အခန်း ၉၈
Vol. 10 Ch. 98
အခန်း (၉၈) ဖန်ချင်းက ဓားဝိညာဉ်ကို ဝါးမြိုလိုက်ပြီး လျှို့ဝှက်နဂါးတပ်အဖွဲ့က သဘောတူညီချက်ကို လက်ခံလိုက်သည်
ချင်လော့က လက်ကို ဝှေ့ယမ်းလိုက်ရာ နောင်တဓားချောက်ကမ်းပါးမှ အမျိုးသမီး အနည်းငယ်က ကံကြမ္မာဓားကိုးလက်ဂိုဏ်းမှ လူများဆီသို့ ပြေးဝင်သွားကြသည်။
သူတို့ တစ်ဦးစီတိုင်းသည် အချိန်အကြာကြီး ဖိနှိပ်ခံထားရပြီး သူတို့၏ ရင်ထဲရှိ နာကြည်းမှုများကို နောက်ဆုံးတွင် ဖောက်ထုတ်ခွင့် ရရှိသွားခဲ့ပြီ ဖြစ်သည်။
ရူးသွပ်နေသော နတ်ဆိုးများကဲ့သို့ အမျိုးသမီးများကို ကြည့်ရင်း ချင်လော့သည် လျိုကျင်းကျင်းကို မျက်ခုံးပင့်၍ ကြည့်ကာ ရယ်မောလိုက်၏။
"အမျိုးသမီးတွေက လွတ်လပ်သင့်တဲ့ အချိန်မှာ လွတ်လပ်ရမယ်လေ... အထူးသဖြင့် အသက်နည်းနည်း ရလာတဲ့ အမျိုးသမီးတွေဆို ပိုတောင် လိုသေးတယ်။ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ဖိနှိပ်ထားနေရင် နောက်ကျ ဘယ်ယောကျ်ားက သူတို့ကို လက်ထပ်ချင်တော့မှာလဲ..."
လျိုကျင်းကျင်းက ချင်လော့ကို နာကြည်းစွာ ကြည့်လိုက်သည်။
သူမ၏ အကြည့်က "ငါတို့ ဒီလိုဖြစ်သွားရတာ မင်းရဲ့ တာဝန်ပဲ မဟုတ်ဘူးလား" ဟု ပြောနေသည့်အလားပင်။
"လီယီ... မင်းလည်း သွားလိုက်ပါ..."
ချင်လော့က လက်ဝှေ့ယမ်းလိုက်ရာ လီယီသည် ချက်ချင်း အောက်သို့ ပြေးဆင်းသွား၏။
သူ လက်စားချေချင်သည်။ ဟိုယန်ဖိန်ကို သူ၏ လက်ဖြင့် ကိုယ်တိုင် သတ်ဖြတ်ချင်နေပေသည်။
ချင်လော့က လျိုကျင်းကျင်း၏ ပခုံးကို ပုတ်လိုက်သည်။
"ကြည့်စမ်း... အခု မင်း ကံကောင်းတယ်ဆိုတာ သိပြီ မဟုတ်လား”
"တန်ဖိုးမရှိတဲ့ လူတွေက ငါ့ကို အညံ့ခံဖို့ အရည်အချင်းတောင် မရှိဘူး... မင်းရဲ့ ပါရမီနဲ့ ကျင့်ကြံမှုအဆင့်က ကောင်းမွန်နေလို့ မင်း ဝမ်းသာသင့်တယ်"
"ဒါနဲ့ မင်းမှာ ဒီလို အခွင့်အရေးမျိုး ရလာတာက မင်းရဲ့ ဂျူနီယာမောင်လေးကို ကျေးဇူးတင်ရမှာပဲ"
လျိုကျင်းကျင်း၏ အမူအရာက ပို၍ပင် နာကြည်းသွားပေ၏။
ချူဖုန်းက သူတို့၏ စီနီယာအစ်မကြီးကို သတ်ဖြတ်ခဲ့သည့် အခိုက်အတန့်တွင် သူမသည် ချူဖုန်းကို သူစိမ်းတစ်ယောက်အဖြစ်သာ သတ်မှတ်လိုက်တော့၏။
ထိုသို့ သူစိမ်းတစ်ယောက်အဖြစ် သတ်မှတ်လိုက်ပြီးနောက် သူမသည် ရုတ်တရက် နိုးကြားသွားခဲ့သည်။ ဤအရာအားလုံးအတွက် သူတို့၏ ဂျူနီယာမောင်လေးကိုပင် ကျေးဇူးတင်သင့်ကြောင်း နားလည်သဘောပေါက်သွားခဲ့၏။
