အခန်း ၂၉၃
Vol. 26 Ch. 293
အခန်း (၂၉၃) - ခန္ဓာကိုယ်ကြံ့ခိုင်မှုမြှင့်တင်ခြင်းနည်းစနစ်
ဘာသာပြန် - အားသစ်
အိပ်မှုန်စုံမွှား အခြေအနေတစ်ခုတွင် သိုင်းသမား ၆၃ ယောက်စလုံး သူတို့ခန္ဓာကိုယ်အတွင်း၌ တစ်စုံတစ်ခု ပေါ်ပေါက်လာကြောင်း ခံစားလိုက်ရသော်လည်း ယင်းကို သူတို့ အာရုံခံ၍မရချေ။
ထို့နောက် ချက်ချင်းပင် အာဟာရဓာတ်ရည်များကို သူတို့ခန္ဓာကိုယ်အတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ထိုးသွင်းပေးလိုက်သည်။
သူတို့အားလုံး ခန္ဓာကိုယ်တစ်ခုလုံးတွင် မီးတောက်များ လောင်ကျွမ်းနေသည့်အလား ပူလောင်သည့် ခံစားချက်မျိုးကို ချက်ချင်း ခံစားလိုက်ရ၏။
“ငါ့ ငါ့ရဲ့ ခွန်အားတွေ တိုးလာတာလား”
“ခွန်အားတင် မဟုတ်ဘူး။ ငါ့ရဲ့ ခန္ဓာကိုယ်က ကဏ္ဍပေါင်းစုံမှာ ပိုပြီးသန်မာလာသလိုပဲ”
“သောက်ကျိုးနည်း… ငါ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး အသွင်ပြောင်းလဲခြင်းကာလ ကုန်ဆုံးသွားကတည်းက ငါ့ခန္ဓာကိုယ်က ဘယ်တုန်းကမှ တိုးတက်မလာတော့ဘူး။ အခုကျမှ ဘယ်လိုလုပ် ချက်ချင်းကြီး ဒီလောက်အထိ တိုးတက်လာရတာလဲ”
“ဒါ သူတော်စင်လင်းဖုန်းဆီက ဆုလာဘ်ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ငါတို့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အဘက်ဘက်ကနေတိုးတက်လာပြီး အကျိုးကျေးဇူးတွေ အများကြီးရှိတယ်ဆိုပေမဲ့ ငါတို့က အသွင်ပြောင်းနယ်ပယ် သိုင်းသမားတွေ ဖြစ်နေပြီလေ။ ငါတို့အတွက် ခန္ဓာကိုယ်ကြံ့ခိုင်မှုက တကယ်တော့ သိပ်ပြီး အသုံးဝင်မှာ မဟုတ်ပါဘူး”
တချို့က စိတ်ပျက်သွားကြပြီး တချို့ကမူ အံ့အားသင့်ကာ ဝမ်းသာသွားကြသည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်လာခြင်းက သဘာဝကျကျပင် ကိစ္စကောင်းတစ်ရပ် ဖြစ်သော်လည်း အသွင်ပြောင်းနယ်ပယ် သိုင်းသမားများအတွက်မူ ယခုမှ ရရှိခြင်းက အနည်းငယ် နောက်ကျလွန်းသည် မဟုတ်ပါလော။
ဆေးဘက်ဆိုင်ရာအခန်းငယ်များ တဖြည်းဖြည်း ပွင့်လာသည်နှင့်အမျှ သိုင်းသမားများလည်း အခန်းငယ်များအတွင်းမှ တစ်ယောက်ပြီးတစ်ယောက် လမ်းလျှောက်ထွက်လာကြသည်။ သူတို့၏ ခန္ဓာကိုယ်ပြောင်းလဲမှုများကို အာရုံခံမိသောအခါ သူတို့အားလုံး ယေဘုယျအားဖြင့် စိတ်ကျေနပ်ကြသည်။
သို့သော်လည်း သူတို့ မည်မျှပင် စိတ်ကျေနပ်ပါစေ သူတို့က ပရော်ဖက်ရှင်နယ်သိုင်းသမားများ မဟုတ်ပေ။ အသွင်ပြောင်းနယ်ပယ်သိုင်းသမားများ ဖြစ်နေကြပြီ ဖြစ်သည်။ သူတို့အနေဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် ထိုမျှအထိ မလိုအပ်တော့ချေ။ သူတို့၏ အခြေခံအုတ်မြစ်က ကြယ်တာရာစွမ်းအားသာ မဟုတ်ပါလော။
“မင်းတို့ထဲက ဘယ်နှစ်ယောက်က အသွင်ပြောင်းနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်ပြီးတော့ ခန္ဓာကိုယ်ထဲမှာ ကြယ်တာရာစွမ်းအားမျှင် ၉၉ခု ရှိနေပြီလဲ”
ဤလူများအားလုံးက အသွင်ပြောင်းနယ်ပယ် ပထမအဆင့်တွင်သာ ရှိကြသေးရာ လင်းဖုန်းအနေဖြင့် ဤအချက်ကို သဘာဝအတိုင်း ကောင်းကောင်းသိထားသည်။
လူ ၁၃ ယောက်ခန့် ရှေ့ထွက်လာကြသည်။ သူတို့အားလုံးက အသွင်ပြောင်းနယ်ပယ် ပထမအဆင့်၏ အထွတ်အထိပ်တွင် ရှိနေကြပြီး ကြယ်တာရာစွမ်းအားမျှင် ၉၉ခု ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြသည်။ သူတို့၏ အသွင်ပြောင်းလဲခြင်းကာလ ကုန်ဆုံးသွားခဲ့သည်မှာ ကြာပြီဖြစ်၏။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သူတို့ အဓိကအဖွဲ့အစည်းကြီးငါးခုသို့ အချိန်အကြာကြီး ဝင်ရောက်ခြင်းမပြုခဲ့ပေ။ အဆုံးတွင် ကာကွယ်သူအဖွဲ့ချုပ်သို့ ဝင်ရောက်လာကြသည်။
ထို ၁၃ ယောက်စလုံးကလည်း လင်းဖုန်း ဘာကို ဆိုလိုသည်ကို မသိကြချေ။
“မင်းတို့ ၁၃ ယောက် ပြန်သွားပြီးတော့ အာရုံခံကြည့်လိုက်ပါ။ ကြယ်တာရာစွမ်းအားကို ဆက်ပြီး ကျင့်ကြံကြည့်ပါ။ ရက်အနည်းငယ်လောက်ကြာရင် မထင်မှတ်ထားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာလိမ့်မယ်”
“ကြယ်တာရာစွမ်းအားကို ဆက်ပြီး ကျင့်ကြံရမှာလား။ ဒါပေမဲ့ ကျွန်တော်တို့က ကန့်သတ်ချက်ကို ရောက်နေပြီလေ။ ဘယ်လောက်ပဲ ကျင့်ကြံကျင့်ကြံ အလကားပဲ ဖြစ်မှာပဲ မဟုတ်လား”
တချို့က သံသယဖြစ်နေကြပြီး တချို့ကမူ တွေးဆနေကြ၏။ သို့သော်လည်း လင်းဖုန်းကမူ ပြန်လည်ဖြေကြားခြင်း မပြုခဲ့ချေ။ ဤသိုင်းသမားများအနေဖြင့် ရက်အနည်းငယ်ကြာလျှင် သဘာဝအတိုင်း သိရှိသွားကြပေလိမ့်မည်။ ထိုအချိန်ကျမှသာ သူ အရာအားလုံးကို အသေးစိတ်ရှင်းပြမည်ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် တစ်ပတ်ခန့်အကြာတွင် ထိုသိုင်းသမား ၁၃ ယောက်စလုံး လင်းဖုန်းထံသို့ အလောတကြီး လာရောက်တွေ့ဆုံခွင့် တောင်းခံကြသည်။ သူတို့ အတူတူ ရောက်လာကြခြင်းပင်။ စင်စစ်တွင် ထို ၁၃ ယောက်စလုံး ကြိုတင်၍ အချင်းချင်း ဆက်သွယ်စကားပြောဆိုခဲ့ကြပြီး တစ်ယောက်အခြေအနေကိုတစ်ယောက် သိထားကြပြီး ဖြစ်သည်။
သူတို့အားလုံးတွင် တူညီသောအချက်တစ်ခု ရှိနေ၏။ ယင်းမှာ သူတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု တဖြည်းဖြည်း တိုးတက်လာသည်နှင့်အမျှ သူတို့အားလုံး အကြောင်းရင်းတစ်စုံတစ်ရာမရှိဘဲ ခန္ဓာကိုယ်ထဲတွင် အမျှင် ၁၀၀ မြောက် ကြယ်တာရာစွမ်းအားကို စတင်စုစည်းနိုင်ခဲ့ကြသည်။ ထို့နောက်တွင်လည်း ကြယ်တာရာစွမ်းအားကို ဆက်လက်စုစည်းနိုင်နေသေး၏။
အမျှင်တန်း ၁၀၁ခု၊ ၁၀၂ခု၊ ၁၀၃ခု...
ကြယ်တာရာစွမ်းအားမျှင် အများဆုံး စုစည်းနိုင်ခဲ့သည့် သိုင်းသမားက သူ့ခန္ဓာကိုယ်ထဲတွင် အမျှင်တန်း ၁၃၀ အထိပင် စုစည်းထားနိုင်ခဲ့ပြီဖြစ်သည်။
ဤအရေအတွက်က ပြောလောက်အောင်အထိ မများလှဘဲ တစ်ချိန်က လင်းဖုန်း စုစည်းခဲ့သည့် ကြယ်တာရာစွမ်းအားမျှင်အရေအတွက်နှင့် မနှိုင်းယှဉ်နိုင်သော်ငြား ဤသိုင်းသမားများအနေဖြင့် ကြယ်တာရာစွမ်းအား ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့ပြီဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိချေ။ ဤသည်က အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းလှပေ၏။
အကယ်၍ လူတစ်ယောက်တည်းကသာ အသွင်ပြောင်းလဲခြင်းနယ်ပယ် ဒုတိယအဆင့်သို့ အဆင့်မတက်လှမ်းဘဲ ကြယ်တာရာစွမ်းအား အကန့်အသတ်ကို ချိုးဖျက်နိုင်ခဲ့မည်ဆိုပါက သူတို့အနေဖြင့် စိုးရိမ်ပူပန်မိကာ ထိုအကြောင်းကို ဖုံးကွယ်ထားကြပေလိမ့်မည်။ သို့သော်လည်း သူတို့ ၁၃ ယောက်စလုံးတွင် ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပျက်နေသည်ကို သိလိုက်ရသောအခါ တစ်ချက်မျှ စဉ်းစားလိုက်ရုံဖြင့် ဤကိစ္စက လင်းဖုန်းနှင့် ပတ်သက်နေကြောင်း သူတို့ ချက်ချင်း သဘောပေါက်သွားကြသည်။
လင်းဖုန်းသည်လည်း ထိုသိုင်းသမား ၁၃ ယောက်နှင့် တွေ့ဆုံလိုက်၏။ သူတို့ ခန္ဓာကိုယ်ထဲမှ ပုံမှန်မဟုတ်သော အခြေအနေများအကြောင်း ပြောပြသည်ကို ကြားလျှင် လင်းဖုန်းက တိုက်ရိုက် ပြန်လည်မဖြေကြားချေ။ ထို့အစား သူက သိုင်းသမား ၆၃ ယောက်စလုံးကို စုဝေးစေလိုက်သည်။
“အားလုံးပဲ... မင်းတို့အနေနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်တာက အသုံးမဝင်ဘူးလို့ ထင်နေကြတာလား”
“တကယ်တော့ ဒါက အကြီးမားဆုံး အယူအဆအမှားပဲ။ လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ခန္ဓာကိုယ်ကြံ့ခိုင်မှုက လုံးဝအသုံးမဝင်တာ မဟုတ်ဘူးဆိုတာကို ငါ အာရုံခံမိခဲ့တယ်။ ဆန့်ကျင်ဘက်အနေနဲ့ ခန္ဓာကိုယ်ဆိုတာ လှေတစ်စင်းလိုပဲ။ ခန္ဓာကိုယ်ကို ပိုပြီး သန်မာအောင် လုပ်နိုင်မှသာ ပိုများတဲ့ ကြယ်တာရာစွမ်းအားတွေကို ဆံ့နိုင်မှာဖြစ်တယ်”
“အခုဆိုရင် မင်းတို့ထဲက အသွင်ပြောင်းလဲခြင်းနယ်ပယ် ပထမအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေတဲ့ သိုင်းသမား ၁၃ ယောက်က သူတို့ခန္ဓာကိုယ်ထဲက ကြယ်တာရာစွမ်းအား အကန့်အသတ်ကို ချိုးဖျက်နိုင်ခဲ့ကြပြီ။ ဒါက အစပဲ ရှိသေးတယ်။ မင်းတို့ရဲ့ ခန္ဓာကိုယ် ဆက်ပြီး သန်မာလာနေသရွေ့ မင်းတို့ ခန္ဓာကိုယ်က လက်ခံနိုင်မယ့် ကြယ်တာရာစွမ်းအားကလည်း ဆက်ပြီး တိုးပွားလာနေဦးမှာပဲ”
လင်းဖုန်း၏ စကားများက သိုင်းသမား ၆၃ ယောက်စလုံးကို ဆွံ့အမှင်သက်သွားစေသည်။ ဤသည်က တစ်ခါမှ မရှိဖူးသေးသော သီအိုရီအသစ်တစ်ခုပင်။ ထို့အပြင် ယင်းက သီအိုရီသက်သက်သာ မဟုတ်ချေ။ လင်းဖုန်းကိုယ်တိုင် လက်တွေ့အကောင်အထည်ဖော် ပြသခဲ့ပြီးဖြစ်ရာ ယခုအခါတွင် သိုင်းသမား ၁၃ ယောက်ပင် အကျိုးကျေးဇူးကို ခံစားနေရလေပြီ။
မဟုတ်သေး။ အတိအကျ ပြောရလျှင် သိုင်းသမား ၆၃ ယောက်စလုံး အကျိုးကျေးဇူး ခံစားခဲ့ရခြင်းပင်။ သို့သော်လည်း အခြားသိုင်းသမားများမှာ ကြယ်တာရာစွမ်းအားမျှင် ၉၉ ခုအထိ မစုစည်းရသေးသဖြင့် ကြယ်တာရာစွမ်းအား ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခြင်း ရှိ မရှိ သဘာဝအတိုင်း မသိကြသေးခြင်းသာဖြစ်၏။
သို့သော်လည်း ထိုသိုင်းသမား ၁၃ ယောက်ကို ကြည့်ခြင်းအားဖြင့် သူတို့၏ ကြယ်တာရာစွမ်းအား ကန့်သတ်ချက်ကို သေချာပေါက် ချိုးဖျက်နိုင်ကြောင်း ထင်ရှားပေသည်။
အကယ်၍ လင်းဖုန်းက အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦး၊ နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး သို့တည်းမဟုတ် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးသာ ဖြစ်နေဦးမည်ဆိုပါက သူ၏ ဤသီအိုရီကို မည်သူကမျှ အလေးထားကြလိမ့်မည် မဟုတ်ချေ။
တကယ့်အမှန်တရားက သူတို့ရှေ့မှောက်တွင် ရှိနေလျှင်ပင် တချို့သူများက လင်းဖုန်းက ကံကောင်းပြီး အခွင့်အရေးကောင်းတစ်ခု ရရှိထားသည်ဟု ထင်မြင်ကြလိမ့်မည်။ လင်းဖုန်း၏ နည်းစနစ်ကို ရယူရန် နည်းလမ်းမျိုးစုံ ရှာကြံကြပေလိမ့်မည်။
သို့သော် ယခုအခါတွင်မူ သူတော်စင်တစ်ပါးအနေဖြင့် လင်းဖုန်းက သူ၏သီအိုရီကို တုံ့ဆိုင်းခြင်းမရှိ လူသိရှင်ကြား ထုတ်ဖော်ပြသလိုက်သည်။ ထို့ကြောင့် မည်သူကမျှ ထိုသီအိုရီ၏ စစ်မှန်မှုကို သံသယမဝင်ကြတော့ချေ။
ဤသည်က ကျော်ကြားမှုနှင့် အဆင့်အတန်းတို့ကြောင့် သယ်ဆောင်လာသည့် အပြောင်းအလဲပင်။ တစ်ခါတစ်ရံတွင် လူတစ်ယောက်၏ အထောက်အထားနှင့် အဆင့်အတန်း ကွဲပြားသွားပါက ရလဒ်ကလည်း လုံးဝ ကွဲပြားခြားနားသွားတတ်၏။ ယခုအခါတွင် ဤသိုင်းသမားများအားလုံး လင်းဖုန်းအပေါ် လုံးဝဥဿုံ ယုံကြည်သွားကြပြီ ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူတို့ရှေ့မှ သိုင်းသမား ၁၃ ယောက်က လက်တွေ့သာဓကများ မဟုတ်ပါလော။
ယခုလက်ရှိအချိန်တွင် အခွင့်အရေးကို မျှော်ကိုး၍ ဝင်လာကြသည့် သိုင်းသမားများပင်လျှင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေကြသည်။ သူတို့အနေဖြင့် ကာကွယ်သူအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့ခြင်းက အမှန်ကန်ဆုံး ရွေးချယ်မှုတစ်ခုဖြစ်ကြောင်း ခံစားလိုက်ရ၏။ နောင်အနာဂတ်တွင်ရရှိမည့် အကျိုးအမြတ်များက ယခုထက်ပင်ပိုပေလိမ့်ဦးမည်။ အဆုံးတွင် သူတို့က ကာကွယ်သူအဖွဲ့ချုပ်၏ ပထမဆုံးအသုတ် အဖွဲ့ဝင်များဖြစ်ကြသည် မဟုတ်ပါလော။
သူတို့အနေဖြင့် နောင်အနာဂတ်တွင် သေချာပေါက် ကြီးမားလှသည့် တာဝန်ဝတ္တရားများကို လွှဲအပ်ခြင်းခံရပေလိမ့်မည်။
“မင်းတို့အားလုံး အကျိုးသက်ရောက်မှုကို လက်တွေ့ကြုံဖူးကြပြီးပြီ။ ဆိုတော့က နောင်အနာဂတ်မှာ ကာကွယ်သူအဖွဲ့ချုပ်ရဲ့ တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်ပြီးတော့ ကြမ်းကြုတ်သားရဲတွေကို ပိုပြီးတော့ သတ်ဖြတ်ကြပါ။ မင်းတို့မှာ လုံလောက်တဲ့ အကျိုးပြုတန်ဖိုးတွေ ရှိလာရင် ဒါမှမဟုတ် မဟာမိတ်အဖွဲ့အတွက် ကြီးမားတဲ့ အထူးပံ့ပိုးမှုတွေ ပြုလုပ်နိုင်ရင် ခန္ဓာကိုယ်ကြံ့ခိုင်မှုမြှင့်တင်ခြင်းနည်းစနစ်ကို နောက်တစ်ကြိမ် ထပ်ရနိုင်လိမ့်မယ်”
ဤသည်က မျိုးရိုးဗီဇပေါင်းစပ်ခြင်းနည်းလမ်းအတွက် လင်းဖုန်း ပြောင်းပေးလိုက်သည့် နာမည်နာမအသစ်ပင်။ သူ ထိုနည်းစနစ်ကို သိုင်းနယ်မြေကွန်ရက်၏ အွန်လိုင်းအရောင်းဆိုင်တွင် တင်ထားမည်ဖြစ်သော်လည်း ကာကွယ်သူအဖွဲ့ချုပ်မှ လူများသာ ဝယ်ယူခွင့်ရှိမည်ဖြစ်သည်။
“သူတော်စင်အရှင်... ခန္ဓာကိုယ်ကြံ့ခိုင်မှုမြှင့်တင်ခြင်း နည်းစနစ်က အကျိုးပြုတန်ဖိုး ဘယ်လောက်ကျသင့်မှာလဲခင်ဗျ”
“ခန္ဓာကိုယ်ကြံ့ခိုင်မှုမြှင့်တင်ခြင်းနည်းစနစ် တစ်ကြိမ်အတွက် အနည်းဆုံး ကုန်ကျစရိတ်က အကျိုးပြုတန်ဖိုး ၁၀၀ ပဲ။ ဒါတင်မကသေးဘူး။ ခန္ဓာကိုယ်ကြံ့ခိုင်မှုမြှင့်တင်ခြင်းနည်းစနစ်မှာလည်း စွမ်းအားကွဲပြားမှုတွေ ရှိသေးတယ်။ မင်းတို့ရဲ့ ခန္ဓာကိုယ်အခြေအနေပေါ် မူတည်ပြီးတော့ မြှင့်တင်မှုအဆင့်ဆင့် ကွဲပြားသွားမှာဖြစ်သလို စျေးနှုန်းကလည်း ကွဲပြားသွားလိမ့်မယ်။ အကျိုးပြုတန်ဖိုး ၁၀၀ ကနေ ၁၀၀၀ အထိရှိတဲ့ ကြံ့ခိုင်မှုမြှင့်တင်ခြင်းနည်းစနစ် အမျိုးမျိုးရှိတယ်။ ဒါ့ပြင် ကာကွယ်သူအဖွဲ့ချုပ်ရဲ့ တရားဝင်အဖွဲ့ဝင်တွေပဲ ဒီ ခန္ဓာကိုယ်ကြံ့ခိုင်မှုမြှင့်တင်ခြင်းနည်းစနစ်ကို ဝယ်ယူခွင့်ရှိမှာပဲ”
ဤသည်က လင်းဖုန်း၏ ကနဦးအစီအစဉ် ဖြစ်သည်။ ဤနည်းပညာကို တစ်ကြိမ်တည်းဖြင့် အပြီးသတ်၍မရနိုင်ချေ။ ပေါင်းစပ်ထားသော မျိုးရိုးဗီဇများကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်သွားရမည် ဖြစ်သည်။ ဥပမာအားဖြင့် ယခုအဆင့်တွင် သူတို့ သာမန်သားရဲများ၏ မျိုးရိုးဗီဇနှင့်သာ ပေါင်းစပ်နိုင်မည်ဖြစ်သော်လည်း နောင်တွင် သူတို့၏ခန္ဓာကိုယ် ပိုမိုကြံ့ခိုင်လာပါက သာမန်နတ်ဆိုးများ၏ မျိုးရိုးဗီဇနှင့်ပင် ပေါင်းစပ်နိုင်လိမ့်မည်။
အတိုချုပ်ပြောရလျှင် မျိုးရိုးဗီဇများ၏ စွမ်းအားအပေါ် မူတည်၍ ကျသင့်မည့် အကျိုးပြတန်ဖိုးက သေချာပေါက် ကွဲပြားခြားနားသွားပေလိမ့်မည်။ ဤသည်က ကာကွယ်သူအဖွဲ့ချုပ်၏ တရားဝင်အဖွဲ့ဝင်များ၏ စိတ်အားထက်သန်မှုကိုလည်း လှုံ့ဆော်ပေးနိုင်လိမ့်မည်ဖြစ်ပေ၏။
အကျိုးပြုတန်ဖိုး ၁၀၀
မျှော်လင့်ထားသည့်အတိုင်းပင် အနည်းဆုံး အကျိုးပြုတန်ဖိုး ၁၀၀ လိုအပ်ကြောင်း ကြားလိုက်ရသောအခါ သိုင်းသမားအများစု၏ နှလုံးသားများ လေးလံသွားကြသည်။ သို့ပေသော်ငြား ထိုသည်က သူတို့၏ တိုက်ခိုက်လိုစိတ်ကိုလည်း လှုံ့ဆော်ပေးလိုက်သည်။ အကျိုးပြုတန်ဖိုး ၁၀၀ ဟူသည်ကား လောလောဆယ်တွင် သူတို့အတွက် များပြားလှသည့် ကိန်းဂဏန်းတစ်ခုပင်။ သို့သော်လည်း နောင်အနာဂတ်တွင် ကာကွယ်သူအဖွဲ့ချုပ် တိုးတက်လာပြီး သူတို့အားလုံး ဝါရင့်အဖွဲ့ဝင်များ ဖြစ်လာသည့်အခါတွင် အကျိုးပြုတန်ဖိုး ၁၀၀ ဟူသည်က များပြားလှသည်ဟု ယူဆနိုင်ပါဦးမည်လော။
ထိုအချိန်ကျလျှင် အဆင့်တူရှိသည့် အဓိကအဖွဲ့အစည်းကြီးငါးခုမှ သိုင်းသမားများနှင့်ယှဉ်လျှင် သူတို့ မည်မျှအထိ သန်မာလာပါမည်နည်း။
သူတို့သည်ကား အနှိုင်းမဲ့အောင်နိုင်သူများပင် ဖြစ်လာနိုင်ပေသည်။
ထာဝရသိုင်းတာအိုအရှင်