← Chapters

အခန်း ၂၉၅

Vol. 26 Ch. 295

အခန်း ၂၉၅

Vol. 26 Ch. 295

အခန်း (၂၉၅) - ကျန်းချီကျီ၏ ပြဿနာများ

ဘာသာပြန် - အားသစ်

“တွေ့လား သူတော်စင်ယွမ်ယီ။ ငါ့ရဲ့ ခန့်မှန်းချက်မှန်ကြောင်း သက်သေပြလိုက်ပြီ မဟုတ်လား” သူတော်စင်ခန်းက ဖန်သားပြင်ပေါ်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

ဖန်သားပြင်ပေါ်တွင် သိုင်းနယ်မြေကွန်ရက်၏ မျက်နှာပြင်ကို ပြသထားသည်။ သူတော်စင်ခန်းက ကာကွယ်သူအဖွဲ့ချုပ်၏ အွန်လိုင်းအရောင်းဆိုင်ရှိ ခန္ဓာကိုယ်ကြံ့ခိုင်မှု မြှင့်တင်ခြင်းနည်းစနစ်ကို လက်ညှိုးထိုးပြနေခြင်းပင်။

သူတော်စင်ယွမ်ယီကလည်း ခန္ဓာကိုယ်ကြံ့ခိုင်မှု မြှင့်တင်ခြင်းနည်းစနစ်ကို စူးစိုက်ကြည့်နေ၏။ သူက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ “ကြည့်ရတာ လင်းဖုန်းက ရှေးဟောင်းယဉ်ကျေးမှုက အမွေအနှစ်တစ်ခုခု တကယ်ပဲ ရထားတဲ့ပုံပဲ။ သူရဲ့ သီအိုရီအရ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်တာက ကြယ်တာရာစွမ်းအား ကန့်သတ်ချက်ကို ချိုးဖျက်နိုင်တယ်တဲ့။ အရင်တုန်းက ဘာလို့ ဘယ်သူမှ မလုပ်နိုင်ခဲ့ရတာလဲ”

“အဲ့ဒါက သူတို့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ဘယ်လိုမြှင့်တင်သလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။ တကယ်လို့ သူတို့က တဖြည်းဖြည်းချင်း ကျင့်ကြံမြှင့်တင်ခဲ့မယ်ဆိုရင် ကြယ်တာရာစွမ်းအား ကန့်သတ်ချက်ကို ချိုးဖျက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဓိကအချက်က သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု မြှင့်တင်ခြင်းနည်းစနစ်က ခန္ဓာကိုယ်ကြံ့ခိုင်မှုကို သိသိသာသာ ကြီးမားတဲ့ အတိုင်းအတာအထိ မြှင့်တင်ပေးနိုင်တာ ဖြစ်ရမယ်။ အဲဒါကြောင့်မို့လို့ပဲ ကြယ်တာရာစွမ်းအား ကန့်သတ်ချက်ကို ချိုးဖျက်နိုင်တာ။ တကယ်တော့ အရင်တုန်းက ငါတို့ဆီမှာလည်း ဒီသီအိုရီမျိုး ရှိခဲ့ဖူးတယ် မဟုတ်ဘူးလား။ ဒါပေမဲ့ ငါတို့အားလုံး အဲဒါကို လက်တွေ့ အကောင်အထည်မဖော်နိုင်ခဲ့ဘူးလေ။ လင်းဖုန်းက အဲဒီသီအိုရီကို လက်တွေ့ အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

သူတော်စင်ခန်းမှာ အလွန်ကျေနပ်အားရနေပုံရသည်။

“လင်းဖုန်းရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု မြှင့်တင်ခြင်းနည်းစနစ်က ကာကွယ်သူအဖွဲ့ချုပ် အတွင်းမှာပဲ လည်ပတ်နေတာက နှမြောစရာပဲ။ တကယ်လို့ အဲဒါကို ပြန့်နှံ့ခွင့်ပေးလိုက်မယ်ဆိုရင် လူသားသိုင်းသမား ဘယ်လောက်များများ အကျိုးကျေးဇူး ရနိုင်လိုက်မလဲ။ လူသားမျိုးနွယ်ရဲ့ ပျမ်းမျှစွမ်းအားကလည်း အများကြီး တိုးတက်လာနိုင်တယ်”

သူတော်စင်ယွမ်ယီက ခေါင်းခါလိုက်ပြီး အနည်းငယ် စိတ်ပျက်သွားပုံရ၏။

သို့သော်လည်း သူတော်စင်ခန်းက ရယ်မောကာ စကားဆိုလိုက်သည်။ “ယွမ်ယီ… မင်းအနေနဲ့ လူတိုင်းကို ကိုယ်ကျိုးမဖက်တဲ့သူတွေဖြစ်ဖို့ မျှော်လင့်နေလို့ မရဘူးလေ။ သူတော်စင်ကိုးပါးထဲမှာတောင် ဘယ်သူက တကယ် ကိုယ်ကျိုးမဖက်တဲ့သူ ဖြစ်နိုင်လို့လဲ။ မင်းရော ရှေးဟောင်းယဉ်ကျေးမှုကနေ မင်းရခဲ့တဲ့ ရတနာတွေကို တခြားသူတော်စင်တွေနဲ့ မျှဝေခဲ့ဖူးလို့လား။"

"လင်းဖုန်းက ဒီအရာတွေကို ထုတ်ပေးနိုင်တာကကို လုံလောက်နေပါပြီ။ အဲ့ဒါတွေက ကာကွယ်သူအဖွဲ့ချုပ် အတွင်းမှာပဲ လည်ပတ်နေနိုင်တယ် ဆိုပေမဲ့ လူသားမျိုးနွယ်ကို အားကောင်းလာစေနိုင်သေးတာပဲလေ။ ဒါ့အပြင် လင်းဖုန်းက သူ့ရဲ့စေတနာကို ပြသပြီးပြီ မဟုတ်ဘူးလား။ ဒီစွမ်းအင်လက်နက်တွေက လူသားမျိုးနွယ်ရဲ့ စွမ်းအားကို ကြီးကြီးမားမား တိုးတက်လာစေဖို့ လုံလောက်နေပြီပဲလေ။ ဒါက လင်းဖုန်းဆီကနေရတဲ့ အကြီးမားဆုံး စေတနာပဲကွ"

"ခန္ဓာကိုယ်ကြံ့ခိုင်မှု မြှင့်တင်ခြင်းနည်းစနစ်နဲ့ ပတ်သက်ပြီးတော့က လင်းဖုန်းက ငါတို့အတွက် လမ်းညွှန်ပြသပေးခဲ့ပြီးပြီ။ ငါတို့အနေနဲ့ သိုင်းသမားတချို့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားလို့ မရဘူးလား။ ဆယ်နှစ်၊ အနှစ်နှစ်ဆယ် ဒါမှမဟုတ် အနှစ်ငါးဆယ်လောက် ကြာရင်ရော ခန္ဓာကိုယ်ကြံ့ခိုင်မှု မြှင့်တင်ခြင်းနည်းစနစ်က လျှို့ဝှက်ချက်တစ်ခု ဖြစ်နေဦးမှာတဲ့လား”

သူတော်စင်ခန်းက အလွန်သဘောထားကြီးပုံရသော်လည်း သူ လူသားတို့၏ သဘောသဘာဝကို အမှန်တကယ် နားလည်သူဖြစ်သည်။ သူကား လူသားမျိုးနွယ်၏ ဖရိုဖရဲအဖြစ်ဆုံး ခေတ်ကာလမှနေ၍ လက်ရှိအခြေအနေသို့ တစ်ဆင့်ပြီးတစ်ဆင့် ရောက်ရှိလာခဲ့သူ ဖြစ်သည်။ လူအမျိုးမျိုး စိတ်အထွေအထွေဟူသည့် အဆိုကို သူ အသေအချာနားလည်သည်။ သူ့အနေဖြင့် စိတ်ယုတ်မာရှိသူများကို အများကြီး မြင်တွေ့ခဲ့ဖူးသည်။

သဘာဝကျစွာပင် ကိစ္စရပ်များကို တစ်ဆင့်ပြီးတစ်ဆင့် ဖြည်းဖြည်းချင်း လုပ်ဆောင်ရန် လိုအပ်ကြောင်းကို သူ ကောင်းကောင်းသိ၏။

အကယ်၍ လူတိုင်းကသာ ကိုယ်ကျိုးမဖက် ပြုမူကြမည်ဆိုပါက သူတို့အနေဖြင့် ရှေးဟောင်းယဉ်ကျေးမှုများကို စူးစမ်းရှာဖွေရန် စိတ်ဝင်စားကြတော့မည် မဟုတ်ပေ။ မည်သူကမျှ အန္တရာယ်များကို ရင်ဆိုင်လိုကြတော့မည် မဟုတ်ချေ။

လူသားတို့၏ သဘောသဘာဝသည်ကား မွေးရာပါအကျင့်တစ်ခုအနေဖြင့် ကိုယ်ကျိုးရှာတတ်ကြသော်လည်း တစ်ခါတစ်ရံတွင် ကိုယ်ကျိုးရှာခြင်းက လူသားမျိုးနွယ်တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ် အထောက်အကူပြုနိုင်ပေသည်။

“ဟုတ်တယ် သူတော်စင်ခန်း... ကျွန်တော် နည်းနည်း တစ်ဖက်သတ်ဆန်သွားတယ်။ ဒါပေမဲ့ အခု ဒီခန္ဓာကိုယ်ကြံ့ခိုင်မှု မြှင့်တင်ခြင်းနည်းစနစ်နဲ့ စွမ်းအင်လက်နက်တွေကို လူသိရှင်ကြား ထုတ်ပြန်လိုက်ပြီဆိုတော့ သူတော်စင်လင်းဖုန်းရဲ့ ကာကွယ်သူအဖွဲ့ချုပ်က အရမ်းကို မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာတော့မှာပဲ။ တကယ်တမ်းကျတော့ အဲဒီအဖွဲ့က နောင်တစ်ချိန်မှာ ငါတို့ရဲ့ အဓိကအဖွဲ့အစည်းကြီးငါးခုကိုတောင် ကျော်လွန်သွားလိမ့်မယ်”

သူတော်စင်ယွမ်ယီတွင် ထက်မြက်လှသည့် ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိ၏။ စွမ်းအင်လက်နက်များနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု မြှင့်တင်ခြင်းနည်းစနစ်တို့ကပင် သိုင်းသမားအများစုကို တပ်မက်လာစေရန် လုံလောက်ကြောင်း သူ ကောင်းကောင်းသိသည်။ ကာကွယ်သူအဖွဲ့ချုပ်၏ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီး၍ ရတော့မည် မဟုတ်ချေ။

“သူတော်စင်လင်းဖုန်းက ကာကွယ်သူအဖွဲ့ချုပ်ကို လူသူကင်းမဲ့တဲ့ ပြင်ပနယ်မြေမှာ တည်ထောင်ပြီးတော့ သူကိုယ်တိုင် အဲဒီနေရာကို ရှင်းလင်းပြီး ဘေးကင်းလုံခြုံတဲ့ ဇုန်တစ်ခုကို ဖန်တီးခဲ့တယ်။ ဒါ့အပြင် သူက အဓိကအဖွဲ့အစည်းကြီးငါးခုဆီကနေ သိုင်းသမားတွေကို မလုခဲ့ဘူး။ အဓိကအဖွဲ့အစည်းကြီးငါးခုက မခေါ်ယူခဲ့တဲ့ သိုင်းသမားတွေကိုပဲ စုဆောင်းပြီးတော့ အဓိကအဖွဲ့အစည်းကြီးငါးခုနဲ့ တိုက်ရိုက် ပဋိပက္ခဖြစ်တာကို ရှောင်ရှားခဲ့တယ်။ ယွမ်ယီရေ... အဲဒါကြောင့်မို့လို့လည်း ငါ လင်းဖုန်းကို ဉာဏ်ကျယ်တယ်လို့ ပြောခဲ့တာပေါ့ကွ” သူတော်စင်ခန်းတစ်ယောက် လင်းဖုန်းအပေါ် အလွန် ကျေနပ်အားရနေပုံရပြီး ဆက်တိုက် ချီးကျူးနေတော့သည်။

“ဟားဟားဟား...သူတော်စင်ခန်း...ကျွန်တော့်အထင်တော့ ခင်ဗျားကမှ တကယ်ပညာရှိတဲ့သူပဲ။ တကယ်လို့ ခင်ဗျားသာ လူအများစုရဲ့ ဆန္ဒကို ဆန့်ကျင်ပြီးတော့ လင်းဖုန်းကို ဒသမမြောက်သူတော်စင်ဖြစ်လာဖို့ မထောက်ခံခဲ့ဘူးဆိုရင် လင်းဖုန်းက ဒီပစ္စည်းတွေကို သူ့အတွက်ပဲ ထာဝရသိမ်းထားလိမ့်မယ်။ အဲ့လိုဆို လူသားမျိုးနွယ်အတွက် အကြီးမားဆုံးဆုံးရှုံးမှု ဖြစ်သွားမှာပဲ”

သူတော်စင်ယွမ်ယီနှင့် သူတော်စင်ခန်းတို့နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြသည်။

…

ဒယ်တာမြို့တွင်…

ကျန်းချီကျီတစ်ယောက် ပိုင်ကျင်း၏ လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။ (ပြိုင်ကားပိုင်ရှင်လေ။ မှတ်မိတယ်မလား။)

တစ်နှစ်ကျော်ကြာ ကြိုးစားအားထုတ်ပြီးနောက်... နောက်ဆုံးတွင် ကျန်းချီကျီတစ်ယောက် ပိုင်ကျင်းကို အောင်အောင်မြင်မြင် ပိုးပန်းနိုင်ခဲ့သည်။ ယခင်က မိန်းမရှုပ်ခဲ့သူသည်လည်း လုံးဝလူကောင်းတစ်ယောက် ဖြစ်သွားပြီး သူတို့နှစ်ဦးသား ချစ်သူများအဖြစ် တရားဝင် သတ်မှတ်နိုင်ခဲ့ကြသည်။

သို့သော်လည်း သူတို့နှစ်ဦး မကြာသေးမီက ပြဿနာတချို့နှင့် ကြုံတွေ့နေရသည်။ မူလက ပိုင်မိသားစုနှင့် ကျန်းမိသားစုမှာ လူမှုအဆင့်အတန်းအရ လိုက်ဖက်ညီကြ၏။ ကျန်းမိသားစုက ကျန်းချီကျီ ပိုင်ကျင်းကို ပိုးပန်းသည်ကို ထောက်ခံခဲ့ကြပြီး သခင်ကြီးပိုင်သည်လည်း ကျန်းချီကျီအပေါ် အတော်လေး သဘောကျနေခဲ့သည်။

သူသည် အတိတ်က ငွေကိုရေလိုဖြုန်းပြီး မိန်းမရှုပ်သည့် လူပေါ်ကြော့တစ်ယောက်ဖြစ်သော်လည်း ယခုအခါတွင် အကျင့်စာရိတ္တ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ကျန်းချီကျီသည် ယခုအခါတွင် ကိုယ့်ကိုယ်ကို လုံးဝ ထိန်းချုပ်ထားနိုင်လေပြီ။ သူ အနန္တလမ်းစဉ်အကယ်ဒမီမှပင် ကျောင်းထွက်ကာ ကျန်းမိသားစု၏ စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲရာတွင် အာရုံစိုက်လာခဲ့သည်။

သို့သော်လည်း ဤကာလအတွင်း ဖြစ်ပျက်ခဲ့သော ကိစ္စရပ်တစ်ခုက ပိုင်မိသားစုနှင့် ကျန်းမိသားစုကြား ဆက်ဆံရေးကို အတော်လေး တင်းမာသွားစေခဲ့၏။

ဒယ်တာမြို့၏ ကိုယ်စားလှယ်မှာ အသက် ၃၅ နှစ်သာရှိသေးသည့် လူငယ်တစ်ဦးဖြစ်သည်။ သူက အနန္တလမ်းစဉ်အကယ်ဒမီ၏ ကျောင်းသားဟောင်း တစ်ဦးလည်းဖြစ်ပြီး ကျန်းချီကျီ၏ စီနီယာတစ်ဦးဆိုလည်း မမှားချေ။

သို့သော်လည်း အကြောင်းရင်းတစ်စုံတစ်ရာကြောင့် ဤစီနီယာက ပိုင်ကျင်းနှင့် တွေ့ဆုံမိခဲ့၏။ ကိုယ်စားလှယ်တော်က ပိုင်ကျင်းအပေါ် ခံစားချက်တချို့ ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် ကျန်းချီကျီ ထိုအကြောင်းကို သိသွားသောအခါ ဖြစ်ရပ်များက ရယ်စရာ အခြေအနေတစ်ခုသို့ ရောက်ရှိသွား၏။

ကျန်းချီကျီတစ်ယောက် ကိုယ်စားလှယ်ကို သွားရောက်တွေ့ဆုံခဲ့သည်။ ကံကောင်းစွာဖြင့် ကိုယ်စားလှယ်မှာ စိတ်သဘောထား သေးသိမ်သူတစ်ဦး မဟုတ်ချေ။ ကျန်းချီကျီနှင့် ပိုင်ကျင်းတို့ ချစ်သူတွေဖြစ်ကြောင်း သူ သိသွားသောအခါ ပိုင်ကျင်းကို ထပ်မံ အနှောင့်အယှက် မပေးတော့ပေ။

သူတို့သည်လည်း ဤကိစ္စ ပြီးဆုံးသွားပြီဟု ထင်မှတ်ခဲ့ကြ၏။ သို့သော်လည်း ပိုင်မိသားစုက ဤကိစ္စကို သိသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

သခင်ကြီးပိုင်သည် အာဏာရှိသူကို ဖားယားမည့်သူမျိုး မဟုတ်သော်လည်း ပိုင်မိသားစု တစ်ခုလုံးတွင် တိုက်ရိုက်ဆွေမျိုးများနှင့် သွေးဝေးဆွေမျိုးများစွာ ရှိနေသည်။ ပိုင်မိသားစုက သခင်ကြီးပိုင် တစ်ဦးတည်း၏ မိသားစု မဟုတ်ပါချေ။

သတင်းကြားသည်နှင့် ထိုလူများက ပိုင်ကျင်းကို အလှည့်ကျ လာရောက် ဖျောင်းဖျကြ၏။ မည်သို့ပင်ဆိုစေ လူငယ်ကိုယ်စားလှယ်တော်တစ်ဦးဟူသည်မှာ ဒေသတွင်း၌ အမြင့်ဆုံးအာဏာပိုင်အဖြစ် သတ်မှတ်နိုင်ပေသည်။ နောင်အနာဂတ်တွင် သူ့အနေဖြင့် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးပင် ဖြစ်လာနိုင်သေးသည်။ ယင်းကား မည်မျှအထိ ဂုဏ်သိက္ခာ ကြီးမားလိုက်မည်နည်း။

သူနှင့် နှိုင်းယှဉ်ပါက ကျန်းချီကျီမှာ ယခင်က ဆန်ကုန်မြေလေး ငရှုပ်ကောင်တစ်ယောက် ဖြစ်ခဲ့၏။ သူက ယခုအခါတွင် အတိတ်က အကျင့်ဆိုးများကို စွန့်လွှတ်ခဲ့ပြီး ဖြစ်သော်လည်း မျိုးရိုးဗီဇ ကန့်သတ်ချက်ကိုပင် မချိုးဖျက်ရသေးချေ။ ကျန်းမိသားစုလောက်က ကိုယ်စားလှယ်တစ်ဦးနှင့် မည်သို့နှယ် ယှဉ်နိုင်ပါမည်နည်း။

သို့သော်လည်း ပိုင်ကျင်းသည်ကား အလွန်ခိုင်မာပြတ်သားလှ၏။ သူမအနေဖြင့် ကျန်းချီကျီနှင့်သာ လက်ထပ်ရန် အခိုင်အမာ ဆုံးဖြတ်ထားသည်။ အဆုံးတွင် ပိုင်မိသားစုမှ လူများက ကျန်းမိသားစုတွင် ပြဿနာလာရှာကြပြီး ကျန်းမိသားစုဝင် အားလုံးကို မပျော်မရွှင် ဖြစ်စေခဲ့သည်။ ကျန်းမိသားစုမှ တချို့သူများပင်လျှင် ပိုင်ကျင်းက သင့်တော်သောသူ မဟုတ်ဟု ခံစားလာရပြီး ကျန်းချီကျီကို လက်လျှော့ရန် ဖျောင်းဖျလာကြသည်။

ပိုင်မိသားစုနှင့် ကျန်းမိသားစု နှစ်ဖက်စလုံး တင်းမာနေခဲ့သော်လည်း သခင်ကြီးပိုင်နှင့် ကျန်းချီကျီ၏ ဖခင်တို့ကမူ အလွန်ခိုင်မာပြတ်သားကြ၏။ သူတို့က ကျန်းချီကျီတို့နှစ်ဦးကို မင်္ဂလာရက် သတ်မှတ်ရန် အခိုင်အမာ တိုက်တွန်းခဲ့ကြပြီး မင်္ဂလာပွဲကို တစ်လအကြာတွင် ကျင်းပမည် ဖြစ်သည်။

မင်္ဂလာရက်ကို သတ်မှတ်ပြီးပြီ ဖြစ်သော်လည်း ဤကိစ္စက မပြေလည်သေးချေ။ ကျန်းမိသားစုနှင့် ပိုင်မိသားစုတို့ကြားတွင် မမြင်ရသော တင်းမာမှုများ ရှိနေဆဲပင်။ ပိုင်ကျင်းဖြစ်စေ ကျန်းချီကျီဖြစ်စေ သူတို့နှစ်ဦးစလုံး နောင်အနာဂတ်တွင် မိသားစုနှစ်ခုစလုံး၏ ကြိုဆိုမှုကို ရရှိကြတော့မည် မဟုတ်ချေ။

ဤသည်က ပိုင်ကျင်းနှင့် ကျန်းချီကျီတို့ကို အလွန် ပင်ပန်းနွမ်းနယ်စေသော ပြဿနာတစ်ရပ်လည်း ဖြစ်၏။

“ပိုင်ကျင်း... ငါတို့ တစ်လနေရင် လက်ထပ်တော့မယ်။ ဒါပေမဲ့ အခု ကောလာဟလတွေက ပိုပိုများလာနေတယ်။ ငါ မင်းကို စိတ်ပျက်အောင် လုပ်မိပြီ”

ကျန်းချီကျီ ပိုင်ကျင်းကို အလွန်ချစ်သည်။ သူမ ထိုကောလာဟလများဖြင့် ဖိစီးခံနေရသည်ကို သူ မကြည့်ရက်။ သို့သော်လည်း သူကိုယ်တိုင်ပင် အချိန်အကြာကြီး တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

“ချီကျီ... ဒါက ရှင့်အမှား မဟုတ်ပါဘူး”

ပိုင်ကျင်း သူမ၏ လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်မိသည်။ သူမအနေဖြင့် အလွန်တရာ ခိုင်မာပြတ်သားသော်လည်း ဤကောလာဟလများက သူမနှင့် ကျန်းချီကျီတို့၏ ဘဝများကို အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိနေသည်။

မည်သို့ပင်ဆိုစေ သူတို့နှစ်ဦးစလုံးက မိသားစုကြီးများမှ ဆင်းသက်လာသူများ ဖြစ်ကြ၏။ အကယ်၍ ဤကိစ္စက ဆက်လက်ကြီးထွားလာမည်ဆိုပါက နောင်အနာဂတ်တွင် ပိုင်ကျင်းနှင့် ကျန်းချီကျီတို့အတွက် အကျိုးရှိမည် မဟုတ်ပေ။

“ပိုင်ကျင်း... ငါ တစ်လနေရင် ကျင်းပမယ့် မင်္ဂလာပွဲကို လူတစ်ယောက် ဖိတ်မလို့။ တကယ်လို့ အဲဒီလူသာ လာနိုင်မယ်ဆိုရင် ငါတို့ရဲ့ ပြဿနာတွေအားလုံး ပြေလည်သွားနိုင်တယ်”

“အွန်... ရှင် ဘယ်သူ့ကို ဖိတ်ချင်လို့လဲ”

ပိုင်ကျင်း၏ မျက်လုံးများ လင်းလက်သွားသည်။ ဘယ်သူကများ ဒီလောက်အထိ အာဏာရှိနေတာလဲ။ သူမအမြင်တွင် မည်သူကမျှ ဤကိစ္စကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မည် မဟုတ်ချေ။

“ဘယ်သူ ရှိရဦးမလဲ။ တစ်နှစ် နှစ်နှစ်လောက် အတွင်းမှာတင် ကမ္ဘာကြီးရဲ့ ထိပ်ဆုံးကို ရောက်သွားတဲ့ အောင်မြင်နေတဲ့ ငါ့ညီအစ်ကိုတစ်ယောက်ပေါ့။ တကယ်တော့ အခုဆိုရင် လင်းဖုန်းကို သူတော်စင်လို့ ခေါ်ရမယ်ဆိုတာ မင်းလည်း သိတယ်မလား”

ကျန်းချီကျီ သက်ပြင်းချလိုက်မိသည်။ သူ့လေသံထဲတွင် စိတ်လှုပ်ရှားမှုတချို့ ပါဝင်နေသော်လည်း ဝမ်းနည်းပူဆွေးမှု အရိပ်အယောင်တစ်ခုလည်း ကိန်းဝပ်နေသည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters