← Chapters

အခန်း ၃၀၀

Vol. 26 Ch. 300

အခန်း ၃၀၀

Vol. 26 Ch. 300

အခန်း (၃၀၀) - ဧည့်သည်တော်များ၏ အံ့အားသင့်မှု

ဘာသာပြန် - အားသစ်

“ငါတို့ကို လာဂုဏ်ပြုတာ ဘယ်သူများလဲ။ ကျန်းမိသားစု ဒါမှမဟုတ် ပိုင်မိသားစုရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်များလား”

“ကျန်းမိသားစုရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေ အားလုံးက ရောက်နေကြပြီလေ။ အခြားတစ်ဖက်မှာကျတော့ ပိုင်မိသားစုက စစ်တပ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတယ်လို့ ငါကြားဖူးတယ်။ စစ်တပ်ဘက်ကများ ဖြစ်နေမလားမသိဘူးနော်”

“ဒီလို ကိုယ်ပိုင်လေသင်္ဘောမျိုးက နက်ပြာလုပ်ငန်းစုရဲ့ နောက်ဆုံးပေါ်ထုတ်ကုန် ဖြစ်ပုံရတယ်။ သာမန်လူတွေဆို လုံးဝဝယ်နိုင်မှာ မဟုတ်ဘူး။ ရောက်လာတဲ့သူက အဆင့်အတန်းမြင့်တဲ့သူပဲ ဖြစ်ရမယ်”

လေသင်္ဘောက ဟိုတယ်ရှေ့သို့ တဖြည်းဖြည်းချင်း ဆင်းသက်လာသည်နှင့်အမျှ လူတိုင်း၏ အကြည့်များက လေသင်္ဘောဆီသို့ စုပြုံရောက်ရှိသွားကြသည်။ ပိုင်ကျင်းနှင့် ကျန်းချီကျီတို့လည်း စူးစမ်းလိုစိတ် ဖြစ်သွားကြသည်။ ဘယ်သူများလဲ။

ဂျွီ...

လေသင်္ဘောတံခါးပွင့်လာပြီး လူရိပ်နှစ်ခု ပျံသန်းထွက်ပေါ်လာသည်။ ချူချန်းက လင်းဖုန်း၏ လက်ကို တွဲလျက် မြေပြင်ပေါ်သို့ တဖြည်းဖြည်း ဆင်းသက်လာ၏။

“ဟေး…ကျန်းချီကျီ…ဘာလဲ… ငါ့ကို မမှတ်မိတော့ဘူးလား”

လင်းဖုန်းက ကျန်းချီကျီ၏ ဆွံ့အမှင်သက်နေသည့် မျက်နှာထားကို ကြည့်ကာ တစ်ချက်ပြုံးလိုက်သည်။ သူ ကျန်းချီကျီကို အရင်ဆုံး စတင်နှုတ်ဆက်လိုက်၏။

ကျန်းချီကျီအနေဖြင့် လင်းဖုန်းကို မည်သို့နှယ်မသိဘဲ နေပါမည်နည်း။ သူ လင်းဖုန်းနှင့် အလွန်တရာ တရင်းတနှီးရှိခဲ့သူ ဖြစ်၏။ ကျန်းချီကျီ တစ်ယောက်တည်းသာမက ဟိုတယ်အဝင်ဝရှိ အခြားဧည့်သည်တချို့သည်လည်း ပါးစပ်အဟောင်းသားနှင့်အံ့အားသင့်သွားကြသည်။

လူသားမျိုးနွယ်ရဲ့ ဒဿမမြောက်သူတော်စင်ဖြစ်တဲ့ သူတော်စင်လင်းဖုန်းက ဘယ်လိုကြောင့် ဒီနေရာကို ရောက်လာရတာလဲ။

“သူတော်စင်လင်းဖုန်း...”

ကျန်းချီကျီက လင်းဖုန်းကို ကြိုဆိုရန်အတွက် စိတ်လှုပ်ရှားစွာဖြင့် ရှေ့တိုးသွားသော်လည်း လင်းဖုန်းက ခေါင်းခါယမ်ကာ စကားဆိုလိုက်သည်။

“ချီကျီ... အရင်တုန်းကဆို မင်း ငါ့ကို ဒီလို ခေါ်ခဲ့တာ မဟုတ်ပါဘူး”

“အစ်... အစ်ကိုဖုန်း”

ကျန်းချီကျီ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားရသည်။ အတိတ်တုန်းက အနန္တလမ်းစဉ်အကယ်ဒမီတွင် ရှိနေစဉ် သူ လင်းဖုန်းကို အစ်ကိုဖုန်းဟုသာ အမြဲတစေ ခေါ်ဆိုခဲ့သည်။ သို့ပေသော်ငြား အခုလက်ရှိအချိန်တွင်မူ လင်းဖုန်း၏ အဆင့်အတန်းနှင့် ဂုဏ်ပုဒ်က မိုးနှင့်မြေအလား လုံးဝဥဿုံ ကွာခြားသွားလေပြီ။

သူက လူသားမျိုးနွယ်၏ ဒဿမမြောက်သူတော်စင်ပင် ဖြစ်နေလေပြီ။

ကျန်းချီကျီ စကားစလိုက်သည့် အချိန်မှာပင် သူ၏ သာမန်ခေါ်ဝေါ်သုံးနှုန်းမှုလေးက လူတိုင်းကို အသက်ရှူမှားသွားစေ၏။

အစ်ကိုဖုန်းတဲ့လား။ ဒါဆို ကျန်းချီကျီက သူတော်စင်လင်းဖုန်းနဲ့ ဒီလောက်တောင် ရင်းနီးတဲ့ ဆက်ဆံရေးရှိနေတာပေါ့။ စောစောက သူတို့တွေ ကျန်းချီကျီနှင့် သူ့အဖေ အရှက်တကွဲဖြစ်သည်ကို မြင်တွေ့လိုခဲ့ကြသည်။ သူတို့အားလုံး သေချာပေါက် ရူးသွပ်သွားသောကြောင့်သာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် လူများစွာက တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး ဟိုတယ်အပြင်သို့ အလျင်အမြန် ပြေးသွားကြတော့သည်။ ဘယ်လို နောက်ပြောင်မှုမျိုးလဲ။ ဂုဏ်သရေကြီးမားပြီး ကျော်ကြားလှတဲ့ သူတော်စင်တစ်ပါး ရောက်ရှိလာပြီလေ။ သူတို့အနေနဲ့ ဂရုမစိုက်ဘဲ အထဲမှာ ဒီတိုင်း ထိုင်စောင့်နေရမှာလား။

လင်းဖုန်း ချူချန်းကို ခေါ်ဆောင်ကာ ကျန်းချီကျီနှင့် ပိုင်ကျင်းတို့ထံ တစ်လှမ်းချင်း လျှောက်သွားသည်။ ချူချန်းကလည်း ယနေ့တွင် အလွန်လှပသေသပ်စွာ ဝတ်စားဆင်ယင်ထား၏။ သူမ လင်းဖုန်းကို အရှက်မရစေချင်ပေ။ ထို့ကြောင့် သူမ၏ လှပကာ ကျက်သရေရှိလှသည့် ရုပ်ဆင်းရူပကာနှင့် ခမ်းနားလှသော ပွဲတက်ဝတ်စုံတို့ ပေါင်းစပ်လိုက်သည့်အခါ ပိုင်ကျင်းထက်ပင် အမူအရာရော အလှအပတွင်ပါ သာလွန်တင့်တယ်နေ၏။

သို့သော်လည်း ပိုင်ကျင်းက လုံးဝ မကျေမနပ်မဖြစ်ချေ။ အခြေအနေကိုကြည့်လျှင် လင်းဖုန်းနှင့် ချူချန်းတို့နှစ်ယောက် ရင်းရင်းနီးနီးဆက်ဆံရေး ရှိရပေမည်။ သူမက လင်းဖုန်း၏ဇနီး တစ်နညိးအားဖြင့် သူတော်စင်တစ်ပါး၏ ဇနီးပင် ဖြစ်နေနိုင်၏။ ဒီဂုဏ်ပုဒ်တစ်ခုတည်းကပင် သူမကို နှိုင်းယှဉ်လိုစိတ်အားလုံး ပျောက်ကွယ်သွားစေသည်။

“အစ်ကို...အစ်ကိုဖုန်း၊ တကယ် ရောက်လာတာပဲ။ ဘာလို့ ကျွန်တော့်ကို ကြိုမပြောတာလဲ”

ကျန်းချီကျီတစ်ယောက် စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင် ထစ်နေ၏။ လက်ရှိအချိန်တွင် သူ တခြားသူများ၏ မျက်နှာအမူအရာကို ကြည့်နေစရာပင်မလိုဘဲ သူတို့၏ အတွေးကို ခန့်မှန်းနိုင်သည်။

ယခင်က စိတ်အနှောင့်အယှက်ဖြစ်ရမှု၊ နာကြည်းမှုနှင့် အမျက်ဒေါသများအားလုံး လွင့်ပါးပျောက်ကွယ်သွားတော့သည်။ လင်းဖုန်းနှင့် ယှဉ်လိုက်လျှင် ထိုအကြောင်းကိစ္စများသည်ကား စကားထဲထည့်ပြောရန်ပင် မတန်ချေ။

“ချီကျီ... မင်း ဒီလောက်ထိ မြန်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ မင်း တကယ်ကို ပိုင်ကျင်းနဲ့ လက်ထပ်လိုက်တာပဲ။ ပိုင်ကျင်း... နောင်ကျရင် ချီကျီကို သေချာဆုံးမပေးပါဦး။ ချီကျီကို နင်တစ်ယောက်ပဲ နိုင်မယ်လို့ ငါထင်တယ်”

လင်းဖုန်းက နောက်ပြောင်သည့်အနေဖြင့ါ ပြောလိုက်သည်။ ယခင်တုန်းက အနန္တလမ်းစဉ်အကယ်ဒမီတွင် ကျန်းချီကျီတစ်ယောက် လင်းဖုန်းနောက်သို့ လက်ပါးစေတစ်ယောက်အလား နေ့စဉ်နေ့တိုင်း လိုက်နေခဲ့၏။ ထို့ကြောင့် လင်းဖုန်း ကျန်းချီကျီ၏ စရိုက်ကိုလည်း ကောင်းကောင်းသိထားသည်။ သူက အပြင်ထွက်ပြီး မပျော်ရလျှင် တစ်ခုခုလိုနေသည့်အလား ခံစားရတတ်သည့် လူပေါ်ကြော့တစ်ယောက်ပင်။

ကျန်းချီကျီက ပိုင်ကျင်းကို အောင်အောင်မြင်မြင် ပိုးပန်းနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ အခြေအနေကို ထောက်ရှုရလျှင် ပိုင်ကျင်းကလည်း ကျန်းချီကျီကို အနိုင်ယူထားနိုင်ပုံရသည်။ လင်းဖုန်း သူတို့အတွက် တကယ်ပင် ဝမ်းသာမိ၏။

“အစ်ကိုဖုန်း... အထဲကို ကြွပါဗျာ”

ကျန်းချီကျီက သူ့ခေါင်းကို တဗျင်းဗျင်း ကုတ်လိုက်သည်။ လင်းဖုန်း၏ အကြည့်များက ပိုမိုနက်ရှိုင်းလာပြီး သူ့အရှိန်အဝါများ ပြောင်းလဲသွားသည်ကလွဲလျှင် ယခင်တစ်ချိန်က အစ်ကိုဖုန်းအတိုင်းပဲ ဆိုသည်ကို သူ သဘောပေါက်သွားသည်။

“ဒါနဲ့... မင်းအတွက် ငါ လက်ဆောင် မပေးရသေးဘူး”

လင်းဖုန်းက ချူချန်းကို မျက်ရိပ်ပြလိုက်သည်။ ချူချန်းက လှပသေသပ်သည့် ဘူးငယ်လေးတစ်ခုကို ထုတ်ယူလိုက်သည်။ သူမ ပိုင်ကျင်းကို ပြုံးကာ စကားဆိုလိုက်သည်။

“ပျော်ရွှင်စရာ မင်္ဂလာပွဲလေး ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။ ဒါက လင်းဖုန်းနဲ့ ကျွန်မတို့ဆီက လက်ဆောင်လေးပါ”

ပိုင်ကျင်းက ဘူးလေးကို အမြန်လှမ်းယူလိုက်သည်။ ထို့နောက် သူမ ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည့်အခါ အထဲတွင် ကျောက်မျက်ရတနာတစ်ခု ရှိနေ၏။ သို့သော်လည်း ကြည့်ရသည်မှာ သာမန်ကျောက်မျက်များနှင့် အနည်းငယ် ကွာခြားနေပုံရသည်။ သူမလက်ထဲ၌ နွေးထွေးသည့် ခံစားချက်လေးတစ်ခု ရရှိနေ၏။

လင်းဖုန်းက ပြုံးလျက် ပြောလိုက်သည်။ “ဒီကျောက်မျက်ကို အချိန်ကြာကြာ ဝတ်ဆင်ထားမယ်ဆိုရင် ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ဖြည်းဖြည်းချင်း တိုးတက်လာစေနိုင်ပြီး ရောဂါဘယ တော်တော်များများကနေလည်း ကာကွယ်ပေးနိုင်တယ်”

ကျန်းချီကျီနဲ့ ပိုင်ကျင်းတို့နှစ်ယောက်စလုံး အလွန် သဘောကျသွားကြသည်။ သူတို့ ဤကျောက်မျက်၏ တန်ဖိုးကို အတိအကျမသိသော်လည်း အလွန်အဖိုးတန်လိမ့်မည်ဆိုသည်ကိုမူ သူတို့ ကောင်းကောင်းနားလည်ပေသည်။

ထိုကျောက်မျက်က တကယ်ပင် တန်ဖိုးကြီး၏။ လင်းဖုန်း သိုင်းနယ်မြေကွန်ရက်၏ အွန်လိုင်းအရောင်းဆိုင်မှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ယင်းကို နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး သတ်ဖြတ်ထားသည့် နတ်ဆိုးစစ်သူကြီးတစ်ကောင်၏ ခန္ဓာကိုယ်ထဲမှ ရှာဖွေတွေ့ရှိထားခြင်းပင်။

ထိုပစ္စည်းတန်ကြေးက အကျိုးပြုတန်ဖိုး ၅၀ အထိ ရှိ၏။

ဤကျောက်မျက်က အနည်းငယ် အံ့ဖွယ်ကောင်းပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုကို တဖြည်းဖြည်း တိုးတက်စေနိုင်သောလည်း အကျိုးသက်ရောက်မှုကမူ အလွန်နှေးကွေးလွန်းသည်။ ထို့အပြင် ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုသာ တိုးတက်စေနိုင်ခြင်းဖြစ်၏။ အသွင်ပြောင်းလဲခြင်းနယ်ပယ်အထက် သိုင်းသမားအများစုက ဤမျှထိ ကြီးမားလှသည့် စျေးနှုန်းက်ုပေးကာ ဝယ်ယူဖို့ ဆန္ဒမရှိကြချေ။

လင်းဖုန်းကမူ ဤကျောက်မျက်လေးက အလွန်လှပပြီး သာမန်လူများနှင့် သင့်တော်သည်ဟု ခံစားရ၏။ ထို့ကြောင့် ကျန်းချီကျီနှင့် ပိုင်ကျင်းတို့အတွက် မင်္ဂလာလက်ဆောင်အဖြစ် ဝယ်ယူခြင်းဖြစ်သည်။

“အဲ့ဒါ မင်းတို့အတွက်လေ... ယူထားလိုက်ပါ”

အကျိုးပြုတန်ဖိုး ဆယ်ဂဏန်းလောက်က လင်းဖုန်းအတွက် ဘာမှမဟုတ်ပေ။

ထို့နောက် ကျန်းချီကျီက ကိုယ်တိုင်လမ်းပြကာ လင်းဖုန်းနှင့် ချူချန်းတို့ကို ဟိုတယ်အတွင်း ခေါ်ဆောင်သွားလေသည်။

...

ထိုအချိန်၌ ကျန်းမိသားစု၏ တတိယသခင်လေးက သူ့မျက်နှာထက်တွင် ကျေနပ်နေသည့် အမူအရာနှင့် ဝိုင်နီကို မြည်းစမ်းနေ၏။ သူက ကိုယ်စားလှယ်တော်နှင့် ခပ်တိုးတိုး စကားဖောင်ဖွဲ့ရင်း ရယ်မောနေသည်။ ဘေးပတ်ဝန်းကျင်တွင်လည်း ချီးကျူးမြှောက်ပင့်သံများ အဆက်မပြတ် ထွက်ပေါ်နေ၏။ ကျန်းချီကျီနှင့် သူ့အဖေတို့၏ အနာဂါတ်က ပြီးဆုံးသွားပြီဆိုသည်ကို လူတိုင်း သိကြသည်။ အနာဂတ်တွင် ကျန်းမိသားစုကို တာဝန်ယူရမည့်သူက တတိယသခင်လေးနှင့် သူ့အဖေတို့သာ သေချာပေါက် ဖြစ်လာလိမ့်မည်။

ထိုအချိန်တွင် အပြင်ဘက်မှ ရုတ်ရုတ်သဲသဲအသံများ ထွက်ပေါ်လာပြီး ခပ်သဲ့သဲ့ အာမေဍိတ်သံများလည်း ရောယှက်ပါဝင်နေ၏။

“ဘာဖြစ်တာလဲ”

ကျန်းမိသားစု၏ တတိယသခင်လေး မျက်စိမျက်နှာပျက်သွားသည်။

“တတိယသခင်လေး...ကြည့်ရတာ ဂုဏ်သရေရှိ ဧည့်သည်တော် တစ်ယောက် ရောက်လာပုံရတယ်”

“ဂုဏ်သရေရှိ ဧည့်သည်တော်လား။ ပိုင်မိသားစုဘက်ကလား၊ ကျန်းမိသားစုဘက်ကလား”

“သေချာတော့ မသိဘူး... ဒါပေမယ့် ကျန်းချီကျီရဲ့ အဖေက သွားကြိုဖို့ ပြင်နေပြီ။ ကျန်းမိသားစုရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ပဲ ဖြစ်ရမယ်”

“ကျန်းမိသားစုရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေ အကုန်လုံး ရောက်နေကြပြီလေ။ ငါမသိတဲ့ ကျန်းမိသားစုရဲ့ ဂုဏ်သရေရှိဧည့်သည်တော်ရယ်လို့ ဘယ်လိုလုပ်ရှိနိုင်မှာလဲ။ ကျန်းမိသားစုရဲ့ စီးပွားရေးလောကထဲက ဂုဏ်သရေရှိဧည့်သည်တော်များ ဖြစ်နေမလား”

ကျန်းမိသားစု၏ တတိယသခင်လေးက ခေါင်းအခြောက်ခံကာ စဉ်းစားကြည့်သော်လည်း ကျန်းချီကျီ၏အဖေကိုယ်တိုင် ထရပ်ကာ ကြိုဆိုရလောက်သည့် ကျန်းမိသားစု၏ ဂုဏ်သရေရှိဧည့်သည်တော်တစ်ယောက်ယောက်ကို သူ စဉ်းစားမရချေ။

“ဟမ့်... သူတို့က လျှို့ဝှက်ဆန်းကြယ်သယောင် ဟန်ဆောင်နေတာပဲ။ ကျန်းမိသားစုရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေ အကုန်လုံး ရောက်နေကြပြီလေ။ ကျန်းချီကျီနဲ့ သူ့အဖေတို့က တခြားအရေးပါတဲ့ ဂုဏ်သရေရှိဧည့်သည်တော်ကို ဖိတ်နိုင်လိမ့်မယ်လို့ ငါ မယုံဘူး”

ကျန်းမိသားစု၏ တတိယသခင်လေးက လှောင်ပြုံး ပြုံးလိုက်သည်။ ကျန်းချီကျီနှင့် သူ့အဖေတို့တွင် တခြားဂုဏ်သရေရှိဧည့်သည်တော် လုံးဝရှိနိုင်မည်မဟုတ်ဟု သူ အပြည့ယုံအဝ ကြည်နေ၏။

အကယ်၍ တခြားဂုဏ်သရေရှိဧည့်သည်တော်တစ်ယောက် ရှိနေတော့ရော။ ကျန်းချီကျီနှင့် သူ့အဖေတို့ကို အခြေအနေကို ပြောင်းပြန်လှန်နိုင်အောင် လုပ်ပေးနိုင်မည်လော။ ယင်းက လုံးဝ မဖြစ်နိုင်ချေ။ သူ့တွင် ကိုယ်စားလှယ်တော်ရှိနေသရွေ့ ကျန်းချီကျီနှင့် သူ့အဖေတို့ မည်သို့ပင် ရုန်းကန်ပါစေ သဲထဲ‌ရေသွန်သာ ဖြစ်ရပေလိမ့်မည်။

ရုတ်တရက် တံခါး ပွင့်သွားသည်။ ကျန်းချီကျီ ကိုယ်တိုင် လမ်းပြဝင်လာ၏။ သူ့နောက်တွင်မူ လူငယ်တစ်ဦးနှင့် မိန်းမငယ်လေးတစ်ဦး ပါလာသည်။ သူတို့နှစ်ယောက်စလုံးက တရားဝင်ပွဲတက်ဝတ်စုံများကို ဝတ်ဆင်ထားပြီး ထူးခြားလှသည့် အရှိန်အဝါများ ရှိနေကြသည်။

ဟိုတယ်အတွင်း မီးရောင်က အနည်းငယ် မှိန်နေပြီး ပတ်ဝန်းကျင်ကလည်း ဆူညံနေခြင်းကြောင့် ကျန်းမိသားစုရဲ့ တတိယသခင်လေးက ထိုဂုဏ်သရေရှိ ဧည့်သည်တော်၏ ရုပ်သွင်ကို သေသေချာချာ မမြင်ရသော်လည်း အနည်းငယ် ရင်းနှီးနေသယောင် ခံစားလိုက်ရသည်။

“ဘယ်သူများလဲ”

ကျန်းမိသားစု၏ တတိယသခင်လေး မျက်မှောင်ကြုတ်သွားတယ်။

ဝှစ်

ရုတ်တရက် ကျန်းမိသားစု၏ တတိယသခင်လေးဘေးရှိ တိတ်ဆိတ်ပြီး ခံစားချက်မဲ့ဟန်ရှိနေသည့် ကိုယ်စားလှယ်တော်၏ မျက်နှာထက်တွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။ သူ ချက်ချင်းဆိုသလို မတ်တတ်ရပ်ကာ ထိုဂုဏ်သရေရှိဧည့်သည်တော်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွား၏။

“ကျွန်တော် ဒယ်တာမြို့ရဲ့ ကိုယ်စားလှယ်၊ အနန္တလမ်းစဉ်အကယ်ဒမီက မော့လီက သူတော်စင်လင်းဖုန်းကို ဂါရဝပြုပါတယ်”

ကိုယ်စားလှယ်မော့လီက လင်းဖုန်းကို ရိုသေလေးစားစွာ ဂါရဝပြုလိုက်၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေလေသည်။

“သူတော်စင်လင်းဖုန်းလား”

ကိုယ်စားလှယ် မော့လီ၏ စကားသံကို ကြားလိုက်ရသောအခါ ကျန်းမိသားစု တတိယသခင်လေး၏ မျက်နှာအမူအရာက ရုတ်တရက် တောင့်တင်းသွားသည်။ သူ့လက်ထဲမှ ဝိုင်နီခွက်ပင် ချက်ချင်း မြေပြင်ပေါ်သို့ လွတ်ကျကာ ကွဲကြေသွားလေသည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters