းကို ဝယ်ယူခဲ့ရာ သူ၏ စွမ်းဆောင်ရည်အမှတ် ရှစ်ဆယ်မှာ ကုန်ဆုံးသွားခဲ့သည်။

သို့သော် အသက်ရှင်သန်နိုင်ရေးအတွက် အမှတ်များသုံးရသည်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်မိလေသည်။

တောနက်ထဲသို့ ပိုမိုနက်ရှိုင်းစွာ စူးစမ်းရှာဖွေခြင်းက သူ့အတွက် ကြောက်မက်ဖွယ်ရာ အန္တရာယ်များကို သယ်ဆောင်လာနိုင်သဖြင့် မလိုလားအပ်သော အန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ထားခြင်းက အကောင်းဆုံးပင် ဖြစ်ပေသည်။

…

ဓားတစ်သန်းခန်းမ…

ချင်းယန်ဇီသည် လာရောက်လည်ပတ်ရန် ခွင့်တောင်းထားသော စာတစ်စောင်ကို ဖတ်ရှုနေသည်။

ပုံမှန်ဆိုလျှင် သူသည် ပြုံးရွှင်စွာဖြင့် လာရောက်လည်ပတ်မှုကို ဝမ်းမြောက်ဝမ်းသာ လက်ခံကာ ဧည့်သည်တော်များကို ဖိတ်ခေါ်လိမ့်မည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူသည် စာကို ဖတ်ရင်း မျက်မှောင်ကြုတ်နေမိသည်။

၎င်းစာမှာ မိုးကြိုးမုန်တိုင်းလက်သီးဂိုဏ်း၏ ဂိုဏ်းချုပ်လော့ချန်ထံမှ ပေးပို့လာခြင်း ဖြစ်သည်။

ချင်ဖုန်းဂိုဏ်းမှ သူ၏ညီဖြစ်သူ လော့ထျန်းကို သတ်ဖြတ်လိုက်သည်ဟူသော ပျံ့နှံ့နေသည့် ကောလာဟလများကို ရှင်းလင်းရန်အတွက် လော့ချန်က လာရောက်တွေ့ဆုံရန် ရေးသား တောင်းဆိုထားခြင်း ဖြစ်ပေသည်။

ဂိုဏ်းနှစ်ဂိုဏ်းကြား ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ချင်းယန်ဇီအနေဖြင့် ဤတွေ့ဆုံမှုကို ခွင့်ပြုလိမ့်မည်ဟု သူက မျှော်လင့်ထားသည်။

ချင်းယန်ဇီက သက်ပြင်းတစ်ချက် ချလိုက်ပြီး အကြောင်းပြန်စာကို စတင်ရေးသားလိုက်သည်။

“လာမယ့်ဘေး ပြေးလို့မလွတ်ဘူးပေါ့လေ”

အကြောင်းပြန်စာ ရေးပြီးသွားသောအခါ သူသည် ခေါင်းမော့လိုက်ပြီး သူ့ရှေ့တွင် ထိုင်နေသော တောင်ထွတ်သခင်များကိုကြည့်ကာ ပြောလိုက်သည်။

“မိုးကြိုးမုန်တိုင်းလက်သီးဂိုဏ်းက ရောက်လာတော့မယ်။ ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ထားကြ။ မင်ယဲ့... လော့ထျန်းရဲ့ ဦးခေါင်းကို လုံခြုံအောင် သိမ်းထားပါဦး။ အဲဒါတစ်ခုခု ဖြစ်သွားရင်တော့ ငါတို့တွေ တစ်ဖက်သတ် စစ်ပွဲကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်”

မင်ယဲ့က ချက်ချင်းပင် ဦးညွှတ်၍ ပြန်လည်ဖြေကြားလိုက်သည်။

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်။ ဒီတစ်ခါတော့ ကျွန်တော် မလွဲချော်စေရပါဘူး။ ဒီကိစ္စအတွက် ကူညီပေးဖို့ သိုင်းဦးလေး ကျောက်ချင်းယင်ကိုပြန်လာဖို့ အကူအညီတောင်းထားပါတယ်”

ချင်းယန်ဇီသည် ကျောက်ချင်းယင်၏ အမည်ကို ကြားလိုက်ရသောအခါ နားထင်ကို ဖွဖွပွတ်လိုက်သည်။

ကျောက်ချင်းယင်သည် သူ့ထက် ပိုမို သန်မာသော်လည်း အမြဲတမ်း တစ်ကိုယ်တည်း နေတတ်ပြီး ချွမ်မင်းဆက်တစ်ခွင် လှည့်လည် သွားလာနေလေ့ရှိသည်။

တစ်ခါတရံတွင် ထိုထက်မက ပိုမိုဝေးကွာသော နေရာများသို့ပင် ရောက်ရှိသွားတတ်သည်။

ချင်းယန်ဇီက ညည်းတွားသံဖြင့် ဆိုလိုက်သည်။

“ချင်းယင်တစ်ယောက် အချိန်မီ ပြန်လာနိုင်ဖို့ မျှော်လင့်ရတာပဲ။ ကောင်းပြီ... အားလုံး ပြန်ကြတော့”

တောင်ထွတ်သခင်များက မတ်တတ်ရပ်ကာ လက်ယှက်၍ ဦးညွှတ်လိုက်ကြသည်။

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”

ထန်ဖေးသည်လည်း အခြားသူများနည်းတူ လိုက်လံဖြေကြားလိုက်သည်။

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”

သို့သော်လည်း ဖြစ်ပျက်တော့မည့် ကိစ္စရပ်များကို ကြားလိုက်ရသောအခါ သူ၏ ရင်ထဲတွင်မူ အခြားသော အကြံအစည်များ ရှိနေခဲ့သည်။

ဤသည်မှာ ထန်မိသားစုအတွက် ချင်းယန်ဇီကို ဖယ်ရှားပစ်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်လာနိုင်ပေသည်။

…

ရက်အနည်းငယ် ကုန်လွန်သွားခဲ့လေသည်။

လင်းဖန်၏ ကျင့်ကြံခြင်းမှာ ချောမွေ့စွာ တိုးတက်နေခဲ့ပြီး ယခုအခါ သူ၏ ချီစွမ်းအင်ပမာဏမှာ ယန်ရိုက်ချက်ကို ဆယ်ကြိမ်တိုင်တိုင် အသုံးပြုနိုင်သည့်အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူသည် ချီစုစည်းမှုအဆင့် အဆင့်နှစ်သို့ ချိုးဖျက်ဝင်ရောက်သွားပြီဟု တွက်ချက်လိုက်သည်။

သူ ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့သည်မှာ တစ်လသာ ရှိသေးသည်ကို ထည့်တွက်ကြည့်ပါက ဤတိုးတက်မှုအရှိန်မှာ အံ့မခန်းပင်။

ဤအခြေအနေကြောင့် လင်းဖန်သည် နောက်ဆုံးတွင် တောနက်ထဲသို့ ပိုမိုဝင်ရောက်ရန် အဆင်သင့်ဖြစ်ပြီဟု ခံစားလိုက်ရသည်။

သူသည် လိုအပ်သော ပစ္စည်းများဖြစ်သည့် တူ၊ ပုဆိန်နှင့် ဆေးလုံးများကို ယူဆောင်လိုက်သည်။

သူ၏ အသက်ရှင်သန်မှုကို အာမခံနိုင်မည့် အရာအားလုံးကို ပြင်ဆင်လိုက်ခြင်းပင်။

ပုံမှန် ထင်းခုတ်နေကျနေရာကို ကျော်လွန်သွားသောအခါ သူသည် သစ်ပင် ပင်စည်များပေါ်တွင် အမှတ်အသားများ စတင်ပြုလုပ်ခဲ့သည်။

သူ ရှေ့သို့ ဆက်သွားလေလေ ပတ်ဝန်းကျင်မှာ ပိုမိုမှောင်မိုက်ကာ ပို၍ ခြောက်ခြားဖွယ် ကောင်းလာလေသည်။

အဝေးဆီမှ အူသံများနှင့် ဟိန်းဟောက်သံများကို လင်းဖန် ကြားနေရသည်။

ရှပ်…

သစ်ရွက်များ လှုပ်ခတ်သွားသော အသံကြောင့် လင်းဖန်သည် ခြေလှမ်းများကို ချက်ချင်း ရပ်တန့်လိုက်သည်။

သူသည် တောယုန်၏ အကြားအာရုံကို လျင်မြန်စွာ အသက်သွင်း၍ အာရုံစိုက်ကာ နားစွင့်လိုက်သည်။

ချုံပုတ်များတစ်လျှောက် အမွှေးကြမ်းများ ပွတ်တိုက်သွားလေသည်။

ထိုသားရဲသည် အူဟစ်နေသည်ကို ရပ်တန့်လိုက်ပြီး ဖြည်းညှင်းစွာ အသက်ရှူနေခဲ့သည်။

၎င်းက လင်းဖန်အပေါ်သို့ ခုန်အုပ်ရန် ပြင်ဆင်နေခြင်းပင်။

All Chapters