← Chapters

အခန်း ၂၉၇

Vol. 26 Ch. 297

အခန်း ၂၉၇

Vol. 26 Ch. 297

အခန်း (၂၉၇) - နောက်တစ်ကြိမ် ဝန်ရိုးစွန်းအကယ်ဒမီသို့အလည်တစ်ခေါက်

ဘာသာပြန် - အားသစ်

ဝန်ရိုးစွန်းအကယ်ဒမီအတွင်း၌...

လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ချူချန်းတစ်ယောက် စိတ်မအေးကြည်မသာ ဖြစ်နေခဲ့ရသည်။

သူမ၏ အခန်းဖော်များအားလုံး သူမနှင့် လင်းဖုန်းတို့၏ ဆက်ဆံရေးကို သိထားကြသည်။ အတိတ်တုန်းကဆိုလျှင် သူမကို စနောက်ကျီစယ်ကြလိမ့်မည် ဖြစ်သော်လည်း ယခုအခါတွင် လင်းဖုန်းက အလွန်ဂုဏ်သတင်းကြီးမားလှသည့် သူတော်စင်တစ်ပါး ဖြစ်နေပြီ ဖြစ်ရာ မည်သူကမျှ ချူချန်းကို ပေါ့ပေါ့ဆဆ မစနောက်ရဲကြတော့ချေ။

သူမ၏ အခန်းဖော်တချို့ဆိုလျှင် သူမအပေါ်တွင် အလွန်တရာ ရိုသေလေးစားသမှု ပြုနေကြသည်ဟု ချူချန်း ခံစားနေရ၏။ ထိုကဲ့သို့သော လေထုမျိုးကို သူမ လုံးဝအသားမကျချေ။

ဤသည်က သာမန်အခန်းဖော်များသာမက တခြားကျောင်းသားများနှင့်လည်း ထိုနည်းလည်းကောင်းပင်။ အတိတ်တုန်းကဆိုလျှင် စီနီယာတချို့က သူမကို ပိုးပန်းရန် ကြိုးစားခဲ့ကြသော်လည်း သူမ ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ဖူးသည်။

သို့သော် ယခုမူ အကယ်ဒမီ၏ လူကြီးပိုင်းများပင်လျှင် သူမနှင့် စကားပြောဆိုရာတွင် အလွန်ယဉ်ကျေးပျူငှာနေကြပြီး အနည်းငယ်ပင် သတိထားနေကြပုံရသည်။

ပတ်ဝန်းကျင် လေထုတစ်ခုလုံး ပြောင်းလဲသွားလေပြီ။ သို့ဖြစ်ရာ ချူချန်းအနေဖြင့် သူမ၏ ပုံမှန်သူငယ်ချင်းကောင်းများ အားလုံးကပင် သူမနှင့် အနည်းငယ် အလှမ်းကွာဝေးသွားသလို ခံစားနေရ၏။

ယင်းက အဆင့်အတန်း ပြောင်းလဲသွား၍ဖြစ်ကြောင်း သူမ ကောင်းကောင်းသိသည်။ ယခုအခါ ဝန်ရိုးစွန်းအကယ်ဒမီတစ်ခုလုံးက သူမနှင့် လင်းဖုန်းတို့၏ ဆက်ဆံရေးကို သိရှိသွားကြပြီ မဟုတ်ပါလော။

အကယ်၍ လင်းဖုန်းသာ အသွင်ပြောင်းနယ်ပယ်သိုင်းသမား သို့တည်းမဟုတ် နတ်ဘုရားနယ်ပယ်သိုင်းသမားတစ်ဦးသာ ဖြစ်နေမည်ဆိုပါက သူတို့ ဤမျှအထိ သတိထားနေကြမည် မဟုတ်ချေ။ သို့သော် ယခုအခါ လင်းဖုန်းက လူသားမျိုးနွယ်၏ ဒဿမမြောက် သူတော်စင် ဖြစ်နေပြီဖြစ်ရာ ကိစ္စရပ်များက လုံးဝဥဿုံ ပြောင်းလဲသွားချေပြီ။

သူတော်စင်တစ်ပါး၏ ချစ်သူကို မည်သူကများ ရန်စဝံ့ပါမည်နည်း။

အကယ်၍ သူမကို စိတ်ဆိုးအောင် လုပ်မိပါက သူတို့အတွက် ဒုက္ခအကြီးအကျယ် ရောက်သွားနိုင်ပေသည်။

ချူချန်းအနေဖြင့် ဤအခြေအနေများကို ကျော်လွှားနိုင်၏။ သူမသည် နဂိုကတည်းက တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်ကို နှစ်သက်သူဖြစ်ရာ သူမတစ်ဦးတည်း ရှိနေလျှင်ပင် ဝန်ရိုးစွန်းအကယ်ဒမီ၌ နေထိုင်ရန်က ပြဿနာမရှိချေ။

သို့သော်လည်း သူမစိတ်ထဲတွင် အနည်းငယ် စိုးရိမ်ပူပန်မှုများ ရှိနေသည်။ လင်းဖုန်းက အလွန်တောက်ပလွန်းပြီး ထူးချွန်လွန်းလှသည် မဟုတ်ပါလော။

ယခုအခါ သူက ဂုဏ်သတင်းကြီးမားလှသော သူတော်စင်တစ်ပါးပင် ဖြစ်လာခဲ့ပြီဖြစ်ရာ သူမအနေဖြင့် အိမ်မက်တစ်ခုအလား ခံစားနေရသည်။ သူမ အမြဲတမ်း ချစ်မြတ်နိုးခဲ့ရသူက တကယ်ပဲ သူတော်စင်တစ်ပါး ဖြစ်လာခဲ့သည်တဲ့လား။

ဤသည်က သူမ အိမ်မက်ထဲတွင်ပင် မမက်ဝံ့ခဲ့သည့်အရာတစ်ခု ဖြစ်နိုင်ပေသည်။

အထူးသဖြင့် လင်းဖုန်းက သူမကို ရက်ပေါင်းများစွာကြာသည်အထိ မဆက်သွယ်ခဲ့ခြင်းက သူမကို အနည်းငယ် စိုးရိမ်သောက ရောက်စေ၏။

“ချန်းချန်း... ဘာဖြစ်လို့လဲ။ ဘာလို့ စိတ်မကြည်မသာ ဖြစ်နေတာလဲ”

“ဘာမှမဟုတ်ပါဘူ။ ငါ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ဖို့အတွက် ဘာသဲလွန်စမှ ရှာမတွေ့သေးလို့ပါ”

ချူချန်း ခေါင်းခါယမ်းလိုက်သည်။ သူမ၏ စိတ်အခြေအနေက ကယောက်ကယက် ဖြစ်နေလေပြီ။ သူမ၏ လက်ရှိအဆင့်ဖြင့် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန်က အလွန်ခက်ခဲလှပေသည်။ သူမအနေဖြင့် စိတ်ကို မတည်ငြိမ်စေနိုင်ပါက မျိုးရိုးဗီဇ ကန့်သတ်ချက်ကို ချိုးဖျက်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ကောင်းကောင်းသိထား၏။ မျှော်လင့်ချက် အရိပ်အယောင်ပင် ရှိတော့မည် မဟုတ်ချေ။

သို့သော်လည်း သူမသာ မျိုးရိုးဗီဇကန့်သတ်ချက်ကိုပင် မချိုးဖျက်နိုင်ပါက နောင်အနာဂတ်တွင် လင်းဖုန်း၏ ဘေးနား၌ မည်သို့နှယ် လိုက်ပါနိုင်ပါမည်နည်း။

“ချန်းချန်း... အဲဒီကိစ္စကြောင့် မဟုတ်လား”

ချူချန်း၏ အရင်းနှီးဆုံး သူငယ်ချင်းကလည်း သူမ စိုးရိမ်ပူပန်နေသည့်အကြောင်းရင်းကို ရိပ်မိနေ၏။ ယခုအခါ သူမအနေဖြင့် လင်းဖုန်း၏ နာမည်ကို တိုက်ရိုက်ခေါ်ဆိုရန်ပင် မဝံ့ရဲတော့ချေ။ သူတော်စင်ဟူသည်ကား ထိုမျှအထိ မြင့်မြတ်လှသည် မဟုတ်ပါလော။

“တကယ်တော့ ချန်းချန်း... နင် သူ့ဆီ အရင် ဆက်သွယ်ကြည့်လို့ရတာပဲလေ။ အခုအချိန်မှာ သူက အရမ်း အလုပ်များနေမှာ သေချာတယ်။ ငါကြားတာတော့ သူက ဆဋ္ဌမမြောက်အဓိကအဖွဲ့အစည်းကြီးလို့ လူသိများတဲ့ ကာကွယ်သူအဖွဲ့ချုပ်ကို တည်ထောင်ထားတယ်ဆိုပဲ။ အဲဒါကြောင့် နင့်ဆီ လာလည်ဖို့ အချိန်မရှိတာ နေမှာပါ”

ဝှစ်

သူမ စကားမဆုံးသေးခင်မှာပင် အဝေးကောင်းကင်ယံမှ အလွန်တောက်ပခမ်းနားလှသော လေသင်္ဘောတစ်စင်း ပျံသန်းလာသည်။

များမကြာမီ ထိုကိုယ်ပိုင်လေသင်္ဘောက အကယ်ဒမီ၏ ကောင်းကင်ထက်တွင် ပျံသန်းရောက်ရှိလာ၏။ ထို့နောက် မိန်းကလေးအဆောင်၏ အနီးနားသို့ ရောက်ရှိလာကာ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။

ရွှစ် ရွှစ်

အကယ်ဒမီမှ သာလွန်လူသားကျွမ်းကျင်သူတချို့ အဝေးတစ်နေရာမှ အလျင်အမြန် ပြေးဝင်လာကြသည်။ သူတို့၏ မျက်နှာများက အနည်းငယ် ပုပ်သိုးနေပြီး ဒေါသတကြီး အော်ပြောလိုက်သည်။ “ကိုယ်ပိုင်လေသင်္ဘောတွေကို ဝန်ရိုးစွန်းအကယ်ဒမီထဲကို စိတ်တိုင်းကျ ဝင်ရောက်ခွင့်မပြုဘူး။ ကျေးဇူးပြုပြီး အခုချက်ချင်း ထွက်သွားပေးပါ။ မဟုတ်ရင် ငါတို့မှာ မောင်းထုတ်ပိုင်ခွင့်ရှိတယ်”

ဝန်ရိုးစွန်းအကယ်ဒမီ၏ စည်းကမ်းချက်များက အလွန် တင်းကျပ်လှသည်။ လေသင်္ဘောတစ်စင်း အကယ်ဒမီအတွင်းသို့ တိုက်ရိုက် ဝင်ရောက်လာခြင်းမျိုးက အလွန် ရှားပါးလှသည် မဟုတ်ပါလော။

သို့သော်လည်း ထိုလေသင်္ဘော ရပ်တန့်သွားပြီး တံခါး ပွင့်လာကာ လူရိပ်တစ်ခု ပျံသန်းထွက်ပေါ်လာသည်။

“တောင်းပန်ပါတယ်... ကျွန်တော် ဝန်ရိုးစွန်းအကယ်ဒမီရဲ့ စည်းကမ်းတွေကို သိပ်မသိလို့ပါ။ အခုက ကျွန်တော့်ချစ်သူဆီ လာလည်တာမို့လို့ ကျောင်းအုပ်ကြီးပင်းယုကို အကြောင်းကြားဖို့ မေ့သွားတယ်”

လေသင်္ဘောပေါ်မှ ပျံသန်းထွက်ပေါ်လာသော ထိုလူရိပ်ကို မြင်လိုက်ရသောအခါ လွန်ခဲ့သည့် မိနစ်ပိုင်းကတင် ဒေါသတကြီးဖြင့် စည်းကမ်းချက်များကို သင်ခန်းစာပေးရန် ပြေးဝင်လာကြသော သိုင်းသမားများအားလုံး ချက်ချင်းပင် ခြေလှမ်းများ ရပ်တန့်သွားကြတော့သည်။ သူတို့၏ မျက်နှာအမူအရာများလည်း ချက်ချင်း တောင့်တင်းကုန်ကြတော့၏။

“မ... မဟုတ်တာ... ရပါတယ်။ ကြိုဆိုပါတယ် သူတော်စင်အရှင်”

ပတ်ဝန်းကျင်ရှိ လူများမှာ မူလက ထိုလေသင်္ဘောပိုင်ရှင်၏ အထောက်အထား ကြည့်ရှုရန် ရည်ရွယ်ထားကြ၏။ သို့သော်လည်း လင်းဖုန်း လေသင်္ဘောပေါ်မှ ပျံသန်းထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာထားများက ချက်ချင်းပင် ရူးသွပ်မတတ် ဖြစ်သွားကြသည်။

သူတော်စင်တစ်ပါး... လူသားမျိုးနွယ်၏ ဒဿမမြောက် သူတော်စင်ဖြစ်သော သူတော်စင်လင်းဖုန်းက ဝန်ရိုးစွန်းအကယ်ဒမီသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာချေပြီတကား။ ထို့အပြင် သူက သူ့ချစ်သူဆီ လာလည်သည်ဆို၏။ ဤသည်က အလွန်ဟိုးလေးတကျော် ဖြစ်သွားမည့် သတင်းတစ်ပုဒ်ပင်။

အမှန်တကယ်တော့ ဝန်ရိုးစွန်းအကယ်ဒမီမှ လူအများစုက သူတော်စင်လင်းဖုန်း၏ ချစ်သူမှာ ချူချန်းဖြစ်ကြောင်း သိထားကြသော်လည်း သူတို့ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မမြင်ဖူးကြချေ။ အချို့သော လူများက သူတော်စင်တစ်ပါး၏ ချစ်သူက ဝန်ရိုးစွန်းအကယ်ဒမီတွင် ရှိနေသည်ကို သိပ်ပြီး မယုံကြည်နိုင်ကြသေးချေ။

သို့သော်လည်း လင်းဖုန်း၏ အရှိန်အဟုန်ဖြင့် တက်လှမ်းလာမှုက မြန်ဆန်လွန်းလှ၏။ အရာအားလုံး အချိန်တိုအတွင်း ဖြစ်ပျက်ခဲ့သောကြောင့် သူက အလွန် ငယ်ရွယ်လွန်းလှသည်ဖြစ်ရာ လုံးဝမဖြစ်နိုင်သည်တော့ မဟုတ်ပေ။

ယနေ့တွင်မူ လင်းဖုန်းက ဝန်ရိုးစွန်းအကယ်ဒမီသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး သူ့ချစ်သူဆီ လာလည်ခြင်းဖြစ်ကြောင်း ကိုယ်တိုင် ဝန်ခံခဲ့သည်ဖြစ်ရာ တစ်ဒင်္ဂအတွင်းမှာတင် ဝန်ရိုးစွန်းအကယ်ဒမီမှ ကျောင်းသားအားလုံး စိတ်လှုပ်ရှားသွားကြတော့သည်။ သတင်းများက တောမီးအလား ပျံ့နှံ့သွားပြီး လူတိုင်းက လာရောက်ကြည့်ရှုရန် ကမန်းကတန်း ပြေးဝင်လာကြတော့သည်။

သို့သော်လည်း ဝန်ရိုးစွန်းအကယ်ဒမီ၏ လူကြီးပိုင်းများက ဤသတင်းကို ကြားသိရသည်နှင့် တပြိုင်နက် မိန်းကလေးအဆောင်ကို ကာကွယ်ရန်အတွက် လုံခြုံရေးဝန်ထမ်း အမြောက်အမြားကို ချက်ချင်း စေလွှတ်လိုက်ကြသည်။

ဝန်ရိုးစွန်းအကယ်ဒမီ၏ အထက်လူကြီးများကလည်း လာရောက်တွေ့ဆုံရန် ရည်ရွယ်ထားကြသော်လည်း လင်းဖုန်းက သူတို့ကို တားဆီးလိုက်သည်။ ယခုလက်ရှိတွင် သူ ချူချန်းကို ရှာဖွေရန်အတွက်သာ လာရောက်ခဲ့သည်မဟုတ်ပါလော။

ရွှစ်

လင်းဖုန်းသည် မိန်းကလေးအဆောင်၏ ဆဋ္ဌမထပ်ဆီသို့ တိုက်ရိုက် ပျံသန်းသွား၏။ တစ်ချက်ဝေ့ဝဲကြည့်လိုက်ရုံဖြင့် ချူချန်းကို လှမ်းမြင်လိုက်ရသည်။

သူတို့နှစ်ဦး၏ မျက်လုံးချင်း ဆုံမိသွားကြ၏။ ချူချန်း၏ ယခင်က စိုးရိမ်ပူပန်မှုများအားလုံး ချက်ချင်းပင် နေလာနှင်းပမာ လွင့်ပါးပျောက်ကွယ်သွားတော့သည်။ လင်းဖုန်း ရောက်လာပြီ မဟုတ်ပါလော။

“လေသင်္ဘောပေါ် သွားရအောင်”

လင်းဖုန်းက လူတိုင်း၏ မျက်စိရှေ့တွင်ပင် ချူချန်းကို ပွေ့ချီကာ လေသင်္ဘောပေါ်သို့ တက်ရောက်သွားတော့သည်။ စိတ်ကူးယဉ်တတ်သော မိန်းကလေး ကျောင်းသူတချို့ကမူ ချူချန်းအပေါ် အလွန်အားကျမနာလို ဖြစ်သွားကြရသည်။

ကံဆိုးစွာဖြင့် ချူချန်းဟူ၍ တစ်ဦးတည်းသာ ရှိပြီး သူတော်စင်လင်းဖုန်းကလည်း တစ်ဦးတည်းသာ ရှိပေသည်။

လေသင်္ဘောက ကောင်းကင်ယံထက်သို့ ဖြည်းဖြည်းချင်း ပျံတက်သွားပြီး မိုးကုတ်စက်ဝိုင်းဆီသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

လေသင်္ဘော ထွက်ခွာသွားပြီးနောက်တွင်လည်း ဝန်ရိုးစွန်းအကယ်ဒမီအတွင်းရှိ ရုတ်ရုတ်သဲသဲ ဖြစ်မှုများက ငြိမ်သက်မသွားသေးချေ။ ဤမြင်ကွင်းက နောင်အနာဂတ်တွင် ဝန်ရိုးစွန်းအကယ်ဒမီ၌ အချိန်အတော်ကြာအောင် ပြောစမှတ်တွင်ကျန်ရစ်မည့် ကိစ္စတစ်ခု ဖြစ်လာတော့မည်မှာ အသေအချာပင်။

…

လေသင်္ဘောအတွင်း၌ ချူချန်း အတွင်းရှိ အရာအားလုံးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေသည်။

ပြီးခဲ့သည့်အကြိမ်က လင်းဖုန်း တစ်ကမ္ဘာလုံးဆိုင်ရာသိုင်းပညာပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သူသာ ဖြစ်ခဲ့သည်။ သူ နာမည်ကျော်ကြားခဲ့သော်လည်း ဤမျှလောက်အထိ ဆန်းပြားခမ်းနားသော လေယာဉ်တစ်စင်းကို ဝယ်ယူနိုင်စွမ်း မရှိသေးချေ။

ဤသည်က ထိပ်တန်းသူဌေးကြီးများနှင့် သိုင်းသမားကြီးများသာ ဝယ်ယူနိုင်သည့် လေသင်္ဘောမျိုးဖြစ်သည်။

“လင်းဖုန်း... ရှင် တကယ်ပဲ သူတော်စင်တစ်ပါး ဖြစ်လာတာလား”

လေယာဉ်အတွင်းကို စူးစမ်းလေ့လာပြီးနောက် ချူချန်း ဝင်ထိုင်လိုက်သည်။ သူတို့နှစ်ဦး မျက်လုံးချင်း ဆုံမိသွားကြပြီးနောက် သူမ အမေးချင်ဆုံး မေးခွန်းကို မမေးဘဲ မနေနိုင်တော့ပေ။

မည်သို့ပင်ဆိုစေ ယခင်တစ်ကြိမ်က လင်းဖုန်း အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးသာ ရှိသေးသည် မဟုတ်ပါလော။ သူက ဘယ်လိုလုပ် ရုတ်တရက်ကြီး သူတော်စင်တစ်ပါး ဖြစ်လာရတာလဲ။

လင်းဖုန်း သက်ပြင်းတစ်ချက် အသာအယာ ချလိုက်ပြီးနောက် ပြုံးလျက် ပြောလိုက်သည်။ “ချူချန်း... ကို ဒုတိယအကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကိုပဲ ဖြတ်သန်းရသေးတာလို့ပြောရင် မင်း ကို့ကို ယုံလား”

“ယုံတာပေါ့... ရှင့်ကို သေချာပေါက်ယုံတယ်” ချူချန်းက မဆိုင်းမတွပင် ခိုင်မာပြတ်သားစွာ ပြန်လည်ဖြေကြားလိုက်သည်။

“ကို ဒုတိယအကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကိုပဲ ဖြတ်သန်းရသေးတာ မှန်ပေမယ့် အထူးအကြောင်းရင်းတွေကြောင့် ကို့မှာ သူတော်စင်တစ်ပါးရဲ့ တိုက်ခိုက်ရေးစွမ်းရည် ရှိနေတယ်။ အဲဒါကြောင့်မို့လို့ သူတော်စင်ကိုးပါးက အစည်းအဝေးလုပ်ပြီး ကို့ကို ဒဿမမြောက်သူတော်စင်အဖြစ် သတ်မှတ်ပေးခဲ့ကြတာ”

လင်းဖုန်း အရာအားလုံးကို အသေးစိတ် ရှင်းပြလိုက်သည်။ ဤသည်က တကယ်တော့ သူတော်စင်ကိုးပါးသာ သိရှိထားကြသော အလွန်လျှို့ဝှက်လှသည့် သတင်းအချက်အလက်ပင်။

ချူချန်း အလွန် အံ့အားသင့်သွားရသည်။ ဤသည်က အလွန်လျှို့ဝှက်ထားရမည့် သတင်းဖြစ်ကြောင်း သူမ သိ၏။ သို့သော်လည်း လင်းဖုန်းက သူမအပေါ် မည်သည့်အရာကိုမျှ ချန်လှပ်မထားဘဲ အကုန်အစင် ဝန်ခံပြောပြခဲ့ခြင်းကြောင့် သူမ စိတ်ထဲတွင် လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်ကြည်နူးမှုကို ခံစားလိုက်ရသည်။

“သူတော်စင်တစ်ပါးရဲ့ တိုက်ခိုက်ရေးစွမ်းရည်လား။ ဒါဆိုရင် ရှင် ရှေးဟောင်းယဉ်ကျေးမှုတစ်ခုရဲ့ အရမ်းအံ့ဩစရာကောင်းတဲ့ အမွေအနှစ်ကို ရထားတာပဲ ဖြစ်ရမယ်”

“မင်းလည်း ရှေးဟောင်းယဉ်ကျေးမှုတွေရဲ့ အမွေအနှစ်အကြောင်း သိတာပဲလား။ ဒါပေမယ့် အခြေအနေက အဲဒီလိုမျိုးရယ်တော့ မဟုတ်ပါဘူး။ နောင်ကျရင် မင်း သိလာပါလိမ့်မယ်”

လင်းဖုန်း အသေးစိတ် ထပ်မံမရှင်းပြတော့ပေ။ ချူချန်းမှာ မျိုးရိုးဗီဇကန့်သတ်ချက်ကိုပင် မချိုးဖျက်ရသေးချေ။ ဤလျှို့ဝှက်ချက်များကို သိရှိထားခြင်းက အဓိပ္ပာယ်မရှိသည့်အပြင် သူမ၏အနာဂတ်သိုင်းလမ်းစဉ်ကိုပါ သက်ရောက်မှု ရှိစေနိုင်သည် မဟုတ်ပါလော။

“ဒါနဲ့...ကျွန်မတို့ ဘယ်ကို သွားနေကြတာလဲ”

လေသင်္ဘောပြင်ပသို့ လှမ်းကြည့်လိုက်သောအခါ မြေပြင်တစ်ခုလုံး လူသူကင်းမဲ့ပြီး ခြောက်သွေ့နေ၏။ သူတို့ ပြင်ပနယ်မြေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားလှသည်။ လင်းဖုန်း သူမကို ဘယ်ခေါ်သွားနေမှန်း ချူချန်း မသိရသဖြင့် အနည်းငယ် ဝေခွဲမရ ဖြစ်နေမိသည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters