← Chapters

တရုတ်ကွန်ဖူးပညာကြောင့် ဂယက်ရိုက်ခြင်း

Vol. 14 Ch. 197

တရုတ်ကွန်ဖူးပညာကြောင့် ဂယက်ရိုက်ခြင်း

Vol. 14 Ch. 197

ဝိုး...

လူတိုင်း ကိုယ့်နားကိုယ်ပြန်ပွတ်နေကြပြီး နားကြားမှားသည်ဟု ထင်သွားကြလေသည်။

ရဲ့လင်းချန်၏လေသံက လက်ဝှေ့ချန်ပီယံ၏ လေသံနှင့် ထပ်တူပင်။

နှစ်ယောက်လုံးက တစ်ဖက်လူ စလှုပ်ရှားသည်ကို စောင့်နေကြသည်။

သို့သော် မိုဟာမက်အလီ၏ စကားက ယုံကြည်စရာကောင်းပြီး ရဲ့လင်းချန်၏ စကားက ဟာသလိုပင်။

“ဒီလူ ရူးနေတာပဲ ဖြစ်မယ်”

နိုင်ငံခြားသားများသာမက လီထိုက်တို့သည်လည်း အံ့ဩနေကြလေသည်။

“အဟွတ် အဟွတ် အဟွတ်”

ရှောင်ဖေးဖေး စိတ်ဖိစီးမှုကြောင့် အသည်းအသန် ချောင်းဆိုးလာပြီး မျက်နှာက ချက်ချင်း ဖြူရော်လာသည်။

စင်ပေါ် တက်သွားစဉ်က ရဲ့လင်းချန်၏ ပုံစံကို သူမ ပြန်အမှတ်ရမိသည်။ သူက ဘယ်သောအခါမှ ပြန်မလာနိုင်တော့သည့် စစ်သည်တော်တစ်ယောက်၏ အသွင်မျိုး ပေးစွမ်းနေသည်။ သူသည် တရုတ်ကွန်ဖူး အတွက် သေဘေးနှင့် ရင်ဆိုင်ရဲနေ၏။

“မင်းက သေချင်နေမှတော့ ငါ့ကို အဆိုးမဆိုနဲ့တော့”

အလီ၏ မျက်နှာအမူအရာ မည်းမှောင်လာသည်။ သူ့စိတ်သည် အစကတည်းက ပေါက်ကွဲနေပြီး ဖြစ်သည်။ ထပ်ခါထပ်ခါ ရန်စခံလာရသဖြင့် သူ့သည်းခံမှုက ကုန်ဆုံးသွားလေပြီ။

ထိုသို့ပြောပြီး သူက ‌ရှေ့သို့ တစ်လှမ်းတိုးလာပြီး ရဲ့လင်းချန်၏ ပခုံးကို ဆုပ်ကိုင်လိုက်သည်။

သိမ်းငှက်တစ်ကောင်က ကြက်ကိုသုတ်သကဲ့သို့ ရဲ့လင်းချန်ကို ကိုင်မ၍ ကြိုးဝိုင်းအပြင်သို့ ပစ်ထုတ်ရန် ပြင်လေသည်။

တရုတ်နိုင်ငံတွင်းတွင် သူ့အပြုအမူကို သတိထားရမည်ဖြစ်ပြီး သေအောင် လုပ်၍ မရချေ။ သို့သော် သူ့အကန့်အသတ်ထဲ၌ ရှိနေသေးသဖြင့် သူ ရဲ့လင်းချန်ကို နှိပ်စက်၍ လှောင်ပြောင်နိုင်၏။

သို့သော် သူ့လက်က ရဲ့လင်းချန်၏ ပခုံးကို ထိသွားသည်နှင့် သူ ခေါင်းခြောက်သွားသည်။

ရဲ့လင်းချန်၏ ခန္ဓာကိုယ်က ပြိုင်ကွင်းတစ်ခုလုံးနှင့် ပေါင်းစပ်၍ အမြစ်တွယ်နေသည်ဟု ထင်မှတ်ရသည်။ သူ မည်မျှ ကြိုးစား၍ တွန်းပါသော်လည်း ရဲ့လင်းချန်က လှုပ်ပင်မလှုပ်ချေ။

ထိုသို့သောအချိန်၌ အလီ၏ စိတ်ထဲ၌ ကူကယ်ရာမဲ့သော ခံစားချက် အမြစ်တွယ်လာပြီး ရဲ့လင်းချန်ကို ရွေ့အောင်လုပ်သည်က မဖြစ်နိုင်ဟု ခံစားမိလာသည်။

အလီ၏ မျက်နှာထားက လေးနက်လာပြီး တည်ငြိမ်နေသော လူငယ်လေးအား တအံ့တဩ ကြည့်ကာ စိတ်ရှုပ်ထွေးလာ၏။

“အလီ အလီ အလီ”

ကြိုးဝိုင်းအောက်မှ နိုင်ငံခြားသားများသည် ဘာဖြစ်လာမလဲ ကြိုမြင်နေကြသည်။ သူတို့က အရူးအမူး အော်ဟစ် အားပေးကာ ရဲ့လင်းချန် ကြိုးဝိုင်းထဲမှ ပစ်ထုတ်ခံရမည်ကို မျှော်လင့်နေလေသည်။

အချိန်တရွေ့ရွေ့ ကုန်လာသည်နှင့် အားပေးသံများ ပျောက်ကွယ်လာပြီး လူအုပ်ကြီး၏ မျက်နှာတွင် အံ့ဩဟန်တို့ ပေါ်လာ၏။

“ဘာဖြစ်တာလဲ၊ ဘာလို့ အလီက မလှုပ်တော့တာလဲ”

“အလီ သည်းခံမနေနဲ့၊ သူ့ကို လက်ဝှေ့ချန်ပီယံတစ်ယောက်ရဲ့အစွမ်းအကြောင်း ပြလိုက်”

“ဟုတ်တယ် အဲ့ကောင်ကို သင်ခန်းစာ ပေးလိုက်”

...

အချိန်တစ်ချို့ ကြာသောအခါ ဘာမှဖြစ်မလာသဖြင့် နိုင်ငံခြားသားများ ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။

“အားနည်းလိုက်တာ၊ လက်ဝှေ့ချန်ပီယံ တစ်ယောက်ရဲ့ အစွမ်းဆိုတာ ဒါပဲလား”

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း ရင်ဒိန်းခနဲ ခုန်သွားကာ တအံ့တဩ စိုက်ကြည့်ကြသည်။

*ဒီတင်စီးပြီး မောက်မာတဲ့ စကားက ... အဲ့လူငယ်လေးဆီက လာတာလား*

“မင်း သေချင်နေတာပဲ”

အလီ၏ မျက်နှာက နီရဲလာပြီး ခက်ထန်စွာ အော်ဟစ်လေသည်။

သူ့တစ်ကိုယ်လုံးမှ ကြွက်သားများ ကြွတက်လာပြီး ကြွက်သားများ တဖျစ်ဖျစ် မြည်လာသံကို တိတ်ဆိတ်နေသော ပတ်ဝန်းကျင်၌ လူတိုင်း ကြားလာရသည်။

ထိုအခိုက်တွင် အလီ၏ အရှိန်အဝါက ဆက်လက် ကြီးထွားလာပြီး သူ့ခန္ဓာကိုယ်က ပိုကြီးလာသည်ဟုပင် ထင်မှတ်ရသည်။

“လက်ဝှေ့ချန်ပီယံ ဒေါသထွက်နေပြီ”

“အဲ့ကောင်တော့ သေပြီ၊ ဒီလက်သီးက လက်ဝှေ့ချန်ပီယံ သူ့တစ်ကိုယ်လုံးက ခွန်အားတွေကို စုစည်းထားတဲ့ အားအပြည့်ပါတဲ့ လက်သီးပဲ၊ သူ အနားမယူခင်တုန်းက အဲ့လက်သီးနဲ့ သူ့ပြိုင်ဘက်ရဲ့ လက်သီးကို ချေမှုန်းဖူးတယ်”

“ကြောက်ဖို့ကောင်းလိုက်တာ၊ ဒါ သူ့ခွန်အားအကုန်ပဲ၊ ဒါနဲ့သာ ထိုးမိလို့ကတော့ မတွေးဝံ့စရာပဲ”

ရဲ့လင်းချန် မသိမသာ မျက်မှောင်ကြုတ်သွားသည်။

“ခင်ဗျားကြွက်သားတွေကို ဒီလောက်အထိ ဖြစ်လာအောင် လေ့ကျင့်နိုင်တာပဲ၊ မဆိုးဘူး”

“ဒါပေမဲ့ လက်ဝှေ့ပညာနဲ့ ကွန်ဖူးပညာက အလှမ်းကွာလွန်းနေသေးတယ်၊ ဒီနေ့ ခင်ဗျားကို ကျုပ် မြည်းစမ်းခွင့် ပေးမယ်”

ထိုသို့ပြောပြီး ရဲ့လင်းချန်ကလည်း လက်သီးဖြင့် ထိုးလေသည်။

သူ့လက်သီးက အားပျော့ပုံပေါ်ပြီး အရှေ့သို့ ပေါ့ပါး ငြိမ့်ညောင်းစွာ ရွေ့လျားလာသည်ဟု ထင်ရသည်။ သို့သော် ၎င်းက အခြားသူများကို အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်၌ ရှိနေသည်ဟု ခံစားရစေသည်။

“ဒုန်း”

လက်သီးချင်း ထိုးနှက်မိသွားကြသည်။ ပြင်းထန်သော အသံတစ်သံကို ကြားလိုက်ရသည်။

အလီသည် ရဲ့လင်းချန်၏ လက်သီးမှနေ၍ သူ့ခန္ဓာကိုယ်ထဲသို့ အပူလှိုင်း တိုးဝင်လာသည်ဟု ခံစားလိုက်ရသည်။

ဤခွန်အားနှင့် ရင်ဆိုင်ရသောအခါ သူသည် ရေထဲမှ ဘဲစာပင်သဖွယ် ရေစီးနှင့်အတူ မျောလွင့်သွားလေသည်။

“ဘုန်း ဘုန်း ဘုန်း”

သူ သုံးမီတာမျှ လွင့်ထွက်သွားသည်။ သူ အလန့်တကြားဖြင့် နည်းနည်းလေးမှ မရွေ့သော ရဲ့လင်းချန်ကို လှမ်းကြည့်လိုက်သည်။

*သန်မာလွန်းတယ်*

သူ့တစ်ကိုယ်လုံး ချွေးပြန်လာသည်။ ချက်ချင်းဆိုသလိုပင် သူ့အသက်အန္တရာယ် ခြိမ်းခြောက်ခံလိုက်ရသလို ခံစားလိုက်ရပြီး သူ့အသက်က ရဲ့လင်းချန်၏ လက်ထဲ၌ ရှိနေပြီး အချိန်မရွေး သူ့ကို ရှင်းထုတ်နိုင်သည်ဟု ခံစားနေရသည်။

“ဂျွတ်”

ထိုစည် အလီ၏အနောက်မှ တိုင်က အက်ကွဲသံ ပေါက်လာပြီး ပျက်စီးသွားလေသည်။

ရဲ့လင်းချန်က လက်သီးကို ပြန်ရုတ်၍ အလီအား တိတ်ဆိတ်စွာ ကြည့်နေသည်။

“ကျုပ်တို့ ဆက်တိုက်သင့်သလား”

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ကြိုးဝိုင်းထဲမှ အလီဖြစ်စေ၊ ကြိုးဝိုင်းအောက်မှ နိုင်ငံခြားသားများနှင့် တရုတ်လူမျိုးများ ဖြစ်စေ အားလုံး ကြောက်လန့်၍ တောင့်တင်းကာ ပြောစရာစကားမဲ့နေ၏။ ဤသည်ကလည်း လက်သီးတစ်ချက် တည်းကြောင့်ပင်။

ထိုလက်သီးက အလီကို မထိခိုက်စေသော်လည်း ၎င်း၏ ခွန်အားက လူတိုင်းကို အတော်လေး တုန်လှုပ်စေသည်။

“ဒီလက်သီးကြောင့် ခင်ဗျား သေသွားနိုင်တယ်”

ရဲ့လင်းချန်၏ စကားက သူတို့၏ အတွေးထဲ၌ ပဲ့တင်ထပ်နေဆဲပင်။ သို့သော် ယခုတစ်ခေါက်၌ ပိုကြည်လင်၍ ပြတ်သားနေသလိုပင်။

ရဲ့လင်းချန် အားကို ထိန်းထားမှန်း သိသာလှသည်။ သို့မဟုတ်ပါက သူ သေကောင်းသေသွားနိုင်၏။

*ဒါ တရုတ်ကွန်ဖူးလား*

*ဒါ လူသားတစ်ယောက် ပိုင်ဆိုင်နိုင်တဲ့ ခွန်အား ဟုတ်ရဲ့လား*

အထူးသဖြင့် ရဲ့လင်းချန်က ပေါ့ပါးသွက်လက်သော လက်သီးတစ်လုံးကိုသာ ပစ်သွင်းလိုက်ခြင်းပင်။ ယင်းက ဘာအားမှ ပါသည်ဟု မထင်ရဘဲ ခြင်ကို ရိုက်သကဲ့သို့ ပေါ့ပါးလွန်းလှသည်။

ရှုနန်သည်လည်း အနည်းငယ် ပါးစပ် အဟောင်းသား ဖြစ်သွားပြီး ထိတ်လန့်မှုကြောင့် စကားမပြောနိုင် ဖြစ်သွားလေသည်။

ရှောင်ဖေးဖေး၏ လှပသော မျက်ဝန်းများ ကျယ်ဝန်းလာပြီးနောက် နောက်ဆုံးတွင် စိတ်အေးသလို သက်ပြင်းချပြီး ရဲ့လင်းချန်အား ထိတ်လန့်မှုနှင့် ပျော်ရွှင်မှုတို့ ရောပြွမ်းနေသော အကြည့်ဖြင့် ကြည့်ကြသည်။

တစ်ဖက်တွင်မူ လုချောင်းသည် ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေပြီး တစ်ကိုယ်လုံး ထိန်းမရအောင် တုန်ယင်နေကာ ရဲ့လင်းချန်အား အလန့်တကြား ကြည့်လေသည်။ ရဲ့လင်းချန်ရှေ့၌ သူ ဘယ်လို ပြုမူခဲ့သလဲ ပြန်တွေးမိပြီးနောက် ချွေးပြန်လာရသည်။

“ဒါ တရုတ်ကွန်ဖူးလား”

“ဘုရားသခင်”

“ရူးချင်စရာ ကောင်းတာပဲ”

နိုင်ငံခြားသားများ အတွေးအမြင် ပြောင်းလဲကုန်သည်။ သူတို့အားလုံး ပြောမပြတတ်လောက်အောင် ထိတ်လန့် ကုန်သည်။

ရဲ့လင်းချန်က လက်နောက်ပစ်၍ ရပ်နေပြီး ဘာခံစားချက်မှမရှိဟန် ပြနေ၏။

သူ့အတွက် လက်ဝှေ့ချန်ပီယံကို အနိုင်ယူခြင်းက သာမန်ကိစ္စတစ်ခုလိုပင်။ သူ၏ ရှစ်ဆပြင်းထန် သားရဲ လေ့ကျင့်ရေးနှင့် အရဟာ လက်သီးစွမ်းအင်တို့ကြောင့် သူ၏ အတိုက်အခိုက်က လူသားတစ်ယောက်၏ အကန့်အသတ်ထက် ကျော်လွန်နေလေပြီ။

သူ ပါရမီရှင်စနစ်ကို ရပြီးကတည်းက သူသည် အခြားသော လူသားများနှင့် မတူကွဲပြားရန် ကံပါလာပြီ ဖြစ်သည်။

“နင် ဒီလောက် အံ့ဩဖို့ကောင်းလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

ရှုနန်က ရဲ့လင်းချန် အနားသို့ ရောက်လာသည်နှင့် တလက်လက် တောက်ပသော မျက်လုံးများဖြင့် ကြည့်နေသည်။

“ဒီတစ်ခါတော့ နင် ငါတို့နိုင်ငံ ဂုဏ်တက်အောင် တကယ် ကူညီလိုက်နိုင်တာပဲ”

ရဲ့လင်းချန် ရယ်လိုက်ပြီးနောက် ဘေး၌ စိုးရိမ်တုန်လှုပ်စွာ ရပ်နေသည့် လုချောင်းအား သာမန်ကာလျှံကာ အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူသည် ပြည်ပယဉ်ကျေးမှုကို အရူးအမူး လိုက်စားပြီး မိမိ ယဉ်ကျေးမှုကို လျစ်လျူရှုထားသည့် ထိုလူများနှင့် သူ စကားပြောချင်စိတ် မရှိသဖြင့် ထွက်လာလိုက်သည်။

“သခင်လေးရဲ့”

လီထိုက်က သူ့အနားသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။

သူသည် ရဲ့လင်းချန်အား တွေဝေသော အကြည့်ဖြင့် ကြည့်နေပြီး ရဲ့လင်းချန်ကို သူ နားလည်ခဲ့သမျှက ပင်လယ်ထဲ မျောနေသော ရေခဲစိုင်၏ ထိပ်ဖျားမျှသာ ရှိသေးကြောင်း သတိပြုမိသွားသည်။

သူ၏ လူနှင့်မတူသော အရည်အချင်းများနှင့်ဆိုလျင် မည်သည့်ဘွဲ့ထူးမဆိုကို အသာလေး ရနိုင်ပေသည်။

“ဒုန်း”

ရုတ်တရက် ပြိုင်ကွင်းထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။

မိုဟာမက်အလီ၏ မိုးထိုးနေသော ခန္ဓာကိုယ်က ရဲ့လင်းချန်၏ အနောက်၌ ဒူးထောက်လာသည်။ သူ့မျက်လုံးများက ရဲ့လင်းချန်၏ ကျောပေါ်သို့ ကျရောက်နေ၏။

“ငါ့ကို မသတ်လိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒီနေ့ ငါ တကယ့် တရုတ်ကွန်ဖူးပညာကို မြင်လိုက်ရပြီ၊ ပြီးတော့ ငါက ရေတွင်းထဲက ဖားသူငယ် ဖြစ်နေခဲ့တာကို သိလိုက်ရပါပြီ၊ ကျုပ်ကို တပည့်အဖြစ် လက်ခံပေးဖို့ တရုတ်နိုင်ငံက ဆရာ့ကို တောင်းဆိုပါတယ်၊ ကျုပ်ကို ကွန်ဖူး သင်ပေးပါ”

ထိုသို့ပြောပြီး သူက ကြမ်းပြင်နှင့် ခေါင်းကို ခပ်ပြင်းပြင်း သုံးကြိမ်တိုက် ဦးညွှတ်သဖြင့် တဒုန်းဒုန်းအသံများ ထွက်ပေါ်လာသည်။

“ကျုပ်တို့လည်း တရုတ်ကွန်ဖူးပညာကို သင်ချင်ပါတယ်၊ ဆရာ ကျေးဇူးပြုပြိး ကျုပ်တို့ကို သင်ပေးပါ”

နိုင်ငံခြားသားများက သူတို့ သင်ယူထားသော တရုတ်ဘာသာစကားဖြင့် ပြိုင်တူ ပြောလာကြသည်။ လက်သီးချက် တစ်ချက်တည်း ဖြစ်သော်လည်း တရုတ်ကွန်ဖူးပညာက သူတို့ကို အထင်ကြီးလာအောင် လုပ်နိုင်ခဲ့ပြီး သူတို့စိတ်ထဲ၌ မမေ့နိုင်သော မှတ်ဉာဏ်တစ်ခု ကျန်ရစ်စေခဲ့သည်။

တရုတ်ကွန်ဖူးသည် နောက်တစ်ကြိမ် ကမ္ဘာပေါ်၌ လူသိများလာပေတော့မည်။

“ဒါရိုက်တာလီ ခင်ဗျား အလီကို သွားပြောလိုက်ပါ၊ တကယ်လို့ သူ တရုတ်ကွန်ဖူးပညာကို သင်ချင်တယ်ဆိုရင် ဟော်ရန်ကျားရဲ့ ရိုက်ကူးရေးထဲ ဝင်ရမယ်လို့”

ထို့နောက် သူသည် မြေအောက်ပြိုင်ပွဲမှ ချက်ချင်း ထွက်လာလိုက်သည်။

All Chapters