← Chapters

အခန်း ၂၉၂

Vol. 26 Ch. 292

အခန်း ၂၉၂

Vol. 26 Ch. 292

အခန်း (၂၉၂) - မျိုးရိုးဗီဇပေါင်းစပ်ခြင်းနည်းပညာ

ဘာသာပြန် - အားသစ်

လင်းဖုန်းတစ်ယောက် ခန်းမကြီးရှေ့တွင် ရပ်နေသည်။ သူ့နောက်တွင် သူတော်စင်တစ်ပါး၏ တိုက်ခိုက်နိုင်စွမ်းရှိသော ဧရာမစက်ရုပ်ကြီး ကာကွယ်သူရှိနေ၏။ သိုင်းသမားများက ထိုစက်ရုပ်ကြီးကို မရဲတရဲ လှမ်းကြည့်နေကြသည်။

“မင်းတို့အားလုံးက ကာကွယ်သူအဖွဲ့ရဲ့ ပထမဆုံးအသုတ် တရားဝင်အဖွဲ့ဝင်တွေပဲ။ ပထမဆုံးအသုတ်မှာတင် အသွင်ပြောင်းနယ်ပယ် သိုင်းသမား ၆၃ ယောက်တောင် ရှိနေလို့ ငါတကယ်ပဲ ဝမ်းသာမိတယ်။ မင်းတို့က အဓိကအဖွဲ့အစည်းကြီးငါးခုရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်ပြီး ကာကွယ်သူအဖွဲ့ကို ရွေးချယ်ခဲ့ကြတယ်။ ဒါက မင်းတို့အားလုံးအနေနဲ့ ငါတို့ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ကိုယ်ချစ်ရသူတွေ၊ သူငယ်ချင်းတွေနဲ့ လူတိုင်းကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတာကို သဘောတူညီကြလို့ပဲလို့ ငါယူဆတယိ”

“ဒီနေ့ကစပြီး မင်းတို့တွေ ဌာနချုပ်မှာပဲ နေထိုင်ကြရမယ်။ ဒီနေရာမှာ မင်းတို့အတွက် လိုအပ်တဲ့ ကျင့်ကြံခြင်းပတ်ဝန်းကျင်တွေ ရှိတယ်။ ဒါ့အပြင် မင်းတို့ ထမ်းဆောင်ဖို့ တာဝန်တွေလည်း ရှိတာပေါ့။ မင်းတို့ရဲ့ လောလောဆယ်တာဝန်ကတော့ လက်နက်ကိုင်စက်ရုပ်တွေကို ကူညီပြီးတော့ ဌာနချုပ်ရဲ့ မိုင်တစ်ထောင်အတွင်းမှာရှိတဲ့ နယ်မြေတွေကို ဆက်လက်ရှင်းလင်းဖို့ပဲ။ ရှိသမျှကြမ်းကြုတ်သားရဲတွေ အကုန်လုံးကို ချက်ချင်း ရှင်းလင်းပစ်ရမယ်”

“မှတ်ထားပါ။ ဒါက ကာကွယ်သူအဖွဲ့ ဌာနချုပ်ပဲ။ မင်းတို့ကလွဲပြီး တခြားဘယ်သူ့ကိုမှ ခေါ်မလာရဘူး။ တကယ်လို့ တစ်ခုခု အခက်အခဲကြုံရရင် စစ်ကူတောင်းနိုင်တယ်။ တကယ်လိုအပ်လာရင် ကာကွယ်သူကိုတောင် စေလွှတ်ပေးမယ်”

လင်းဖုန်းက ကာကွယ်သူအကြောင်း ပြောလိုက်သောအခါ သိုင်းသမားများအားလုံး အနည်းငယ် စိတ်လှုပ်ရှားသွားကြသည်။ သူတို့အနေဖြင့် ကာကွယ်သူက သူတော်စင်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် စက်ရုပ်တစ်ရုပ်ဖြစ်ကြောင်း သိထားကြ၏။ သူက စက်ရုပ်တစ်ရုပ်သာဖြစ်သော်လည်း တိုက်ခိုက်နိုင်စွမ်းကမူ အလွန်ထူးခြားပြောင်မြောက်လှပြီး သူတော်စင်တစ်ပါးနှင့် ရင်ဘောင်တန်းနိုင်ပေသည်။

ထို့နောက် လင်းဖုန်း စက်ရုပ်များကို အမိန့်ပေးကာ အသွင်ပြောင်းနယ်ပယ် သိုင်းသမား ၆၃ ယောက်အတွက် သင့်တော်မည့် နေရာထိုင်ခင်းများကို စီစဉ်ပေးလိုက်သည်။

သိုင်းသမားများ မျက်နှာထက်တွင် အပြုံးကိုယ်စီဖြင့် ထွက်ခွာသွားကြသည်ကို ကြည့်ခြင်းအားဖြင့် သူတို့အနေဖြင့် ကာကွယ်သူအဖွဲ့အပေါ် ကနဦးအထင်ကြီးလေးစားမှု ကောင်းကောင်းရှိသွားကြပြီ ဖြစ်ပုံရ၏။ သူတို့အားလုံးနီးပါး အလွန် စိတ်ကျေနပ်နေကြသော်လည်း လင်းဖုန်းကမူ ထိုမျှနှင့် စိတ်မကျေနပ်နိုင်သေးချေ။

ကာကွယ်သူအဖွဲ့တွင် အလားအလာကြီးကြီးမားမား ရှိနေသော်လည်း လောလောဆယ်တွင်မူ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများကို ဆွဲဆောင်နိုင်မည့် နည်းလမ်းမျိုး မရှိသေးချေ။ အဖွဲ့ချုပ်၏ ကနဦး အစောပိုင်းကာလများတွင် အဓိကအဖွဲ့အစည်းကြီးငါးခုထက် များစွာသာလွန်ကောင်းမွန်သည့် အားသာချက်နည်းလမ်းတစ်ခုခု ရှိနေမှဖြစ်မည်။

မူလက လင်းဖုန်းအနေဖြင့် စိုးရိမ်စရာမလိုဟု ခံစားရသော်လည်း ဤသိုင်းသမားများအားလုံးမှာ အလွန်ငယ်ရွယ်ပြီး စိတ်အားထက်သန်ကြသည်ကို တွေ့ရသည့်အပြင် အများစုကလည်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ယခုမှ ချိုးဖျက်ထားကြသူများ ဖြစ်ကြ၏။ ယင်းက လင်းဖုန်း၏ ပခုံးထက်သို့ တာဝန်ဝတ္တရားတစ်ခုကို ထပ်မံ တိုးပွားစေသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

သူက ကာကွယ်သူအဖွဲ့ချုပ်ကို တည်ထောင်ခဲ့ခြင်းဖြစ်ရာ ဤအဖွဲ့ဝင်များအတွက် သေချာပေါက် တာဝန်ယူရပေမည်။ အနည်းဆုံး ကာကွယ်သူအဖွဲ့ချုပ်သို့ ဝင်ရောက်ခြင်းက အဓိကအဖွဲ့အစည်းကြီးငါးခုထက် မနိမ့်ကျရုံသာမက ပို၍ပင် ကောင်းမွန်နိုင်ကြောင်းကို သူတို့အား သိရှိစေရမည်။

သိုင်းသမားများအတွက် အဓိကလိုအပ်ချက်ကား အဘယ်နည်း။ သံသယဖြစ်ဖွယ်မရှိ စွမ်းအားပင်။

လင်းဖုန်းအနေဖြင့် အဓိကအဖွဲ့အစည်းကြီးငါးခုနှင့် မတူကွဲပြားစေရန်အတွက် သိုင်းသမားများ၏ စွမ်းအားကို မြှင့်တင်ပေးနိုင်မည့် အထူးနည်းလမ်းတစ်ခုခု လိုအပ်သည်။ သူ တိုက်ပွဲဝင်ခန္ဓာကိုယ်လမ်းညွှန်ကျင့်စဉ်ကို မျှဝေပေး၍မရသလို စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်ကိုလည်း သင်ကြားပေး၍ မရချေ။

သို့သော်လည်း ထိုအရာများအပြင် လင်းဖုန်းတွင် မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ သို့တည်းမဟုတ် မျိုးရိုးဗီဇ ပေါင်းစပ်ခြင်းနည်းလမ်း ရှိနေသေးသည် မဟုတ်ပါလော။

လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ်လမ်းညွှန်ကျင့်စဉ်ကို မရရှိမီက မျိုးရိုးဗီဇပေါင်းစပ်ကိရိယာကို အသုံးပြုကာ ကြမ်းကြုတ်သားရဲများ၏ မျိုးရိုးဗီဇကို ပေါင်းစပ်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုကို သိသိသာသာ တိုးတက်စေခဲ့သည်။ အဆုံးတွင် သူ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာမှတစ်ဆင့် ကြမ်းကြုတ်သားရဲများ၏ မျိုးရိုးဗီဇကို ပေါင်းစပ်ခြင်းဖြင့် ကြယ်တာရာစွမ်းအား ကန့်သတ်ချက်ကိုပင် ချိုးဖျက်နိုင်ခဲ့သည်။

မျိုးရိုးဗီဇပေါင်းစပ်ခြင်းက လောင်ဘီသမ်၏ စက်မှုယဉ်ကျေးမှုမှ နည်းပညာတစ်ခုပင်။ ထို့အတူ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာကလည်း အဆင့်မြင့်နည်းပညာယဉ်ကျေးမှု၏ အစစ်အမှန် ထုတ်ကုန်တစ်ခုဖြစ်၏။ လောင်ဘီသမ်က ထိုနည်းပညာကို အသုံးချရန်အတွက် အပြည့်အဝ ဆုံးဖြတ်ပိုင်ခွင့် ရှိပေသည်။ ဤသည်ကလည်း ကာကွယ်သူအဖွဲ့ချုပ်ကို အလျင်အမြန် တိုးတက်လာစေရန် လင်းဖုန်း ယုံကြည်မှုရှိနေသည့် အဓိက အကြောင်းရင်းတစ်ရပ်ပင်။

“လောင်ဘီသမ်... ငါ မျိုးရိုးဗီဇပေါင်းစပ်ခြင်းနည်းပညာကို ထိန်းချုပ်နိုင်ဖို့ လိုတယ်။ မင်း အသုံးပြုခွင့်ရှိမရှိ ဆုံးဖြတ်ပေးလို့ရတယ် မလား”

လင်းဖုန်းနှင့် လောင်ဘီသမ်တို့၏ ဆက်ဆံရေးမှာ အနည်းငယ် ထူးဆန်းလှသည်။ လောလောဆယ်တွင် သူတို့က အဆင့်အတန်းတူ အခြေအနေတွင် ရှိနေကြပြီး တစ်ယောက်ကိုတစ်ယောက် အမိန့်ပေးထိန်းချုပ်နိုင်ခြင်း မရှိကြချေ။ သို့သော်လည်း တကယ်တန်းတွင် လင်းဖုန်းအနေဖြင့် လောင်ဘီသမ်ကို အမှီပြုရမည့် အခြေအနေများစွာ ရှိနေ၏။

ယခုအကြိမ်သည်လည်း ချွင်းချက်မဟုတ်ပေ။ အကယ်၍ လင်းဖုန်းအနေဖြင့် မျိုးရိုးဗီဇပေါင်းစပ်ခြင်းနည်းပညာကို လိုချင်ပါက လောင်ဘီသမ်ထံမှ အကူအညီ တောင်းရပေမည်။

“မျိုးရိုးဗီဇပေါင်းစပ်ခြင်းနည်းပညာက စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုပြုပြီးတဲ့နောက်မှာ အတိုင်းအတာတစ်ခုအထိ အသုံးဝင်နိုင်တာ အမှန်ပဲ။ ငါလည်း ဒီနည်းပညာကို သုံးခွင့်ရမရ ဆုံးဖြတ်ပိုင်ခွင့်ရှိသလို မင်းကို ပေးဖို့ကလည်း ကိစ္စအကြီးကြီး မဟုတ်ပါဘူး။ ဒါပေမဲ့ မင်း ငါ့ကို အခြေအနေတစ်ခုတော့ ကတိပေးရမယ်”

“ဘာအခြေအနေလဲ”

