ဒီလက်သီးကြောင့် ခင်ဗျား သေသွားနိုင်တယ်
Vol. 14 Ch. 196
“လက်ဝှေ့ချန်ပီယံကို အနိုင်ယူနိုင်တဲ့ လူမျိုး တရုတ်မှာ ရှိလား”
“မင်း ဒါကို ဝတ္ထုများ ထင်နေလား၊ အဲ့လောက် စိတ်ကူးယဉ်ဆန်တာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“ဟူး တရုတ်ကွန်ဖူးက အဲ့လောက် အားနည်းတာလား”
တရုတ်လူမျိုးများ ကြိတ်မှိတ်လက်ခံနေရချိန်တွင် နိုင်ငံခြားသားများက ဂုဏ်ယူမှုအပြည့်နှင့် ဟစ်အော်နေ၏။
“ရှုနန် ဒါက ရက်စက်မှန်း သိပါတယ်၊ ဒါပေမဲ့ အမှန်တရားဆိုတာက ရက်စက်တယ်”
လုချောင်းက အနည်းငယ် စိတ်ဓာတ်ကျနေသော ရှုနန်ကို ပြောလေသည်။
တရုတ်ကွန်ဖူးပညာ၌ နက်ရှိုင်းသော အခြေခံများ ရှိသည်။ အစစ်အမှန်ဖြစ်စေ၊ အတုအယောင်ဖြစ်စေ ၎င်းက တရုတ်လူမျိုးတို့၏ ယုံကြည်ရာနှင့် ဂုဏ်ယူရာ ကဏ္ဍတစ်ခု ဖြစ်သည်။ ထိုဂုဏ်က သူတို့အရှေ့၌ ကျဆင်းသွားသောအခါ သူတို့၏ စိတ်တွင် အတော်လေး သက်ရောက်လေသည်။
“တရုတ်ကွန်ဖူးက မင်းတို့ နိုင်ငံခြားသားတွေ သရော်နိုင်တဲ့ အရာမဟုတ်ဘူး”
ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။ ရှုနန်နှင့် အခြားသူများအားလုံး၏ အကြည့်အောက်မှာပင် ရဲ့လင်းချန်က လူအုပ်ထဲမှ ဖြည်းဖြည်းချင်း ထရပ်လေသည်။
ခန်းမထဲမှ အကြည့်များအားလုံးက သူ့ထံ စုဝေးရောက်ရှိလာ၏။
“နင် ရူးနေလား၊ မြန်မြန်ထိုင်”
ရှုနန်၏ အမူအရာက ကြောက်လန့်ဟန်သို့ ပြောင်းလဲသွားပြီး သူ့အား ခပ်မြန်မြန် တီးတိုးပြော၍ သတိပေး လေသည်။
“အဲ့ကောင်က ဘာဖြစ်တာလဲ၊ ဘာလို့ ရုတ်တရက်ကြီး ထရပ်ပြီးတော့ ရူးကြောင်ကြောင်စကားတွေ ပြောရတာလဲ”
*တရုတ်ကွန်ဖူးက မင်း ဝင်ပါလို့ရတဲ့ အရာများ ထင်နေလား၊ ပြီးတော့ ဒီနေရာက နိုင်ငံခြားသားတွေနဲ့ ပြည့်နေတာလေ၊ မင်းအပြုအမူက သူတို့ ဒေါသထွက်အောင် ဆွပေးလိုက်သလို ဖြစ်သွားတာကိုရော သတိထား မိရဲ့လား*
“သူက လက်ဝှေ့ချန်ပီယံနော်၊ ဘာဖြစ်သွားသလဲ နင် မြင်တာပဲလေ၊ နှိမ့်နှိမ့်ချချနေ၊ နင် သူနဲ့ချဖို့ ကြိုးစားနေတာ လို့တော့ ငါ့ကို မပြောနဲ့နော်၊ ဟုတ်လား”
ရှုနန်က ထပ်ပြောသည်။ ရဲ့လင်းချန်က အခြေအနေကို သေသေချာချာ အကဲမဖြတ်နိုင်သည့် သွေးပူသောသူဟု သူမ ခံစားမိနေသည်။
သို့သော် ထိုသို့သောအချိန်မှာပင် မိုဟာမက်အလီ၏ အကြည့်က သူတို့ထံ ကျရောက်လာသည်။
ထိုအကြည့်သည် အတော်လေး မာန်ပါပြီး အခြားသူများ ပြန်ပင်မကြည့်ရဲကြချေ။
လုချောင်းက ရဲ့လင်းချန်ကိုကြည့်ကာ ခေါင်းခါလိုက်ပြီး ရယ်သွေးသွမ်းလေသည်။
*ဒီကောင်လေးက ငယ်လွန်းသေးတော့ မိုက်ရူးရဲဆန်လွန်းတယ်၊ တရုတ်ကွန်ဖူးက လှောင်စရာ မဟုတ်ဘူးဆိုတာ ဘာသဘောလဲ၊ မင်းကိုယ်မင်း ဘာထင်နေတာလဲ၊ ဒီလိုစကားမျိုး ပြောရအောင် ဘယ်သူက မင်းကို လုပ်ပိုင်ခွင့် ပေးလို့လဲ*
ရုတ်ချည်းဆိုသလိုပင် ရဲ့လင်းချန်က ခန်းမ၏ အာရုံစိုက်စရာ ဖြစ်လာပြီး အားလုံး၏ အကြည့်က သူ့အပေါ် ကျရောက်နေသည်။
“သခင်လေးရဲ့ပဲ”
လီထိုက်က ရဲ့လင်းချန်ကို သတိပြုမိသွားသည်။
“ဒါဆို သခင်လေးရဲ့က ဒီကို ရောက်နေခဲ့တာပဲ”
“ရဲ့လင်းချန် ဘာလုပ်တာလဲ”
ရှောင်ဖေးဖေး စိုးရိမ်လာသည်။
“သူက ကွန်ဖူးပညာကို သိတယ်ဆိုတော့ အလီ ရန်စတာကို ကြည့်မနေနိုင်ဘူးနဲ့တူတယ်”
လီထိုက်က စိုးရိမ်စွာ သက်ပြင်းချသည်။
“သိုင်းပညာရှင်တွေမှာလည်း သူတို့မာနနဲ့ သူတို့လေ”
“သူက လက်ဝှေ့ချန်ပီယံကို ယှဉ်နိုင်ပါ့မလား”
ရှောင်ဖေးဖေး နှုတ်ခမ်းကိုက်မိသွားသည်။ သူမ ရဲ့လင်းချန်ကို တားချင်သော်လည်း သည်းခံနေလိုက်ရသည်။
ထိုစဉ် ရှုနန်က ရဲ့လင်းချန်၏ အင်္ကျီစကို ဆွဲထားသည်။
“ရဲ့လင်းချန် စိတ်ထိန်းလေ၊ အဲ့ဒါ လက်ဝှေ့ချန်ပီယံနော်၊ နင် အဲ့ကို တက်သွားဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူး မလား”
“ဟေ့ကောင် မင်း နာမည်ကြီးချင်ရင်လည်း နေရာကို ကြည့်ရွေးသင့်တယ်၊ ငါ မင်းကို သတိပေးလိုက်မယ်၊ ဒါ ပြိုင်ပွဲနေရာနော်၊ မင်း သေရင်သေ၊ မသေရင် ဒုက္ခိတ ဖြစ်မှာ၊ အဲ့အခါကျရင် ဘယ်သူမှ တာဝန်ယူမှာ မဟုတ်ဘူး၊ မင်း ထင်ပေါ်ချင်နေတာဆိုရင် ဒါက မင်းအတွက် နေရာမဟုတ်ဘူး”
လုချောင်းက သရော်ဟန်ဖြင့် ပြောလိုက်သည်။
ရဲ့လင်းချန်က ရှုနန်ကိုကြည့်၍ ပြုံးပြသည်။
“ငါ ကြိုးဝိုင်းထဲ တက်ဖို့ စိတ်ကူးထားတာ၊ စောင့်ကြည့်နေလိုက်ပါ၊ တရုတ်ကွန်ဖူးပညာက သိပ်သန်မာတာ”
ထို့နောက် သူ လက်နောက်ပစ်၍ ကြိုးဝိုင်းဘက်သို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။
ရှုနန်သည် ရဲ့လင်းချန်၏ နောက်ကျောက်ကို ကြည့်ပြီး ရုတ်တရက် မှင်တက်သွားသည်။ သူမ ဆရာသခင် တစ်ယောက်ကို ကြည့်နေရသလို ခံစားလိုက်ရသည်။
ထိုအချိန်တွင် လုချောင်းက စိတ်ထဲမှနေ၍ သရော်နေ၏။
*ထွီ ... ဆက်ပြီး ဟန်လုပ်နေလိုက်စမ်းပါ၊ မင်း ကြွားဝါပြီးရင် အကျိုးဆက်ကို ရင်ဆိုင်ရလိမ့်မယ်*
ရဲ့လင်းချန် လျှောက်လာချိန်တွင် ခန်းမထဲမှလူများ မနေနိုင်ဘဲ ထရပ်မိသည်။ သူတို့က သူ့ကို ကြည့်ပြီး နောက်သို့ ရှဲပေးကာ သူ့အတွက် လမ်းရှင်းပေးကြလေသည်။
မည်သည့်လူမျိုးပင် ဖြစ်စေ သူ့အား တအံ့တဩ ကြည့်နေကြပြီး သူ ရူးများနေသလားဟု တွေးနေကြသည်။
*ဒီကောင်လေးက ကျောင်းသားဆိုတာ သိသာတယ်၊ သူ အလီရဲ့ လက်ချောင်းကိုတောင် ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး*
ထိုအချိန်တွင် တရုတ်လူမျိုး ပရိသတ်အချို့က ရဲ့လင်းချန်အား လေးစားစွာ ကြည့်နေသည်။ ဘာတွေပဲ ဖြစ်နေပါစေ တရုတ်ကွန်ဖူးပညာက နိုင်ငံခြားသားများ လှောင်ရယ်နိုင်သည့် အရာ မဟုတ်ပေ။
ရဲ့လင်းချန်က ပုံမှန်နှုန်းဖြင့် ကြိုးဝိုင်းပေါ်သို့ တစ်လှမ်းချင်း လှမ်းလာသည်။ သူသည် ဟန်လုပ်နေခြင်း မရှိဘဲ သာမန်လူတစ်ယောက်ကဲ့သို့သာ ပြုမူနေ၏။
“သ...သ...သခင်လေးရဲ့”
လီကျင့်သည် ရဲ့လင်းချန် သူ့ကို ကျော်၍ လျှောက်သွားသည်ကို လိုက်ကြည့်နေမိသည်။ သူ့လည်မျို တုန်လာပြီး အပြစ်ရှိသော အမူအရာမျိုး ဖြစ်လာသည်။
“ကျွန်တော် တရုတ်ကွန်ဖူးပညာကို အရှက်ရအောင် လုပ်မိပါတယ်”
“ဘာမှမဖြစ်ဘူး၊ ခင်ဗျားရဲ့ စွမ်းဆောင်ချက်က အတော်လေး ကောင်းပါတယ်”
ရဲ့လင်းချန် ပြုံးလိုက်ပြီး ကြိုးဝိုင်းအလယ်သို့ လျှောက်သွားသည်။ သူသည် အလီအား ကြောက်ရွံ့သော အရိပ်အယောင် မပြဘဲ တည်ငြိမ်စွာဖြင့် မျက်လုံးချင်းဆုံအောင် ကြည့်လိုက်သည်။
ထိုအခိုက်တွင် သူက ဘာမှမပြောင်းလဲသော်လည်း ပွဲကြည့်ပရိသတ်များက တစ်ခုခု ပြောင်းလဲသွားသည်ဟု ထင်မှတ်သွားလေသည်။
အလီက အရပ်ရှည်၍ သန်မာသည်။ ရဲ့လင်းချန်က သူနှင့် ယှဉ်ရပ်လိုက်သောအခါ သေးငယ်သလို ဖြစ်သွားသည်။ သို့သော်လည်း လက်ရှိတွင် ရဲ့လင်းချန်က သန်မာသော အရှိန်အဝါကို ထုတ်လွှတ်နေ၏။ ထိုအရှိန်အဝါက သူ့အား ပို၍ လူကောင်ကြီးစေပြီး လက်ဝှေ့ချန်ပီယံနှင့် ရွယ်တူဟု ထင်မှတ်သွားစေသည်။
သူသည် အလွန် တည်ငြိမ်နေပြီး မသိလျင် သူ့အရှေ့မှာ ရပ်နေသူက လက်ဝှေ့ချန်ပီယံ မဟုတ်ဘဲ သာမန်လူ တစ်ယောက်ဟု ထင်မှတ်ရသည်။
*ဒီယုံကြည်ချက်က ဘယ်ကရလာတာလဲ*
အလီသည် နေရာမှာ ရပ်မြဲအတိုင်း ရပ်၍ ရဲ့လင်းချန်အား လေ့လာနေသည်။ သူ မသိမသာ မျက်မှောင်ကြုတ် သွားသည်။
အမြင်အရဆိုလျင် ရဲ့လင်းချန်၏ ကိုယ်လုံးကိုယ်ပေါက်က သူ့ကို ခြိမ်းခြောက်မှု မဖြစ်စေပါ။ ထို့အပြင် သူ့ခန္ဓာကိုယ်က သာမန်မျှသာ ဖြစ်သည်။ သူ့တွင် ကြွက်သားများ အမြောင်းလိုက် မထနေသဖြင့် လေ့ကျင့် ထားသည် နှင့်လည်း မတူချေ။
သူသည် ပြိုင်ပွဲတွင် မထိုးသတ်ဖူးဘဲ သာမန်ရန်ပွဲများတွင်သာ ပြဿနာတက်လေ့ရှိသည့် သာမန် တက္ကသိုလ် ကျောင်းသား တစ်ယောက်ပင်။
*အဆင်အခြင် မဲ့လိုက်တာ*
*ငါ လက်ဝှေ့မထိုးတာ ကြာနေပြီးတော့ စိတ်ပျော့လာလို့ ဒီငပျော့တွေက ငါ့ကို လွယ်တဲ့ကောင်လို့ ထင်နေကြ တာလား*
“ဒါရိုက်တာလီ၊ လင်းချန် ... သူ အဆင်ပြေမှာပါနော်”
ရှောင်ဖေးဖေးက နှုတ်ခမ်းကိုက်၍ မေးလေသည်။
“စိတ်အေးအေးထားပါ၊ ပြဿနာ ဖြစ်မယ့် အရိပ်အယောင် မြင်တာနဲ့ ငါ အဲ့ကို ပြေးတက်သွားမယ်၊ ငါ သခင်လေးရဲ့ကို ဘာတစ်ခုမှ အဖြစ်မခံနိုင်ဘူး”
လီထိုက်က အလေးအနက် ပြန်ပြောပြီး ကြိုးဝိုင်းကို အာရုံစိုက်၍ ကြည့်နေသည်။
“လီကျင့်နဲ့ ကျန်တဲ့သူတွေလည်း အနားမှာပဲ ရှိနေတာပဲ၊ သူတို့ အလိုက်သင့် လှုပ်ရှားလိမ့်မယ်”
“အင်း”
ရှောင်ဖေးဖေး ခေါင်းညိတ်လိုက်သည်။
အလီက ရဲ့လင်းချန်ကို စိုက်ကြည့်နေပြီးနောက် အေးစက်စွာ ပြောလာသည်။
“ကောင်လေး ဒီပြိုင်ကွင်းနေရာက မင်းကစားရမယ့် နေရာ မဟုတ်ဘူး၊ မင်းအသက်ကို ဆုံးရှုံးကောင်း ဆုံးရှုံး သွားနိုင်တယ်၊ ဒါ ငါ မင်းကို နောက်ဆုံးအကြိမ် သတိပေးတာပဲ၊ အခုချက်ချင်း ဒီနေရာကနေ ထွက်သွားလိုက်”
သူ မရေတွက်နိုင်သော ပြိုင်ပွဲများကို ဖြတ်ကျော်ဖူးသည်။ သူ့အရှိန်အဝါတစ်ခုတည်းကပင် အခြေအနေတစ်ခုသို့ ရောက်နေလေပြီ။ သူ ဘာမှမလုပ်ဘဲ နေလျင်တောင်မှ သာမန်လူဆိုလျင် သေမတတ် ကြောက်သွား လောက်သည်။
သို့သော်ငြားလည်း ရဲ့လင်းချန်က တည်ငြိမ်မြဲ တည်ငြိမ်နေပြီး ပြန်ပြောလိုက်သည်။
“ခင်ဗျား တရုတ်ကွန်ဖူး အစစ်ကို မမြင်ဖူးသေးဘူးလို့ ကျုပ် ထင်တယ်၊ ဒါကြောင့် ခင်ဗျား ဒီလို တင်စီးလွန်းနေတာ၊ ခင်ဗျားလို မောက်မာတဲ့လူက အကြောက်အလန့် မဲ့တာပဲ”
ထိုစကားများက ချက်ချင်း လူအုပ်ကြီးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။
လီထိုက်တောင်မှ မျက်လုံးပြူးသွားပြီး မသက်မသာဖြင့် ထရပ်လေသည်။
ရဲ့လင်းချန်၏ ရဲတင်းမှုက လွန်လွန်းလှသည်။ ဤသည်က ကိုယ့်သေတွင်း ကိုယ်တူးတာနှင့် မထူးခြားနားပင်။
“ယီးပဲ အဲ့တရုတ်ကောင်လေးက ဘယ်သူလဲ၊ သူ သေချင်နေတာလား”
“ဟားဟား သူက လက်ဝှေ့ချန်ပီယံကို ရန်စနေတာပဲ၊ ငါတို့ အဲ့ကောင်ကို သင်ခန်းစာ ပေးကိုပေးမှရမယ်”
“လက်ဝှေ့ချန်ပီယံ သူ့ကို နင်းချေလိုက်၊ သူ့ကို ရိုက်နှက်ပစ်လိုက်”
နိုင်ငံခြားသားများက ဒေါသတကြီး အော်ဟစ်နေပြီး တရုတ်လူမျိုးများက ရဲ့လင်းချန်ကို စိုးရိမ်သော အကြည့်ဖြင့် ကြည့်နေကြသည်။
အလီ၏ မျက်လုံးများသည်လည်း ကျဉ်းမြောင်းလာပြီး သူ့ထံမှ အေးစက်စက် အငွေ့အသက် ထွက်ပေါ်လာသည်။ ယင်းက သူ့ဒေါသကို ဖော်ပြနေခြင်းပင်။
“ငါ့မှာ အားနည်းသူကို အနိုင်ကျင့်တတ်တဲ့ အကျင့် မရှိဘူး၊ ဒါပေမဲ့ ဒါက ငပျော့ကောင်တွေ င့ါရှေ့မှာ မထီလေးစား လုပ်လို့ရတယ်လို့ မဆိုလိုဘူး”
အလီ လှုပ်ရှားလာသည်။ သူ့တစ်ကိုယ်လုံးမှ အဆစ်များ တကျွတ်ကျွတ် မြည်လာသံကို ကြားလာရသည်။ သူ၏ ကြီးမားသော ခန္ဓာကိုယ်က ရဲ့လင်းချန်ထံသို့ ရွေ့လျားလာ၏။
“မင်း အရင် စတိုက်”
ရဲ့လင်းချန် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ကျုပ် ဒီမှာပဲ ရပ်နေမယ်၊ ခင်ဗျား ကျုပ်ကို ခြေလှမ်းတစ်ဝက်လောက် နောက်ဆုတ်အောင် လုပ်နိုင်ရင် ကျုပ် ရှုံးတယ်၊ ကျုပ်သာ တိုက်ခိုက်မယ်ဆိုရင် ဒီလက်သီးကြောင့် ခင်ဗျား သေသွားနိုင်တယ်”