အခန်း ၃၀၂
Vol. 26 Ch. 302
အခန်း (၃၀၂) - အခွင့်အရေး
ဘာသာပြန် - အားသစ်
မင်္ဂလာပွဲသည်ကား အလွန်ပင် စည်ကားသိုက်မြိုက်ခဲ့၏။ လင်းဖုန်းရှိနေခြင်းကြောင့် ဧည့်သည်တော်များနှင့် အိမ်ရှင်များအားလုံး အလွန်ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြသည်။ ဤမင်္ဂလာပွဲသည် မကြုံစဖူး ထူးကဲသော အောင်မြင်မှုတစ်ခု ဖြစ်ခဲ့သည်ဟုပင် ဆိုနိုင်ပေ၏။
ထိုကာလအတွင်း ဒယ်တာမြို့၏ အထက်တန်းလွှာတချို့နှင့် အနန္တလမ်းစဉ်အကယ်ဒမီမှ အထက်တန်းလွှာများသည်ပင် ကျန်းမိသားစုနှင့် ပိုင်မိသားစုထံမှ ဖိတ်စာများ မရရှိခဲ့ကြသော်လည်း ရောက်လာကြသေးသည်။
သူတို့အားလုံး ရက်ရောလှကာ အဖိုးတန်လက်ဆောင်များကို ပေးအပ်ခဲ့ကြသည်။ အဓိကအကျဆုံး အကြောင်းရင်းမှာ သူတို့ လင်းဖုန်းကို လာရောက်တွေ့ဆုံဂါရဝပြုရန်ဖြစ်၏။ မည်သို့ပင်ဆိုစေ သူတော်စင်တစ်ပါး ရောက်ရှိလာခြင်းက ကြီးကျယ်လှသည့် ကိစ္စရပ်တစ်ခု ဖြစ်ရာ သူတို့ မလာရောက်ပါက ယဉ်ကျေးမှုမရှိရာ ရောက်ပေလိမ့်မည်။
မင်္ဂလာပွဲအပြီးတွင် လင်းဖုန်း ကျန်းမိသားစု၌ ဆက်လက်တည်းခိုပြီး ကျန်းချီကျီနှင့် ရှေးဟောင်းနှောင်းဖြစ်များကို ပြောဆိုဆွေးနွေးဖြစ်ခဲ့သည်။
“ချီကျီ... မင်း အနန္တလမ်းစဉ်အကယ်ဒမီကနေ ထွက်လိုက်ပြီလို့ ငါ ကြားတယ်”
လင်းဖုန်းနှင့် ချူချန်းတို့နှစ်ယောက် ကျန်းချီကျီ၏ ဥယျာဉ်သို့ လာရောက်ကာ ကျန်းချီကျီ၊ ပိုင်ကျင်းတို့နှင့် မိတ်ဟောင်းဆွေဟောင်းများအလား စကားဖောင်ဖွဲ့နေကြသည်။ ယခင်က ကျန်းချီကျီမှာ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သော်လည်း ယခုအခါတွင်မူ သူ လုံးဝ အေးအေးလူလူဖြစ်နေလေပြီ။
“အစ်ကိုဖုန်း... ကျွန်တော့်မှာ သိုင်းပညာပါရမီ သိပ်မရှိဘူးဆိုတာ အစ်ကိုလည်း သိတာပဲ။ ကျွန်တော် အနန္တလမ်းစဉ်အကယ်ဒမီမှာ ဆက်နေနေရင်လည်း ဘွဲ့လက်မှတ်တစ်ခုရဖို့လောက်ပဲ ဖြစ်မှာ။ အဲဒါက ဘာအဓိပ္ပာယ် ရှိမှာလဲ။ ကျောင်းကနေ စောစောထွက်ပြီး အိမ်ပြန် အဖေ့ကို ကော်ပိုရေးရှင်း စီမံခန့်ခွဲရာမှာ ကူညီပေးတာက ပိုကောင်းပါတယ်”
လင်းဖုန်းက ပိုင်ကျင်းကို တစ်ချက်ကြည့်ကာ စနောက်လိုက်သည်။
“ပိုင်ကျင်းကြောင့် မဟုတ်ဘူးလား။ မင်းအကြောင်း ငါ ကောင်းကောင်းသိတာပေါ့။ မင်း ဒီလောက် တာဝန်သိတတ်တာ ရှားပါတယ်”
“ဟဲဟဲ... အစ်ကိုဖုန်းက ကျွန်တော့်ကို အသိဆုံးပဲ။ အတိတ်တုန်းက ကျွန်တော် စည်းမဲ့ကမ်းမဲ့ နေချင်သလိုနေ လုပ်ချင်သလိုလုပ်ခဲ့တာ။ အဖေတောင် ကျွန်တော့်ကို မထိန်းချုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် ကျင်းကျင်းနဲ့ အတူတူနေဖို့ ဆုံးဖြတ်ပြီးကတည်းက ကျင်းကျင်းရဲ့ အနာဂတ်အတွက် သဘာဝကျကျပဲ စီစဉ်ရတော့တာပေါ့။ ကျွန်တော်က မိသားစုနဲ့ အဖေ့ကြောင့်သာကော်ပိုရေးရှင်းတစ်ခုလုံးကို အုပ်ချုပ်နေရတဲ့ ဆန်ကုန်မြေလေး အသုံးမကျတဲ့သူတစ်ယောက်ပါ။ ဒါကြောင့်မို့ ကျွန်တော် ဒါပဲ လုပ်နိုင်တာပေါ့”
ကျန်းချီကျီနှင့် ပိုင်ကျင်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။ သူတို့နှစ်ဦးစလုံး စိတ်ကျေနပ်မှု ရှိကြသော်လည်း အနည်းငယ် အားမလိုအားမရလည်း ဖြစ်နေကြ၏။ မိသားစုလုပ်ငန်းကို တာဝန်မယူလျှင် ကျန်းချီကျီအနေဖြင့် အခြားဘာလုပ်နိုင်ဦးမည်နည်း။
“ချီကျီ... မင်း ဒီကနေ ထွက်သွားဖို့ တစ်ခါမှ မတွေးဖူးဘူးလား။ မိသားစုလုပ်ငန်းကို လွှဲပြောင်းယူရတာ လွယ်ပေမယ့် တစ်ချိန်တည်းမှာပဲ ကန့်သတ်ချက်တွေ အများကြီး ရှိနေတယ်။ အနည်းဆုံးတော့ ဒီနေ့မှာပဲ မင်းတို့မိသားစုက သိပ်ပြီးတော့ သဟဇာတ မဖြစ်ဘူးဆိုတာ ငါ တွေ့လိုက်တယ်”
လင်းဖုန်း ယနေ့မင်္ဂလာပွဲကို ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ခဲ့သည်ဖြစ်ရာ မည်သည့်အရာက သူ့ဆီမှ ဖုံးကွယ်နိုင်မည်နည်း။
“အစ်ကိုဖုန်းဆီက ဘာမှ ဖုံးကွယ်လို့ မရပါဘူး။ ကျွန်တော်က သိုင်းပညာပါရမီလည်း မရှိ ဘာမှလည်းမသိတဲ့ လူပေါ်ကြော့ သားဆိုးတစ်ယောက်ပါ။ မိသားစုလုပ်ငန်းကို တာဝန်ယူတာကလွဲရင် တခြား ဘာလုပ်နိုင်ဦးမှာလဲ” ကျန်းချီကျီကလည်း အားမလိုအားမရဖြစ်စွာဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်လှောင်ရယ်လိုက်သည်။
“မဟုတ်ဘူး ချီကျီ၊ ငါ့မှာ အခွင့်အရေးတစ်ခု ရှိတယ်။ အတိတ်တုန်းက မင်းက ထင်ရာစိုင်းတတ်ပြီး သိုင်းပညာ ပါရမီမရှိခဲ့ဘူးလို့ ထင်ရပေမယ့် အခုတော့ အခြေအနေတွေက မတူတော့ဘူး။ အဲဒီချိန်တုန်းကလည်း ငါ မင်းအပေါ်မှာ ကျေးဇူးကြွေးတင်ခဲ့ဖူးတယ်။ ဒီနေ့ ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ ကာကွယ်သူအဖွဲ့ချုပ်ကို ဝင်ပြီး ငါ့ကို အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်သိန်းပေါင်းများစွာကို စီမံခန့်ခွဲတဲ့ နေရာမှာ ကူညီပေးပါ။ မင်းနဲ့ ပိုင်ကျင်း နှစ်ယောက်စလုံး အတူတူ လာလို့ရတယ်။ အနာဂတ်မှာ မင်းတို့ အောင်မြင်မှုတွေ ရလာရင် ကျန်းမိသားစုရဲ့ လုပ်ငန်းထက် အများကြီး ပိုပြီးတော့ အလားအလာကောင်းမှာတော့ အသေအချာပဲ”
မူလကမူ လင်းဖုန်း ကျန်းချီကျီကို ကာကွယ်သူအဖွဲ့ချုပ်၏ တရားဝင်မဟုတ်သေးသည့် အပြင်အဖွဲ့ဝင်များကို စီမံခန့်ခွဲခိုင်းရန် ရည်ရွယ်ထားခြင်းမရှိပေ။ မည်သို့ပင်ဆိုစေ သူတို့က အပြင်အဖွဲ့ဝင်များ ဖြစ်ကြသော်လည်း အလွန်ထူးချွန်သော သိုင်းသမားများနှင့် အခြားအထက်တန်းလွှာများ အပါအဝင် လူဦးရေများစွာ ရှိနေ၏။ ကျန်းချီကျီသာ ယခင်တုန်းကကဲ့သို့ ဆန်ကုန်မြေလေး လူပေါ်ကြော့တစ်ယောက်သာ ဖြစ်နေပါက လင်းဖုန်းအနေဖြင့် ထိုကိစ္စကို လုံးဝထည့်သွင်းစဉ်းစားမည် မဟုတ်ပေ။
သို့သော် ကျန်းချီကျီနှင့် လူချင်းတွေ့ဆုံပြီးနောက်တွင် သူ ပြောင်းလဲသွားပြီဖြစ်ကြောင်း လင်းဖုန်း သတိထားမိလိုက်သည်။ သူက ယခင်ကကဲ့သို့ အရှုပ်ထုပ်တစ်ယောက် မဟုတ်တော့ဘဲ ပိုမိုရင့်ကျက်ကာ တာဝန်သိတတ်လာလေပြီ။
လင်းဖုန်း သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ အချစ်က လူတစ်ယောက်ကို တကယ်ပင် ပြောင်းလဲစေနိုင်၏။ ဤမျှအထိ လုံးဝဥဿုံ ပြောင်းလဲသွားစေနိုင်သည်ပင်။
ထို့ကြောင့် လင်းဖုန်း ကျန်းချီကျီကို အခွင့်အရေးတစ်ခု ပေးရန် ဆုံးဖြတ်လိုက်၏။ ယင်းကို အတိတ်က ကျေးဇူးအတွက် ပြန်လည်ပေးဆပ်ခြင်းဟုလည်း သတ်မှတ်နိုင်ပေသည်။ ကျန်းမိသားစု၏ လုပ်ငန်းနှင့် နှိုင်းယှဉ်ပါက မိသားစုလုပ်ငန်း အဆပေါင်းတစ်ရာမျှ ပိုကြီးမားနေပါစေ ကာကွယ်သူအဖွဲ့ချုပ်၏ အပြင်အဖွဲ့ဝင်များကို စီမံခန့်ခွဲရခြင်းထက် များစွာ နိမ့်ကျနေမည်မှာ အသေအချာပင်။
အကယ်၍ ကာကွယ်သူအဖွဲ့ချုပ်သာ အနာဂတ်တွင် ဆက်လက်ဖွံ့ဖြိုးတိုးတက်သွားမည်ဆိုပါက အဓိကအဖွဲ့အစည်းကြီးငါးခုထက်ပင် သာလွန်သွားနိုင်ပေသည်။ ထိုအဖွဲ့အစည်းကြီးငါးခု၏ အပြင်အဖွဲ့ဝင်များကို စီမံခန့်ခွဲရသူအားလုံး အစိုးရအဖွဲ့အကြီးအကဲတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သော အဆင့်အတန်းမျိုး ရှိကြ၏။ သူတို့၏ မြင့်မြတ်လှသော ရာထူးအဆင့်အတန်းက စစ်တပ်မှ ကြယ်ငါးပွင့်အဆင့် ဗိုလ်ချုပ်ကြီးများနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။
ဤသည်က အခွင့်အရေးတစ်ခု ဖြစ်သလို စိန်ခေါ်မှုတစ်ခုလည်း ဖြစ်ပေသည်။
“ကျွန်တော်... ကျွန်တော် တကယ် လုပ်နိုင်ပါ့မလား” ကျန်းချီကျီကလည်း စိတ်လှုပ်ရှားကာ မျက်လုံးများ ပြူးကျယ်သွားသည်။
လတ်တလော အကြီးအကျယ် ဂုဏ်သတင်းကျော်ဇောနေသော ကာကွယ်သူအဖွဲ့ချုပ်အကြောင်းကို သူ မည်သို့ မသိဘဲ နေမည်နည်း။ ဤသည်က လင်းဖုန်းကိုယ်တိုင် တည်ထောင်ထားသည့် အဖွဲ့အစည်းတစ်ခုပင်။ အချို့လူများက ထိုအဖွဲ့ကို ဆဋ္ဌမမြောက် အင်အားကြီးအဖွဲ့အစည်းကြီးအဖြစ် ရည်ညွှန်းပြောဆိုနေကြ၏။
အထွတ်အထိပ်သို့ ရောက်ရှိနေသည့် အင်အားကြီး အဖွဲ့အစည်းကြီးငါးခုနှင့် နှိုင်းချင့်ကြည့်လျှင် အကယ်၍ ကာကွယ်သူအဖွဲ့ချုပ်သာ အနာဂတ်တွင် ပိုမိုအင်အားကြီးမားလာပြီး ဆဋ္ဌမမြောက်အဖွဲ့အစည်းကြီး အမှန်တကယ် ဖြစ်လာပါက အဖွဲ့ချုပ်ရှိ အပြင်အဖွဲ့ဝင်များကို စီမံခန့်ခွဲရခြင်းက မည်မျှအထိ ဂုဏ်သိက္ခာကြီးမားလိုက်မည်နည်း။
ကျန်းချီကျီက လင်းဖုန်းအနေဖြင့် သူ့ကို ဤကဲ့သို့သော အခွင့်အရေးမျိုးပေးရန် ဆန္ဒရှိလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ချေ။
“မင်း သေချာပေါက် လုပ်နိုင်ပါတယ်။ အခု မလုပ်နိုင်သေးရင်တောင် အနာဂတ်မှာ လုပ်နိုင်မှာပါ။ ဒါ့အပြင် မင်းမှာ သိုင်းပညာပါရမီ နည်းပေမယ့်လည်း ပြင်လို့ ရပါသေးတယ်။ ကံကောင်းရင် မင်း မျိုးရိုးဗီဇကန့်သတ်ချက်ကိုတောင် ချိုးဖျက်နိုင်လိမ့်မယ်။ သေချာစဉ်းစားကြည့်ပြီးမှ ငါ့ကို ပြန်ဖြေပါ”
“စဉ်းစားနေဖို့ မလိုတော့ပါဘူး။ ကျွန်မတို့ သွားဖို့ အပြည့်အဝ ဆန္ဒရှိပါတယ်” ပိုင်ကျင်းက စိတ်မရှည်နိုင်တော့ဘဲ ဝင်ပြောလိုက်သည်။
“ဟုတ်ပါတယ်... ကျွန်တော်တို့ သွားဖို့ ဆန္ဒရှိပါတယ်”
ပိုင်ကျင်းက သူ့ကို ဆိတ်လိုက်သဖြင့် ကျန်းချီကျီ မျက်နှာရွှံ့တွသွားသည်။ သို့သော်လည်း ဤသည်က တစ်သက်တွင် တစ်ခါသာကြုံရမည့် အခွင့်အရေးဖြစ်ကြောင်း သူ သိသဖြင့် အလျင်အမြန် ခေါင်းညိတ်သဘောတူလိုက်သည်။
ဤသည်က တစ်သက်တွင် တစ်ခါသာရနိုင်မည့် အခွင့်အရေးဖြစ်ကြောင်း ပိုင်ကျင်း သေချာပေါက် သိသည်။ မိသားစုလုပ်ငန်းဆိုသည်က ဘာမှမဟုတ်ပေ။ ထို့အပြင် မိသားစုလုပ်ငန်းကို လွှဲပြောင်းယူလျှင်ပင် မိသားစု၏ ဘောင်အတွင်း၌သာ လုပ်ဆောင်နိုင်လိမ့်မည်။ မည်မျှပင် ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးတိုးတက်ပါစေ မိသားစုပိုင်အဖြစ်သာ ရှိနေမည်ဖြစ်သည်။
သို့သော် အကယ်၍ သူတို့သာ ကာကွယ်သူအဖွဲ့ချုပ်သို့ ဝင်ရောက်နိုင်ခဲ့ပါက အနာဂတ်တွင် သူတို့ကိုယ်ပိုင် ထူးထူးခြားခြား အောင်မြင်မှုများကို ဖန်တီးနိုင်ကြပေလိမ့်မည်။
ထိုနှစ်ခုက လုံးဝ နှိုင်းယှဉ်၍မရနိုင်ပေ။ ထို့အပြင် ကျန်းမိသားစုနှင့် ပိုင်မိသားစုနှစ်ခုစလုံးက သူတို့ ကာကွယ်သူအဖွဲ့ချုပ်သို့ ဝင်ရောက်မည့်အရေးကို သေချာပေါက် ထောက်ခံကြလိမ့်မည်ဟု သူမ ယုံကြည်သည်။
“ကောင်းပြီ... ဒါဆို ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ။ မင်းတို့ အိမ်မှာ အရင်ဆုံး အစီအစဉ်တွေ လုပ်ထားလိုက်ပါ။ ငါကတော့ မနက်ဖြန် ပြန်တော့မယ်။ အချိန်တန်ရင် မင်းတို့ လေသင်္ဘောနဲ့ ကာကွယ်သူအဖွဲ့ ဌာနချုပ်ကို တိုက်ရိုက် လာခဲ့လိုက်ပါ။ မင်းတို့ကို ကြိုဆိုဖို့ ငါ လူတစ်ယောက် စီစဉ်ထားပေးမယ်”
“အစ်ကိုက ဒီလောက်အစောကြီး ထွက်သွားတော့မလို့လား” ကျန်းချီကျီ အနည်းငယ် မှင်သက်သွားသည်။
“အေး…ဟုတ်တယ်။ ငါ အိမ်ကိုလည်း တစ်ခေါက် အလည်ပြန်သွားရဦးမယ်။ ချူချန်းနဲ့ ငါလည်း အခြေချဖို့ စဉ်းစားရတော့မယ်လေ” လင်းဖုန်းက သူ့ဘေးနားရှိ ချူချန်းကို လှမ်းကြည့်လိုက်၏။ သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
“အစ်ကိုဖုန်း... မရီး... ဂုဏ်ပြုပါတယ်ဗျာ”
ကျန်းချီကျီက ငတုံးဟုတ်ပေ။ သူက ဘာဖြစ်နေသည်ကို သဘာဝကျကျ သိသွားသဖြင့် ပြုံးကာ လင်းဖုန်းကို ဂုဏ်ပြုလိုက်သည်။
နောက်တစ်နေ့တွင် လင်းဖုန်း ကျန်းချီကျီကို နှုတ်ဆက်ကာ လေသင်္ဘောဖြင့် ဗဟိုပင်လယ်မြို့တော်သို့ ထွက်ခွာသွားတော့သည်။
…………
ဗဟိုပင်လယ်မြို့ရှိ လင်းမိသားစုတွင် သူတော်စင်တစ်ပါး ပေါ်ထွက်လာခဲ့၏။ သို့သော်လည်း လင်းမိသားစုကမူ သူတို့ မူလနေထိုင်ရာ ဗီလာအတွင်း၌သာ ဆက်လက် နေထိုင်ခဲ့ကြသည်။ လင်းမိသားစုကြောင့် ထိုဗီလာအိမ်ရာဝင်း၏ လုံခြုံရေးအစီအမံများကို အကြီးအကျယ် မြှင့်တင်ထားခဲ့ကြ၏။
ဗဟိုပင်လယ်မြို့၏ ဥပဒေစိုးမိုးရေးအဖွဲ့က လင်းမိသားစုအား လျှို့ဝှက်ကာကွယ်စောင့်ရှောက်ရန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတချို့ကို သီးသန့် စီစဉ်ပေးထားသေးသည်။
မည်သို့ပင်ဆိုစေ လင်းမိသားစုထံတွင် မည်သည့်မတော်တဆမှုမှ ဖြစ်စေ၍ မရပေ။ မဟုတ်ပါက ထင်ရှားကျော်ကြားလှသည့် သူတော်စင်တစ်ပါး၏ မိသားစုထံတွင် အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပွားခဲ့လျှင် ဗဟိုပင်လယ်မြို့တော်၏ ဥပဒေစိုးမိုးရေးအဖွဲ့တစ်ခုလုံး တာဝန်ခံရပေလိမ့်မည်။
သို့သော်လည်း လင်းမိသားစု ကိုယ်တိုင်ပင် ဤအကြောင်းကို မသိကြပေ။
ဝှစ်
ရုတ်တရက် ဝေးလံသည့် မိုးကုတ်စက်ဝိုင်းဆီမှ လေသင်္ဘောတစ်စင်း ပျံသန်းလာပြီး ဗီလာအိမ်ရာ၏ အနက်ရှိုင်းဆုံးနေရာဆီသို့ တန်းတန်းမတ်မတိ ဦးတည်လာသည်။
“လေသင်္ဘောတစ်စင်းက ဗီလာနယ်မြေထဲကို ကျူးကျော်လာတာလား”
လင်းမိသားစုကို လျှို့ဝှက်ကာကွယ်နေကြသည့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများအားလုံး ချက်ချင်းဆိုသလို စိတ်လှုပ်ရှားကာ တင်းမာသွားသည်။
“စိတ်မပူပါနဲ့။ ငါ မမှားဘူးဆိုရင် ဒါ သူတော်စင်လင်းဖုန်း ပြန်ရောက်လာတာပဲ ဖြစ်ရမယ်”
ဥပဒေစိုးမိုးရေးအဖွဲ့ဝင်တစ်ဦးက ယခင်တစ်ခေါက်က လင်းဖုန်း၏ လေသင်္ဘောကို မြင်ဖူးသဖြင့် တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားသည်။
“သူတော်စင်လင်းဖုန်း ပြန်ရောက်လာပြီလား။ ဒါဆိုရင် အရှင်ကိုယ်စားလှယ်တော်ဆီကို အမြန်ဆုံး အကြောင်းကြားကြစို့”
အသွင်ပြောင်းနယ်ပယ် သိုင်းသမားတချို့ တဖြည်းဖြည်း ကိုယ်ယောင်ပြန်ဖျောက်ကာ ထွက်ခွာသွားတော့သည်။