“နောင်တစ်ချိန်မှာ မင်း အသက်ဝိညာဉ် ခြောက်ကြိမ်အထိ အသွင်ပြောင်းလဲပြီး ဂြိုဟ်အဆင့်သက်ရှိတစ်ယောက် ဖြစ်လာတဲ့အခါကျရင် ငါ့ရဲ့ တောင်းဆိုမှုတစ်ခုကို လိုက်လျောပေးဖို့ ကတိပေးရမယ်”

“ဘယ်လိုတောင်းဆိုမှုမျိုးလဲ”

“မစိုးရိမ်ပါနဲ့။ အဲ့ဒါက သေချာပေါက် မင်းရဲ့ စွမ်းဆောင်နိုင်စွမ်း အတိုင်းအတာအတွင်းမှာပဲ ရှိမှာပါ။ မင်း ငါ့ကို ကတိပေးဖို့ပဲ လိုတယ်”

လင်းဖုန်က လောင်ဘီသမ်ကို သူ့စွမ်းဆောင်နိုင်စွမ်းအတွင်းရှိ အရာတစ်ခုကို ကတိပေးရမည်ဖြစ်ပြီး ထိုကတိကို ဆဋ္ဌမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုပြုပြီး ဂြိုဟ်အဆင့်သက်ရှိတစ်ယောက် ဖြစ်လာပြီးနောက်မှသာ ဖြည့်ဆည်းပေးရမည်။ ဤသည်က လောင်ဘီသမ်၏ ကိစ္စရပ်ကို ဂြိုဟ်အဆင့်သက်ရှိတစ်ခုကသာ ဖြေရှင်းနိုင်မည်ဟု ဆိုလိုခြင်းပင်။

လောင်ဘီသမ်အနေဖြင့် ဤတောင်းဆိုချက်ကို ဤမျှအထိ အလေးအနက် ပြုလုပ်လာခြင်းကြောင့် ထိုကိစ္စက ထင်သလောက်ရိုးရှင်းမည်မဟုတ်ကြောင်း ထင်ရှားပေသည်။

သို့သော် လင်းဖုန်းအနေဖြင့် စိုးရိမ်စရာ ရှိပါသလော။

လင်းဖုန်း လောင်ဘီသမ်အပေါ် အမြဲတစေ ကျေးဇူးတင်ရှိနေခဲ့သည်။ အကယ်၍ ထိုကိစ္စက သူ့စွမ်းဆောင်နိုင်စွမ်းအတွင်းတွင်သာ ရှိမည်ဆိုပါက လောင်ဘီသမ်၏ တောင်းဆိုချက်ကို လိုက်လျောပေးရန်က သိပ်မခက်ချေ။

“ကောင်းပြီလေ။ ငါ ကတိပေးတယ်။ နောင်တစ်ချိန်မှာ ငါ ဆဋ္ဌမအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲပြီး ဂြိုဟ်အဆင့်သက်ရှိ ဖြစ်လာခဲ့ရင် မင်းရဲ့ တောင်းဆိုချက်တစ်ခုကို လိုက်လျောပေးမယ်”

လင်းဖုန်း အချိန်အကြာကြီး တုံ့ဆိုင်းမနေဘဲ လောင်ဘီသမ်၏ အခြေအနေကို သဘောတူလိုက်သည်။

ထိုမှသာ လောင်ဘီသမ်လည်း သက်ပြင်းချနိုင်သွားတော့သည်။ တကယ်တော့ လင်းဖုန်း၏ လတ်တလော စွမ်းဆောင်ရည်များက သူ့အပေါ် မျှော်လင့်ချက်တချို့ ဖြစ်စေခဲ့ခြင်းကြောင့် မဟုတ်ပါက သူ လင်းဖုန်းကို ဤကဲ့သို့သော အခြေအနေမျိုး ကမ်းလှမ်းလာလိမ့်မည် မဟုတ်ပေ။

“မျိုးရိုးဗီဇပေါင်းစပ်ခြင်းနည်းပညာက စက်မှုယဉ်ကျေးမှုမှာတော့ နှိုက်နှိုက်ချွတ်ချွတ် လေ့လာထားပြီးသား နည်းပညာလို့ သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ မင်းတို့ကမ္ဘာအနေနဲ့ကတော့ နောက်ထပ် နှစ်တစ်ရာကြာရင်တောင် ဒီနည်းပညာကို အပြည့်အဝ ကျွမ်းကျင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ ဒါကြောင့် မင်းကို ဒီနည်းပညာ ပေးလိုက်ရင်လည်း သိပ်ပြီးတော့ အဓိပ္ပာယ်မရှိလှဘူး။ ဒီလိုလုပ်ရအောင် ငါ မျိုးရိုးဗီဇပေါင်းစပ်ခြင်းနည်းပညာကို တတိယမြောက်ယဉ်ကျေးမှုရဲ့ စက်ရုပ်တွေဆီကို လွှဲပြောင်းပေးလိုက်မယ်။ ငါ နည်းပညာသုံး စက်ရုပ်တချို့ကို ဖန်တီးပေးမယ်။ မင်း တစ်ယောက်ယောက်ကို ကြမ်းကြုတ်သားရဲတွေရဲ့ မျိုးရိုးဗီဇနဲ့ ပေါင်းစပ်ပေးချင်တဲ့အခါ အဲဒီနည်းပညာသုံး စက်ရုပ်တွေဆီပဲ လွှဲပေးလိုက်ပေါ့။ အဲ့လိုဆို ဘာပြဿနာမှ ရှိမှာမဟုတ်တော့ဘူး”

လင်းဖုန်း ခေါင်းညိတ်လိုက်သည်။ လက်ရှိ လူသားတို့၏ နည်းပညာအဆင့်အတန်းက အမှန်တကယ်ပင် အလွန် နောက်ကျကျန်နေသေးကြောင်း သူလည်း သိထားသည်။ ဤမျိုးရိုးဗီဇနည်းပညာကို အဆင့်မြင့်နည်းပညာ တစ်ခု နှစ်ခုအပေါ် အခြေခံရုံမျှဖြင့် မြှင့်တင်၍ မရနိုင်ချေ။ အချိန်နှင့်အမျှ တဖြည်းဖြည်းချင်း တိုးတက်လာရမည်သာ ဖြစ်သည်။

မျိုးရိုးဗီဇပေါင်းစပ်ခြင်းနည်းပညာက စက်မှုယဉ်ကျေးမှုအတွက် ဘာမှမပြောပလောက်ဘဲ ရင့်ကျက်ပြီးသား နည်းပညာတစ်ခု ဖြစ်သော်လည်း လူသားယဉ်ကျေးမှုအတွက်မူ အလွန်အဆင့်မြင့်လွန်းလှပြီး ယခုလက်ရှိအချိန်တွင် လက်လှမ်းမမီနိုင်သေးသည့်အရာ ဖြစ်သည်။ ယင်းကို နည်းပညာသုံးစက်ရုပ်များထံ လွှဲပြောင်းပေးထားခြင်းကသာ အကောင်းဆုံး ဖြေရှင်းချက် ဖြစ်ပေလိမ့်မည်။

“ဟုတ်ပြီလေ။ ကြမ်းကြုတ်သားရဲတွေရဲ့ မျိုးရိုးဗီဇကို ရွေးချယ်ဖို့အတွက်ကတော့ ဒီတစ်ခေါက်မှာ ငါ သားရဲမျိုးရိုးဗီဇ အမျိုးအစားပေါင်း ထောင်ချီကို သိမ်းဆည်းထားပြီးပြီ။ ဒါက လုံလောက်တာထက်ကို ပိုပါတယ်။ ဘယ်ကြမ်းကြုတ်သားရဲမျိုးရိုးဗီဇနဲ့မဆို စိတ်ကြိုက် ပေါင်းစပ်ပေးလို့ရတယ်”

လင်းဖုန်း ဤကိစ္စရပ်များကို စိုးရိမ်ပူပန်နေခြင်းမရှိဘဲ လောင်ဘီသမ်ထံသို့သာ လွှဲအပ်ထားလိုက်တော့သည်။

သုံးရက်ခန့်အကြာတွင် လောင်ဘီသမ်က နည်းပညာသုံးစက်ရုပ်အမြောက်အမြားကို ဖန်တီးပြီးသွားသည်။ သူတို့အားလုံးမှာ မျိုးရိုးဗီဇပေါင်းစပ်ခြင်းနည်းပညာကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းရှိကြ၏။

လင်းဖုန်းက အသွင်ပြောင်းနယ်ပယ်သိုင်းသမား ၆၃ ယောက်ကို စုဝေးစေလိုက်သည်။

“မင်းတို့ ကာကွယ်သူအဖွဲ့ချုပ်ကို ရောက်လာပြီးတဲ့နောက် လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း မင်းတို့ရဲ့ စွမ်းဆောင်ရည်တွေက တကယ်ကို ကောင်းမွန်ခဲ့တယ်။ ဒါကြောင့်မို့ မင်းတို့အတွက် ငါ ဆုလာဘ်တစ်ခု ပြင်ဆင်ပေးထားတယ်။ ဒါက လောလောဆယ်အတွက် တစ်ခုတည်းသောဆုလာဘ်ပဲ။ နောင်အနာဂတ်မှာ ဒီလိုဆု ထပ်ရချင်ရင်တော့ မင်းတို့အနေနဲ့ လုံလောက်တဲ့ ပံ့ပိုးကူညီမှုအမှတ်တွေ ရအောင်လုပ်ရမယ်။ ဒါမှမဟုတ်ရင် အဖွဲ့ချုပ်အတွက် ကြီးမားတဲ့ ပံ့ပိုးကူညီမှုတွေ ပြုလုပ်ရလိမ့်မယ်”

လင်းဖုန်း၏ စကားကို ကြားလိုက်ရချိန်တွင် အသွင်ပြောင်းနယ်ပယ်သိုင်းသမား ၆၃ ယောက်စလုံး စူးစမ်းလိုစိတ် ပြင်းပြသွားကြသည်။ လင်းဖုန်းကိုယ်တိုင် ဤမျှအထိ အလေးအနက်ထားရလောက်အောင် ယင်းက အဘယ်သို့သော ဆုလာဘ်မျိုး ဖြစ်နေရသနည်း။

ကြယ်တာရာစွမ်းအားကျင့်စဉ်လား။ ကြယ်တာရာသိုင်းပညာရပ်လား။ ဒါမှမဟုတ် ဆန်းကြယ်ပစ္စည်းတစ်ခုခုများလား။

ထိုအရာများကို အဓိကအဖွဲ့အစည်းကြီးငါးခုစလုံးတွင်လည်း ရရှိနိုင်သည် မဟုတ်ပါလော။ ကာကွယ်သူအဖွဲ့ချုပ်မှာ စတင်တည်ထောင်ခါစသာ ရှိသေးရာ ကြယ်တာရာသိုင်းပညာရပ် ဘယ်လောက်များများ ရှိနိုင်ပါမည်နည်း။

လင်းဖုန်း ထိုသိုင်းသမားများကို လျှို့ဝှက်ခန်းမကြီးတစ်ခုအတွင်းသို့ ဦးဆောင်ခေါ်သွားသည်။ ဤနေရာတွင် လူရာပေါင်းများစွာ ဆံ့နိုင်သော ဆေးဘက်ဆိုင်ရာအခန်းငယ် ရာချီရှိနေ၏။

သိုင်းသမား ၆၃ ယောက်က သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း ဆေးဘက်ဆိုင်ရာ အခန်းငယ်များအတွင်းသို့ ဝင်ရောက်လဲလျောင်းလိုက်ကြသည်။ ထို့နောက် နည်းပညာသုံးစက်ရုပ်ရာပေါင်းများစွာက ထိုသိုင်းသမားများအတွက် ကြမ်းကြုတ်သားရဲများ၏ မျိုးရိုးဗီဇကို စတင်ပေါင်းစပ်ပေးကြတော့သည်။ ဤသည်က လင်းဖုန်းအနေဖြင့် သိုင်းသမား ၆၃ ယောက်စလုံး တစ်ပြိုင်နက်တည်း သားရဲမျိုးရိုးဗီဇ ပေါင်းစပ်နေသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

ထို့ကြောင့် သူသည်လည်း ထိုသိုင်းသမားများ၏ မျိုးရိုးဗီဇ ပေါင်းစပ်မှုအခြေအနေကို အနီးကပ် ဂရုတစိုက် စောင့်ကြည့်နေမိသည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters