ရေဂူရယ်
Vol. 6 Ch. 272
စားလို့သောက်လို့အပြီး ဝလည်းဝသွားရော နတ်ဘုရားမက ပေကျံနေတဲ့ ဆယ်ဗီကိုဒီအတိုင်းထားခဲ့ပြီး ထွက်သွားရော။ ဆယ်ဗီကတော့ အချဥ်ရည်တွေကိုလာတွေနဲ့စိုရွဲနေတဲ့ သူ့ယူနီဖောင်းတွေကိုသူကြည့်ရင်း ဝေခွဲမရဖြစ်နေပါရော။
“အယ်... အငမ်းမရစားရင်း အကုန်လုံးပေကျံကုန်ပြီ။” ဝယ်ထားတဲ့ ယူနီဖောင်းလေးက လပိုင်းပဲရှိသေးတဲ့အကြောင်းတွေးမိတော့ ဆယ်ဗီမဲ့ရွဲ့သွားတော့တာပဲ။ သူသာ ကိုလာမသောက်ဘဲနဲ့ လိမ္မောရည်မှာမိရင် အစွန်းတွေချွတ်လို့ရမှာကိုမဟုတ်တော့ဘူး။
“စားလို့ဝပြီဆိုရင် အိမ်ပြန်ကြရအောင်၊ အဲဒီနားမှာ ဒီအတိုင်းထိုင်မနေနဲ့။”
မော်လီကတော့ ဆယ်ဗီကို မျက်လုံးမှေးကြည့်လိုက်ပြီး ပြောတယ်။ သူတို့ရှိနေတဲ့ လမ်းကြားလေးက နေ့ခင်းပိုင်းလူသိပ်မရှိဘူးလို့ ပြောနိုင်ပေမဲ့လို့ သခင်လေးနက်ဆန်ရဲ့အလေးထားရတဲ့ မိန်းကလေးတစ်ယောက်က အခုလိုအရှက်ကင်းမဲ့တဲ့ပုံစံမျိုးနဲ့ လမ်းလယ်ခေါင်မှာထိုင်နေတာ လက်ခံနိုင်စရာမဟုတ်ဘူးလေ။
‘အောင်မလေး၊ ဗင်းဆင့်အိမ်တော်ရဲ့ဂုဏ်သိက္ခါတွေကုန်ပါပြီ။’ ဖြစ်နိုင်ရင် မော်လီက အဲဒီလိုကို ငိုပစ်လိုက်ချင်တော့တာ။ အယ်မာကတော့ အလိုက်တသိပဲ ကုတ်အင်္ကျီတစ်ထည်ကို ဆယ်ဗီရဲ့ကိုယ်ပေါ်ခြုံပေးလိုက်တယ်။ ခါးပေါ်ကို လက်တင်ထားရင်းနဲ့အစ်မကြီးတစ်ယောက်လိုမျိုး ဆုံးမလိုက်သေးတာ။
“နောက်ဆိုရင် ဗိုက်ဆာတယ်ဆိုတိုင်း လမ်းမပေါ်မှာ ထိုင်မစားနဲ့နော်။ အိမ်ရောက်တဲ့အထိစောင့်ဦး၊ ဟုတ်ပြီလား။”
“အင်း...” ဆယ်ဗီကတော့ အင်နာနာဝင်ပူးတုန်းကကိစ္စတွေကို သိပ်မှတ်မိပုံမပေါ်ဘဲ စိတ်လိုလက်ရလုပ်မိတယ်လို့သာ ထင်နေလေရဲ့။
မကြာခင်မှာပဲ သူတို့သုံးယောက်သား အိမ်ပြန်လာခဲ့ကြပါတယ်။ အိမ်တံခါးဝကို ရောက်တယ်ဆိုရင်ပဲ ဆယ်ဗီက မော်လီ့လက်ကို ဆွဲပြီးတော့မေးလိုက်ပြန်ရော။
“မော်လီ... နေ့လယ်စာထပ်စားလို့ရမလား။”
“.....” မော်လီ မျက်မှောင်ကြုတ်လိုက်တယ်။ အယ်မာကတော့ နာရီကိုငုံကြည့်ရင်း သက်ပြင်းချလိုက်တော့တာပေါ့။ သူတို့တွေ ထွက်မလာခင်တုန်းက မနက်စာစားခဲ့ကြသေးတယ်။ ဒါပေမဲ့ ကိုးနာရီခွဲလောက်ကတည်းက ဆိုင်မှာတန်းစီနေခဲ့တာ ဖြစ်ပြီးတော့ အခုဆိုရင် မွန်းလွဲပိုင်းတစ်နာရီဖြစ်နေပြီ။
ကြားထဲ ဟိုကောင်မရှင်နာအရူးကြီးက အင်နာနာအတွက်ပဲ စားဖို့ဝယ်ပေးခဲ့တာဖြစ်ပြီးတော့ အယ်မာအတွက်မပါပါဘူး။ ဒါကြောင့် သူလည်းဗိုက်ဆာနေပြီဖြစ်ပြီးတော့ မော်လီကို မျှော်လင့်ချက်တွေနဲ့အတူကြည့်လိုက်တော့တာပေါ့။
“အာရာ့... မော်လီရေ၊ တွေးကြည့်ခါမှ နေ့လယ်စာစားဖို့တောင် နောက်ကျနေပြီမဟုတ်လား။ နင်ဒီအမျိုးသမီးကို အငတ်တော့ မထားလောက်ပါဘူးနော်။”
မော်လီကတော့ လမ်းဘေးဓာတ်တိုင်တစ်တိုင်ပေါ်မှာနားနေတဲ့ ကျီးအန်းအုပ်ကြီးကို ခံစားချက်မဲ့စွာစိုက်ကြည့်လိုက်ပြီးတော့ လေးပင်စွာနဲ့ပြောလိုက်လေရဲ့။
“သခင်လေးရယ်၊ ဘယ်လိုအတွေးနဲ့များ ကျွန်မကို ဒီအရူးတစ်သိုက်နဲ့ ထားခဲ့တာပါလိမ့်။”
တခြားငြင်းစရာမရှိတဲ့အတွက်ကြောင့် ခေါင်းညိတ်ပြပြီး အိမ်တံခါးကိုဖွင့် အထဲကိုဝင်ခဲ့တာပေါ့။ သူတို့အုပ်စု အိမ်ထဲကို ခြေချလိုက်တယ်ဆိုရင်ပဲ ထင်မထားတဲ့မြင်ကွင်းကိုမြင်လိုက် ရပြန်ပါလေရောလား။
“ပါစီဗယ်၊ ဒါက ဘယ်လိုဖြစ်နေတာတုန်း။” ဆယ်ဗီက ပထမဆုံး အော်ဟစ်ပြောလိုက်တာ။
ဧည့်ခန်းမကြီးရဲ့အလယ်မှာရှိတဲ့ နှစ်ယောက်ထိုင်ဆိုဖာပေါ်မှာတော့ အပေါ်ပိုင်းဗလာကျင်းနဲ့ တပ်မှူးလေးပါစီဗယ်က မှောက်လျက်လှဲ နေပါတယ်။ ပါစီဗယ်ရဲ့ကိုယ်ရေးလက်ထောက်အရာရှိမလေးက လက်ထဲမှာ တိုက်ဂါးဘန်းပရုတ်ဆီဘူးကိုကိုင်ထားပြီးတော့ ပါစီဗယ့်ကျောကိုလိမ်းပေးနေတာ။ ပက်တီးတွေကြားကနေ မြင်ရတဲ့မျက်နှာတစ်ပိုင်းတစလေးက ရှက်သွေးတွေဖြာပြီး နီမြန်းနေသေးတာ။ သူက ဆယ်ဗီဝင်လာတာကိုတောင်ဂရုမစိုက်ဘဲ ပါစီဗယ်ကို ဆက်တောင်နှိပ်နယ်ပေးဖို့ ကြိုးစားနေသေးတာ။
“နှာဘူး....” သူတို့နဲ့အတူလိုက်လာပြီး ကြက်ကြော်မစားရလို့ စိတ်ညစ်နေတဲ့ အိုလီရာနာကလည်း ဒေါသတွေကို ပါစီဗယ်အပေါ် ပုံချလိုက်တယ်။
“ဆယ်ဗီ... ကိုယ်ရှင်းပြပါရစေ။” ပါစီဗယ်ကတော့ သူ့အရာရှိ စစ်ဝတ်စုံကိုလှမ်းယူလိုက်ရင်း ချက်ချင်းထကာ ပြင်ဝတ်တယ်။ အဲဒီနောက်ဆယ်ဗီနားကို ခွေးလေးတစ်ကောင်လိုမျိုး လေးဖက် ထောက်ရောက်လာပြီး ရှေ့မှာထိုင်လိုက်တယ်။
ဆယ်ဗီကတော့ ပါစီဗယ်ကို ရွံစရာတီကောင်တစ်ကောင်လို ကြည့်နေရင်းနဲ့ ပါးစပ်ကိုလက်နဲ့အုပ်ပြီး မှတ်ချက်ပေးလိုက်ပါရောလား။
“ထားပါတော့လေ၊ ရှင်နဲ့ကျွန်မနဲ့က ဘာမှမပတ်သက်တာပဲ။ ရှင့်ဘဝရှင် စိတ်တိုင်းကျနေခွင့်ရှိပါလေတယ်။”
“.....” ပါစီဗယ်ရဲ့မျက်နှာကြီး ချက်ချင်းပြာနှမ်းသွားတယ်။ ‘ဘာမှ မပတ်သက်ဘူး'ဆိုတဲ့စကားစုလေးကြောင့် သူတွေတွေကြီး ထိုင်နေမိတော့တာ။ ဆယ်ဗီကတော့ ပါစီဗယ်ကိုအရေးတောင် မလုပ်တော့ဘူး။ အဝတ်လဲဖို့အတွက် အပေါ်ထပ်တက်သွားပြီ။ မော်လီကတော့ ပါစီဗယ်ကိုနောက်ထပ်အထင်သေးတဲ့အကြည့်နဲ့ မျက်စောင်းထိုးလိုက်ရင်း...
“ယောက်ျားတွေအကုန်လုံး ဒီအတိုင်းချည်းပဲ။” လို့ဝေဖန်ရင်း မီးဖိုချောင်ထဲဝင်သွားပါလေရော။
အယ်မာကတော့ ပါစီဗယ်ကို သနားတဲ့အကြည့်နဲ့ကြည့်လိုက်ရင်း ခွေးလေးတစ်ကောင်ကို ခေါင်းပုတ်ပေးသလိုပုတ်ပေးတယ်။
“သနားစရာကောင်လေး... ဇိမ်ခံချင်တယ်ဆိုရင်လည်း လူမမြင်တဲ့ နေရာတစ်ခုခုသွားရှာမှပေါ့။ မိန်းကလေးတွေဆိုတာက ကိုယ့်ကို စိတ်ဝင်စားတဲ့သူကို ပြန်မကြိုက်ရင်တောင်မှ အဲဒီလူက တခြားကောင်မလေးတွေနဲ့ရှိနေတာမျိုးကို မလိုချင်ကြဘူး။ နင့်ဘဝကြီးတော့သွားပြီပဲ။”
အယ်မာ့စကားတွေက ကြင်ကြင်သာသာလေးတွေဆိုပေမဲ့ ဆယ်ဗီရဲ့ဥပက္ခာ၊ မော်လီရဲ့အထင်သေးတဲ့အကြည့်တွေထက် အဆပေါင်းထောင်သောင်းချီပြီးဆိုးဝါးတယ်။ ပါစီဗယ် သူ့ရင်ဘတ်ကိုသူနာနာကျင်ကျင်ဖိရင်း အခန်းထောင့်တစ်ခုမှာ သွားမှီထိုင်နေလိုက်တယ်။
“ငါ့ဘဝက... ငါးဆားနယ်ကြီးတစ်ကောင်နဲ့ တူနေပြီ။”
တကယ်ပြောရရင် အရင်တစ်ခါတိုက်ပွဲတုန်းက ဒဏ်ရာတွေက တော်တော်ပြင်းခဲ့တာ။ လဝက်လောက် အနားယူပြီးပြီဆိုပေမဲ့ ထက်ပိုင်းချိုးခံလိုက်ရတဲ့ဒဏ်ကြောင့် ပါစီဗယ်ဟာ သူ့စွမ်းအား အပြည့်ကိုပြန်မထုတ်ဖော်နိုင်သေးဘူး။ ဒါကြောင့်ပဲ နက်ဆန်က သူ့ကိုမခေါ်ခဲ့တာဖြစ်သလို ဒဏ်ရာဟောင်းတွေကြောင့် ခါးခဏခဏ နာတတ်သေးတယ်လေ။ အဲဒီလိုနဲ့ လက်ထောက်မလေးကို နှပ်ပေးခိုင်းမိရာကနေ အခုလို ကံဆိုးမှုကြီးနဲ့ကြုံခဲ့ရတာ။
“ဟွန်း...” အိုလီရာနာကတော့ ဆိုဖာခုံပေါ်ကို ခွေးတက်ထိုင်ထားသလိုအပြုအမူမျိုးနဲ့ ဖုန်ခါလိုက်ပြီး တက်ထိုင်ကာ ကာတွန်းကားကြည့်တော့တယ်။
....
မီးဖိုချောင်ထဲမှာရောက်နေတဲ့ မော်လီကတော့ ရေခဲသေတ္တာထဲက အအေးခံထားတဲ့ ကြက်သားတွေကို အပြင်ဆွဲထုတ်လိုက်ပြီးတော့ အအေးဓာတ်နည်းသွားအောင်လို့ ဟင်းချက်တဲ့ကောင်တာပေါ်မှာ တင်ထားလိုက်တယ်။
စိတ်ထဲမှာတော့ မခံချင်စိတ်တွေအပြည့်နဲ့ပေါ့...
“လမ်းဘေးကြက်ကြော်ဆိုင်က ငါ့ကိုအနိုင်ယူနိုင်တယ်လို့ မယုံဘူး။ ငါလည်း ပိုကောင်းတာတစ်ခုရအောင် ချက်တတ်တယ်။ ချက်ကို ချက်ရမယ်။”
အဲဒီနောက်တော့ မော်လီက ဟင်းချက်ဖို့စပြီးပြင်ဆင်ပါတယ်။ စိတ်ထဲမှာတော့ ‘အရသာရှိတဲ့ ကြက်အကြွပ်ကြော်’ဆိုတာကို ရည်မှန်းချက်အဖြစ် မှတ်ထားလိုက်ပြီးတော့ဟင်းအမယ်တွေ တစ်ခုပြီးတစ်ခုဆွဲထုတ်လိုက်တယ်။ ငရုတ်ကောင်း၊ ငရုတ်ဆီ၊ ဆား၊ သကြား၊ မုန့်ဖုတ်ဆိုဒါ၊ ပြောင်းဖူးမှုန့်၊ ဂျုံမှုန့်၊ ပေါင်မုန့်မှုန့်နဲ့ ပျားရည်။
“အချဥ်ရည်... ဟုတ်တယ်... အဲဒီဆိုင်တွေက ဘယ်တော့မှ လုပ်မှာမဟုတ်တဲ့ အချဥ်ရည်မျိုးစပ်ရမယ်။”
နောက်တစ်ဖန် မော်လီရဲ့လက်တွေက လှုပ်ရှားသွားပြန်တယ်။ သူ့မျက်လုံးတွေက ကျောက်မျက်ရတနာတွေလိုမျိုး တဖိတ်ဖိတ် တောက်နေပြီးတော့ ခန္ဓာကိုယ်ကစည်းချက်ညီညီလှုပ်ရှားလို့။
ပထမဆုံးအနေနဲ့ ဖန်ပန်းကန်လုံးလေးထဲကို ရေနည်းနည်း သူထည့်တယ်။ အဲဒီနောက်ငရုတ်ဆီအနည်းငယ်၊ သကြားနဲ့ သဘာဝပျားရည်ကို အချိုးချချထည့်ပြီး ပေါင်းစပ်သွားတဲ့အထိ မွှေလိုက်ပါတယ်။ အချဥ်ရည်အသင့်ဖြစ်ပြီးနောက်မှာတော့ သူဟာ အသိအမှတ်ပြုတဲ့အနေနဲ့ခေါင်းညိတ်လိုက်ပြီး ပိုကြီးတဲ့ ဖန်ပန်းကန်လုံးတစ်ခုကို ထုတ်လိုက်ပြန်တယ်။
“နောက်တစ်ခုက မုန့်နှစ်လုပ်ဖို့ပဲ။”
ဂျုံ၊ ပြောင်းဖူးမှုန့်၊ မုန့်ဖုတ်ဆိုဒါနဲ့ ဆားတို့ကိုထည့်ပြီးတဲ့နောက် တစ်ခုခုလိုနေတယ်ခံစားရတာနဲ့ ကြက်သွန်ဖြူဥကြီးတစ်လုံးကို ဗီရိုထဲကထုတ်လိုက်ပြီး ကြက်သွန်ဖြူအိမ်သုံးလေးခုကိုထုတ် ဓားပြားနဲ့ညက်နေအောင်ထုချေပြီးတော့မှ ပန်းကန်လုံးထဲကို ထည့်လိုက်တယ်။ ပြီးခါမှရေထည့်၊ မုန်ညှင်းဆီနည်းနည်းရောပြီး သမမျှတအောင်မွှေတယ်။
မုန့်အနှစ်လုပ်လို့ပြီးသွားတဲ့အချိန်မှာတော့ မော်လီက နားရွက် တပ်ချိတ်လုမတတ်ပြုံးလိုက်တယ်။ “ပျားရည်တို့မုန့်ညှင်းဆီ စစ်စစ်တို့ဆိုတာက အဲဒီပေါက်ကရဆိုင်တွေက ထည့်မယ့်ဟာမျိုး မဟုတ်ဘူး။ ဒီအိမ်စေရဲ့ကြက်ကြော်နဲ့လာယှဥ်လို့ရမယ် ထင်နေတာလား။”
မော်လီက ဂုဏ်ယူစွာနဲ့ ခါးကိုကော့ရင်ကိုမော့ပြီးတော့ အပူခံ ထားတဲ့ကြက်သားတွေကို ဘေစင်ထဲထည့်ရေဆေးပါတယ်။ အညစ်အကြေးပြောင်တာသေချာမှ မုန့်နှစ်ထဲထည့်ပြီးစနယ်တယ်။ အဖြူဖြူကြက်သားတုံးလေးတွေရပြီဆိုမှ ပေါင်မုန့်အမှုန့်ကို အပေါ်က ထပ်ဖြူးပေးလိုက်ပြီး မုန့်အသားမာအောင် ပန်းကန်လုံးထဲ ခဏထည့်။ မီးဖိုပေါ်ကို ဆီအိုးတင်လိုက်တယ်။
ဆီအပူချိန် မကောင်းတကောင်းအချိန်ရောက်တော့ မော်လီက ကြက်သားတုံးတွေကိုထည့်လိုက်တယ်။ ဒါပေမဲ့လုံးဝကျက်တဲ့ အထိမကြော်ဘဲတစ်မိနစ်လောက်ကြာတာနဲ့ ပြန်ဆယ်လိုက်တယ်။ အဲဒီအစား အချဥ်ရည်ကို သက်သက်မီးဖိုပေါ်မှာတင်ပြီးတော့ အပူပေး၊ မကျက်သေးတဲ့ကြက်ကြော်ပေါ်မှာ လောင်းချလိုက်တယ်။ မကျက်တကျက်ကြက်ကြော်တုံးတွေကို ပျားရည်အချဥ်နဲ့လိမ်းကျံလို့ပြီးပြီဆိုမှ ဆူနေပြီဖြစ်တဲ့ဆီအိုးထဲ ပြန်ထည့်ပြီး အညိုရောင်သန်းတဲ့အထိကြော်ပါတော့တယ်။
မကြာခင်မှာပဲ ပျားရည်ရနံပါတဲ့ဟင်းနံက တအိမ်လုံးကို ပြန့်သွားတယ်။ အနံနဲ့ဆွဲဆောင်တာခံလိုက်ရတဲ့ ဆယ်ဗီလည်း အင်္ကျီလဲပြီးပြီးချင်းမှာပဲ လှေကားပေါ်ကနေပြေးဆင်းလာပြီး မီးဖိုချောင်ထဲဝင်လာရော။
“မော်လီ၊ ဘာတွေချက်နေတာလဲ။”
“ ပျားရည်ကြက်အကြွပ်ကြော်” မော်လီက တုံးတိပြန်ဖြေရင်း ဟင်းအိုးထဲကတောင် မချရသေးတဲ့ကြက်သားတုံးကို လှမ်းယူဖို့ လုပ်နေတဲ့ဆယ်ဗီ့လက်ကို ဖြတ်ရိုက်လိုက်တယ်။ နောက်မှ လေသံတိုးတိုးနဲ့...
“ဒါပေမဲ့ ဒီလောက်ဆီများတဲ့ စားစရာတွေက မမလေးမိုနီကာနဲ့ တည့်ပါ့မလား။ ” လို့ပြောရင်းနဲ့ ပန်းကန်ထဲကို ကြော်ပြီးသားကြက်သားတွေထည့်လိုက်တယ်။ ဆယ်ဗီကတော့ အလိုက်သတိနဲ့ထမင်းစားခန်းမကြီးထဲမှာ သွားနေရာယူနှင့်နေပြီ။
အစားပုပ်မရဲ့အကျင့်ကိုသိနေတဲ့မော်လီကလည်း ပန်းကန်ကြီးထဲ ကြက်ကြော်တွေအားလုံးထည့်မထားတော့ဘဲ ပန်းကန်သေးတွေထဲ ဝေပုံကျထည့်ပြီး တွန်းလှဲပေါ်တင်ပြီးမှ
အားလုံးအသင့်ဖြစ်တော့ တွန်းလှည်းကိုတွန်းပြီး ထမင်းစားခန်းထဲ ဝင်လာလိုက်တယ်။ စားပွဲဝိုင်းမှာတော့ လူစုံလို့ပေါ့။ အားလုံးထဲမှာ စိတ်အားအထက်သန်ဆုံးကတော့ ဆယ်ဗီပါပဲ။ ဒီတော့မှ မော်လီလည်း စိတ်ချလက်ချ ပြုံးလိုက်မိတယ်။
“လမ်းဘေးက ကြက်ကြော်ဆိုင်လေးရေ၊ နင်ဘယ်လောက် မြူဆွယ်မြူဆွယ် နောက်ဆုံးတော့ သခင်မလေးဆယ်ဗီလည်း ငါ့ဆီမှာပဲ ပြန်လာစားရတာမဟုတ်လား။”
....
ပင်လယ်နက်ဒေသ။
အဖြူရောင်ဝတ်စုံဝတ် လူငယ်လေးတစ်ယောက်က သူ့ရှေ့က သတ္တဝါကြီးကိုကြည့်လိုက်တယ်။ ဧရာမပြည်ကြီးငါးလို သတ္တဝါဟာ သူ့လက်တံတွေကိုဖြန့်ကျက်ပြီး ရွှေရောင်ဆံပင်နဲ့လူငယ်လေးကို တိုက်ခိုက်လို့နေတယ်။ ဒါပေမဲ့ လူငယ်လေးကမကြောက်မရွံဘဲ ရေပြင်ပေါ်မှာလမ်းလျှောက်ရင်း သူ့လက်ထဲကဓားကို လက်နှစ်ဖက်နဲ့ကိုင်ကာ မိုးကောင်းကင်ပေါ်ကို ညွန်ပြလိုက်တယ်။
“ဘာလန်ရဲ့ကံကြမ္မာကြယ်....”
သူရေရွတ်လိုက်တာနဲ့ကောင်းကင်ပေါ်က ကြယ်တာရာတွေဟာ ရုတ်ချည်းတောက်ပလါပြီး သူ့ခန္ဓာကိုယ်ပေါ်ကိုကျဆင်းလာတယ်။ ကြယ်ရောင်တွေနဲ့တောက်ပလာတဲ့ဆားဗီးရပ်ရဲ့ခန္ဓာကိုယ်ကို ပြည်ကြီးငါးနဲ့ဆင်တဲ့ခရာကန်သတ္တဝါကြီးက တိုက်ခိုက်နေပေမဲ့ ကြယ်အလင်းရောင်က သူ့ကိုကာကွယ်ပေးထားတယ်။ ဒါပေမဲ့ ကြယ်အလင်းက ဒီနေရာမှာတင်ရပ်တန့်မနေဘဲ ဆားဗီးရပ်ရဲ့ ကျောနောက်မှာ လက်ဝါးကပ်တိုင်အသွင် ကြယ်အလင်းတွေနဲ့ အာကာသအက်ကြောင်းတစ်ခုဖြစ်လာခဲ့တယ်။
အဲဒီအက်ကြောင်းထဲကနေ လျှို့ဝှက်ဆန်းကြယ်တဲ့အသံတစ်ခု ထွက်ပေါ်လာတော့တာပေါ့။
“ဒီအချိန်တောင် ရောက်လာပြီလား။ ကောင်းပြီ၊ မင်းကို ဘုရားသခင်က ဒီခေတ်ရဲ့နတ်တမန်အဖြစ်ရွေးချယ်လိုက်ပြီ။ ငါရေဂူရယ်က မင်းကိုစောင့်ရှောက်ပေးမယ်။
မင်းတာဝန်တွေကိုမမေ့နဲ့။ ငရဲတံခါးကိုပိတ်။ ဧဒင်ဥယျာဥ်ကို စောင့်ရှောက်။”
အဲဒီနောက်တော့ လက်ဝါးကပ်တိုင်ကအလင်းက ဆားဗီးရပ်ရဲ့ ခန္ဓာကိုယ်ထဲစိမ့်ဝင်သွားပြီး သူ့ခန္ဓာကိုယ်နဲ့အထွတ်အမြတ်ဓားကနေ မီးတောက်အသွင် ရွှေရောင်အလင်းတန်းတွေဖြာထွက်လာခဲ့တယ်။
“တရားမျှတမှုကိုစောင့်ရှောင်တဲ့ အိန်ဂျယ်ရေဂူရယ်လား။” ဆားဗီးရပ်က ပြုံးလိုက်တယ်။
“အထွတ်အမြတ်ဓားကို အဆုံးအစွန်ထိသုံးနိုင်ရင် နတ်တမန်အဖြစ်နဲ့ အိန်ဂျယ်တစ်ယောက်ရဲ့စောင့်ရှောက်မှုကို ရမယ်လို့သိထားပေမဲ့ ဒီလောက်စွမ်းတဲ့အိန်ဂျယ်ဖြစ်နေမယ် ထင်မထားဘူး။ သောက်အဖိုးကြီး၊ သေဖို့သာပြင်ထားတော့။”
ဆားဗီးရပ်က သူ့ဓားကို ရေပြင်ညီအတိုင်းခုတ်ပိုင်းလိုက်တယ်။ အရင်ကတည်းကသုံးနေကျ မိုးစက်ပင်လယ်ပြင်ခွဲခြမ်းခြင်း ဖြစ်ပေမဲ့လို့ ရေဂူရယ်ရဲ့အားဖြည့်မှုနဲ့အတူ ပင်လယ်ပြင်ကြီးဟာ ပိုင်းခြားခံရရုံမက ရေတွေပါအငွေ့ပြန်ကုန်ပါတယ်။ အဲဒီနောက် မီတာသုံးရာလောက်အရွယ်ရှိတဲ့ ခရာကန်သတ္တဝါကြီးဟာ ပြာအဖြစ်ပြောင်းခံလိုက်ရပြီး ရေငွေ့တွေကြောင့် ကောင်းကင်မှာ မိုးတိမ်တောင်တွေဖြစ်ပေါ်လာခဲ့တာပေါ့။
စက္ကန့်အနည်းငယ်အကြာမှာပဲ မိုးတိမ်တောင်တွေပေါ်ကနေ ပြန်ကျမိုးအဖြစ် ပင်လယ်ရေတွေ ပြန်လည်ဆင်းသက် လာခဲ့တယ်။ ရေပေါ်မှာရပ်နေဆဲဖြစ်တဲ့ ဆားဗီးရပ်ကတော့ သရုပ်ပျက်တဲ့အပြုံးနဲ့ ပြုံးနေဆဲပါ။
“အခုဆိုရင် ရှေးအယ်ဒါအဆင့်မှာ ငါအစွမ်းအထက်ဆုံးပဲ။ ပီးယပ်၊ မင်းသေနေ့စေ့ပြီ။”