အခန်း ၂၉၁
Vol. 26 Ch. 291
အခန်း (၂၉၁) - ပထမဆုံးအသုတ် အဖွဲ့ဝင်များ
ဘာသာပြန် - အားသစ်
ကြီးမားလှသည့် လေသင်္ဘောကြီးတစ်စီးပေါ်တွင် လူ ၆၃ ယောက်သာ ရှိ၏။ သို့သော်လည်း ထို ၆၃ ယောက်စလုံးက အသွင်ပြောင်းနယ်ပယ် သိုင်းသမားများပင်။
ဤသိုင်းသမားများအားလုံးက ကာကွယ်သူအဖွဲ့ချုပ်သို့ ဝင်ရောက်ခွင့်လျှောက်ထားခဲ့ကြသော အရည်အချင်းစစ်ဆေးခြင်း အောင်မြင်ခဲ့ကြသည့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများဖြစ်၏။ ကာကွယ်သူအဖွဲ့ ဌာနချုပ်သို့ အမြန်ဆုံး သွားရောက်နိုင်ရန်အတွက် သူတို့အားလုံးနီးပါး လေသင်္ဘောလက်မှတ်များကို အစောဆုံး ရယူခဲ့ကြသည်။
ဤလေသင်္ဘော၏ တစ်ခုတည်းသော ဦးတည်ရာက ကန့်ကျောက်ခြေစိုက်စခန်းဖြစ်ပြီး ဆယ်ရက်လျှင် တစ်ကြိမ်သာ ပြေးဆွဲလေ့ရှိသည်။ သူတို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြခြင်းပင်။ ထို့ကြောင့် စောစောရောက်နှင့်သူများက ရက်အနည်းငယ် ထပ်မံစောင့်ဆိုင်းခဲ့ရပြီး ယနေ့မှသာ လေသင်္ဘောကြီး စတင်ထွက်ခွာလာခြင်းဖြစ်သည်။
လေသင်္ဘောပေါ်သို့ ရောက်ရှိပြီးနောက် သိုင်းသမားများ အချင်းချင်း စကားစမြည်ပြောဆိုရင်း ဤလေသင်္ဘောပေါ်ရှိ လူတိုင်းက ကာကွယ်သူအဖွဲ့သို့ ဝင်ရောက်ကြမည့်သူများဖြစ်ကြောင်း သိသွားကြသည်။ သို့သော်လည်း လောလောဆယ်တွင် ကာကွယ်သူအဖွဲ့ ဌာနချုပ်သို့ တိုက်ရိုက်သွားမည့် လေသင်္ဘောမရှိသေးသဖြင့် သူတို့အနေဖြင့် ကန့်ကျောက်ခြေစိုက်စခန်းသို့သာ အရင်ဆုံး ရောက်အောင်သွားရပေမည်။
“အခုဆို အားလုံးက ကာကွယ်သူအဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်နေကြပြီပဲ။ ငါတို့ အဖွဲ့နဲ့ ပတ်သက်ပြီး နောက်ဆုံးရသတင်း ဘာများရှိသလဲ တစ်ယောက်ယောက် သိလား”
“ဘာနောက်ဆုံးရသတင်းလဲ။ ဒါပေမဲ့ ငါကြားတာတော့ ကန့်ကျောက်ခြေစိုက်စခန်းက မကြာခင် ပြောင်းရွှေ့တော့မယ်တဲ့။ အဲဒီအချိန်ကျရင် ဒီမိုင်တစ်ထောင်အတွင်းမှာ ငါတို့ ကာကွယ်သူအဖွဲ့ရဲ့ အခြေစိုက်စခန်းတစ်ခုပဲ ရှိတော့မှာ”
“ကြော်ငြာဗီဒီယိုကို ကြည့်ပြီးပြီးချင်း ငါ တကယ်ကို အရမ်းစိတ်အားထက်သန်ပြီးတော့ တက်ကြွတဲ့ကြက်ဖကြီးလိုဖြစ်နေတာဟေ့။ သူတော်စင်လင်းဖုန်းက ဒဿမမြောက် သူတော်စင်ဖြစ်ရုံတင်မကဘူးကွ။ အသက်ကလည်း အရမ်းငယ်သေးတယ်။ ပြီးတော့ ငါတို့ကို ကာကွယ်သူအဖွဲ့ချုပ်ရဲ့ ပထမဆုံးအသုတ်လို့ သတ်မှတ်လို့ရတယ်။ ငါတို့ရဲ့ အနာဂတ်ကတော့ သေချာပေါက် အကန့်အသတ်မရှိ တောက်ပတော့မှာပဲကွ။ ဟားဟားဟား”
“ငါ သိချင်တာက ကာကွယ်သူအဖွဲ့ရဲ့ ဌာနချုပ်က ဘယ်နားမှာလဲဆိုတာပဲ။ ကန့်ကျောက်ခြေစိုက်စခန်းနဲ့ မလှမ်းမကမ်းမှာလို့ ကြားပေမဲ့လို့ ကန့်ကျောက်အခြေစိုက်စခန်းရဲ့ ပတ်ဝန်းကျင်က ခြောက်ကပ်ပြီး အရိုင်းဆန်တဲ့ ပြင်ပနယ်မြေကြီးလေ။ သူတော်စင်လင်းဖုန်းတောင် ဒီလောက်အချိန်တိုလေးအတွင်းမှာ ဌာနချုပ်ကြီးကို အပြီးသတ် တည်ဆောက်နိုင်ပါ့မလား”
သိုင်းသမားများအားလုံး မျှော်လင့်ချက်များ၊ စိတ်လှုပ်ရှားမှုများနှင့် သံသယများဖြင့် ပြည့်နှက်နေကြသည်။ သူအားလုံးက ခဏတာစိတ်လှုပ်ရှားမှုကြောင့် ကာကွယ်သူအဖွဲ့သို့ ချက်ချင်း ဝင်ရောက်လာကြခြင်းတော့ မဟုတ်ပေ။ တချို့သိုင်းသမားများက အခွင့်အရေးကို မြင်၍ ဝင်ရောက်လာကြခြင်းဖြစ်၏။
အမှန်ပင်။ သူတို့ အခွင့်အရေးကို စောင့်ကြည့်နေကြသည်။
သူတို့အမြင်အရ လင်းဖုန်းက ယခုမှ သူတော်စင်ဖြစ်လာခြင်းဖြစ်ပြီး ကာကွယ်သူအဖွဲ့မှာလည်း စတင်တည်ထောင်ခါစသာ ရှိသေးသည်။ ကာကွယ်သူအဖွဲ့သို့ ပထမဆုံးအသုတ်အနေဖြင့် ဝင်ရောက်လာသည့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများကို သေချာပေါက် အလွန်အလေးထားပေလိမ့်မည်။
သူတို့ ကနဦးရရှိမည့် အကျိုးခံစားခွင့်များက အဓိကအဖွဲ့အစည်းကြီးငါးခုနှင့်ယှဉ်လျှင် များစွာနိမ့်ကျနေဦးမည် ဖြစ်သော်လည်း သူတို့၏ နောင်အနာဂတ် တိုးတက်မှုကမူ သံသယဖြစ်ဖွယ်မရှိ ပိုကြီးလာပေလိမ့်မည်။
ဘယ်လိုအကြောင်းပြချက်၊ ဘယ်လိုရည်ရွယ်ချက်ပဲရှိပါစေ သူတို့အားလုံး အနည်းငယ်တော့ စိတ်လှုပ်ရှားနေမိကြသည်မှာ အမှန်ပင်။
လေသင်္ဘော၏ အရှိန်က အလွန်မြန်ဆန်လှ၏။ ဆယ်နာရီခန့်သာ ပျံသန်းပြီးနောက် မွန်းလွဲပိုင်းတွင် လေသင်္ဘောကြီး ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။ သူတို့အားလုံး ကန့်ကျောက်ခြေစိုက်စခန်းသို့ ရောက်လေပြီ။
လက်ရှိအချိန်တွင် ကန့်ကျောက်ခြေစိုက်စခန်းမှာ ပြောင်းရွှေ့မှုများကို စတင်နေပြီဖြစ်၏။ သိုင်းသမားများစွာ အခြေစိုက်စခန်းမှ ထွက်ခွာသွားကြပြီဖြစ်ရာ ကန့်ကျောက်ခြေစိုက်စခန်းကို စောင့်ကြပ်ရန် သိုင်းသမား အနည်းငယ်သာ ကျန်တော့သည်။
အသွင်ပြောင်းနယ်ပယ် သိုင်းသမား ၆၃ ယောက် လေသင်္ဘောပေါ်မှ ဆင်းလာသောအခါ အပြင်ဘက်တွင် ဗလာကျင်းနေသည်ကို တွေ့လိုက်ရ၏။ အနီးအနား၌ လူတစ်ယောက်မှ ရှိမနေချေ။ လူတိုင်း ဆွံ့အသွားကြတော့သည်။
“ငါတို့ကိုကြိုမယ့် လေသင်္ဘောလည်း မရှိဘူး။ အခု ငါတို့ ဘာဆက်လုပ်ကြမလဲ”
“ငါတို့ ကာကွယ်သူအဖွဲ့ ဌာနချုပ်က ဘယ်မှာလဲဆိုတာတောင် မသိဘူးလေ”
“တစ်ယောက်ယောက်ကို လိုက်မေးကြည့်ရအောင်”
အသွင်ပြောင်းနယ်ပယ် သိုင်းသမား ၆၃ ယောက် အချင်းချင်း ကြည့်လိုက်ကြသည်။ ဤကဲ့သို့ လူသူလေးပါးကင်းစင်နေသည့် ကန့်ကျောက်အခြေစိုက်စခန်းတွင် သူတို့ မည်သူ့ကို သွားမေးရမည်နည်း။
သူတို့အနေဖြင့် ကာကွယ်သူအဖွဲ့မှာ စတင်တည်ထောင်ခါစ အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိထားသော်လည်း ယခုအခြေအနေကမူ အနည်းငယ် ရိုးရှင်းလွန်းလှသည်ဟု ထင်နေမိ၏။ သူတို့ကို လာရောက်ကြိုဆိုမည့်သူပင် တစ်ယောက်မှ ရှိမနေချေ။
အဆုံးတွင် ကန့်ကျောက်ခြေစိုက်စခန်းမှ လူတစ်ယောက် ထွက်လာသည်။ သူတို့လည်း မေးမြန်းရန်အတွက် အလောတကြီးဖြင့် အမြန် ရှေ့တိုးသွားကြ၏။
“ငါတို့က ကာကွယ်သူအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တွေပါ။ ကာကွယ်သူအဖွဲ့ ဌာနချုပ်က ဘယ်နားမှာလဲဆိုတာ လမ်းပြပေးလို့ရမလား”
“ကာကွယ်သူအဖွဲ့လား။ ငါ့နောက်က လိုက်ခဲ့ပါ။ ငါ မင်းတို့ကို စောင့်နေတာ တော်တော်ကြာပြီ”
ထိုသိုင်းသမား၏ မျက်လုံးများထဲတွင် မနာလိုအားကျမှုများဖြင့် ပြည့်နှက်နေသည်ကို မြင်ရသဖြင့် လူတိုင်း အံ့အားသင့်သွားကြ၏။ ကာကွယ်သူအဖွဲ့သို့ ဝင်ရောက်ခြင်းက မည်သည့်အတွက်ကြောင့် ဤသိုင်းသမားကို အားကျစေရသနည်း။ မည်သို့ပင်ဆိုစေ သူတို့ လောလောဆယ်ရရှိထားသည့် အကျိုးခံစားခွင့်များက အလွန်ဆိုးရွားနေသေးသည် မဟုတ်ပါလော။
သို့သော် မကြာမီမှာပင် သူတို့ မြည်တွန်တောက်တီးနေခြင်းကို ရပ်တန့်လိုက်ကြတော့သည်။ သူတို့ရှေ့မှောက်တွင် ပေါ်လာသည်က ကြီးမားလှသည့် လေသင်္ဘောကြီးတစ်စီးဖြစ်ပြီး ယင်းကို စစ်သင်္ဘောကြီးဟုပင် ဆိုနိုင်ပေသည်။ ဤသင်္ဘောကား လူထောင်ပေါင်းများစွာ ဆံ့နိုင်သော ဧရာမစစ်သင်္ဘောကြီးတစ်စီးပင်။
“ဒါက နက်ပြာလုပ်ငန်းစုရဲ့ နောက်ဆုံးပေါ် အမျိုးအစား ဧရာမစစ်သင်္ဘောကြီးပဲ”
သိုင်းသမားအားလုံး အံ့အားသင့်သွားကြသည်။ ပုံမှန်အားဖြင့် သူတို့ ဤကဲ့သို့ဧရာမအရွယ်အစားရှိ စစ်သင်္ဘောကြီးကို အင်တာနက်ပေါ်တွင်သာ မြင်တွေ့ဖူးကြ၏။ စီးနင်းခွင့်ရရန်ကမူ သူတို့ အိမ်မက်ထဲတွင်ပင် ထည့်မမက်ဖူးချေ။ ယခုအခါတွင်မူ ထိုကဲ့သို့စစ်သင်္ဘောကြီးကို အမှန်တကယ် စီးနင်းခွင့်ရလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။
ဝှစ်
စစ်သင်္ဘောကြီးအတွင်းမှ စက်ရုပ်အမြောက်အမြား ထွက်လာကြသည်။ သူတို့အားလုံး လက်နက်အပြည့်အစုံ တပ်ဆင်ထားကြပြီး အဆင့်မြင့်သိပ္ပံနည်းကျ ခေတ်ရှေ့ပြေးစတိုင်လ်မျိုး ထွက်ပေါ်နေသည်။
“ဒီစစ်သင်္ဘောကြီးကို မောင်းမယ့်သူ တစ်ယောက်မှ မရှိဘူးလား”
ဤသိုင်းသမား ၆၃ ယောက် စစ်သင်္ဘောကြီးအတွင်းသို့ ဝင်ရောက်ပြီးနောက်မှသာ စစ်သင်္ဘောကြီးကို မောင်းနှင်မည့်သူ တစ်ဦးမျှမရှိကြောင်း သတိပြုမိလိုက်ကြသည်။ အတိအကျပြောရလျှင် ဤသင်္ဘောကို စက်ရုပ်များကသာ မောင်းနှင်နေခြင်း ဖြစ်ပုံရသည်။
“ကာကွယ်သူအဖွဲ့ရဲ့ စက်ရုပ်တွေက ဒီလောက်ထိတောင် ဉာဏ်ရည်ထက်မြက်တာလား။ စစ်သင်္ဘောကြီးတွေကိုတောင် မောင်းနှင်နိုင်တယ်ပေါ့။ မယုံနိုင်စရာပဲ”
လူအားလုံး အလွန်တရာ အံ့အားသင့်သွားမိကြသည်။ လက်ရှိလူသားတို့၏ နည်းပညာအဆင့်အတန်းအရ ဉာဏ်ရည်တုက အရာများစွာကို လုပ်ဆောင်နိုင်သော်လည်း တီထွင်ထားသော စက်ရုပ်များက လေသင်္ဘောများနှင့် စစ်သင်္ဘောကြီးများကို မောင်းနှင်နိုင်သည့်အဆင့်အထိ မရောက်ရှိသေးချေ။
ဤသိုင်းသမားများအားလုံး ကြော်ငြာဗီဒီယိုထဲတွင် ဤလက်နက်ကိုင်စက်ရုပ်များကို မြင်တွေ့ခဲ့ကြဖူးသည်။ ယခုအခါတွင်မူ အနီးကပ် ထိတွေ့ခွင့်ရလိုက်သဖြင့် လူတိုင်း အလွန်စူးစမ်းလိုစိတ် ဖြစ်နေကြ၏။
သို့သော်လည်း သူတို့အားလုံး စည်းစနစ်တကျ နေထိုင်ကြပြီး လွန်လွန်ကျူးကျူးပြုမူခြင်း မရှိကြချေ။
မကြာမီ စစ်သင်္ဘောကြီး စတင်ကြွတက်လာကာ ကောင်းကင်ယံထက်သို့ အလျင်အမြန် ပျံသန်း တက်လှမ်းသွားတော့သည်။
မိနစ်နှစ်ဆယ်ခန့် ပျံသန်းပြီးနောက် အောက်ခြေတွင် အနှိုင်းမဲ့ ခန့်ညားထည်ဝါလှသည့ အဆောက်အအုံကြီးတစ်ခုကို သူတို့ လှမ်းမြင်လိုက်ရသည်။ ထိုအဆောက်အအုံကြီးက အလွန်တရာ ကြီးမားကျယ်ပြောပြီး ခမ်းနားထည်ဝါလှရုံသာမက အနာဂတ်သိပ္ပံခေတ်ဟန်ရှိကာ ခေတ်ရှေ့ပြေးနေသည့် ခံစားချက်မျိုးကိုပါ ပေးစွမ်းနေသည်။
ထိုနေရာ၌ မိုးတိမ်များထဲသို့ ထိုးထွက်နေသော မျှော်စင်ကြီးတစ်ခု ရှိနေ၏။ ထိုအောက်တွင် လက်နက်ကိုင် စက်ရုပ်အုပ်စုများနှင့် အမျိုးအစားစုံလင်လှသော ပျံသန်းရေးယာဉ်များ ရှိနေကြသည်။ ကြည့်ရသည်မှာ သူတို့ လျှို့ဝှက် စစ်ဘက်ဆိုင်ရာအခြေစိုက်စခန်းတစ်ခုအတွင်းသို့ ဝင်ရောက်နေရသည့်အလား ထင်မှတ်ရသည်။
“ဒါက ကာကွယ်သူအဖွဲ့ ဌာနချုပ်လား”
စစ်သင်္ဘောကြီး ဆင်းသက်လာပြီးနောက် အသွင်ပြောင်းနယ်ပယ် သိုင်းသမား ၆၃ ယောက် လမ်းလျှောက်ထွက်လာ၏။ သူတို့ရှေ့မှမြင်ကွင်းကိုကြည့်ကာ လူတိုင်း နှလုံးသားထဲမှနေ၍ အံ့ဩမှင်သက်သွားကြတော့သည်။
ဤထူးဆန်းသည့် အဆောက်အအုံများသည် လက်ရှိ လူသားတို့၏ အဆောက်အအုံများနှင့် ကွဲပြားခြားနားနေ၏။ သို့သော်လည်း သေသေချာချာကြည့်လိုက်ပါက အဆောက်အအုံတိုင်းက ခံတပ်တစ်ခုအလားဖြစ်နေပြီး စွမ်းအင်လက်နက်အမြောက်အမြားကိုပါ တပ်ဆင်ထားကြောင်း သတိပြုမိလိမ့်မည်။
ထိုအရာများက ကြမ်းကြုတ်သားရဲများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်နိုင်သည့် ကြောက်မက်ဖွယ်ရာ လက်နက်များပင်။ အကယ်၍ ထိုလက်နက်များက သားရဲများကို သတ်ဖြတ်နိုင်လျှင် သိုင်းသမားများကိုလည်း သတ်ဖြတ်နိုင်ပေလိမ့်မည်။
ဤခေတ်ရှေ့ပြေးနေသည့် အဆောက်အအုံများအပြင်၊ ထူထပ်သိပ်သည်းလှသော လက်နက်ကိုင်စက်ရုပ်များလည်း ရှိနေသေးသည်။ သူတို့အားလုံး စနစ်တကျ တန်းစီရပ်နေကြပြီး လူတိုင်းကို ဂရုတစိုက် စစ်ဆေးနေကြ၏။ ဉာဏ်ရည်ထက်မြက်သော စက်ရုပ်များ၏ စစ်ဆေးမှုအရှိန်က အလွန်မြန်ဆန်လှသော်လည်း လူ ၆၃ ယောက်၏ အချက်အလက်များအားလုံး ရှိနေသဖြင့် ဤလက်နက်ကိုင်စက်ရုပ်များက သူတို့၏ အထောက်အထားများက်ု လုံးဝ မှားယွင်းစစ်ဆေးလိမ့်မည် မဟုတ်ပေ။
သူတို့ ၆၃ ယောက် ကာကွယ်သူအဖွဲ့ ဌာနချုပ်အတွင်းသို့ ဝင်ရောက်လိုက်သောအခါ ကလေးငယ်တစ်ဦးကို ကာကွယ်စောင့်ရှောက်နေသည့်အလား ထုလုပ်ထားသည့် ဧရာမလက်ဖဝါးပုံစံ ကျောက်ဆစ်ပန်းပုရုပ်ကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။
“ကာကွယ်သူအဖွဲ့ချုပ်”
သိုင်းသမားများအားလုံး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားကြသည်။ ဤသည်က တကယ်ပင် ကာကွယ်သူအဖွဲ့ ဖြစ်၏။ သို့သော်လည်း ရက်အနည်းငယ်အတွင်းမှာပင် ဤမျှ ထူးခြားဆန်းပြားသော ဟန်ပန်ရှိသည့် အဆောက်အအုံအမြောက်အမြား ဤနေရာတွင် မည်သို့ ရုတ်တရက် ပေါ်ပေါက်လာနိုင်ရသနည်း။
ယင်းတို့ကား သူတို့တစ်သက်တာ မြင်တွေ့ခဲ့ဖူးသမျှ အဆောက်အအုံအားလုံးထက် ပိုမိုခမ်းနားထည်ဝါလွန်းလှသည်။
ထိုမျှထိ များပြားလှသော လက်နက်ကိုင်စက်ရုပ်များနှင့် ကာကွယ်သူအဖွဲ့၏ အံ့မခန်း ဌာနချုပ်အဆောက်အအုံကြီးကို မြင်တွေ့လိုက်ရသဖြင့် သိုင်းသမားအားလုံး အလွန် စိတ်လှုပ်ရှားသွားကြသည်။
သူတို့ထဲမှ အများစုမှာ စိတ်အားထက်သန်မှုများ၊ အိပ်မက်များနှင့်အတူ လာမည့်ခရီးတွင် ဆင်းရဲဒုက္ခမှန်သမျှကို ခါးစည်းခံရန်ပင် ပြင်ဆင်ထားကြသော်လည်း ဤကဲ့သို့ ထည်ဝါခမ်းနားလှသော ဌာနချုပ်ကြီးကို မည်သူက မနှစ်သက်ဘဲ နေပါမည်နည်း။
“ကာကွယ်သူအဖွဲ့ရဲ့ ပထမဆုံးအသုတ် အဖွဲ့ဝင်တွေကို ကြိုဆိုပါတယ်”
ကျယ်ဝန်းလှသည့် ခန်းမကြီးအတွင်း မီတာ ၁၀၀ အမြင့်ရှိ ဧရာမစက်ရုပ်ကြီးဘေးမှ လင်းဖုန်းတစ်ယောက် စက်ရုပ်ကြီးပေါ်မှ အောက်သို့ ပျံသန်းဆင်းသက်လာသည်။
“သူတော်စင်... သူတော်စင်လင်းဖုန်းပဲ”
ထိုအချိန်တွင် သိုင်းသမားအားလုံး လင်းဖုန်း ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် အလွန်စိတ်လှုပ်ရှားသွားကြ၏။ သူတို့အားလုံး သူတော်စင်လင်းဖုန်းအပေါ် ရိုသေလေးစားမှုကို ပြသရန်အတွက် ချက်ချင်း တရိုတသေ ဦးညွှတ်လိုက်ကြသည်။
ထာဝရသိုင်းတာအိုအရှင်