အကယ်၍ ချူဖုန်းသာ လက်စားချေရန် မကြိုးစားခဲ့လျှင် လင်းယွဲ့သည် ချင်လော့၏ လက်ထဲသို့ မည်သို့ ရောက်ရှိသွားနိုင်မည်နည်း။
လင်းယွဲ့သာ ချင်လော့၏ လက်ထဲသို့ မရောက်ရှိခဲ့လျှင် သူမသည် ချင်လော့၏ လက်ထဲသို့ မည်သို့ ရောက်ရှိသွားမည်နည်း။
ထို့ပြင် သူမသည် အကြိမ်ပေါင်းများစွာ စော်ကားခံခဲ့ရပြီး အမျိုးသမီးတစ်ဦးအနေဖြင့် သူမ၏ အပြစ်ကင်းစင်မှုသည်လည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
‘လက်ထပ်မယ်…သူ့ အဖွား ခြေထောက်ကိုပဲ လက်ထပ်လိုက်’
သူတို့အားလုံး ချင်လော့၏ လက်ထဲသို့ မကျရောက်ခဲ့လျှင် ဆရာဖြစ်သူက ချင်လော့၏ ချုပ်ကိုင်မှုကို မည်သို့ ခံရမည်နည်း။
အပြစ်အားလုံး၏ အရင်းအမြစ်မှာ ချူဖုန်းပင် ဖြစ်သည်။
ချူဖုန်းသည် ကောင်းကင်တာအိုက သူတို့ကို ကပ်ဘေးကျော်ဖြတ်ရန် စီစဉ်ပေးထားသူ ဖြစ်သည်ဟု သူမ သံသယဝင်ရန် အကြောင်းပြချက် ရှိပေသည်။
သို့သော် ဝမ်းနည်းစရာမှာ ဤကပ်ဘေးကို သူတို့ မကျော်ဖြတ်နိုင်ခဲ့ခြင်းပင်။
ကံကြမ္မာဓားကိုးလက်ဂိုဏ်းမှ လူများ သေဆုံးသွားချိန်၌ လီမိုသည် ဓားသင်္ချိုင်းရှိရာဘက်သို့ အကြာကြီး စိုက်ကြည့်နေခဲ့သည်။
သူ၏ မျက်လုံးများတွင် မကျေနပ်မှုများ ပြည့်နှက်နေသော်လည်း သူက ဤနေရာတွင် ဆက်နေရန် မဝံ့ရဲတော့ဘဲ အပြင်ဘက်သို့ လျင်မြန်စွာ ထွက်ပြေးသွားခဲ့၏။
လျိုကျင်းကျင်းက သူမ၏ အေးစက်သော အသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားပြီး လီမို ပျောက်ကွယ်သွားသော လမ်းကြောင်းကို ကြည့်ကာ ချင်လော့အား ပြောဆိုလိုက်သည်။
"ခုနက လူမှာ ပြဿနာ တစ်ခုခု ရှိနေတယ်... သူ အဲ့ဒီနေရာကို စိုက်ကြည့်နေတာ..."
"အိုး... ဟုတ်လား... ငါ့ရဲ့ ပစ္စည်းတွေကို မှန်းနေတာပေါ့... ကျွတ်… ကျွတ်..."
ချင်လော့က လှောင်ပြောင်လိုက်၏။
"သူ့မှာ ခေါင်းဘယ်နှစ်လုံး ရှိလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"
"တိုက်ခိုက်ကြ... ဒီအစီအရင်ကို ဖျက်ဆီးလိုက်"
ချင်လော့၏ အမိန့်ပေးသံနှင့်အတူ လျိုကျင်းကျင်းက လှုပ်ရှားလိုက်သည်။
အခြားသူများ အချိန်အကြာကြီး ဖျက်ဆီး၍မရသော အစီအရင်ကို သူမက တစ်ချက်တည်းဖြင့် ဖြေရှင်းနိုင်ပေသည်။
ဓားချီတစ်ချက်က အစီအရင်အပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး အစီအရင်သည် မျက်တောင်တစ်ခတ်အတွင်း အပိုင်းပိုင်း ကွဲထွက်သွားခဲ့သည်။
အစီအရင် ကျိုးပျက်သွားသည်နှင့်အတူ ဟိန်းဟောက်သံများ ထွက်ပေါ်လာပေ၏။
"သတ်..."
"စံအိမ်သခင်အတွက် လက်စားချေမယ်..."
"ဂျူနီယာညီမလေးအတွက် လက်စားချေမယ်..."
ချင်လော့က ဤမြင်ကွင်းကို အေးစက်စွာ စောင့်ကြည့်နေခဲ့သည်။
လင်းယွဲ့နှင့် အခြားသူများက လူအုပ်ထဲသို့ ပြေးဝင်သွားပြီး အာဏာသားများကဲ့သို့ ဓားတစ်သောင်းစံအိမ်မှ တပည့်များကို သက်ညှာမှုကင်းမဲ့စွာ သတ်ဖြတ်နေကြသည်။
မြေပြင်တစ်ခုလုံး သွေးများဖြင့် နီရဲသွားချိန်၌ ချင်လော့က အောက်သို့ ဆင်းသက်လာပြီး လူသားဧကရာဇ်အလံကို ထုတ်ယူကာ ဝိညာဉ်များအားလုံးကို လူသားဧကရာဇ်အလံအတွင်းသို့ သိမ်းဆည်းလိုက်သည်။
"အဲ့ဒီနေရာမှာ ဓားဝိညာဉ်တစ်ခု ရှိနေပုံရတယ်"
ဖန်ချင်းက ချင်လော့ကို သတိပေးလိုက်၏။
"ဓားဝိညာဉ်... မင်းနဲ့ အတူတူပဲလား"
ချင်လော့က မေးမြန်းလိုက်သည်။
"မတူဘူး... ငါက အခြေခံအားဖြင့်တော့ လူသားပဲ... ဓားဝိညာဉ်သူတော်စင်ခန္ဓာ ရှိနေရုံပါ... ဖြစ်နိုင်တာက ငါ့ရဲ့ အတိတ်ဘဝမှာ ဓားဝိညာဉ် ဖြစ်ခဲ့တာနေမှာပေါ့"
ဖန်ချင်းက စဉ်းစားပြီးနောက် ဖြေကြားလိုက်သည်။
"ဒါက ခုနက မင်း ပြောခဲ့တဲ့ သူ မှန်းထားတဲ့ အရာ ဖြစ်ရမယ်..."
ချင်လော့က လျိုကျင်းကျင်းကို ကြည့်ကာ ရယ်မောလိုက်၏။
"သွားကြစို့... သွားကြည့်ရအောင်။ ဓားတစ်သောင်းစံအိမ်မှာ ဒီလို မမျှော်လင့်ထားတဲ့ ဆုလာဘ်မျိုး ရှိနေမယ်လို့ ငါ မထင်ထားခဲ့ဘူး..."
"လူတွေက အပြင်ထွက်ပြီး များများမြင်၊ များများကြုံသင့်တယ်။ ဇာတ်လိုက်မိသားစုတွေနဲ့ အင်အားကြီးအဖွဲ့အစည်းတွေကို ပတ်သက်ပြီး ပြောရရင် တိုက်ဆိုင်မှုဆိုတာ မရှိသလောက်ပဲ။ သူတို့အားလုံးမှာ ကိုယ်ပိုင်အားသာချက်နဲ့ ကံကြမ္မာတွေ ရှိကြတာပဲ..."
ဓားသင်္ချိုင်း၏ အနက်ရှိုင်းဆုံးအပိုင်းတွင် စာလုံးတစ်လုံးမျှ ထွင်းထုထားခြင်း မရှိသော သင်္ချိုင်းဂူတစ်ခု တိတ်ဆိတ်စွာ တည်ရှိနေ၏။
လူသားဧကရာဇ်အလံအတွင်းရှိ ဝိညာဉ်များ၏ ရှင်းပြချက်အရ ထိုနေရာတွင် ဓားတစ်သောင်းစံအိမ်မှ ဘိုးဘေးတစ်ဦး၏ ဓားကို မြှုပ်နှံထားခြင်း ဖြစ်သည်။
"တူးထုတ်လိုက်"
ချင်လော့၏ အမိန့်ပေးသံနှင့်အတူ လင်းယွဲ့နှင့် အခြားသူများက လုပ်ဆောင်လိုက်ကြသည်။
မကြာမီ ကြေးဝါရောင် ခေါင်းတလားငယ်တစ်ခု ချင်လော့တို့ရှေ့တွင် ပေါ်လာခဲ့၏။
"ဓားဝိညာဉ်က ဒီထဲမှာပဲ... ငါ ခံစားလို့ရတယ်"
ဖန်ချင်းက ပြောဆိုလိုက်သည်။
"ခေါင်းတလားကို ဖွင့်လိုက်"
ခေါင်းတလား ပွင့်သွားသည်နှင့် ချင်လော့တို့က အတွင်း၌ ကျိုးပဲ့နေသော ဓားတစ်လက်ကို မြင်တွေ့လိုက်ရသည်။
ကျိုးပဲ့နေသော ဓားဖြစ်သော်လည်း အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေဆဲပင်။
အန္တရာယ်ကို သတိပြုမိသွားသည့်အလား ထက်မြက်သော ဓားချီတစ်ချက်က ကျိုးပဲ့နေသော ဓားထံမှ ထွက်ပေါ်လာပြီး ချင်လော့တို့ဆီသို့ ပျံသန်းလာခဲ့သည်။
‘ရွှစ်…’
"ကိုယ်တိုင် တိုက်ခိုက်နိုင်တယ်ပေါ့... တောက်... မဆိုးဘူးပဲ"
ကျိုးပဲ့နေသော အထွတ်အမြတ်ရတနာ တစ်ခုသာ ဖြစ်သည်။
ဓားဝိညာဉ် မွေးဖွားလာလျှင်ပင် ချင်လော့တို့အား အနည်းငယ်မျှပင် ထိခိုက်စေနိုင်မည် မဟုတ်ချေ။
လျိုကျင်းကျင်းက ရှေ့သို့ တက်လာပြီး လက်ဝှေ့ယမ်းလိုက်ရာ ထိုဓားချီသည် အပိုင်းပိုင်း ကွဲထွက်သွားပြီး ကျိုးပဲ့နေသော ဓားကို ပြင်းထန်စွာ ရိုက်ခတ်သွားသဖြင့် ဝမ်းနည်းဖွယ် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ဓားဝိညာဉ်က ဘာအသုံးဝင်လဲ"
ချင်လော့က မေးမြန်းလိုက်၏။
ဖန်ချင်းက မစဉ်းစားဘဲ ဖြေကြားလိုက်သည်။
"ဓားက ဓားဝိညာဉ်ကို မွေးဖွားပေးနိုင်ရင် သူ့ရဲ့ စွမ်းအားက အလွန် ကြောက်မက်ဖွယ် ကောင်းလာလိမ့်မယ်... ဓားက ပိုင်ရှင်ရဲ့ တိုက်ခိုက်မှုကို အတုယူနိုင်ပြီး ဓားဝိညာဉ်ကလည်း ဆင့်ကဲပြောင်းလဲနိုင်တယ်... သူက အတိုင်းအတာတစ်ခုအထိ ဆင့်ကဲပြောင်းလဲသွားရင် ဓားက အဆင့်တက်သွားလိမ့်မယ်"
"ဒါပေမဲ့ သူ့ရဲ့ ဓားက ပျက်စီးသွားပြီဆိုတော့ သူက ဓားအသစ်ကို လက်ခံချင်မှ လက်ခံလိမ့်မယ်"
"ဒါဆို ငါ့အတွက် အသုံးမဝင်ဘူးပေါ့"
ချင်လော့က မျက်မှောင်ကြုတ်လိုက်သည်။
"ငါ့အတွက်တော့ အသုံးဝင်တယ်"
ဖန်ချင်းက တံတွေးမြိုချလိုက်၏။
ချင်လော့က ဖန်ချင်းကို တစ်ချက်ကြည့်လိုက်သည်။
"မင်း လိုချင်လို့လား"
ဖန်ချင်းက ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးပြုပြီး..."
ဖန်ချင်းက ချင်လော့ကို သနားစရာကောင်းသော အကြည့်ဖြင့် ကြည့်ကာ ပြောဆိုလိုက်၏။
"ကျေးဇူးပြုပြီး... နော်"
လျိုကျင်းကျင်းနှင့် အခြားသူများက ဖန်ချင်းကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
ဖန်ချင်းသည် သူတို့၏ စီနီယာအစ်မ ဖြစ်သော်လည်း ယခုတော့ ဤသို့ ဖြစ်နေပြီလား။
သေချာသည်မှာ ချွဲနွဲ့ခြင်းသည် အမျိုးသမီးတစ်ဦး၏ မွေးရာပါ စွမ်းရည်တစ်ခု ဖြစ်ပြီး ဆရာမပါဘဲ ကိုယ်တိုင် သင်ယူတတ်မြောက်နိုင်ပေသည်။
"ကောင်းပြီ... ငါ မင်းကို ပေးမယ်"
ချင်လော့က လက်ဝှေ့ယမ်းလိုက်သည်။
ဖန်ချင်းကဲ့သို့သော ဓားဝိညာဉ်သူတော်စင်ခန္ဓာနှင့် မည်သည့် ဓားဝိညာဉ်က ယှဉ်နိုင်မည်နည်း။
သူမကို ဓားအဖြစ်ရော လူအဖြစ်ပါ အသုံးပြုနိုင်ပေသည်။
ချင်လော့၏ ခွင့်ပြုချက် ရရှိပြီးနောက် ဖန်ချင်းက ကြေးဝါရောင် ခေါင်းတလားငယ်အတွင်းသို့ အလောတကြီး ပြေးဝင်သွားသည်။
သူမရှေ့ရှိ တိမ်တိုက်ငယ်နှင့်တူသော ဓားဝိညာဉ်ကို သူမ၏ လက်ဖြင့် ရိုက်နှက်လိုက်ပြီး ပါးစပ်ကို ဟကာ စုပ်ယူလိုက်ပေ၏။
‘ဝေါ့’
သူမက အားပါးတရ လေချဉ်တက်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ ကြေးဝါရောင် ခေါင်းတလားငယ်အတွင်းသို့ ဘုန်းခနဲ လဲကျသွားသည်။
"ဗိုက်ဝတော့ အိပ်ပြီပေါ့... ဒီအကျင့်က တော်တော်ကောင်းတာပဲ"
ချင်လော့၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားခဲ့သည်။
[ဖန်ချင်း၏ နှစ်သက်မှု တိုးလာပြီး နတ်ဆိုးစိုက်ပျိုးခြင်း တိုးတက်မှု မြင့်တက်လာသည်။ ကံကြမ္မာတန်ဖိုး ၅၀,၀၀၀ ဆုံးရှုံးသွားပြီး ပိုင်ရှင်သည် ဗီလိန်မှတ် ၅၀,၀၀၀ ရရှိပါသည်။]
ဒါက သတင်းကောင်းလား။
ပေးဆပ်ရမည့်အရာ အချို့ ရှိသော်လည်း ယနေ့တွင် သတင်းကောင်း တစ်ခုထက်မက ရှိနေပေသည်။
လျှို့ဝှက်နဂါးတပ်အဖွဲ့မှ လူသည် သဘောတူညီချက်ကို လက်ခံလိုက်ပြီ ဖြစ်သည်။
ချင်လော့က တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် သတင်းစကား ပို့ကာ သဘောတူညီမှု ပြုလုပ်မည့် နေရာကို ဓားတစ်သောင်းစံအိမ်ဟု သတ်မှတ်လိုက်၏။
"ဒါနဲ့ တစ်ယောက်ယောက်က ဒီနေရာမှာ ရှိတဲ့ ပစ္စည်းတွေကို မှန်းနေတယ်လို့ မင်း မပြောခဲ့ဘူးလား... ဒါဆို သူ လာမလာ ကြည့်ရအောင်”
"ခုနက အဆင့်တက်လှမ်းထားတဲ့ သူတော်စင်အဆင့် ရှိတဲ့သူကို မင်းက စိတ်ဝင်စားနေတာလား"
လျိုကျင်းကျင်းက နားမလည်နိုင်စွာ မေးမြန်းလိုက်သည်။
ချင်လော့က ပြုံးလိုက်၏။
"ယင်ကောင် ခြေထောက်က ဘယ်လောက်ပဲ သေးငယ်နေပါစေ အသားတစ်ဖတ်ပဲ မဟုတ်ဘူးလား"
"ခြေလှမ်းလေးတွေ မစုဆောင်းဘဲနဲ့ မိုင်ထောင်ချီ ခရီးကို ဘယ်လိုရောက်နိုင်မှာလဲ... အရမ်း ရည်မှန်းချက် မကြီးပါနဲ့... အရေအတွက်က တစ်ခါတလေကျရင် အရည်အသွေးကို ပြောင်းလဲသွားစေနိုင်တယ်’
‘သူတော်စင်တစ်ယောက်က သတိပြုစရာ မဟုတ်ဘူးဆိုရင် ဆယ်ယောက်ဆိုရင်ရော... တစ်ရာဆိုရင်ရော... တစ်ထောင်ဆိုရင်ရော…’
သူ၏ လူသားဧကရာဇ်အလံအတွင်း၌ သူတော်စင် တစ်ထောင် ရှိနေမည်ဆိုလျှင် မဟာသူတော်စင် လာလျှင်တောင် ဒူးထောက်သွားရပေလိမ့်မည်။