← Chapters

အခန်း ၂၉၉

Vol. 26 Ch. 299

အခန်း ၂၉၉

Vol. 26 Ch. 299

အခန်း (၂၉၉) - မင်္ဂလာပွဲအကျပ်အတည်း

ဘာသာပြန် - အားသစ်

ဒယ်တာမြို့၊ ဟွာထျန်းဟိုတယ်

ယနေ့သည်ကား နေ့ထူးနေ့မြတ်ကြီး တစ်ရက်ပင်။ ကျန်းမိသားစု၏ သားကြီးဖြစ်သူ ကျန်းချီကျီနှင့် ပိုင်မိသားစု၏ သမီးဖြစ်သူ ပိုင်ကျင်းတို့ လက်ထပ်ကြမည့် နေ့ဖြစ်၏။ ကျန်းမိသားစုနှင့် ပိုင်မိသားစု နှစ်ခုစလုံးက ဒယ်တာမြို့၌ ဂုဏ်သရေရှိ လူကုံထံမိသားစုများဟု သတ်မှတ်နိုင်သည်။

ကျန်းမိသားစုမှာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သည့် မိသားစုတစ်ခုမျှသာမက သိုင်းပညာမိသားစုတစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း မကြာသေးမီ နှစ်များအတွင်း မျိုးဆက်သစ်များထဲ၌ သိုင်းပညာပါရမီပါသူ သိပ်မရှိတော့သဖြင့် မိသားစုအနေဖြင့် စီးပွားရေးဘက်ကို ပိုမိုအလေးပေးလာခဲ့ကြရသည်။

သို့သော်ငြားလည်း ကျန်းမိသားစုတွင် ကျန်ရှိနေသေးသည့် သာလွန်လူသား ကျွမ်းကျင်သူတချို့၏ အရှိန်အဝါကြောင့် ဒယ်တာမြို့အတွင်း ကျန်းမိသားစု၏ အဆင့်အတန်းကို ထည့်သွင်းတွက်ချက်ရဆဲပင်။

အခြားတစ်ဖက်တွင်မူ ပိုင်မိသားစုမှာ အနည်းငယ် ထူးခြားလှသည်။ ပိုင်မိသားစုသည် သိုင်းပညာမိသားစုတစ်ခုမဟုတ်ဘဲ မိသားစုအတွင်း အင်အားကြီးမားသည့် သိုင်းသမားများ မရှိသော်လည်း စစ်တပ်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသည့်အပြင် စီးပွားရေးအရလည်း များစွာပါဝင်ပတ်သက်နေ၏။ ထို့ကြောင့် သာလွန်လူသားကျွမ်းကျင်သူများ ရှိကြသည့် အခြားမိသားစုများပင်လျှင် ပိုင်မိသားစုကို ဘယ်သောအခါမျှ လျှော့မတွက်ရဲကြချေ။

သို့သော်လည်း ဤအင်အားကြီး မိသားစုနှစ်ခု ပေါင်းစည်းခြင်းက ကြည့်ကောင်းသော ပုံပြင်တစ်ပုဒ်အလား ထင်မှတ်ရသော်လည်း လက်တွေ့တွင်မူ ပိုင်မိသားစုနှင့် ကျန်းမိသားစု နှစ်ခုစလုံးက ဤမင်္ဂလာကိစ္စနှင့်ပတ်သက်၍ အတွင်းကြိတ် မကျေမနပ်ဖြစ်မှုများဖြင့် ပြည့်နှက်နေခဲ့ကြသည်။

သခင်ကြီးပိုင်နှင့် သခင်ကြီးကျန်းတို့၏ ပြတ်သားပြီး လျင်မြန်သည့် လုပ်ဆောင်ချက်များကြောင့်သာ ပိုင်မိသားစုနှင့် ကျန်းမိသားစုတို့ အရှက်ကွဲမည့်အဖြစ်မှ ကာကွယ်နိုင်ခဲ့ပြီး မင်္ဂလာပွဲကို သဘောတူညီချက်အတိုင်း ကျင်းပနိုင်ခြင်းဖြစ်သည်။

သို့သော်လည်း ပိုင်မိသားစုနှင့် ကျန်းမိသားစုအတွင်း၌မူ လှိုင်းတံပိုးများ ထန်နေ၏။ မိသားစုဝင်အများစုက မကျေမနပ် ဖြစ်နေခူကြသည်။

ထိုအချိန်တွင် စားပွဲတစ်ခု၌ ကျန်းချီကျီနှင့် ရုပ်ချင်းဆင်တူသည့် လူငယ်တစ်ဦးက ဝိုင်နီကို တစ်ဦးတည်း သောက်သုံးနေသည်။ သို့သော် သူ့အကြည့်များက အေးစက်နေပြီး စင်ပေါ်ရှိ ကျန်းချီကျီကို လှမ်းကြည့်နေ၏။

“တတိယသခင်လေး… ကျန်းချီကျီကတော့ ဒီတစ်ခါ ဒုက္ခအကြီးအကျယ် တွေ့တော့မှာပဲ။ ဟဲဟဲ...သူ ပိုင်ကျင်းကို အတင်းအကျပ် လက်ထပ်ဖို့လုပ်နေတာက မိသားစုထဲက အကြီးအကဲတချို့ကို မကျေမနပ် ဖြစ်စေခဲ့ပြီလေ” ထိုလူငယ်၏ ဘေးနားရှိ ဝတ်စုံပြည့် ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက စဉ်းလဲစွာ ပြောဆိုလိုက်သည်။

“အဲတော့ ဘာဖြစ်လဲ။ သူ ကျန်းချီကျီက အခုထိတော့ ကျန်းမိသားစုရဲ့ သခင်လေး ဖြစ်နေတုန်းပဲ။ သူကပဲ ကော်ပိုရေးရှင်းရဲ့ နောက်ထပ် ဥက္ကဋ္ဌ ဖြစ်လာပြီးတော့ ကျန်းမိသားစုကို တာဝန်ယူရဦးမှာလေ”

“ဟဲဟဲ... သူ ဒီလိုမျိုး ဇောင်းကြွနိုင်တာ သိပ်မကြာတော့ပါဘူး။ သူ ပိုင်ကျင်းကို လက်ထပ်ဖို့ ဇွတ်လုပ်နေတာကြောင့် အခုဆို ပိုင်မိသားစုထဲက လူအများစုကပါ သူ့အပေါ် မကျေမနပ် ဖြစ်နေကြပြီ။ သူ့အဖေတစ်ယောက်ပဲ သူ့ကို ထောက်ခံနေတာ။ ဒါပေမယ့် ကျန်းမိသားစုက သူနဲ့ သူ့အဖေ နှစ်ယောက်တည်း ပိုင်တာမှ မဟုတ်တာ။ ငါကြားတာတော့ မင်္ဂလာပွဲပြီးရင် ကျန်းမိသားစုက ကော်ပိုရေးရှင်းရဲ့ ဥက္ကဋ္ဌအသစ် ရွေးချယ်ဖို့ အစည်းအဝေးတစ်ခု ကျင်းပဖို့ ပြင်နေတယ်တဲ့။ အဲဒီအချိန်ကျရင် တတိယသခင်လေးအတွက် အခွင့်အရေး ရောက်လာပြီပေါ့”

ထိုနေရာသို့ ရောက်သောအခါ တတိယသခင်လေး၏ အေးစက်စက် မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

သူ စင်ပေါ်တွင် ပျော်ရွှင်ကြည်နူးမှုများဖြင့် ပြည့်နှက်နေသည့် ကျန်းချီကျီကို စိုက်ကြည့်နေ၏။ သို့သော်လည်း ဤသည်က ကျန်းချီကျီ၏ နောက်ဆုံး ပျော်ရွှင်ရမည့် အချိန်လည်း ဖြစ်နိုင်ပေသည်။ မကြာမီမှာပင် သူနှင့် သူ့အဖေ နှစ်ဦးစလုံး တန်ဖိုးကြီးကြီး ပေးဆပ်ရပေလိမ့်မည်။

တတိယသခင်လေးအနေဖြင့် ဤအချက်ကို လုံးဝဥဿုံ ယုံကြည်နေသည်။ ကျန်းမိသားစုအနေဖြင့် ကျန်းချီကျီနှင့် သူ့အဖေတို့ကို အရေးယူရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း သူ သတင်းရထားပြီးဖြစ်သည်။ ကျန်းချီကျီနှင့် သူ့အဖေတို့က ပိုင်ကျင်းနှင့် မင်္ဂလာကိစ္စကို ဇွတ်အတင်း ပြုလုပ်ခြင်းဖြင့် ကျန်းမိသားစု၏ အကျိုးစီးပွားကို လျစ်လျူရှုခဲ့ကြသည် မဟုတ်ပါလော။

ထိုကိုယ်စားလှယ်က သဘောထားကြီးပြီး ကျန်းမိသားစုကို အပြစ်မတင်ခဲ့လျှင်ပင် ဒယ်တာမြို့တစ်ခုလုံးက ထိုကိစ္စကို သိရှိထားပြီးဖြစ်သည်။

အချို့သောကိစ္စရပ်များက နှုတ်မြွက်စကား သို့တည်းမဟုတ် သိသာထင်ရှားသည့် လုပ်ဆောင်ချက်များ မရှိလျှင်ပင် သက်ရောက်မှု ရှိနေနိုင်သည်။ ကျန်းမိသားစုအနေဖြင့် ဤကဲ့သို့သော စွန့်စားမှုမျိုးကို ရှောင်လွှဲနိုင်သော်လည်း ကျန်းချီကျီနှင့် သူ့အဖေတို့က ပိုင်မိသားစုနှင့် မင်္ဂလာကိစ္စကို ဇွတ်အတင်း ပြုလုပ်ခဲ့ကြ၏။ ထို့ကြောင့် ကျန်းမိသားစုမှာ အကျပ်ရိုက်စရာ အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။

ကျန်းမိသားစုသာမက ပိုင်မိသားစုကလည်း အလွန်မကျေမနပ် ဖြစ်နေခဲ့ကြသည်။

“ပိုင်ကျင်းက ဘာဖြစ်လို့ ကျန်းချီကျီလို အရှုပ်ထုပ် ဆန်ကုန်မြေလေး သားဆိုးတစ်ယောက်ကို သဘောကျသွားရတာလဲ။ ကိုယ်စားလှယ်တော်နဲ့ ယှဉ်ရင် ကျန်းချီကျီက ဘာဆိုဘာမှကိုမဟုတ်ဘူး။ သူက သူ့မိဘတွေနဲ့ မိသားစုကိုပဲ အမှီပြုနေရတဲ့ အလကား လူပေါ်ကြော့ကောင်ပဲဥစ္စာ”

“ဟူး... အဘိုးက ဘာဖြစ်လို့ ဒီလောက်တောင် ခေါင်းမာနေရလဲဆိုတာ ငါ တကယ်ကို နားမလည်နိုင်တော့ဘူး။ ဒီကျန်းချီကျီက ဘာတွေများ ကောင်းနေလို့လဲ”

“ဟုတ်ပါ့။ ကျန်းချီကျီက ပိုင်ကျင်းကို ဖြားယောင်းနိုင်တယ်ပဲ ထားဦး။ ဒါပေမယ့် အဘိုးကျန်းက ပါးနပ်တဲ့သူတစ်ယောက်လေ။ သူပါ ကျန်းချီကျီရဲ့ လှည့်စားတာ ခံလိုက်ရတာလား။ အဘိုးကျန်းကပါ ဘာဖြစ်လို့ ကျန်းချီကျီကို ဒီလောက်တောင် ကာကွယ်ပေးနေရတာလဲ။ နားကို မလည်နိုင်တော့ဘူး။”

“ငါ့အထင်တော့ အဘိုးက အသက်ကြီးလာပြီး ဝေခွဲမရ ဖြစ်နေပြီ ထင်တယ်။ အဘိုးက ပိုင်မိသားစုကို ဘာမှမရှိရာကနေ တည်ဆောက်ခဲ့တာ မှန်ပေမယ့် ဒါက အခုဆိုရင် အရမ်းကြီးမားတဲ့ လုပ်ငန်းစုကြီးတစ်ခု ဖြစ်နေပြီလေ။ မိသားစုထဲက ကျန်တဲ့သူတွေအနေနဲ့ ဂုဏ်ထူးဘွဲ့ထူးတွေ မရရင်တောင်မှ ငါတို့လည်း ကိုယ်တိုင် အပင်ပန်းခံ ကြိုးစားခဲ့တာတွေ ရှိခဲ့တာပဲဟာ။ အဘိုးအနေနဲ့ ဒီလောက်ထိ တစ်ကိုယ်ကောင်းဆန်ပြီး စိတ်ထင်ရာမလုပ်သင့်ဘူး”

“ဟုတ်တယ်... အရင်ကဆိုရင် ငါတို့ ပိုင်မိသားစုက ကိုယ်စားလှယ်တော်ကနေတစ်ဆင့် လူမှုအဆင့်အတန်း တိုးတက်လာနိုင်တာပဲ။ ဒါပေမယ့် အခုတော့ အဘိုးနဲ့ ပိုင်ကျင်းတို့ ခေါင်းမာလို့ ငါတို့ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရပြီ။ နောက်တစ်ကြိမ်ဆိုတာ ရှိလာတော့မှာ မဟုတ်ဘူး။ ဒါ့အပြင် ပိုင်မိသားစုက ဒယ်တာမြို့မှာ လူတိုင်းဝိုင်းဟားစရာ ပြက်လုံးတစ်ခု ဖြစ်သွားရပြီပေါ့ကွာ”

ပိုင်မိသားစုက ကျန်းချီကျီကို သဘောမကျကြသည့်အပြင် သခင်ကြီးပိုင်အပေါ်တွင်လည်း မကျေမနပ် ဖြစ်မှုများဖြင့် ပြည့်နှက်နေကြသည်။ သို့သော်လည်း ကျန်းမိသားစုနှင့် မတူညီသောအချက်က ပိုင်မိသားစုကို သခင်ကြီးပိုင်ကိုယ်တိုင်က ဘာမှမရှိရာမှ တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ခဲ့ခြင်းဖြစ်၏။

ထို့ကြောင့် သခင်ကြီးပိုင်က ပိုင်မိသားစုအတွင်း အမြင့်ဆုံးလုပ်ပိုင်ခွင့်အာဏာ ကိုင်စိုးသူဖြစ်သည်။ ပိုင်မိသားစုဝင်များက ကွယ်ရာတွင်သာ အနည်းငယ် ပွစိပွစိ ပြောနိုင်ကြသော်လည်း သခင်ကြီးပိုင်၏ ဆုံးဖြတ်ချက်ကိုမူ မပြောင်းလဲနိုင်ကြချေ။

လက်ရှိတွင် သခင်ကြီးပိုင်က ကျန်းချီကျီ၏ ဖခင်နှင့်အတူ ရယ်မောနေကြ၏။ သူတို့ ရောက်တက်ရာရာ စကားစမြည် ပြောနေကြပုံရပြီး အလွန်ပျော်ရွှင်နေကြသည်။ သို့သော်ငြားလည်း ဟိုတယ်အတွင်းရှိ အခြားစားပွဲဝိုင်းများ၏ လေထုကမူ မည်သို့ပင် ကြည့်ကြည့် အနည်းငယ် ထူးဆန်းနေ၏။ မင်္ဂလာပွဲပတ်ဝန်းကျင်နှင့် ပနံမသင့်လှပေ။

ဤသည်က အထူးသဖြင့် ပိုင်မိသားစုနှင့် ကျန်းမိသားစုတို့တွင် ပိုထင်ရှားသည်။ သူတို့ တစ်ဖက်ကိုတစ်ဖက် ကြည့်မရဖြစ်နေကြပြီး အားလုံးကလည်း ပုပ်သိုးနေသည့် မျက်နှာထားများ ရှိနေကြ၏။ သို့ဖြစ်၍ မင်္ဂလာပွဲ လေထုတစ်ခုလုံးက တကယ်ပင် အနည်းငယ် အကျပ်ရိုက်စရာ ကောင်းနေသည်။

ကျန်းချီကျီနှင့် ပိုင်ကျင်းတို့ မင်္ဂလာပွဲအခမ်းအနားကို မစတင်ရသေးချေ။ သူတို့နှစ်ဦးစလုံး အပြင်ဘက်တွင် ဧည့်သည်တော်များကို ကြိုဆိုဧည့်ခံနေကြပြီး ဟိုတယ်အတွင်းရှိ အခြေအနေများကို ရံဖန်ရံခါ လှမ်းကြည့်နေကြသည်။ သူတို့နှစ်ဦးစလုံး ဟိုတယ်အတွင်းရှိ လေထုမှာ အနည်းငယ် မူမမှန်ကြောင်း သဘာဝကျစွာ ခံစားမိကြသော်လည်း သူတို့အနေဖြင့် မတတ်နိုင်ပါချေ။

“ချီကျီ... အဲဒီလူ ဒီနေ့ တကယ် လာပါ့မလား” ပိုင်ကျင်းက ကျန်းချီကျီကို တိုးတိုးလေး မေးမြန်းလိုက်သည်။

ကျန်းချီကျီ သဘာဝကျကျပင် ပိုင်ကျင်း မည်သူ့ကို ရည်ညွှန်းနေမှန်း သိသည်။ သူ ခေါင်းခါယမ်းကာ ပြောလိုက်သည်။

“ငါလည်း သေချာမသိဘူး။ သူ အခု အရမ်းအလုပ်များနေတာလည်း ဖြစ်နိုင်တယ်”

ကျန်းချီကျီကိုယ်တိုင်လည်း ယုံကြည်ချက် သိပ်မရှိချေ။ သူက အနန္တလမ်းစဉ်အကယ်ဒမီမှ သာမန်ကျောင်းသားတစ်ဦးသာ ဖြစ်ခဲ့ဖူး၏။ အတိတ်တုန်းက လင်းဖုန်းနှင့် ခင်မင်ရင်းနီးမှု ရှိခဲ့လျှင်ပင် ဤသည်က မင်္ဂလာပွဲတစ်ခုမျှသာဖြစ်သည် မဟုတ်ပါလော။ ဂုဏ်သတင်းကြီးမားလှသော သူတော်စင်လင်းဖုန်းက ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ပေးပါမည်လော။

ဧည့်သည်တော်များ တဖြည်းဖြည်း ပိုမိုများပြားစွာ ဟိုတယ်သို့ ဦးတည်ဝင်ရောက်လာကြသည်။ ရုတ်တရက် ဟိုတယ်၏ ရှေ့မှောက်တွင် ခမ်းနားလှသည့ါ ယာဉ်တန်းတစ်ခု ထွက်ပေါ်လာသည်။ ယာဉ်တန်းအလယ်ရှိ ကားပေါ်မှ ဆင်းလာသော အမျိုးသားတစ်ဦးကို မြင်လိုက်ရသောအခါ ကျန်းချီကျီနှင့် ပိုင်ကျင်းတို့၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားသည်။

“သူ ဘာလို့ ဒီကို ရောက်နေတာလဲ” ကျန်းချီကျီ လက်သီးကို တင်းတင်းဆုပ်လိုက်မိပြီး သူ့မျက်နှာအမူအရာလည်း အနည်းငယ် ပုပ်သိုးသွားရသည်။

ပိုင်ကျင်းအနေဖြင့်မူ အဘယ်အကြောင်းကြောင့် ကိုယ်စားလှယ် ဤနေရာသို့ ရောက်ရှိလာမှန်း လုံးဝ မသိချေ။ ပိုင်မိသားစုက ကိုယ်စားလှယ်ကို ဖိတ်ကြားထားခြင်း မရှိချေ။

“ကျန်းချီကျီ၊ ပိုင်ကျင်း... ဂုဏ်ယူပါတယ်ဗျာ၊ ဂုဏ်ယူပါတယ်”

ကိုယ်စားလှယ်သည် အကျပ်ရိုက်စရာ ခံစားချက်မျိုး လုံးဝမရှိဘဲ လက်ဆောင်ကို ကမ်းပေးကာ သူတို့နှစ်ဦးကို ဂုဏ်ပြုစကား ဆိုလိုက်သည်။

သူတို့ မည်မျှပင် မကျေမနပ် ဖြစ်နေပါစေ ကျန်းချီကျီနှင့် ပိုင်ကျင်းတို့နှစ်ယောက် ပြုံး၍သာ နှုတ်ဆက်ခြင်းကို ပြန်လည် တုံ့ပြန်နိုင်ကြတော့သည်။

ထိုအချိန်တွင် ကျန်းမိသားစု၏ တတိယသခင်လေး ခန်းမအတွင်းမှ လမ်းလျှောက်ထွက်လာ၏။ ကိုယ်စားလှယ်ကို မြင်လိုက်ရသောအခါ သူက ပြုံးလျက် စကားဆိုလိုက်သည်။ “ကိုယ်စားလှယ်တော်ကြီး ရောက်လာတာပဲ... ကျေးဇူးပြုပြီး အတွင်းကို ကြွပါဦးဗျာ”

ကိုယ်စားလှယ် ခေါင်းညိတ်လိုက်ပြီး ခန်းမအတွင်းသို့ လမ်းလျှောက်ဝင်သွားသည်။

“တတိယဝမ်းကွဲ... ဒါ ဘာဖြစ်တာလဲ” ကျန်းချီကျီက အေးစက်စက်မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။

တတိယသခင်လေး၏ နှုတ်ခမ်းထောင့်တွင် အပြုံးတုတစ်ခု ပေါ်လာပြီး အေးအေးလူလူပင် ပြန်ပြောလိုက်သည်။ “ဪ…ဟုတ်သားပဲ။ မင်းကို ပြောဖို့ မေ့သွားတာ။ ကျန်းမိသားစုရဲ့ နာမည်နဲ့ ကိုယ်စားလှယ်ကို ဖိတ်ခဲ့တာ ငါပဲလေ။ ကျန်းမိသားစုကလည်း ဒယ်တာမြို့မှာ ဂုဏ်သရေရှိ မိသားစုတစ်ခုပဲဥစ္စာ။ ကိုယ်စားလှယ်တော်ကို မဖိတ်ဘဲ နေလို့ ဘယ်ဖြစ်ပါ့မလဲ။ အဲလိုဆိုရင် ကျန်းမိသားစုရဲ့ မျက်နှာကို ဘယ်နား သွားထားရမလဲ”

“မင်း...”

ကျန်းချီကျီ၏ မျက်နှာတစ်ခုလုံး ဒေါသကြောင့် နီမြန်းသွားသော်လည်း တတိယသခင်လေးကမူ သူ့ကို ဖက်ပြိုင်ငြင်းခုံရန် အာရုံမစိုက်တော့ဘဲ လှည့်ထွက်ကာ ဟိုတယ်အတွင်းသို့ လမ်းလျှောက်ဝင်သွားတော့သည်။

“တတိယဝမ်းကွဲက ဒါကို တမင်သက်သက် လုပ်တာပဲ”

ကျန်းချီကျီက ငတုံးမဟုတ်ချေ။ သူ၏ တတိယဝမ်းကွဲက ဤကိစ္စကို တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သူ သိသည်။ လက်တွေ့တွင်မူ ဤသည်က သူ့တတိယဝမ်းကွဲ တစ်ဦးတည်း၏ ရည်ရွယ်ချက်သာမကဘဲ ကျန်းမိသားစုအတွင်းရှိ တချို့သူများ၏ ရည်ရွယ်ချက်လည်း ဖြစ်နေ၏။

ဤမင်္ဂလာပွဲက ကျန်းမိသားစု၏ အတွင်းပိုင်း အာဏာလုပွဲအတွက် စနစ်တံတစ်ချောင်းဖြစ်လာရန် ကံပါလာချေပြီ။

“ပိုင်ကျင်း...ကို တကယ်အားနာပါတယ်။ ကောင်းမွန်သင့်မြတ်ရမယ့် မင်္ဂလာပွဲက ငါ့ကြောင့်မို့လို့ ဒီလိုမျိုး ဖြစ်သွားရတယ်” ကျန်းချီကျီ အလွန်တရာ အပြစ်မကင်းသလို ခံစားလိုက်ရသည်။

“ရပါတယ်... ဒါ ငါတို့ရဲ့ မင်္ဂလာပွဲလေ။ အခြားဘယ်သူနဲ့မှ မသက်ဆိုင်ပါဘူး”

ပိုင်ကျင်းက ကျန်းချီကျီအပေါ် အလွန်နားလည်ပေးရှာသည်။ မိသားစုကြီးများဟူသည်ကား ဤသို့ပင် ဖြစ်၏။ အချိန်ရှိသမျှ အတွင်းပိုင်းတွင် အာဏာအတွက် ပြိုင်ဆိုင်နေကြသည် မဟုတ်ပါလော။ ပိုင်မိသားစုတွင်ပင် သခင်ကြီးပိုင်၏ စကားလုံးများက ဩဇာအညောင်းဆုံးဖြစ်သော်လည်း သူလည်း အခြားသူများ၏ မကျေမနပ်ဖြစ်မှုကို လုံးဝနှိပ်ကွပ်ထားနိုင်ခြင်း မရှိချေ။

ကိုယ်စားလှယ် ဟိုတယ်အတွင်းသို့ ဝင်ရောက်လာသည်နှင့်အမျှ ဟိုတယ်တစ်ခုလုံးရှိ လေထုက ရုတ်တရက် အလွန်ထူးဆန်းသွားသည်။

သခင်ကြီးပိုင်နှင့် ကျန်းချီကျီ၏ ဖခင်တို့၏ မျက်နှာအမူအရာများလည်း အနည်းငယ် ပုပ်သိုးသွားပြီး အထူးသဖြင့် ကျန်းချီကျီ၏ ဖခင်တွင် ပိုဆိုးလှသည်။ ကိုယ်စားလှယ်၏ နောက်တွင် ပါလာသောသူက ကျန်းမိသားစု၏ တတိယသခင်လေး ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ဖြစ်ပျက်နေသည်မျကို သူ ချက်ချင်း သဘောပေါက်သွားသည်။

“လူအုကြီးပိုင်... တကယ်ကို အားနာပါတယ်။ ကျန်းမိသားစုရဲ့ အတွင်းပိုင်း ကိစ္စတချို့ကို သေသေချာချာ မစီမံနိုင်ခဲ့တာကြောင့် အခုလိုမျိုး ဖြစ်သွားရတယ်” ကျန်းချီကျီ၏ ဖခင်က သခင်ကြီးပိုင်ကို တောင်းပန်လိုက်သည်။

သခင်ကြီးပိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ “ရပါတယ်... တချို့လူတွေက ကခုန်ချင်နေကြတယ်ဆိုရင်လည်း လွှတ်ထားလိုက်ပါ။ ဒါ့အပြင် ကျန်းမိသားစုနဲ့ ပိုင်မိသားစုက ဒယ်တာမြို့မှာ ထူးခြားတဲ့ အဆင့်အတန်း ရှိတာပဲလေ။ ကိုယ်စားလှယ် လာတာကလည်း ဖြစ်သင့်ပါတယ်”

သို့သော်လည်း မည်သို့ပင်ဆိုစေ ဤတစ်ကြိမ်က ကျန်းမိသားစု၏ အမှားဖြစ်၏။ ထိုအမှားက ဤမင်္ဂလာပွဲအပေါ် အရိပ်မည်းတစ်ခု ဖြတ်သန်းသွားစေသည်။

ကိုယ်စားလှယ် ရောက်ရှိလာခြင်းကြောင့် ဟိုတယ်အတွင်းရှိ လေထုက အနည်းငယ်ထူးဆန်းနေပြီး တချို့လူများက တီးတိုးစကားဆိုနေကြပြီ ဖြစ်သည်။ ကိုယ်စားလှယ်နှင့် ပိုင်ကျင်းတို့ကြားရှိ ကိစ္စရပ်များက တောမီးအလား ပျံ့နှံ့နေခဲ့သည် မဟုတ်ပါလော။ အစပိုင်းတွင် အချို့လူများက မယုံကြည်ခဲ့ကြသော်လည်း ယခုမူ ကိုယ်စားလှယ်ကိုယ်တိုင် ရောက်ရှိလာပြီဖြစ်ရာ သူတို့အနေဖြင့် မယုံကြည်ဘဲ မနေနိုင်တော့ပေ။

ဤကဲ့သို့သော အတင်းအဖျင်းစကားများက ကျန်းမိသားစုနှင့် ပိုင်မိသားစုအတွက် ထိခိုက်နစ်နာစရာ ပုံစံတစ်ခု ဖြစ်နေ၏။

အထူးသဖြင့် ကျန်းချီကျီနှင့် သူ့ဖခင်တို့မှာ ပို၍ပင် အရှက်ရသလို ခံစားနေကြရသည်။ သို့သော်လည်း ကိုယ်စားလှယ် ဤနေရာသို့ ရောက်ရှိနေပြီဖြစ်ရာ သူတို့အနေဖြင့် သူ့ကို မောင်းထုတ်ရန်ကလည်း မဖြစ်နိုင်ချေ။

ထိုအခိုက်အတန့်အတွင်း ကျန်းချီကျီနှင့် သူ့ဖခင်တို့ အမျက်ထွက်နေကြသော်လည်း ထိုဒေါသကို ထုတ်ဖော်ပြသရန် နေရာမရှိ ဖြစ်နေရသည်။

ကျန်းမိသားစု၏ တတိယသခင်လေးကမူ ဘေးနားမှနေ၍ အေးတိအေးစက်ဖြင့်သာ စောင့်ကြည့်နေ၏။ သူ ဟိုတယ်အတွင်းရှိ ထူးဆန်းသည့် လေထုကို ကြည့်ကာ သူလုပ်ရပ်က အမှန်ဆုံးဆုံးဖြတ်ချက်တစ်ခု ဖြစ်ကြောင်း တွေးလိုက်မိသည်။

ကိုယ်စားလှယ်က မည်သည့်စကားမျှ မဆိုလျှင်ပင် သူ ရောက်ရှိလာရုံမျှဖြင့် ဤမင်္ဂလာပွဲအပြီးတွင် ကျန်းချီကျီနှင့် သူ့ဖခင်တို့နှစ်ယောက် ဒယ်တာမြို့တစ်ခုလုံး၏ လှောင်ရယ်စရာ ပြက်လုံးတစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။

ထိုအချိန်ကျလျှင် ကျန်းချီကျီနှင့် သူ့ဖခင်တို့အနေဖြင့် ကျန်းကော်ပိုရေးရှင်းကို တာဝန်ယူရန် မည်သို့နှယ် လုပ်ပိုင်ခွင့်အရည်အချင်း ရှိပါတော့မည်နည်း။

“ကျန်းချီကျီ... အို... ကျန်းချီကျီ၊ မင်းက အမြဲတမ်း ဆန်ကုန်မြေလေး လူပေါကြော့တစ်ယောက် ဖြစ်ခဲ့တာပဲ။ မင်း ပိုင်မိသားစုရဲ့ သမီးကို လက်ထပ်နိုင်ဖို့ မင်းအဖေကိုပဲ အားကိုးခဲ့တာလေ။ မင်းက တကယ်ပဲ ရာထူးနေရာကို ဆက်ပြီး ထိန်းထားနိုင်မယ်လို့ ထင်နေသေးတာလား။ တကယ့်ကို ကလေးဆန်လွန်းတယ်။ မင်း ဒီတစ်ခါ ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့။ မင်္ဂလာပွဲပြီးရင် မင်း ဒယိတာမြို့တစ်ခုလုံးရဲ့ လှောင်ရယ်စရာ ဖြစ်သွားစေရမယ်။ ကျန်းမိသားစုက ကော်ပိုရေးရှင်းကို မင်းလက်ထဲ အပ်ရဲပါဦးမလား ကြည့်ကြသေးတာပေါ့ကွာ ဟားဟားဟား”

ကျန်းမိသားစု၏ တတိယသခင်လေးက ယနေ့တွင် ကျန်းချီကျီနှင့် သူ့ဖခင်တို့ကို အရှက်ခွဲရန်အတွက်သာ ဤမျှအထိ အချိန်အကြာကြီး ကြံစည်စီစဉ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အခြေအနေအရ ကြည့်ရမည်ဆိုပါက အရာအားလုံး အဆင်ချောစွာ လည်ပတ်နေလေပြီ။ ကျန်းချီကျီနှင့် သူ့ဖခင်တို့ ပျော်ရွှင်နိုင်မည့်အချိန် သိပ်မကျန်တော့ချေ။

လက်ရှိအချိန်တွင် သူတို့ မည်သည့် နည်းလမ်းကိုပဲ သုံးသုံး မည်သူပဲ ရောက်လာရောက်လာ အလကားပင် ဖြစ်ပေလိမ့်မည်။ ကျန်းချီကျီနှင့် သူ့အဖေတို့နှစ်ယောက်စလုံး မြို့တစ်ခုလုံး၏ လှောင်စရာ ဖြစ်လာရန် ကံကြမ္မာက သတ်မှတ်ပေးခြင်း ခံထားရပြီပင်။

တတိယသခင်လေးကျန်းကို ထောက်ခံကြသူများကမူ သဘာဝကျစွာပင် အလွန် စိတ်လှုပ်ရှားနေကြသည်။ ယနေ့ပြီးနောက်တွင် ကျန်းမိသားစုအတွင်း အပြောင်းအလဲအကြီးကြီးတစ်ခု ဖြစ်လာတော့မည် မဟုတ်ပါလော။

…

“ဒါ ဟွာထျန်းဟိုတယ်ပဲ”

လေသင်္ဘောအတွင်း၌ လင်းဖုန်းသည် အဝေးတစ်နေရာမှ ဟွာထျန်းဟိုတယ်ကို လှမ်းမြင်နေရလေပြီ။ အောက်ဘက်တွင် ဧည့်သည်တော်များကို ကြိုဆိုနေကြသည့် မောင်နှံစုံတွဲတစ်တွဲ ရှိနေသည်ကိုပင် မြင်နေရပြီဖြစ်၏။

“တကယ်ပဲ ကျန်းချီကျီပါလား... သူ အတော်လေး ပြောင်းလဲသွားပြီပဲ။ အများကြီး ပိုပြီး ရင့်ကျက်လာပုံရတယ်...”

လင်းဖုန်းလည်း ကျန်းချီကျီကို လှမ်းမြင်လိုက်ရသည်။ အတိတ်တုန်းက လူငယ်တစ်ယောက်၏ ဟန်ပန်မျိုးမှသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့လေပြီ။

“ပြောင်းလဲမှုအကြောင်း ပြောမယ်ဆိုရင် ရှင့်ထက် ပိုပြီး ပြောင်းလဲနိုင်တဲ့သူ ဘယ်သူ ရှိဦးမှာလဲ”

ချူချန်းက လင်းဖုန်း၏ လက်ကိုတွဲလျက် ပြုံးကာ စကားဆိုလိုက်သည်။ ပြောင်းလဲမှုအပိုင်းတွင် လင်းဖုန်းထက် ပိုပြောင်းလဲနိုင်သူ မရှိချေ။ သူက သာမန်သိုင်းသမားတစ်ဦးဘဝမှသည် သူတော်စင်တစ်ပါး ဖြစ်လာသည်အထိ တစ်နှစ် နှစ်နှစ်မျှသာ အချိန်ယူခဲ့ရသည် မဟုတ်ပါလော။

ဤသည်က ရိုးရှင်းထင်ရှားစွာဖြင့် ဒဏ္ဍာရီတစ်ခုပင်။

ရွှစ်

လေသင်္ဘောက ဟွာထျန်းဟိုတယ်၏ ကောင်းကင်ယံထက်တွင် တည်တည်ငြိမ်ငြိမ် ရပ်တန့်သွားပြီး ဟိုတယ်ရှေ့ မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။ ချက်ချင်းပင် လူတိုင်း၏ အာရုံစိုက်မှုများက ထိုတောက်ပဆန်းပြားလှသည့် ကိုယ်ပိုင်လေသင်္ဘောဆီသို့ ရောက်ရှိသွားကြတော့သည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters