← Chapters

အခန်း ၂၉၈

Vol. 26 Ch. 298

အခန်း ၂၉၈

Vol. 26 Ch. 298

အခန်း (၂၉၈) - ချူချန်းကျောင်းထွက်လိုက်ခြင်း

ဘာသာပြန် - အားသစ်

“ဒီနေရာပဲ”

လေသင်္ဘောက တဖြည်းဖြည်း ရပ်တန့်သွားပြီး ကောင်းကင်ယံထက်တွင် ဝဲခိုနေသည်။ အောက်ဘက်တွင်မူ အဆုံးအစမဲ့ကျယ်ပြောလှသော တောရိုင်းမြေပြင်ကြီး ရှိနေ၏။ ထိုတောရိုင်းမြေပြင်၏ အလယ်ဗဟိုတွင်မူ ပန်းများ ဝေဝေဆာဆာ ပွင့်လန်းနေကြသည်။

ပန်းခင်းကြီးက မြေပြင်တစ်ခုလုံးကို လွှမ်းခြုံထားပြီး ပန်းပင်လယ်ပြင်ကြီးတစ်ခုအလား သဏ္ဌာန်ဖော်ဆောင်နေ၏။

“တကယ့်ကို လှပတဲ့နေရာလေးပဲ”

ချူချန်းလည်း စိတ်လှုပ်ရှားသွားရသည်။ ပြင်ပနယ်မြေ၏ တောရိုင်းမြေပြင်ထဲတွင် ဤကဲ့သို့ လှပသောနေရာမျိုးကို ရှာဖွေတွေ့ရှိရန်က မလွယ်ကူလှပါချေ။

“ကို မင်းကို အောက်ခေါ်သွားပေးမယ်”

လင်းဖုန်း ပြုံးလိုက်ပြီး ချူချန်းကို သူ့ရင်ခွင်ထဲသို့ တစ်ဖန်ပွေ့ချီကာ လေသင်္ဘောပေါ်မှ ခြေတစ်လှမ်း လှမ်းထွက်လိုက်သည်။

လေပြေအေးလေးက အသာအယာ တိုးဝှေ့တိုက်ခတ်နေပြီး လေထုထဲတွင် ပန်းဝတ်မှုန်များ၏ မွှေးရနံ့များ စွက်ဖက်နေသည်။ ချူချန်းတစ်ယောက် ဤမျှလောက်အထိ ရိုမန်တစ်ဆန်သော ခံစားချက်မျိုးကို တစ်ခါမျှ မခံစားဖူးခဲ့ချေ။ အထူးသဖြင့် လင်းဖုန်း၏ မျက်နှာက သူမနှင့် အလွန် နီးကပ်နေ၏။ အတိတ်တုန်းက သူမ လင်းဖုန်းကို ဤမျှအထိ အနီးကပ် သေသေချာချာ မကြည့်ဖူးခဲ့သလို ခံစားလိုက်ရသည်။

ဂရား

သို့သော်လည်း ပန်းခင်းကြီးထဲတွင် လင်းဖုန်းနှင့် ချူချန်းတို့ ရောက်ရှိလာမှုကို ရိပ်မိသွားပုံရသော သားရဲတချို့ ရှိနေသည်။ ထိုသားရဲများက ဟိန်းဟောက်လိုက်ကြသော်လည်း မပျံသန်းနိုင်ကြသဖြင့် လင်းဖုန်းကို မည်သို့မျှ မလုပ်နိုင်ဘဲ မော့ကြည့်နေရုံသာ တတ်နိုင်ကြသည်။

ချူချန်း ထိတ်လန့်သွားသည်။ သူမ မူလက အနည်းငယ် ကြောက်ရွံ့မိခဲ့၏။ အဆုံးတွင် ဤနေရာက ရက်စက်ကြမ်းကြုတ်သော သားရဲများဖြင့် ပြည့်နှက်နေသည့် ပြင်ပတောရိုင်းမြေပြင် ဖြစ်နေသည်မဟုတ်ပါလော။ သို့သော်လည်း လင်းဖုန်း၏ တည်ငြိမ်နေမှုကို မြင်လိုက်ရသောအခါ သူမလည်း စိတ်အေးသွားရသည်။

သူမဘေးနားရှိ လင်းဖုန်းက ယခုအခါတွင် သူတော်စင်တစ်ပါး ဖြစ်နေပြီလေ။

မကြုံစဖူး လုံခြုံမှုအပြည့်ရှိသည့် ခံစားချက်ကြီးက ချူချန်၏ နှလုံးသားတစ်ခုလုံး လွှမ်းခြုံသွားသည်။ ယခုအချိန်တွင် သူမ ဤကဲ့သို့ လှပနွေးထွေးသည့် လေထုထဲ၌ ထာဝရ နစ်မြောနေချင်မိတော့သည်။

“လေသင်္ဘောနဲ့ ပျံသန်းလာရင်း တိုက်တိုက်ဆိုင်ဆိုင် ဒီလှပတဲ့ ပန်းပင်လယ်ပြင်ကြီးကို လှမ်းမြင်လိုက်တာ။ ဒီလောက်အထိ လှပတဲ့ ရှုခင်းကို လာမကြည့်မိရင် နှမြောစရာကြီး ဖြစ်သွားလိမ့်မယ်”

“ဟုတ်တယ်... တကယ်ကို လှတာပဲ”

ချူချန်းလည်း နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်မိသည်။ ရှုခင်းက လှပရုံသာမက ရက်စက်ကြမ်းကြုတ်လှသော သားရဲရိုင်းများလည်း ရှိနေသေးသည်။ ဤမျှလောက်များပြားလှသော သားရဲများ ဝိုင်းရံထားသည့် ကြားထဲမှ လှပသောရှုခင်းကို တိတ်တဆိတ် ခံစားနေရခြင်းက အတော်လေးကို စိတ်ဝင်စားစရာ မကောင်းပေဘူးလော။

ချူချန်းတစ်ယောက် လှပသော ရှုခင်းများနှင့် လင်းဖုန်း၏ ရုတ်တရက် ရိုမန်တစ်ဆန်မှုများကြားတွင် အရည်ပျော်ကျနေချေပြီ။

သို့သော်လည်း ဤသည်က အဆုံးသတ် မဟုတ်သေးချေ။ လင်းဖုန်းက ရုတ်တရက် ပြောလိုက်သည်။ “ချန်းချန်း... ကိုတို့ လက်ထပ်ကြရအောင်”

“ရှင် ဘာပြောလိုက်တယ်...”

“လက်ထပ်ကြရအောင်လို့”

လင်းဖုန်း တောက်ပလှသည့် ကျောက်မျက်ရတနာတစ်ခုကို ထုတ်ယူလိုက်သည်။ ယင်းက မကြီးမားလှသော်လည်း အလွန်လက်ရာမြောက်ပြီး နူးညံ့သိမ်မွေ့သော အလင်းရောင်များ ဖြာထွက်နေ၏။ မည်သူ့ကိုမဆို ရီဝေမူးယစ်သွားစေနိုင်သည့်အလား ထင်မှတ်ရပေ၏။

ထိုအချိန်တွင် ချူချန်း၏ ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားသည်။ ထိုကျောက်မျက်ရတနာကြောင့် မဟုတ်ချေ။ လင်းဖုန်း၏ စကားလုံးများကြောင့်ပင်။

လက်ထပ်မယ်တဲ့လား... လင်းဖုန်းက သူမကို လက်ထပ်တော့မှာတဲ့လား။

“ချန်းချန်း... ဝန်ရိုးစွန်းအကယ်ဒမီကနေ ထွက်လိုက်ပါတော့။ ကို့ရဲ့ ကာကွယ်သူအဖွဲ့ချုပ်က မင်းကို လိုအပ်တယ်။ အဲဒီနေရာက ဝန်ရိုးစွန်းအကယ်ဒမီထက် မနိမ့်ကျပါဘူး။ ဒါ့အပြင် ကိုတို့တွေ အတူတူ ရှိနေလို့ရတာပေါ့”

ချူချန်း၏ စိတ်ထဲတွင် ကယောက်ကယက် ဖြစ်သွားရသည်။ သူမ မည်သို့ ပြန်လည်ဖြေကြားရမည်ကိုပင် မသိတော့ချေ။

အစပိုင်းတွင် လင်းဖုန်း သူတော်စင်တစ်ပါး ဖြစ်လာပြီးနောက် ပြောင်းလဲမှုတချို့ ရှိသွားမည်ကို သူမ အနည်းငယ် စိုးရိမ်ခဲ့မိ၏။ သို့သော်လည်း ယခုအခြေအနေအရ ကြည့်ရမည်ဆိုပါက သူမ အတွေးလွန်ခဲ့ခြင်းသာ ဖြစ်သည်။ သူမရှေ့မှ လင်းဖုန်းမှာ အတိတ်က လင်းဖုန်းအတိုင်း လုံးဝ ပြောင်းလဲမသွားဘဲ ရှိနေဆဲပင်။

ဝန်ရိုးစွန်းအကယ်ဒမီသို့ ပြန်ရောက်ပြီးနောက် ချူချန်းသည် အဆောင်ရှိ သူမ၏ အရင်းနှီးဆုံး သူငယ်ချင်းများကို နှုတ်ဆက်လိုက်သည်။ သူမ ကျောင်းထွက်တော့မည်။

လက်တွေ့တွင်မူ လင်းဖုန်းနှင့် သူမ၏ ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားမည်ဆိုပါက သူမအနေဖြင့် ဝန်ရိုးစွန်းအကယ်ဒမီတွင် ဆက်လက်ရှိနေရန်မှာ မသင့်တော်တော့ချေ။ လင်းဖုန်း၏ ကာကွယ်သူအဖွဲ့ချုပ်က ဝန်ရိုးစွန်းအကယ်ဒမီ ပေးစွမ်းနိုင်သော အရင်းအမြစ်များကို မပေးစွမ်းနိုင်ဘဲ ရှိပါမည်လော။

ထို့ကြောင့် ချူချန်း ကျောင်းထွက်လိုက်ပြီး လင်းဖုန်းနောက်သို့ လိုက်ကာ ကာကွယ်သူအဖွဲ့ချုပ်သို့ လိုက်ပါသွားခြင်းက အသင့်တော်ဆုံး ရွေးချယ်မှုဖြစ်ပေမည်။ လင်းဖုန်း၏ ကိုယ်စားပြုမှုဖြင့် ချူချန်းအတွက် ကျောင်းထွက်ခြင်း လုပ်ငန်းစဉ်များကို ဖြေရှင်းရန်က သဘာဝကျစွာပင် အလွန်လွယ်ကူချောမွေ့သည်။

ကျောင်းထွက်ခြင်းကိစ္စရပ်များကို ဖြေရှင်းပြီးနောက် ချူချန်း သူမ၏ ပစ္စည်းများကို သိမ်းဆည်းကာ လင်းဖုန်းနှင့်အတူ လေသင်္ဘောပေါ်သို့ တက်ရောက်ပြီး ကာကွယ်သူအဖွဲ့ ဌာနချုပ်ဆီသို့ ပျံသန်းသွားကြတော့သည်။

လေသင်္ဘောအတွင်း၌ လင်းဖုန်းက ချူချန်းကို မျိုးရိုးဗီဇကန့်သတ်ချက်အကြောင်း မေးမြန်းလိုက်သည်။ ချူချန်း၏ ပြောကြားချက်အရ သူမ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်မည့် အဆင့်သို့ မရောက်ရှိသေးချေ။

အဓိကအကြောင်းရင်းမှာ ချူချန်း၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အနည်းငယ် လိုအပ်နေသေးခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သူမသာ ဝန်ရိုးစွန်းအကယ်ဒမီတွင် ဆက်ရှိနေပြီး သိုင်းပညာကို တစ်ဆင့်ပြီးတစ်ဆင့် လေ့ကျင့်နေမည်ဆိုပါက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ရန်အတွက် နောက်ထပ် နှစ်နှစ် သုံးနှစ်ခန့်အထိ စောင့်ဆိုင်းရဖွယ် ရှိသည်။

သို့သော်လည်း ကာကွယ်သူအဖွဲ့သို့ချုပ် ပြန်ရောက်ပြီးနောက် လင်းဖုန်း၏ အကူအညီဖြင့်ဆိုပါက သူမ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မျိုးရိုးဗီဇကန့်သတ်ချက် ချိုးဖျက်နိုင်မည့် အရေးပါသော အလှည့်အပြောင်းအဆင့်အထိ မြှင့်တင်ရန်က လုံးဝ ပြဿနာမရှိနိုင်တော့ပေ။

မကြာမီမှာပင် လေသင်္ဘောက ကာကွယ်သူအဖွဲ့ချုပ်သို့ ဆင်းသက်လိုက်သည်။ ထိုနေရာတွင် သူတို့ကို လာရောက်ကြိုဆိုရန် သိုင်းသမားများ ရောက်ရှိနေကြလေပြီ။

လင်းဖုန်း ချူချန်း၏ လက်ကိုတွဲလျက် လေသင်္ဘောပေါ်မှ ဆင်းလာသည်။ ထိုမြင်ကွင်းကို မြင်သောအခါ လာရောက်ကြိုဆိုကြသော သိုင်းသမားများအားလုံး ဆွံ့အမှင်သက်သွားကြရ၏။

“ချန်းချန်း... ဒါက ကာကွယ်သူအဖွဲ့ ဌာနချုပ်ပဲ။ သူတို့တွေက ကာကွယ်သူအဖွဲ့ချုပ်ရဲ့ ပထမဆုံး တရားဝင်အဖွဲ့ဝင်တွေပေါ့”

ချူချန်းသည် လှပဆန်းပြားပြီး သိပ္ပံစိတ်ကူးယဉ်ဆန်လှသော အဆောက်အအုံကြီးကို ကြည့်ကာ မယုံနိုင်လောက်အောင် ဖြစ်နေရသည်။ ဤသိုင်းသမားများအပြင် မီတာတစ်ရာကျော် မြင့်မားလှသည့် စက်ရုပ်ကြီးလည်း ရှိနေသေးရာ ယင်းကလည်း အလွန်အံ့အားသင့်ဖွယ် ကောင်းလှသည်။

“ဒီစက်ရုပ်က ရှင်နဲ့ အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့တဲ့ စက်ရုပ်လား” ချူချန်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

“ဟုတ်တယ်... ဒါက ရှေးဟောင်းယဉ်ကျေးမှုရဲ့ စစ်ပွဲလက်နက် စက်ရုပ်ကြီးပဲ။ ငါ သူ့ကို အနိုင်ယူပြီးတဲ့နောက် သူ့ရဲ့ ဗဟိုချက်ကို ပြန်ထိန်းချုပ်နိုင်ခဲ့တယ်။ အဲဒါကြောင့် အခု သူက ငါ့ရဲ့ အမိန့်အောက်မှာ ရှိနေတာ။ ငါ သူ့ကို နာမည်အသစ်တစ်ခု ပေးထားတယ် ကာကွယ်သူတဲ့။ သူက ကာကွယ်သူအဖွဲ့ ဌာနချုပ်ကို စောင့်ကြပ်ကြည့်ရှုပေးနေတာပေါ့”

“ကာကွယ်သူတဲ့လား... တကယ့်ကို နာမည်ကောင်းပဲ”

ချူချန်းသည်လည်း ထက်မြက်သော မိန်းကလေးတစ်ဦး ဖြစ်၏။ ကာကွယ်သူအဖွဲ့ချုပ်၏ အဓိပ္ပာယ်မှာ မိမိချစ်ရသူများ၊ ချစ်သူရည်းစား ဆွေမျိုး‌သားချင်းများနှင့် လူသားမျိုးနွယ်တစ်ခုလုံးကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်မဟုတ်ပါလော။ လင်းဖုန်း ကာကွယ်သူအဖွဲ့ချုပ်ကို တည်ထောင်ခြင်းက သူ့ ရည်ရွယ်ချက်များကို ရှင်းရှင်းလင်းလင်း ပြသနေခြင်း မဟုတ်ပါလော။

“ကာကွယ်သူအဖွဲ့ချုပ်ထဲမှာ မင်းကို လုပ်ပိုင်ခွင့်တချို့ ငါ ပေးထားမယ်။ မင်း စိတ်ကြိုက် လျှောက်ကြည့်လို့ရပါတယ်။ ဒါနဲ့... မင်းရဲ့ သိုင်းပညာကိုလည်း ပစ်ပယ်ထားလို့ မဖြစ်ဘူးနော်။ အချိန်တိုအတွင်းမှာ မင်းရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်နိုင်ဖို့ ခန္ဓာကိုယ်ကြံ့ခိုင်မှု မြှင့်တင်ခြင်းနည်းစနစ်ကို လေ့ကျင့်ခိုင်းမယ်။ ပြီးမှ မင်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ဖို့ ကြိုးစားကြည့်ပေါ့”

ချူချန်း ခေါင်းညိတ်လိုက်သည်။ သူမအနေဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု မြှင့်တင်ခြင်းနည်းစနစ်က ဘာလဲဆိုသည်ကို မသိသော်လည်း လင်းဖုန်း၏ စီစဉ်မှုများအပေါ် အလွန် စိတ်ချလက်ချဖြစ်မိသည်။

လင်းဖုန်း ချူချန်းကို ခေါ်ဆောင်လာခြင်းက ကာကွယ်သူအဖွဲ့ချုပ်အတွင်း၌လည်း ဟိုးလေးတကျော် ဖြစ်သွားစေ၏။ သို့သော်လည်း သေသေချာချာ စဉ်းစားကြည့်မည်ဆိုပါက လင်းဖုန်းမှာ အသက် နှစ်ဆယ်ကျော်မျှသာ ရှိသေးပြီး သိုင်းသမားအများစုထက်ပင် ငယ်ရွယ်လွန်းလှ၏။ သို့ဖြစ်ရာ သူ့ဘေးတွင် ချစ်သူ သို့မဟုတ် စေ့စပ်ထားသူရှိနေခြင်းက သဘာဝကျလှပေသည်။

ထို့ကြောင့် ချူချန်း၏ အဆင့်အတန်းမှာ ကာကွယ်သူအဖွဲ့ချုပ်အတွင်း၌ သိသိသာသာပင် သူတော်စင်ကတော် ဖြစ်လာတော့၏။ ချူချန်း မျိုးရိုးဗီဇကန့်သတ်ချက်ကိုပင် မချိုးဖျက်ရသေးသော်လည်း သိုင်းသမားတိုင်းက သူမအပေါ် အလွန်ရိုသေလေးစားကြသည်။

နောက်ထပ် အချိန်ကာလတစ်ခုအထိ လင်းဖုန်း ချူချန်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်ပေးရန် အစွမ်းကုန် ကူညီပေးခဲ့သည်။ သူ ချူချန်နှင့် အထူး သင့်လျော်မည့် ကြမ်းကြုတ်သားရဲမျိုးရိုးဗီဇ နှစ်မျိုးကို အသေအချာ ရွေးချယ်ပေးခဲ့သည်။

ထို့နောက် ချူချန်း ယင်းတို့ကို ပေါင်းစပ်လိုက်ရာ

ဆယ့်ငါးရက်အတွင်းမှာပင် ချူချန်း၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ယခင်ကထက် အဆပေါင်းများစွာ သိသာထင်ရှားစွာ တိုးတက်လာတော့သည်။

ထို့အပြင် လင်းဖုန်း ချူချန်ကို သိုင်းပညာတချို့လည်း လမ်းညွှန်ပြသပေးခဲ့သဖြင့် ချူချန်းအား သိုင်းပညာ၊ သိုင်းကွက်များနှင့် ခန္ဓာကိုယ်နှင့် မျိုးရိုးဗီဇ ကန့်သတ်ချက်တို့ကြားရှိ ဆက်စပ်မှုများကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်သွားစေသည်။

လင်းဖုန်း ချူချန်အပေါ် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိချေ။ သူ၏ မျိုးရိုးဗီဇကန့်သတ်ချက် သီအိုရီများကို ချူချန်းအား အသေးစိတ် ရှင်းပြသည့်အပြင် ကြယ်တာရာစွမ်းအားနှင့်သက်ဆိုင်သည့် အသိပညာများကိုပါ သင်ကြားပေးခဲ့သဖြင့် အမှန်တကယ်ပင် ချူချန်အား သီအိုရီပိုင်းဆိုင်ရာတွင် မည်သည့် မေးခွန်းမျှ မရှိတော့သည်အထိ ဖြစ်သွားစေခဲ့သည်။

လင်းဖုန်း ချူချန်အား လမ်းစဉ်မှားများစွာကို ရှောင်ရှားနိုင်ရန် ကူညီပေးခဲ့သော်လည်း သူ လုပ်ဆောင်ပေးနိုင်သည်က ဤမျှသာ ဖြစ်၏။ အဆုံးတွင် သူမ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခြင်း ရှိမရှိဟူသည်က ချူချန်းကိုယ်တိုင်အပေါ်၌သာ မူတည်နေပြီး လင်းဖုန်းပင်လျှင် ထိုကိစ္စကို ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိချေ။

သို့သော်လည်း ချူချန်းက အလွန်ငယ်ရွယ်သေးသဖြင့် လောလောဆယ်တွင် စိုးရိမ်ပူပန်နေစရာ မရှိချေ။ သူမအနေဖြင့် နောင်အနာဂတ် တစ်နေ့နေ့တွင် မျိုးရိုးဗီဇကန့်သတ်ချက်ကို သေချာပေါက် ချိုးဖျက်နိုင်လိမ့်မည်ဟု မိမိကိုယ်ကို ယုံကြည်ချက်အပြည့် ရှိနေသည်။

အချိန်များက မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွား၏။ တစ်လဟူသော အချိန်ကာလက မြန်မြန်ဆန်ဆန် ကုန်လွန်သွားခဲ့လေပြီ။

လင်းဖုန်းနှင့် ချူချန်တို့မှာ ခွဲခွာ၍မရအောင် ရှိနေခဲ့ကြပြီး သူတို့၏ ဆက်ဆံရေးကလည်း အလွန်တည်ငြိမ်နေပြီဖြစ်သည်။ လင်းဖုန်းက အချိန်တစ်ခု ရှာကြံ၍ အရင်ဆုံး စေ့စပ်ပွဲပြုလုပ်ရန် စီစဉ်ပြီးမှ ကြီးကျယ်ခမ်းနားသည့် မင်္ဂလာပွဲကို ကျင်းပရန် ရည်ရွယ်ထားသည်။

သို့သော်လည်း ချူချန်းက လောလောဆယ် စိုးရိမ်စရာမလိုကြောင်းပြော၏။ သူမက လင်းဖုန်းအား ကာကွယ်သူအဖွဲ့ချုပ်၏ ကိစ္စရပ်များကို အရင်ဆုံး အခြေချစေလို၏။ အရာအားလုံး လမ်းကြောင်းမှန်ပေါ် ရောက်ရှိသွားပြီးမှသာ စေ့စပ်ပွဲအခမ်းအနား ကျင်းပလျှင်လည်း အချိန်မနှောင်းသေးသဖြင့် လင်းဖုန်းလည်း ချူချန်း၏ အကြံပြုချက်အတိုင်း လိုက်နာခဲ့သည်။

တစ်လ ကုန်လွန်သွားပြီးနောက် ကျန်းချီကျီ၏ မင်္ဂလာပွဲနေ့ရက်သို့ ရောက်ရှိလာချေပြီ။ လင်းဖုန်း သဘာဝကျစွာပင် မေ့လျော့နေခြင်း မရှိချေ။ လက်ဆောင်များကို ပြင်ဆင်ပြီးနောက် သူနှင့် ချူချန်းတို့ လေသင်္ဘောပေါ်သို့ တက်ရောက်ကာ ကာကွယ်သူအဖွဲ့ ဌာနချုပ်မှ ထွက်ခွာသွားကြတော့သည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters