← Chapters

ရှောင်ဖေးဖေး နေမကောင်းဖြစ်ခြင်း

Vol. 14 Ch. 198

ရှောင်ဖေးဖေး နေမကောင်းဖြစ်ခြင်း

Vol. 14 Ch. 198

“အစ်မဖေးဖေး အစ်မလည်း ဘာလို့ ဒီကို ရောက်နေတာလဲ”

မြေအောက်ပြိုင်ကွင်းမှ ထွက်လာပြီးနောက် ရဲ့လင်းချန်က ရှောင်ဖေးဖေးကို ထူးဆန်းသလို ကြည့်နေသည်။

“ဘာလို့လဲ နင် အံ့ဩသွားလား”

ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို စိတ်ပျက်သလို အကြည့်လွှဲသွားလေသည်။

“အခုတလော နင် ငါ့ကိုတောင် လာမရှာဘူး၊ နင် ငါ့ကို မေ့နေတာလား”

“ဘယ်လိုလုပ် အဲ့လို ဖြစ်မှာလဲ၊ အစ်မဖေးဖေးက ဒီလောက် လှတာကို၊ ကျွန်တော့်အတွက် အစ်မကို မေ့ဖို့ မဖြစ်နိုင်ပါဘူး”

ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။

“အခုတလော ငါ့မှာ ဘာမှလုပ်စရာ သိပ်မရှိဘူးလေ၊ နင် ပြဿနာအချို့ ကြုံနေရတယ်လို့ ကြားလို့ ငါ ဒါရိုက်တာလီနဲ့ လိုက်လာပြီး လာကြည့်တာ”

ရှောင်ဖေးဖေးက ပြောလေသည်။ ထို့နောက် သူမ အကြိမ်အနည်းငယ်မျှ ချောင်းဆိုးလာသည်။

“အစ်မ နေမကောင်းဘူးလား”

ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။ ထိုအခါတွင်မှ ရှောင်ဖေးဖေး မောပန်းနွမ်းနယ်ပုံ ပေါ်နေသည်ကို သူ သတိထားမိသွားလေသည်။ သူမမျက်လုံးများက ညှိုးနေပြီး ပင်ပန်းနွမ်းလျပုံ ပေါ်နေ၏။

“ဖေးဖေးက နေလို့မကောင်းလို့ အခုတလော အလုပ်တွေအားလုံး ငြင်းပယ်ထားတာ”

အစ်မလင်းက စိုးရိမ်နေသော အသံဖြင့် ရှင်းပြလေသည်။

“ဒါ ရိုးရိုး အအေးမိတာလေးပါ၊ ငါ ဆရာဝန်နဲ့ ပြပြီးလို့ သောက်ဆေးလည်း ရထားပြီးပြီ၊ နင် စိတ်ပူစရာ မလိုပါဘူး”

ရှောင်ဖေးဖေးက အပြုံးနှင့် လက်ခါယမ်းသည်။

“နင် စိတ်ပူစရာ မလိုပါဘူး၊ ဟော်ရန်ကျားက မကြာခင် ရုံတင်တော့မှာလေ၊ အဲ့ဒါက ပိုအရေးကြီးတယ်”

ရဲ့လင်းချန်က ရှောင်ဖေးဖေး၏ အခြေအနေကို သေချာကြည့်ပြီးနောက် လက္ခဏာများက သာမန်တုပ်ကွေး၏ လက္ခဏာများ ဖြစ်သည်ကို သတိထားမိသွားမှ စိတ်အေးသွားရသည်။

တစ်ချိန်တည်းမှာပင် သူ ကြည်နူးမိသွားလေသည်။ အစ်မဖေးဖေးက ဤအတောအတွင်း သူ့ကို စိတ်ပူနေခဲ့ပေသည်။

သိပ်မကြာခင်မှာပင် လီထိုက်က အလီကိုခေါ်၍ လိုက်လာသည်။

ရဲ့လင်းချန်ကို မြင်သောအခါ အလီက ချက်ချင်း ဦးညွှတ်လေသည်။

ရဲ့လင်းချန်သာ ပြိုင်ကွင်း၌ ထိန်းမထားခဲ့ပါက သူ သေသွားလောက်သည်။ လက်ဝှေ့ချန်ပီယံ တစ်ယောက် ဖြစ်သောကြောင့် သူသည် ခွန်အားကိုသာ လေ့လာလိုက်စား၍ လေးစားလေသည်။ ယခုအချိန်၌ သူ့စိတ်ထဲတွင် ရဲ့လင်းချန်အပေါ် လေးစားစိတ်တို့သာ စိုးမိုးနေ၏။

“အရင်က ကျုပ်ရဲ့ မောက်မာစိတ်ကြောင့် တရုတ်ကွန်ဖူးအပေါ် အထင်သေးခဲ့မိတယ်၊ ကျုပ် အမှားလုပ်ခဲ့ မိပါတယ်”

အလီက ပြောသည်။

“ဆရာ ဒီတပည့် ဂါဝရပြုတာကို လက်ခံပေးပါ”

ထိုသို့ပြောပြီး သူက ချက်ချင်း ရဲ့လင်းချန်ရှေ့၌ ဒူးထောက်လေသည်။ သို့သော် သူ ကိုယ်ကိုကိုင်းလိုက်စဉ်တွင် ရဲ့လင်းချန်၏ လှမ်းထိန်းခြင်း ခံလိုက်ရသည်။

သူ့ခန္ဓာကိုယ်သည် အနည်းဆုံး ကီလိုဂရမ် သုံးရာမျှ ရှိသည်။ သူ့လှုပ်ရှားမှု၌ စိုက်ထုတ်ထားပါ ပေါင်းလိုက်လျင် ပို၍ လေးသေးသည်။ သို့သော်လည်း သူ့အား ရဲ့လင်းချန်က အသာလေး ထိန်းလိုက်နိုင်သဖြင့် သူ အံ့ဩသွား ရပြန်သည်။

ထိုခွန်အားက မယုံနိုင်စရာပင်။

“ကျုပ် တပည့် လက်မခံဘူး”

ရဲ့လင်းချန် တည်ငြိမ်စွာ ပြောသည်။

“ဒါပေမဲ့ ကျုပ် အားတဲ့အချိန်ကျရင် လမ်းညွှန်တာမျိုးတော့ လုပ်ပေးနိုင်တယ်”

“ကျေးဇူးတင်ပါတယ် ဆရာ”

အလီက လေးနက်မှုအပြည့်နှင့် ခေါင်းညိတ်သည်။ ရဲ့လင်းချန်က အလီကို တပည့်အဖြစ် မသတ်မှတ်သော်လည်း အလီအတွက် သူက ဆရာ ဖြစ်နေဆဲပင်။

“ရဲ့လင်းချန် နင် ငါ့ကိုလည်း သင်ပေးရမယ်”

ရှုနန်က ချက်ချင်း သူ့ကို စိတ်အားထက်သန်စွာ လှမ်းပြော၍ အနားသို့ ရောက်လာသည်။

“ငါ့လို့ မိန်းမလှလေးက မစ်ရှင်တွေ ကိုယ်တိုင်လုပ်ဖို့ တကယ် ခက်တယ်၊ နင် ငါ့ကို သင်ပေးဖို့ ငြင်းမှာတော့ မဟုတ်ဘူးမလား”

“သခင်လေးရဲ့၊ က … က … ကျွန်တော်လည်း သင်ချင်တယ် …”

လီကျင့်သည် တံတွေးကို မနည်းမျိုချ၍ ထုတ်ပြောလေသည်။

ရဲ့လင်းချန် တစ်ဒင်္ဂမျှ တွေးလိုက်ပြီးမှ သူတို့ကို ပြုံးပြလိုက်သည်။

“ငါ သင်ပေးနိုင်တယ် ဒါပေမဲ့ မင်းတို့ လိုက်နိုင်တဲ့ပုံနဲ့ နားလည်နိုင်စွမ်းပေါ်မှာပဲ မူတည်တယ်”

“ဆရာက လမ်းပဲပြပြီး ကျောင်းသားများက လျှောက်ရသည်” ဟူသော စကားလိုပင်။ ရဲ့လင်းချန်က သူတို့၏ နေ့စဉ် လေ့ကျင့်ရေးကို စောင့်ကြည့်နေမည် မဟုတ်ပါ။ အားလုံးက သူတို့၏ ကိုယ်ပိုင် သိတတ် နားလည်နိုင်စွမ်းပေါ်သာ မူတည်၏။

“ဒီနေ့ ငါ မင်းတို့ကို တစ်ကွက် သင်ပေးမယ်၊ ကြိုးကြိုးစားစား လေ့လာပါ၊ မင်းတို့ ဒါကို အောင်မှ ငါ ဒုတိယတစ်ကွက်ကို သင်ပေးမယ်”

ထိုသို့ပြောပြီးနောက် ရဲ့လင်းချန်က သူ့အနား၌ အခြားသူများ ရှိသည်ကို အရေးမစိုက်ဘဲ ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ရေး၏ ပထမအကွက်ကို ပြသလိုက်သည်။

ရဲ့လင်းချန် အစကတည်းက စဉ်းစားထားပြီးသား ဖြစ်သည်။ ရှစ်ဆပြင်းထန် သားရဲ လေ့ကျင့်ရေးက ပို၍ နားလည်နိုင်စွမ်း ရှိပြီး ခန္ဓာကိုယ်၏ ခုခံအားကို တိုးမြှင့်စေ၏။ ၎င်းက အရဟာလက်သီးလောက် အဖျက်စွမ်းအား မကြီးသော်လည်း သင်ရ ပိုလွယ်သည်။

ဤအကွက်များက ခန္ဓာကိုယ်ကို အလွန်အမင်း အားစိုက်ထုတ်ရသည်။ အစက လီထိုက်နှင့် အခြားသူများသည် သိချင်စိတ်ဖြင့် ကြည့်နေသော်လည်း သူ့ကိုယ်နေဟန်ထားကို မြင်သောအခါ ချက်ချင်း လက်လျှော့သွားကြသည်။

လီကျင့်၊ ရှုနန်နှင့် အလီသာလျင် လှုပ်ရှားမှုကို မနည်း ပြည့်စုံအောင် လိုက်လုပ်နိုင်လေသည်။ သူတို့၏ ကိုယ်နေဟန်ထား တောင်မှ ချို့ယွင်းချက် ရှိနေသဖြင့် ရဲ့လင်းချန် တစ်ယောက်ပြီး တစ်ယောက်ကို လိုက်ထောက် ပြ ရသည်။

“မင်းတို့တွေ ကောင်းကောင်း လေ့ကျင့်နိုင်သားပဲ၊ ပထမအကွက်ကို ကျွမ်းကျင်သွားတဲ့ ဘယ်သူမဆို ဒုတိယ အကွက် သင်ဖို့ ငါ့ဆီ လာနိုင်တယ်”

“ဟုတ်ကဲ့”

သုံးယောက်လုံး ပြိုင်တူ ပြန်ပြောကြသည်။ သူတို့ အချင်းချင်း ပြန်ကြည့်လိုက်မိပြီး မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်နှင့် ယှဉ်ပြိုင်လိုစိတ်တို့ ပြည့်နှက်နေ၏။

ရှုနန်နှင့် လီကျင့်တို့ စိတ်လှုပ်ရှားနေကြသည်။ ယခုအချိန်က သူတို့ဘဝ၌ တရုတ်ကွန်ဖူးပညာနှင့် အနီးစပ်ဆုံး ဖြစ်လာသည့် အချိန်ပင်။

အလီသည်လည်း အံ့ဩမှင်တက်နေသည်။ တစ်ကွက်တည်း ဖြစ်သော်လည်း သူ့အတွက် လေ့ကျင့်ရန် လုံလောက် နေလေပြီ။ တရုတ်ကွန်ဖူးက ဤသို့ လေ့ကျင့်ရေး အနေအထားကိုပင် ဖန်တီးနိုင်သဖြင့် အမှန်တကယ် အံ့ဩစရာ ကောင်းလှသည်။ တစ်ကွက်တည်း ဖြစ်သော်လည်း သူ့အတွက် အတော်လေး အကျိုးရှိနေ၏။

ထို့နောက် သရုပ်ဆောင်များ အားလုံး အဆင်သင့်ဖြစ်ပြီးနောက် သူတို့သည် ရုပ်ရှင်၏ နောက်ဆုံးခန်းအချို့ကို ရိုက်ကူးရန် အသင့်ဖြစ်သွားလေသည်။

ဟော်ရန်ကျား၌ ပါဝင်သော ကွန်ဖူးအကွက်က ပြိုင်ကွင်းထဲမှနှင့် အတော်လေး တူညီသည်။ အခြေအနေကလည်း ထိုနေ့က ဖြစ်သွားသော အဖြစ်နှင့် တူညီနေ၏။ ထို့ကြောင့် သူတို့သည် အလွယ်တကူ ဇာတ်ကောင်စရိုက် သွင်းနိုင်ပြီး ရိုက်ကူးရ ပိုလွယ်သွားသည်။

ရဲ့လင်းချန်က အားလုံးကို နှုတ်ဆက်ပြီး ရှုနန်၏ ကားနှင့်လိုက်ကာ အိမ်ပြန်သွားသည်။

ရဲ့လင်းချန်၏ နောက်ကျောကို ကြည့်နေပြီးနောက် ရှောင်ဖေးဖေး ဆက်မထိန်းနိုင်တော့ဘဲ အပြင်းအထန် ချောင်းဆိုးလေသည်။ ယခုတစ်ခေါက်တွင် သူမချောင်းဆိုးသံက ပိုအက်၍ ပြင်းကာ ပြန်အဆင်ပြေရန် တစ်မိနစ်နီးပါး ကြာသည်။ ချောင်းဆိုးလွန်းသဖြင့် ဖြူရော်နေသော သူမမျက်နှာပင် နီလာ၏။

“ဖေးဖေး နင် ဖျားနေတာ လဝက်လောက် ရှိနေပြီဆိုတာကို ဘာလို့ ရဲ့လင်းချန်ကို မပြောတာလဲ”

အစ်မလင်းက ရှောင်ဖေးဖေးအား ချောင်းဆိုးသက်သာရန် ရေနွေးတစ်ခွက်နှင့် ဆေးတို့ ပေးလေသည်။

“သာမန် တုပ်ကွေးလေးပဲကို၊ ဘာမှပြောစရာ မလိုပါဘူး၊ ပြီးတော့ ရဲ့လင်းချန်က ဆရာဝန်မှ မဟုတ်တာ၊ သူ့ကို ပြောပြလည်း စိတ်ပူရုံပဲ ရှိမယ်”

ရှောင်ဖေးဖေးက ခေါင်းခါလျက် ညင်သာစွာ ပြောသည်။

“လဝက်ရှိနေပြီလေ၊ အခုဆို ပြန်ကောင်းနေသင့်ပြီ၊ ဒါတောင် အခုထိ နင်က နေကောင်းတဲ့ လက္ခဏာ မပြသေးဘူး၊ ဒါ တကယ်ပဲ သာမန်တုပ်ကွေးလား”

အစ်မလင်း အသံမာမာဖြင့် ပြောသည်။ ရှောင်ဖေးဖေး၏ အခြေအနေက တစ်နေ့ကုန်သွားတိုင်း ပိုဆိုးလာသဖြင့် သူမ စိုးရိမ်လာရသည်။

ၑနင် ဘာလို့ သူ့အတွက် အဲ့လောက် လုပ်ပေးနေတာလဲ၊ သူက မိန်းမလှလေးတစ်ယောက်ကိုတောင် တပည့်အဖြစ် လက်ခံသွားပြီလေ”

…

ထိုအခိုက်တွင် ရဲ့လင်းချန်သည် ရှုနန်၏ ကားထဲ၌ ဆွံအစွာ ထိုင်နေ၏။ လမ်းတစ်လျှောက်တွင် ရှုနန်က ရေပက်မဝင်အောင် စကားပြောလာသဖြင့် သူမ၏ မာကြောသော အကျင့်စရိုက်နှင့် တခြားစီ ဖြစ်နေကာ မေးခွန်းများ အဆက်မပြတ် မေးနေလေသည်။

“ဆရာ ပြိုင်ကွင်းမှာ သုံးလိုက်တာ အတွင်းအား မဟုတ်လား”

“ဆရာ တရုတ်နိုင်ငံမှာ ဂိုဏ်းတွေရှိတယ်မလား၊ ကျွန်မတို့က ဘယ်ဂိုဏ်းလဲ”

“ဆရာ ကျွန်မတို့က ဘယ်ကွန်ဖူးကို လေ့ကျင့်နေတာလဲ၊ ခပ်မိုက်မိုက် နာမည်တော့ ရှိသင့်တယ်မလား”

“ဆရာ ကျွန်မတို့မှာ ရန်သူတွေ ရှိလား၊ လျှို့ဝှက်ဂိုဏ်းလိုမျိုးလေ”

…

ရဲ့လင်းချန်သည် စက္ကန့်ပိုင်းအတွင်း အိပ်ပျော်သည့်ပညာကို မတတ်သဖြင့် နောင်တရနေ၏။ သူ အိပ်ချင်ယောင် ဆောင်၍ ဘာမှမကြားသလိုသာ ဟန်ဆောင်လိုက်ရသည်။

နောက်ဆုံးတွင် သူတို့ တောင်စမ်းရေ အိမ်ရာသို့ ရောက်လာသည်။ ရဲ့လင်းချန်က အသက်တမျှ အရေးကြီးသကဲ့သို့ ကားပေါ်မှ လျင်မြန်စွာ ဆင်းလေသည်။

“ကလင် ကလင် ကလင်”

သူ စာစရိုက်တော့မည့်အချိန်၌ ဖုန်းမြည်လာသည်။ ဖုန်းခေါ်သူက စုန့်ချမ်ပင်။

“ဝိုင်နတ်ဘုရား၊ ပန်ဒါ ထုတ်လွှင့်ရေးကို ဝယ်ယူတာ ပြီးသွားပြီ။ သူတို့ ရှယ်ယာအားလုံး အခု မင်းနာမည်နဲ့ ဖြစ်သွားပြီ”

ဖုန်းထဲမှနေ၍ စုန့်ချမ်က စိတ်အားထက်သန်စွာ ပြောပြသည်။

ပန်ဒါ ထုတ်လွှင့်ရေးသည် ရန်ပုံငွေကို အရေးတကြီး လိုနေသဖြင့် အံ့ဩစရာ ကောင်းလောက်အောင် ပူးပေါင်း လုပ်ဆောင်ပေးသည်။ စီမံခန့်ခွဲမှုများက မယုံနိုင်လောက်သည့်နှုန်းဖြင့် ပြီးဆုံးသွားသည်။

ရဲ့လင်းချန်၏ မျက်လုံးတွင် အေးစက်စက် အလင်းတန်း ဖြတ်ပြေးသွားသည်။ သူ၏ ကိုယ်ပိုင်ထုတ်လွှင့်ရေး ရှိလာပြီ ဖြစ်သဖြင့် သူ့အတွက် တန်ပြန်တိုက်ခိုက်ချိန် ရောက်လာလေပြီ။

“ဆိုတော့ … ငါတို့ ဘာဆက်လုပ်ကြမလဲ”

စုန့်ချမ်က မေးလိုက်သည်။

“ခင်ဗျားက ဒီနယ်ပယ်မှာ ကျွမ်းကျင်သူပဲလေ၊ ဘယ်လိုထင်လဲ”

ရဲ့လင်းချန် ရယ်၍ ဖြေလေသည်။ စုန့်ချမ်၏ စိတ်ထဲ တင်းကြပ်သွား၏။ ရဲ့လင်းချန်က သူ့ကို စမ်းသပ်မှုတစ်ခု ပေးနေမှန်း သူ ရိပ်မိလိုက်သည်။ နှောင့်နှေးခြင်းမရှိဘဲ သူ ချက်ချင်း အကြံအစည်ကို အကောင်အထည် ဖော်လေသည်။

All Chapters