အခန်း ၂၉၆
Vol. 26 Ch. 296
အခန်း (၂၉၆) - မင်္ဂလာဖိတ်စာ
ဘာသာပြန် - အားသစ်
“ကာကွယ်သူအဖွဲ့ချုပ်က သူတော်စင်လင်းဖုန်းလား”
ပိုင်ကျင်း မျက်တောင်ခတ်လိုက်မိသည်။ သူမ လင်းဖုန်းအကြောင်းကို သိရှိထားသည်။ မည်သို့ပင်ဆိုစေ မီဒီယာများ၌ ထိုအကြောင်းက အုန်းအုန်းကျွက်ကျွက် ကြော်ငြာနေခဲ့သည် မဟုတ်ပါလော။ သို့သော် ကျန်းချီကျီနှင့် လင်းဖုန်းတို့ တစ်ဦးကိုတစ်ဦး သိကျွမ်းနေကြလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့မိချေ။
“ဟုတ်တယ်... မင်းလည်း သူ့ကို တွေ့ဖူးပါတယ်။ ပြီးခဲ့တဲ့အကြိမ်က မင်းတို့ ပိုင်မိသားစု အန္တရာယ်ကြုံတုန်းက ငါ လင်းဖုန်းကို ဖိတ်ခေါ်ခဲ့တယ်လေ”
ပိုင်ကျင်း မှတ်မိသွားသည်။ အမှန်တကယ်တော့ ထိုစဉ်က သူမ ဤကိစ္စကို များစွာ အာရုံမစိုက်မိခဲ့ချေ။ သို့တစေ သူတော်စင်လင်းဖုန်းက အလွန်ဂုဏ်သတင်းကြီးမားလှသည်ဖြစ်ရာ မီဒီယာများ၏ ကြော်ငြာချက်များကို သူမ သိထားသော်လည်း ထိုသူက ကျန်းချီကျီ၏ သူငယ်ချင်းဖြစ်လိမ့်မည်ဟု ဆက်စပ်တွေးတောမိခြင်း မရှိခဲ့ချေ။
နောက်ဆုံး သူတို့ကြားရှိ ကွာခြားချက်က မိုးနှင့်မြေအလား ကြီးမားလွန်းလှသည် မဟုတ်ပါလော။
ဤသို့ တွေးမိသည်နှင့် ပိုင်ကျင်းတစ်ယောက် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။
“ချီကျီ... သူတော်စင်လင်းဖုန်းကို မြန်မြန် ဖိတ်လိုက်ပါဦး။ တကယ်လို့ သူသာ တကယ်လာပေးမယ်ဆိုရင် ကောလာဟလတွေ အကုန်လုံး သေချာပေါက် အဆုံးသတ်သွားမှာပဲ။ ပိုင်မိသားစုနဲ့ ကျန်းမိသားစုလည်း ငါတို့ကို စိတ်ရောကိုယ်ပါ ထောက်ခံကြလိမ့်မယ်”
ကျန်းချီကျီက ပုခုံးတွန့်လိုက်ပြီး သက်ပြင်းချလျက် ပြောလိုက်သည်။ “လင်းဖုန်း ထွက်သွားကတည်းက ငါ သူနဲ့ မဆက်သွယ်ဖြစ်တော့ဘူး။ အခု သူက သူတော်စင်တစ်ပါး ဖြစ်နေပြီဆိုတော့ ငါ သူ့ကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲတောင် မသိတော့ဘူး။ သူက သူတော်စင်တစ်ပါးလေ။ ငါလိုကောင် ဖိတ်တာလောက်နဲ့ သူ လာပါ့မလား”
ကျန်းချီကျီ အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အတိတ်က လင်းဖုန်းသည် ယခုလက်ရှိကဲ့သို့ အလွန်ဂုဏ်သတင်းကြီးမားလှသော သူတော်စင်တစ်ပါး ဖြစ်လာလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးဝံ့ခဲ့ချေ။
ဤသည်က အလွန် စိတ်ကူးယဉ်ဆန်လွန်းလှ၏။
“ချီကျီ... ရှင့်အထင် သူတော်စင်လင်းဖုန်းက လာလိမ့်မယ် ထင်လား။ တကယ်လို့ သူက အခုသူတော်စင်တစ်ပါး ဟုတ်မနေဘူးဆိုရင်ရော လာမှာလား”
ကျန်းချီကျီ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြတ်သားသောလေသံဖြင့် ပြောလိုက်သည်။
“သူ သေချာပေါက် လာလိမ့်မယ်”
ပိုင်ကျင်း ပြုံးလိုက်သည်။ “ဒါဆိုရင် လုံလောက်ပါပြီ။ သူက သူတော်စင်ဖြစ်ဖြစ် မဖြစ်ဖြစ် ရှင် သူ့ကို ဖိတ်ရုံပဲလေ။ ကျွန်မတို့မင်္ဂလာပွဲက လာမယ့်လထဲမှာ မဟုတ်ဘူးလား။ သူ့ကို မင်္ဂလာပွဲ ဖိတ်လိုက်ပါ”
ကျန်းချီကျီ၏ မျက်လုံးများ လင်းလက်သွားသည်။ မှန်ပေ၏။ သူ လက်ထပ်တော့မည်ဖြစ်ရာ အတိတ်က သူငယ်ချင်းကောင်းများကို မင်္ဂလာပွဲဖိတ်ကြားသည်က သဘာဝကျပေသည်။ လင်းဖုန်းသည်လည်း ထိုအထဲတွင် ပါဝင်နေသည် မဟုတ်ပါလော။
ထို့ကြောင့် ကျန်းချီကျီတစ်ယောက် သူ၏
ဆက်သွယ်ရေးကိရိယာကို ထုတ်ယူကာ လင်းဖုန်း၏ နာမည်ကို ရှာဖွေလိုက်သည်။ သို့သော် သူ ဖုန်းတိုက်ရိုက်မခေါ်ဘဲ အတိုချုံးထားသော မင်္ဂလာဖိတ်စာ စာတိုတစ်ခုကိုသာ ပေးပို့လိုက်တော့သည်။
…
“ဒီလောက်တောင် လူကြိုက်များနေတာလား”
လင်းဖုန်းသည် သိုင်းနယ်မြေကွန်ရက်ပေါ်ရှိ ဖိုရမ်ကို ကြည့်လိုက်သည်။ ဖိုရမ်တစ်ခုလုံး ကာကွယ်သူအဖွဲ့ချုပ်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု မြှင့်တင်ခြင်းနည်းစနစ်အကြောင်း ပို့စ်များဖြင့် ပြည့်နှက်လုနီးပါး ဖြစ်နေပြီး မရေမတွက်နိုင်သော လူများက အပြန်အလှန် ဆွေးနွေးငြင်းခုံနေကြသည်။
ထိုအထဲတွင် ကာကွယ်သူအဖွဲ့ချုပ်၏ တရားဝင်အဖွဲ့ဝင်များ၏ မှတ်ချက်များလည်း ပါဝင်နေသည်။ လင်းဖုန်း သူတို့ကို တားဆီးခြင်း မပြုခဲ့ချေ။ ဤသည်က အတော်လေး ကောင်း၏။ ထိုအဖြစ်က သိုင်းနယ်မြေကွန်ရက်မှ သိုင်းသမားများကို ခန္ဓာကိုယ်ကြံ့ခိုင်မှု မြှင့်တင်ခြင်းနည်းစနစ်၏ အကျိုးသက်ရောက်မှုများကို သိရှိသွားစေနိုင်သည် မဟုတ်ပါလော။
ကြယ်တာရာစွမ်းအား ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခြင်းဟူသည့် အချက်က ကာကွယ်သူအဖွဲ့ချုပ်အတွက်လည်း အလွန်အကျိုးရှိစေသည်။ အနည်းဆုံး သူတို့အနေဖြင့် နောင်အနာဂတ်တွင် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများအတွက် အဓိကအဖွဲ့အစည်းကြီးငါးခုနှင့် လုယူရမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
ခန္ဓာကိုယ်ကြံ့ခိုင်မှု မြှင့်တင်ခြင်းနည်းစနစ်အပြင် လင်းဖုန်း စွမ်းအင်လက်နက်များ၏ အခြေအနေကိုလည်း ဂရုပြုနေခဲ့သည်။
စွမ်းအင်လက်နက်များကို အွန်လိုင်းပေါ်သို့ တင်လိုက်သည်နှင့် တပြိုင်နက် သိုင်းသမားရာနှင့်ချီ၍ ချက်ချင်း ဝယ်ယူခဲ့ကြသည်။ အခြေခံအကျဆုံး စွမ်းအင်သေနတ် တစ်လက်တည်းကပင် အနည်းဆုံး အကျိုးပြုတန်ဖိုး ၁၀၀ ကျသင့်ကြောင်း သိထားရပေမည်။ ထိုဈေးနှုန်းက မည်မျှအထိ ကြီးမြင့်လိုက်သနည်း။
ထို့အပြင် များပြားလှသည့် အကျိုးပြုတန်ဖိုးများ လိုအပ်သည့် စွမ်းအင်ဖိုးများလည်း ရှိသေး၏။ ယင်းက စွမ်းအင်သေနတ်ထက်ပင် ပိုစျေးကြီးသော်လည်း ထိုသိုင်းသမားများ၏ စိတ်အားထက်သန်မှုကိုမူ မတားဆီးနိုင်ချေ။ စွမ်းအင်လက်နက်တစ်ခု ပိုင်ဆိုင်ထားခြင်းက ကြမ်ကြုတ်သားရဲများနှင့် နတ်ဆိုးများကို ထိခိုက်ဒဏ်ရာရစေပြီး သတ်ဖြတ်နိုင်စွမ်း ရှိစေသည်။ တစ်ခါတစ်ရံတွင် ထိုလက်နက်က လူတစ်ယောက်၏ အသက်ကိုပင် ကယ်ဆယ်နိုင်သဖြင့် စျေးနှုန်း မည်မျှပင်ရှိပါစေ လူတိုင်းက လိုချင်ကြသည်မှာ ဓမ္မတာပင်။
စွမ်းအင်လက်နက် ဈေးကွက်တစ်ခုတည်းမှတင် ကာကွယ်သူအဖွဲ့ချုပ်အတွက် များပြားလှသည့် အကျိုးပြုတန်ဖိုးများကို ရရှိစေနိုင်သည်။ လင်းဖုန်းအနေဖြင့်လည်း ဤအကျိုးပြုတန်ဖိုးများကို အသုံးပြု၍ ကာကွယ်သူအဖွဲ့ချုပ်၏ အဖွဲ့ဝင်သိုင်းသမားများအတွက် အရင်းအမြစ် အမြောက်အမြားကို ပြန်လည် ဝယ်ယူပေးနိုင်မည် ဖြစ်သည်။
ဤနည်းအားဖြင့် ကောင်းမွန်သည့် သံသရာတစ်ခုကို တဖြည်းဖြည်းချင်း ဖန်တီးသွားနိုင်ပေလိမ့်မည်။
သို့သော်လည်း လင်းဖုန်းတွင် ဤသို့လုပ်ဆောင်ရသည့် ပိုမိုနက်ရှိုင်းသော ရည်ရွယ်ချက်တစ်ခု ရှိနေသေးသည်။ ယင်းမှာ သူ့စေတနာကို ပြသရန်ပင်။
သူသည် တတိယမြောက်ယဉ်ကျေးမှု အပျက်အစီးနယ်မြေမှ ရရှိခဲ့သော နည်းပညာတချို့ကို မိမိတစ်ဦးတည်းအတွက် သိမ်းဆည်းထားမည် မဟုတ်ပေ။ သူကား လူသားမျိုးနွယ်၏ ဒသမမြောက်သူတော်စင်ဖြစ်ရာ သူတော်စင်တစ်ပါး၏ တာဝန်ဝတ္တရားများကို သေချာပေါက် ထမ်းဆောင်ရမည်သာ။
စွမ်းအင်လက်နက်ဟူသည်က လင်းဖုန်း ဦးဆောင်ထုတ်ပြလိုက်သော စေတနာ၏ ပြယုဂ်တစ်ခုပင်။ သူတော်စင်ခန်းနှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့က ထိုလုပ်ရပ်ကို နားလည်နိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။
ကာကွယ်သူအဖွဲ့ ဌာနချုပ်၏ ကိစ္စရပ်များကိုမူ လောလောဆယ်တွင် ပြီးဆုံးသွားပြီဟု သတ်မှတ်နိုင်သည်။ ကျန်ရှိသည်များကိုမူ တစ်ဆင့်ပြီးတစ်ဆင့် ဖြည်းဖြည်းချင်း လုပ်ဆောင်သွားရုံသာရှိတော့၏။ နောင်အနာဂတ်တွင် အချိန်ကာလ တတိတိ ကုန်လွန်သွားသည်နှင့်အမျှ ကာကွယ်သူအဖွဲ့ချုပ်သည်လည်း သဘာဝကျစွာပင် ပိုမို အင်အားကြီးမားလာပေလိမ့်မည်။
ကာကွယ်သူအဖွဲ့ချုပ်၏ တရားဝင်မဟုတ်သေးသည့် အပြင်အဖွဲ့ဝင်များ၏ ကိစ္စကမူ အမှန်တကယ်ပင် ခေါင်းခဲစရာ ပြဿနာတစ်ခု ဖြစ်သည်။ သို့သော်လည်း လင်းဖုန်း ကန့်ကျောက်ခြေစိုက်စခန်းကို ပြန်လည်တည်ဆောက်ရန် စက်ရုပ်များကို ခိုင်းစေထားပြီးဖြစ်သည်။ ဤစက်ရုပ်များဖြင့်ဆိုပါက လင်းဖုန်းအနေဖြင့် ရက်ပိုင်းအတွင်းမှာပင် ကြီးကျယ်ခမ်းနားလှသော အဆောက်အအုံများကို တည်ဆောက်နိုင်ပေလိမ့်မည်။
လင်းဖုန်းသည် အပြင်အဖွဲ့ဝင်များကို စနစ်တကျ စီမံခန့်ခွဲရန်အတွက် အသွင်ပြောင်းနယ်ပယ် သိုင်းသမား ၆၃ ယောက်ထဲမှ သိုင်းသမား ၃၀ ကို ယာယီ ရွေးချယ်လိုက်သည်။ ထိုသိုင်းသမား ၃၀ ကို အကျိုးပြုတန်ဖိုးများဖြင့် ဆုချီးမြှင့်မည်ဖြစ်ရာ ဤသည်ကို သူတို့၏ ပထမဆုံး တာဝန်အဖြစ်လည်း သတ်မှတ်နိုင်၏။
သို့သော်လည်း အပြင်အဖွဲ့ဝင်များအတွက် ပြီးပြည့်စုံသည့် စီမံခန့်ခွဲမှု စနစ်တစ်ခု ရှိရန်ကလည်း မရှိမဖြစ် လိုအပ်လှသည်။ ယခု လုပ်ဆောင်ချက်မှာ ယာယီဖြေရှင်းချက်တစ်ခုသာပင်။ လင်းဖုန်းအနေဖြင့် ကာကွယ်သူအဖွဲ့ချုပ်၏ အပြင်အဖွဲ့ဝင်များကို ကူညီစီမံခန့်ခွဲပေးနိုင်မည့်သူတစ်ဦးကို ရှာဖွေရမည်ဖြစ်ပြီး ထိုသူက ယုံကြည်စိတ်ချရသူတစ်ဦးလည်း ဖြစ်ရပေမည်။ မဟုတ်ပါက နောင်အနာဂတ်တွင် ပြဿနာများစွာ ကြုံတွေ့ရနိုင်သည်။
ဒွီ ဒွီ ဒွီ
ရုတ်တရက် လင်းဖုန်း၏ ဆက်သွယ်ရေးကိရိယာမှ အချက်ပြသံ မြည်လာသည်။
“ဘယ်သူ့ဆီက စာပါလိမ့်”
လင်းဖုန်း ဆက်သွယ်ရေးကိရိယာကို ကောက်ကိုင်ကာ ပေးပို့လာသော စာတိုကို ကြည့်လိုက်သည်။
“ကျန်းချီကျီက လာမယ့်လ ၈ ရက်နေ့မှာ လက်ထပ်တော့မှာလား”
လင်းဖုန်း အနည်းငယ် ဆွံ့အသွား၏။ သဘာဝကျစွာပင် သူ ကျန်းချီကျီကို မှတ်မိသည်။ အတိတ်က သူ နဂါးတောင်အခြေစိုက်စခန်းသို့ သွားရောက်ရန် လျှောက်ထားစဉ်က ကျန်းချီကျီက သူ့ကို ကူညီပေးခဲ့ဖူးသည်။ လင်းဖုန်းသည် ကျန်းချီကျီကို ကျေးဇူးကြွေးတစ်ခု တင်ရှိနေဆဲပင်။
ကျန်းချီကျီက ပိုင်ကျင်းနှင့် လက်ထပ်တော့မည်ကို တွေ့သောအခါ လင်းဖုန်း မပြုံးဘဲမနေနိုင်တော့ပေ။
အတိတ်က ကျန်းချီကျီမှာ မိန်းမရှုပ်ပြီး ငွေဖြုန်းတီးသော သားဆိုးတစ်ယောက် ဖြစ်ခဲ့သည်။ သို့သော် ပိုင်ကျင်းနှင့် တွေ့ဆုံပြီးနောက်တွင် ကျန်းချီကျီတစ်ယောက် လိမ္မာယဉ်ကျေးသွား၏။ အစပိုင်းတွင် လင်းဖုန်းက ကျန်းချီကျီအနေဖြင့် ခဏတာမျှသာဟု ထင်မှတ်ခဲ့သော်လည်း ကျန်းချီကျီ ဤမျှအထိ အချိန်အကြာကြီး တောင့်ခံနိုင်ပြီး ပိုင်ကျင်းကို အမှန်တကယ် အောင်အောင်မြင်မြင် ပိုးပန်းနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့မိချေ။
လင်းဖုန်း ပိုင်မိသားစုသို့ သွားရောက်စဉ်က ပိုင်ကျင်းနှင့် တွေ့ဆုံဖူးသည်။ သူမက ထက်မြက်ပြီး စာတတ်ပေတတ်ဟန်ရှိကာ အေးချမ်းတည်ငြိမ်သော မိန်းကလေးတစ်ဦး ဖြစ်သည်။ ကျန်းချီကျီက ပိုင်ကျင်းနှင့် လက်ထပ်ရမည်ဟူသောအချက်က သူ့အတွက် တကယ်ပင် အနည်းငယ် မမျှော်လင့်ထားသော ကိစ္စရပ်တစ်ခု ဖြစ်နေ၏။
ယခုအခါ ကျန်းချီကျီနှင့် ပိုင်ကျင်းတို့ ပေါင်းဖက်ကြတော့မည်ဖြစ်ရာ လင်းဖုန်း သူတို့နှစ်ဦးအတွက် ရိုးသားစွာဖြင့် ဆုမွန်ကောင်း တောင်းပေးလိုက်သည်။
ယင်းက အံ့အားသင့်စရာတစ်ခု ဖြစ်နေ၍လော သို့တည်းမဟုတ် ရုတ်တရက် စိတ်ကူးပေါက်သွား၍လော မသိ။ လင်းဖုန်း ချူချန်းကို အလွန်အမင်း တွေ့မြင်လိုစိတ်များ အပြင်းအထန် ပေါ်လာတော့သည်။ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲအပြီး ချူချန်းနှင့် နောက်ဆုံးတွေ့ဆုံခဲ့ပြီးကတည်းက အချိန်အတော်ကြာခဲ့လေပြီ။
သူ အလုပ်များလွန်းလှသဖြင့် ချူချန်းကို ဤမျှအထိ အချိန်အကြာကြီး မဆက်သွယ်ဖြစ်ခဲ့ချေ။
ချူချန်းသည် ပင်လယ်အလယ်ဗဟိုတက္ကသိုလ်တွင် ရှိစဉ်ကတည်းက လင်းဖုန်းအပေါ် သူမ၏ ခံစားချက်များကို ဖွင့်ဟပြသခဲ့ပြီးဖြစ်ကာ ထိုမှစ၍ အချိန်အနည်းငယ်ပင် ကုန်လွန်သွားခဲ့လေပြီ။ မျိုးရိုးဗီဇ ကန့်သတ်ချက်ကို မချိုးဖျက်ရသေးသော မိန်းကလေးတစ်ဦးအတွက် ဤနှစ်အနည်းငယ်ဟူသည်မှာ အကောင်းဆုံး အချိန်ကာလများ ဖြစ်နိုင်ပေသည်။
ချူချန်း အမြဲတမ်း မျှော်လင့်နေခဲ့သည့်အရာကို လင်းဖုန်း ကောင်းကောင်းသိသည်။ အတိတ်က သူသည် အမြဲတမ်း စိုးရိမ်ပူပန်နေခဲ့ပြီး မိမိကိုယ်ကို ယုံကြည်မှု သိပ်မရှိခဲ့ချေ။ သို့သော် ယခုအခါ လင်းဖုန်း သူတော်စင်တစ်ပါး ဖြစ်လာခဲ့ချေပြီ။ သူက မိမိချစ်ရသူများကို ကာကွယ်စောင့်ရှောက်ရန်ဟူသော ကနဦးရည်ရွယ်ချက်ဖြင့် ကာကွယ်သူအဖွဲ့ချုပ်ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ချူချန်းက လင်းဖုန်း အချစ်ရဆုံးသောသူ ဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲပင်။
“ငါ ဒီအခွင့်အရေးကို အသုံးချပြီးတော့ ချူချန်းကို ဒယ်တာမြို့ဆီ ခေါ်သွားပြီး အပန်းဖြေခိုင်းရမယ်”
လင်းဖုန်းလည်း စိတ်အေးလက်အေး ဖြစ်သွားသည်။ ဤမျှအထိ အချိန်အကြာကြီး အလုပ်ရှုပ်နေခဲ့ပြီးနောက် ယခုအခါတွင် ချူချန်းကို သေသေချာချာ အချိန်ပေးရမည့် အချိန်သို့ ရောက်ရှိလာလေပြီ။
ထို့ကြောင့် လင်းဖုန်း ကာကွယ်သူအဖွဲ့ချုပ်မှ သိုင်းသမားများကို အကျိုးအကြောင်း အတိုချုံး ရှင်းပြလိုက်သည်။ ထို့အပြင် လင်းဖုန်း ကာကွယ်သူအဖွဲ့ချုပ်၏ ဘေးကင်းလုံခြုံရေးအတွက်လည်း လုံးဝ စိုးရိမ်ပူပန်ခြင်းမရှိပါချေ။ ကာကွယ်သူစက်ရုပ်ကြီး ရှိနေသရွေ့ သူတော်စင် သို့တည်းမဟုတ် နတ်ဆိုးဧကရာဇ် မဟုတ်ပါက မည်သည့်အရာကမျှ ကာကွယ်သူအဖွဲ့ ဌာနချုပ်ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ချေ။
အရာအားလုံးကို စီစဉ်ပြီးနောက် လင်းဖုန်း လေသင်္ဘောပေါ်သို့ တက်ရောက်ကာ ဝန်ရိုးစွန်းမြို့ဆီသို့ အလျင်အမြန် ဦးတည်ပျံသန်းသွားတော့သည်။
ထာဝရသိုင်းတာအိုအရှင်