အခန်း ၃၀၁
Vol. 26 Ch. 301
အခန်း (၃၀၁) - သူတော်စင်တစ်ပါး၏ ဩဇာလွှမ်းမိုးမှု
ဘာသာပြန် - အားသစ်
ဟူး...
လူတိုင်း အံ့အားသင့်ကာ ပင့်သက်ရှိုက်မိသွားကြသည်။ ဟိုတယ်တစ်ခုလုံးရှိ လေထုပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
သူတော်စင်တစ်ပါးလား။ သူတော်စင်တစ်ပါးက ဘယ်လိုကြောင့် ရောက်လာရတာလဲ။
သို့သော်လည်း ကျန်းချီကျီကိုယ်တိုင် လမ်းပြခေါ်ဆောင်လာသည့် ခပ်ငယ်ငယ် ဂုဏ်သရေရှိဧည့်သည်တော်ကို မြင်လိုက်ရသောအခါ သူတို့အားလုံး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။
လူသားမျိုးနွယ်၏ ဒဿမမြောက် သူတော်စင်ဖြစ်သည့် သူတော်စင်လင်းဖုန်းပင်။
လွန်ခဲ့သော အချိန်အတန်ကြာကတည်းက လင်းဖုန်း၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်သည့်သတင်းများ အကြီးအကျယ် ပျံ့နှံ့နေခဲ့သည်။ လူတိုင်းနီးပါး လင်းဖုန်းအကြောင်းကို သိထားကြသည်။ ထို့ကြောင့် လင်းဖုန်း ရောက်လာသည်ကို မြင်သောအခါ သူတော်စင်တစ်ပါး တကယ်ရောက်လာကြောင်း သေချာသွားကြ၏။
သူတော်စင်လင်းဖုန်းနှင့် ကျန်းချီကျီတို့က ထိုမျှလောက်အထိ ရင်းနှီးကြသည်လား။
ကျန်းချီကျီက သူတော်စင်လင်းဖုန်းကို အစ်ကိုဖုန်းဟု ခေါ်သည်ကို မြင်လိုက်ရသောအခါ လူတိုင်း ဆွံ့အသွားကြသည်။ တချို့သတိထားမိသူများကမူ ကျန်းချီကျီနှင့် ကျန်းမိသားစုတို့ ထိပ်တန်းသို့ တက်လှမ်းတော့မည်ဖြစ်ကြောင်း သိရှိလိုက်ကြသည်။
လင်းဖုန်းအနေဖြင့် မည်သည့်စကားမျှ ဆိုရန်မလိုတော့ပေ။ ကျန်းချီကျီ၏ မင်္ဂလာပွဲသို့ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်လာခြင်းကပင် လုံလောက်နေပြီ ဖြစ်သည်။
ကျန်းမိသားစုနှင့် ပိုင်မိသားစုတို့မှ မလိုလားသူအားလုံး တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်အားငယ်စွာဖြင့် ကြည့်လိုက်မိကြသည်။ ကျန်းချီကျီနှင့် ပိုင်ကျင်းတို့၏ လက်ထပ်မည့်ကိစ္စကို ကန့်ကွက်ခဲ့ကြသူများအားလုံး ဆွံ့အသွားကြ၏။
သို့သော် မကြာမီမှာပင် သူတို့ စိတ်လှုပ်ရှားလာကြသည်။
ဤသည်ကား လူသားမျိုးနွယ်၏ အထွတ်အထိပ်တွင် ရပ်တည်နေသော ကြီးမြတ်လှသည့် သူတော်စင်တစ်ပါးဖြစ်သူ သူတော်စင်လင်းဖုန်းပင်။ ထို့အပြင် သူတော်စင်လင်းဖုန်းက သူတို့ကျန်းမိသားစုနှင့်လည်း ပတ်သက်ဆက်နွှယ်နေသေးသည်။ အနည်းငယ်မျှ ပတ်သက်မှုကပင် လျစ်လျူရှုထားနိုင်သည့် အရာမဟုတ်ပေ။
သူတော်စင်တစ်ပါး၏ ဩဇာလွှမ်းမိုးမှုက မည်မျှအထိ ကြီးမားလိုက်သနည်း။
“ကျန်းချီကျီက သူတော်စင်လင်းဖုန်းနဲ့ ဒီလောက်တောင် ရင်းနှီးမယ်လို့ ဘယ်သူ ထင်ထားမှာလဲ။ သူတော်စင်လင်းဖုန်းက ကျန်းချီကျီကို ဂုဏ်ပြုဖို့အတွက် သက်သက် ရောက်လာတာလေ။ ဒါ...ဒါက ငါတို့ ကျန်းမိသားစုအတွက် ကောင်းကင်ကပေးတဲ့ ကောင်းချီးတစ်ခုပဲ”
“သူတော်စင်လင်းဖုန်းက အနန္တလမ်းစဉ်အကယ်ဒမီက လာတာလို့ ငါ ကြားဖူးတာ ကြာပြီ။ ကျန်းချီကျီ အနန္တလမ်းစဉ်အကယ်ဒမီကို ဝင်တဲ့အချိန်နဲ့ တစ်ချိန်တည်းလောက် ဖြစ်မနေဘူးလား။ အဲဒီမှာ သူတို့ တွေ့မိပြီးတော့ သူငယ်ချင်းဖြစ်သွားတာနေမယ်။ အင်း…တကယ်ဖြစ်နိုင်တယ်”
“ဟူး... ချီကျီက တကယ်ကို မလွယ်ဘူးပဲ။ သူတော်စင်လင်းဖုန်းနဲ့ ဒီလောက်တောင် ရင်းနှီးတာကို ဘာဖြစ်လို့ ဘာမှမပြောရတာလဲ။ ဒီလို ဆက်ဆံရေး ရှိတယ်ဆိုတာကို ငါတို့သာ စောစောသိခဲ့ရင် ကိုယ်စားလှယ်ကို စော်ကားမိတော့ရော ဘာဖြစ်သေးလဲ။ ကျန်းမိသားစုအတွက် ကြောက်စရာ ဘာမှမလိုတော့ဘူး”
“ဟဲဟဲ... အရင်တုန်းက မင်း ဒီလို မပြောခဲ့ပါဘူး။ ကျန်းချီကျီက သူတော်စင်လင်းဖုန်းနဲ့ ပတ်သက်တယ်လို့ ကိုယ်တိုင်ကိုယ်ကျ ပြောခဲ့ရင်တောင် မင်းတို့ ကျန်းချီကျီ ရူးနေတယ်လို့ပဲ ထင်ကြမှာမဟုတ်လား”
“အဲဒါက...”
ကျန်းမိသားစု အနည်းငယ် ရှက်ရွံ့သွားကြသော်လည်း ဤသည်က သူတို့၏ စိတ်လှုပ်ရှားမှုကို မထိခိုက်စေပေ။
ယခင်က ကျန်းချီကျီအပေါ် မည်မျှပင် စိတ်ပျက်ခဲ့ကြပါစေ ကျန်းချီကျီမှာ ကျန်းမိသားစုဝင်တစ်ဦး ဖြစ်နေဆဲပင်။ ထို့အပြင် နောင်တွင်လည်း သူက ကျန်းမိသားစုတစ်ခုလုံးကို တာဝန်ယူရဖွယ်ရှိ၏။ သူတော်စင်လင်းဖုန်းနှင့် ဤကဲ့သို့ ဆက်ဆံရေးပါ ရှိနေသေးရာ ကျန်းမိသားစုအနေဖြင့် ဒယ်တာမြို့တွင် အလျင်အမြန် တိုးတက်လာပြီး ထိပ်တန်း လူကုံထံမိသားစုများထဲမှတစ်ခု ချက်ချင်း ဖြစ်လာမည် မဟုတ်ပါလော။
ဤသည်မှာ ကျန်းမိသားစုဝင်တိုင်း အကျိုးခံစားရနိုင်သည်ဖြစ်ရာ သူတို့က အဘယ်အတွက်ကြောင့် မထောက်ခံဘဲ နေကြမည်နည်း။
“ကျန်းမိသားစုရဲ့ တတိယသခင်လေးက ကျန်းချီကျီအပေါ် အရမ်းရန်လိုနေတယ်လို့ ငါထင်တယ်။ သူ့ကို ဒယ်တာမြို့ကနေ အမြန်ဆုံး ပြောင်းရွှေ့ပစ်သင့်တယ်”
“ဟုတ်တယ်။ မိသားစုဝင်အချင်းချင်း ရန်သူတွေ ဖြစ်သွားတာမျိုး ခွင့်မပြုသင့်ဘူးလို့ ငါလည်း ထင်တယ်။ ငါတို့ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားရမယ်”
“ငါတို့ အပေးအယူတစ်ခု လုပ်ရမယ်။ ကျန်းမိသားစုရဲ့ တတိယသခင်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းကို ဆိုးယုတ်တယ်။ သူ့တစ်ယောက်တည်းအတွက်နဲ့ ငါတို့ ကျန်းမိသားစုရဲ့ စည်းလုံးညီညွတ်မှုကို အဖျက်ဆီးခံလို့ မဖြစ်ဘူး”
ကျန်းမိသားစု၏ တတိယသခင်လေးကို ထောက်ခံခဲ့ကြသူများက တစ်ယောက်ပြီးတစ်ယောက် သူ့ကို ကျောခိုင်းသွားကြ၏။ ဤသည်ကို မြင်လိုက်ရသောအခါ တတိယသခင်လေး၏ မျက်နှာက ပြာနှမ်းသွားသော်လည်း ဒေါသထွက်သည့် အရိပ်အယောင် တစ်ချက်မှမရှိချေ။ ယနေ့တွင် သူတော်စင်လင်းဖုန်း ရောက်လာသည်နှင့် တစ်ပြိုင်နက် သူ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သူ သိလိုက်သည်။ ပြန်လည်ခုခံနိုင်စွမ်း စိုးစိမျှပင်မရှိဘဲ သူ လုံးဝ ရှုံးနိမ့်သွားလေပြီ။
သူ ဖိတ်ကြားထားသည့် ကိုယ်စားလှယ်တော်ပင်လျှင် သူတော်စင်လင်းဖုန်းကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုနေပြီး အလွန်တရာ နှိမ့်ချသော အမူအရာမျိုး ဖြစ်နေသည်။
ဤသည်က ကျန်းမိသားစုအတွက်သာမက ပိုင်မိသားစုအတွက်လည်း အတူတူပင်။ အရင်တုန်းက သူတို့အားလုံး သခင်ကြီးပိုင်မှာ ခေါင်းမာလွန်းပြီး ပိုင်ကျင်းကလည်း အလွန်မိုက်မဲသည်ဟု ထင်ခဲ့ကြ၏။ သို့သော် ယခုအခါ ကျန်းချီကျီက သူတော်စင်လင်းဖုန်းအား ဟိုတယ်အတွင်းသို့ တက်တက်ကြွကြွ လမ်းပြခေါ်ဆောင်လာသည်ကို မြင်လိုက်ရသောအခါ သူတို့၏ သဘောထားများ တစ်ဆစ်ချိုး ပြောင်းလဲသွားတော့သည်။
“သခင်ကြီးက တကယ်ကို အကဲဖြတ်ကောင်းတဲ့သူပဲ။ အသက်ကြီးလေ ပိုပညာရှိလေပဲ”
“ဒါပေါ့... ဒီလိုမှမဟုတ်ရင် သခင်ကြီးက ဒီလောက်ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို ဘာမှမရှိရာကနေ ဘယ်လိုလုပ် တည်ဆောက်နိုင်မှာလဲ”
“ပိုင်ကျင်းကလည်း တကယ် အမြင်စူးရှတာပဲ။ ကျန်းချီကျီက အရည်အချင်း ရှိတဲ့သူတစ်ယောက် ဆိုတာတောင် ကောင်းကောင်းမြင်နိုင်တယ်။ လူပေါ်ကြော့တစ်ယောက် ပြန်အသိဝင်လာတာက တကယ်ကို တန်ဖိုးဖြတ်လို့ မရဘူးလေ။ ဒါ့အပြင် ကျန်းချီကျီက သူတော်စင်လင်းဖုန်းနဲ့ ဒီလိုဆက်ဆံရေးမျိုးတောင် ရှိနေသေးတယ်။ ကျန်းချီကျီ သက်ရှိထင်ရှား ရှိနေသရွေ့ ကျန်းမိသားစုက ဒယ်တာမြို့မှာ ထိပ်တန်းမိသားစုတွေထဲကတစ်ခု မလွဲမသွေ ဖြစ်လာမှာပဲ”
“အနာဂတ်မှာ ငါတို့ ပိုင်မိသားစုက စစ်တပ်နဲ့ အလုပ်မလုပ်တော့ရင်တောင်မှ ချမ်းချမ်းသာသာနဲ့ နေနိုင်ပြီကွ။ ငါတို့တွေ တကယ်ကို မိုက်မဲခဲ့တာပဲ။ ငါတို့က ပိုင်ကျင်းကို ကျန်းချီကျီနဲ့ လမ်းခွဲဖို့တောင် တိုက်တွန်းခဲ့သေးတယ်။ တကယ်ကိုပဲ… ကံကောင်းလို့ ပိုင်ကျင်းက ဇွဲမလျှော့ခဲ့လိုပေါ့”
“ဟဲဟဲ... ကျန်းချီကျီနဲ့ ယှဉ်ရင် ကိုယ်စားလှယ်တော်ဆိုတာတောင် ဘာမှမဟုတ်တော့ဘူး”
ပိုင်မိသားစုဝင်များ၏ စကားသံများ သခင်ကြီးပိုင် ကြားသောအခါ သူ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းရုံသာ တတ်နိုင်တော့သည်။ ပိုင်မိသားစု၏ ပိုင်ဆိုင်မှုများကို ဤလူများက လွှဲပြောင်းရယူနိုင်လိမ့်မည်ဟု သူ မည်သို့ မျှော်လင့်နိုင်မည်နည်း။ ပိုင်မိသားစု၏ ပိုင်ဆိုင်မှုများအားလုံးကို ထိုသူများကို လွှဲအပ်ခြင်းထက် လှူဒါန်းလိုက်ရန်သာ ပိုဆန္ဒရှိမိပေသည်။
သို့သော်လည်း သခင်ကြီးပိုင်က အလွန်လည်း ကျေနပ်နေသည်။ ကျန်းချီကျီနှင့် ပိုင်ကျင်းတို့ကို သူ သဘောတူခဲ့ရသည့် အကြောင်းရင်းမှာ ကျန်းချီကျီ၏ ရိုးသားမှုက သူ့စိတ်ကို လှုပ်ရှားစေခဲ့၍သာ ဖြစ်၏။ လူအကဲခတ်ရာတွင် သူက ဆရာတစ်ဆူပင်။ ကျန်းချီကျီက အမှန်တကယ်ပင် အကျင့်ဆိုးများကို ပြောင်းလဲကာ လမ်းကြောင်းမှန်ပေါ်သို့ ရောက်နေပြီဖြစ်ကြောင်း သူ သတိထားမိသည်။
အခြားသူများ၏ ကန့်ကွက်မှုများကိုမူ သူ လုံးဝ ဂရုမစိုက်ချေ။ သူ၏ စီးပွားရေးအင်ပါယာကို ဘာမှမရှိရာမှနေ၍ တည်ဆောက်ခဲ့သည့် ရည်မှန်းချက်ကြီးမားပြီး အမြော်အမြင်ရှိသူတစ်ဦးအနေဖြင့် သခင်ကြီးပိုင်၌ ရဲရင့်ပြတ်သားမှုတွင်လည်း လိုအပ်ချက်ဟူ၍ လုံးဝ မရှိသလောက်ပင်။
သို့သော်လည်း ယခင်က သခင်ကြီးပိုင်သည်လည်း ဖိအားများစွာအောက်တွင် ရှိနေခဲ့သည်မှာ အမှန်ပင်။ ယခုအခါ ကျန်းချီကျီက ပြန်လည်တုံ့ပြန်နိုင်ခဲ့ပြီး တစ်ချိန်က မဆင်မခြင် ပုတ်ခတ်ပြောဆိုခဲ့သူများကို နှုတ်ပိတ်နိုင်ခဲ့လေပြီ။ သို့ဖြစ်ရာ သခင်ကြီးပိုင်လည်း အလွန် ကျေနပ်နေမိ၏။
လင်းဖုန်းက သခင်ကြီးပိုင်တို့ စားပွဲဆီသို့ ရောက်ရှိလာသည်။ မူလက ထိုနေရာတွင် အခြားသူများ ရှိနေသော်လည်း သူတို့အားလုံး သူတို့သဘောဖြင့်သူတို့ ထွက်ခွာသွားကြပြီး သခင်ကြီးပိုင်နှင့် ကျန်းချီကျီ၏ အဖေတို့သာ ကျန်ရစ်တော့သည်။
“အဘိုးပိုင်... ကျွန်တော့်ကို မှတ်မိသေးရဲ့လား” လင်းဖုန်းက ပြုံးလျက် မေးလိုက်သည်။
“မှတ်မိတာပေါ့... သူတော်စင်လင်းဖုန်း။ အဲဒီချိန်တုန်းက အရှင်က ပိုင်မိသားစုကို ကာကွယ်ဖို့အတွက် အကယ်ဒမီရဲ့ တာဝန်ကို လက်ခံခဲ့တာပေါ့။ အဆုံးမှာ လုံဝေ့ပင်းကို သတ်ပြီး ပိုင်မိသားစုကို ကယ်တင်ခဲ့တာလည်း အရှင်သူတော်စင်ပဲလေ”
“အဘိုးက မှတ်ဉာဏ်ကောင်းတာပဲ”
လင်းဖုန်းက ပိုင်မိသားစုနှင့် ဤကဲ့သို့ ဆက်ဆံရေး ရှိကြောင်းကို ကျန်းချီကျီ၏ဖခင် မသိခဲ့ပေ။ သို့သော်လည်း သခင်ကြီးပိုင်နှင့် ယှဉ်လိုက်ပါက လင်းဖုန်း ရှေ့မှောက်တွင် သူက အများကြီး ပိုစိတ်လှုပ်ရှားနေ၏။
မည်သို့ပင်ဆိုစေ သူ့ရှေ့မှ လင်းဖုန်းသည်ကား သူတော်စင်တစ်ပါး ဖြစ်နေပြီပင်။ ဂုဏ်သတင်းကြီးမားလှသည့် သူတော်စင်တစ်ပါး၏ ဩဇာကို မည်သူ့ထက်မဆို သူ ပိုသိထားသည်။ လင်းဖုန်းနှင့် အထူးရင်းနှီးကျွမ်းဝင်သူများ သို့တည်းမဟုတ် သခင်ကြီးပိုင်ကဲ့သို့ ရည်မှန်းချက်မြင့်ပြီး အင်အားကြီးသူများမှလွဲ၍ လင်းဖုန်းနှင့် ဤမျှ အေးအေးဆေးဆေး စကားပြော ရယ်မောနိုင်သူ မည်သူ ရှိမည်နည်း။
“သူတော်စင်လင်းဖုန်း... အရှင်က ချီကျီနဲ့ ပိုင်ကျင်းတို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ဖို့အတွက်နဲ့ ဒီအထိ အဝေးကြီး လာပေးခဲ့တာပေါ့။ ချီကျီနဲ့ ပိုင်ကျင်းကို တကယ်ပဲ မျက်နှာပွင့်စေတာပါပဲ”
သခင်ကြီးပိုင်၏ အသံက အနည်းငယ် စိတ်လှုပ်ရှားနေဟန်ရှိသည်။ ထိုစဉ်တုန်းက လင်းဖုန်းက အတော်လေး အထင်ကြီးစရာကောင်းသည်ဟု သူ ထင်ခဲ့သော်လည်း သူ အများဆုံး တွေးခဲ့မိသည်မှာ လင်းဖုန်း မျိုးရိုးဗီဇ ကန့်သတ်ချက်ကို ချိုးဖျက်နိုင်လိမ့်မည်ဟူ၍သာ။ လင်းဖုန်းက တစ်နှစ် နှစ်နှစ်အတွင်း ယခုအဆင့်အထိ ရောက်လာနိုင်မည်ဟု မည်သူက ထင်ထားမည်နည်း။
“မဟုတ်တာဗျာ။ ကျွန်တော် ချီကျီကို ကျေးဇူးကြွေးတစ်ခု ရှိသေးတယ်လေ။ သူ့မင်္ဂလာပွဲလို အရေးကြီးတဲ့ ကိစ္စမျိုးကို ကျွန်တော် သဘာဝကျကျပဲ လာရမှာပေါ့”
လင်းဖုန်းက ပတ်ဝန်းကျင်ကို စောင်းငဲ့ကြည့်လိုက်သည်။ လက်တွေ့တွင်မူ စောစောက ဟိုတယ်အတွင်းရှိ လေထုမှာ အနည်းငယ် မူမမှန်ဖြစ်နေကြောင်းကို သူ ခံစားမိသည်။ သို့သော်လည်း ထိုအရာများက သူ့အတွက် အဓိပ္ပာယ်မရှိသဖြင့် သူ ကျန်းချီကျီကို မေးမနေတော့ချေ။
သူ ဤနေရာသို့ ရောက်လာပြီး ကျန်းချီကျီနှင့် ရင်းနှီးမှုကို ပြသလိုက်သည့် အချိန်မှာပင် ကျန်းချီကျီ ရင်ဆိုင်ရသော မည်သည့်ပြဿနာမဆို ပြေလည်သွားဖွယ်ရှိ၏။
ဤသည်က သူတော်စင်တစ်ပါး၏ ဩဇာလွှမ်းမိုးမှုပင်။
ထိုစဉ်အချိန်တုန်းက ကျန်းချီကျီကို ကျေးဇူးကြွေးတစ်ခု တင်ရှိခဲ့သောကြောင့် လင်းဖုန်းအနေဖြင့် ကျန်းချီကျီအား အကူအညီပေးရမည်ကို ငြင်းဆန်နေမည် မဟုတ်ပေ။ ထို့အပြင် ဤကဲ့သို့ ကူညီပေးခြင်းကလည်း လင်းဖုန်းအတွက် အလွန်လွယ်ကူလှ၏။
ထာဝရသိုင်းတာအိုအရှင်