အခန်း ၉၉
Vol. 10 Ch. 99
အခန်း (၉၉) နဂါးအကြေးခွံဓားနှင့် ဓားအကျဉ်းထောင်၊ ရှောင်မိသားစု ဖျက်ဆီးခံရမည်
လီမိုသည် အဝေးသို့ ထွက်မသွားခဲ့ဘဲ ဓားတစ်သောင်းစံအိမ်၏ အခြေအနေကို ဆက်လက် စောင့်ကြည့်နေခဲ့သည်။
သူ အချိန်အကြာကြီး စောင့်ဆိုင်းရန် မလိုအပ်ခဲ့ပေ။
ဓားတစ်သောင်းစံအိမ်အတွင်းမှ ချင်လော့တို့ ထွက်ခွာသွားကြသည်။
"သူတို့ မသိသွားလောက်ပါဘူးလို့ မျှော်လင့်ရတာပဲ..."
လီမိုက သူ့ဘာသာ တိုးတိတ်စွာ ရေရွတ်လိုက်၏။
မြှုပ်နှံထားနိုင်သော ဓားများအားလုံးမှာ မပြည့်စုံသည့် ဓားများဖြစ်ကြပြီး အသက်ဝင်နေသော ဓားကို မြေပြင်တွင် စိုက်ထားကာ မည်သည့် သင်္ချိုင်းဂူကိုမျှ တည်ဆောက်ထားခြင်း မရှိပေ။
အချိန်အနည်းငယ် စောင့်ဆိုင်းပြီးနောက် ချင်လော့တို့ ပြန်လာမည့် အရိပ်အယောင် မရှိကြောင်း သိရှိသွားချိန်၌ သူသည် ဓားတစ်သောင်းစံအိမ်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်သွားခဲ့သည်။
သူ၏ ရည်မှန်းချက်မှာ ရှင်းလင်းလှပေ၏။
ဓားသင်္ချိုင်းပင်ဖြစ်ပြီး ချင်လော့တို့ တူးဖော်ခဲ့သော သင်္ချိုင်းဂူပင် ဖြစ်သည်။
နောက်ဆုံးတွင်…
စိတ်လှုပ်ရှားမှုကြောင့် သူ၏ လက်များ တုန်ရီနေခဲ့သည်။
သူ တူးဖော်ရန် ပြင်လိုက်ချိန်၌ သူ၏ အနောက်ဘက်မှ အသံတစ်သံကို ကြားလိုက်ရပေ၏။
"ထင်တဲ့အတိုင်းပဲ... ကြွက်ကလေးက ထွက်မလာဘဲ မနေနိုင်ဘူးပေါ့"
ချင်လော့၏ စကားဆုံးသွားသည်နှင့် သူတို့အဖွဲ့သည် ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့ပြီး သူတော်စင်အဆင့် ကျင့်ကြံသူ အတော်များများ ပါဝင်နေသည်။
လီမို၏ မျက်နှာသည် စက္ကူကဲ့သို့ ချက်ချင်း ဖြူလျော့သွားပေ၏။
သူက ချင်လော့တို့ကို ကြည့်ကာ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း စကားတစ်ခွန်းမျှ ထွက်မလာခဲ့ချေ။
တစ်ဖက်လူက ဤသို့ပြောလာမှတော့ သူ၏ ရည်ရွယ်ချက်ကို သူတို့ သိရှိနေပြီဆိုသည်ကို သက်သေပြနေပေသည်။
"မာယာတစ်သောင်းဓားဂိုဏ်းက လီမို အရှင်နဝမမင်းသားကို ဂါရဝပြုပါတယ်"
သူက ချင်လော့ကို ကြည့်ကာ လက်အုပ်ချီလျက် ပြောဆိုလိုက်၏။
"ဓားတစ်သောင်းစံအိမ်ကနေ မထွက်သွားတဲ့သူတိုင်းကို ကြံရာပါလို့ ငါ ပြောခဲ့ဖူးတယ် မဟုတ်လား"
"မင်းလို ထွက်သွားပြီးမှ ပြန်ရောက်လာတဲ့သူကို ဘယ်လို သတ်မှတ်ရမလဲ"
ချင်လော့က မေးမြန်းလိုက်သည်။
"မင်းကို မသတ်ဖို့ အကြောင်းပြချက် တစ်ခု ပေးပါ... မှတ်ထား... မင်းမှာ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ်"
ဤစကားကို ကြားချိန်၌ လီမို၏ စိတ်နှလုံးသည် အောက်ဆုံးအထိ ကျဆင်းသွားပေ၏။
သူ၏ ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်နေပြီး ချင်လော့သည် နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သူ ကောင်းစွာ သိရှိထားသည်။
တစ်ခဏမျှ စဉ်းစားပြီးနောက် သူက သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောဆိုလိုက်၏။
"အရှင်နဝမမင်းသား... ကျွန်တော့်ဆီမှာ နဂါးအကြေးခွံဓားလို့ ခေါ်တဲ့ ဓားတစ်လက် ရှိပါတယ်... အဲ့ဒီဓားကို နဂါးအကြေးခွံ လေးဆယ့်ကိုးခုနဲ့ ဖန်တီးထားတာလို့ ဆိုကြပါတယ်... ဓားမှာ ဓားဝိညာဉ်ပဲ လိုအပ်နေတာပါ... တကယ်လို့ ဓားဝိညာဉ်ကသာ ပိုင်ရှင်ကို လက်ခံခဲ့ရင် ဓားက နတ်ဘုရားတွေနဲ့တောင် ဆက်သွယ်နိုင်လိမ့်မယ်"
ချင်လော့မှာ အနည်းငယ် အံ့အားသင့်သွားသည်။
သူ၏ ထံတွင် နဂါးအကြေးခွံ ရှိနေပြီး တစ်ဖက်လူထံတွင် နဂါးအကြေးခွံဓား ရှိနေပေသည်။
"ဂုဏ်ယူပါတယ်... မင်းက ငါ့ရဲ့ စိတ်ဝင်စားမှုကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့ပြီ... နဂါးအကြေးခွံဓားကို ငါ့ကို ပေးမယ်ဆိုရင် မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်"
လူသားဧကရာဇ်အလံအတွင်းသို့ ဝင်ရောက်ရန် မလိုအပ်တော့ချေ။
သေခြင်းရှင်ခြင်းတံဆိပ်တုံးဖြင့် ဖြေရှင်းနိုင်ပေသည်။
လီမိုသည် အသက်ချမ်းသာပေးသည် ဆိုသည်မှာ သူ့ကို လွှတ်ပေးမည်ဟု ထင်မှတ်ထားခဲ့သော်လည်း ချင်လော့အတွက် အသက်ချမ်းသာပေးသည်ဆိုသည်မှာ သေဘေးမှ လွတ်ကင်းရုံသက်သက်သာ ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ချင်လော့၏ သေခြင်းရှင်ခြင်းတံဆိပ်တုံး ခတ်နှိပ်ခံလိုက်ရချိန်၌ သူက သူ့ကိုယ်သူ အကြိမ်အနည်းငယ်မျှ ရိုက်နှက်ချင်စိတ် ပေါက်သွားခဲ့သည်။
"သွားပြီး နဂါးအကြေးခွံဓားကို ယူခဲ့... မှတ်ထား... မင်းရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းက ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေပြီ... ငါက စိတ်ကူးလေး တစ်ချက် လှုပ်ရှားလိုက်တာနဲ့ မင်းက သေဆုံးသွားရုံသာမက သေရတာထက်တောင် ပိုဆိုးသွားနိုင်တယ်"
"အမိန့်တော်အတိုင်းပါ"
လီမိုက ပြန်လည်ဖြေကြားပြီးနောက် ထွက်ခွာသွားခဲ့သည်။
"ကြည့်ရအောင်... ငါ့ဆီမှာ ဗီလိန်မှတ် ဘယ်လောက် ကျန်သေးလဲ"
[ပိုင်ရှင် - ချင်လော့]
[အသက် - ၁၉ နှစ်]
[ကံကြမ္မာအဆင့် - အဆင့်သုည (အနက်ရောင်)]
[ဗီလိန်မှတ်များ - ၃၂၀,၀၀၀ မှတ်]
[ကျင့်ကြံခြင်းအဆင့် - လိုဏ်ဂူကောင်းကင်အဆင့် ၃ ]
[ဓားတာအိုအဆင့် - ဓားဆန္ဒ အခြေခံအဆင့်]
[ကျင့်စဉ် - ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးပညာ၊ အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ်၊ ထိုက်ရွှီနှလုံးသားကျမ်း...]
[သိုင်းပညာ - နိမိတ်လေးပါးဓားသိုင်း၊ လေပြင်းမုန်တိုင်းဓားသိုင်း…]
ဗီလိန်မှတ်များ အတော်လေး များပြားနေသဖြင့် လောလောဆယ် သိမ်းထားရန် ဆုံးဖြတ်လိုက်သည်။
လျှို့ဝှက်နဂါးတပ်အဖွဲ့ထံမှ နတ်နဂါးသွေးအဆီအနှစ်သွေး ရောက်လာတော့မည်ဖြစ်ပြီး ဝိညာဉ်နယ်မြေတွင်လည်း ကောင်းမွန်သော အရာများ ရှိနေကြောင်း ခန့်မှန်းရပေသည်။
အရေးပေါ် အခြေအနေများအတွက် ချင်လော့သည် ကြီးမားသော ကိစ္စတစ်ခုခု ပေါ်ပေါက်လာတော့မည်ဟု ကြိုတင်ခံစားနေရသည်။
မကြာမီ လီမို ပြန်ရောက်လာပြီး ဓားတစ်လက်ကို ယူဆောင်လာခဲ့၏။
ဓားသွားကို ကြည့်ရင်း ချင်လော့သည် ထက်မြက်သော အရိပ်အယောင်ကို ခံစားလိုက်ရသည်။
"စုန့်ရီထျန်း... သွားပြီး ကြည့်လိုက်စမ်း"
လက်နက်သန့်စင်ရေး မဟာဆရာတစ်ဦးအနေဖြင့် စုန့်ရီထျန်းက ဓားကို ကိုင်တွယ်လိုက်ချိန်၌ သူ၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ပေါ်လာခဲ့သည်။
"ကောင်းမွန်တဲ့ ဓားပဲ... ဖျက်ဆီးလို့မရနိုင်ဘူး"
"ဒီဓားရဲ့ ပါဝင်ပစ္စည်းက ကျွန်တော့်ရဲ့ စိတ်ကူးထက်ကို ကျော်လွန်နေတယ်... ဒီပါဝင်ပစ္စည်းနဲ့ ဒီလိုဓားမျိုးကို ဖန်တီးချင်တယ်ဆိုရင် နှစ်တစ်ရာကြာရင်တောင် အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော့်ကိုယ်ကျွန်တော် မေးမိတယ်"
"ဒါက နဂါးအကြေးခွံနဲ့ ဖန်တီးထားတာ"
လီမိုက ဘေးမှနေ၍ သဲလွန်စပေးလိုက်၏။
"နဂါးအကြေးခွံ"
စုန့်ရီထျန်းက အာမေဋိတ်သံ ပြုလိုက်သည်။
သူ၏ အသံတွင် ပြင်းထန်သော အံ့အားသင့်မှုများ ပါဝင်နေပေ၏။
"ဒီလောကမှာ တကယ်ပဲ နဂါးအကြေးခွံဆိုတာ ရှိနေတာလား... ဘုရားရေ... ဒီဓားက ဧကရာဇ်လက်နက်တစ်ခု ဖြစ်လာနိုင်တဲ့ အလားအလာ ရှိတယ်"
သူက သေချာပေါက် ပြောဆိုလိုက်သည်။
"ဒါပေမဲ့ နှမြောစရာကောင်းတာက... ဒီဓားမှာ ဝိညာဉ် မရှိဘူး... ဓားတစ်လက်ကို ဖာထေးထားတာနဲ့ ပိုတူပြီး ပါဝင်ပစ္စည်းရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ဖို့ ခက်ခဲတယ်"
"တကယ်လို့ ထိပ်တန်း လက်နက်သန့်စင်သူ တစ်ယောက်သာ လုပ်ဆောင်ပေးမယ်ဆိုရင် ဒီဓားရဲ့ အဆင့်ကို ပိုမြင့်တဲ့အဆင့်အထိ မြှင့်တင်နိုင်ကောင်း မြှင့်တင်နိုင်လိမ့်မယ်”
ဤနဂါးအကြေးခွံဓားကို ဖန်တီးခဲ့သူသည် မဆိုးလှချေ။
သူသည် စုန့်ရီထျန်းထက် ပိုမို အားကောင်းသော်လည်း မည်မျှပင် အင်အားကြီးမားစေကာမူ နဂါးအကြေးခွံကို ထိန်းချုပ်ကာ အစွမ်းထက်သော အထွတ်အမြတ်ရတနာတစ်ခုအဖြစ် မွမ်းမံဖန်တီးရန်မှာ အလွန်ခက်ခဲလှပေသည်။
နဂါးအကြေးခွံ၏ စွမ်းအားကိုသာ အသုံးချ၍ ဤဓားကို သူတော်စင်အဆင့်ကို မတက်လှမ်းနိုင်ခဲ့ပေ။
"တကယ်လို့ ဓားဝိညာဉ်သာ ရှိမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ဒီဓားက ပြောင်းလဲသွားပြီး အဆင့်တက်သွားနိုင်တယ်..."
လီမိုက ဘေးမှနေ၍ သတိပေးလိုက်၏။
ဤသည်မှာ သူ ဓားတစ်သောင်းစံအိမ်သို့ လာရောက်ရခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်ပြီး ဓားဝိညာဉ်ကို ရယူရန်ပင် ဖြစ်သည်။
သို့သော် နှမြောစရာကောင်းသည်မှာ ယခုအခါတွင် သူသည် အရာအားလုံးကို ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်။
"ကောင်းပြီ... ဒါဆိုရင်လည်း ဒီဓားကို ငါ လက်ခံလိုက်မယ်..."
ချင်လော့က တွန့်ဆုတ်မနေဘဲ နဂါးအကြေးခွံဓားကို လူသားဧကရာဇ်အလံအတွင်းသို့ သိမ်းဆည်းလိုက်သည်။
လူသားဧကရာဇ်အလံတော်အတွင်းမှ ရှီးဟွမ်၏ အသံ ထွက်ပေါ်လာခဲ့သည်။
"အရင်တုန်းက ချူဖုန်းရဲ့ လက်ထဲမှာ ရှိနေခဲ့တဲ့ ဓားက အခု နည်းနည်း ထူးဆန်းနေသလိုပဲ"
"ဘာကို ဆိုလိုတာလဲ"
ချင်လော့က လက်ဝှေ့ယမ်းကာ လူသားဧကရာဇ်အလံကို ထုတ်ယူလိုက်ပြီး အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
လူသားဧကရာဇ်အလံ၏ အနက်ရှိုင်းဆုံး အပိုင်းတွင် သူတော်စင်အဆင့် ဝိညာဉ် အများအပြားသည် ရှီးဟွမ်၏ အမိန့်အောက်တွင် အားကောင်းသော အငွေ့အသက်များဖြင့် ယခင်က ချူဖုန်း ရရှိခဲ့သော သွေးဓားကို ဖိနှိပ်ထားကြသည်။
သွေးဓားသည် ပြင်းထန်စွာ တုန်ခါနေပြီး အတွင်း၌ ချိတ်ပိတ်ထားသော အရာတစ်ခုက အပြင်သို့ ထွက်လာတော့မည့်အလားပင်။
"ဒီဓားက ဓားတစ်လက်တည်း မဟုတ်ဘဲ ဓားအတော်များများ ပေါင်းစပ်ထားတာ ဖြစ်နိုင်တယ်"
ရှီးဟွမ်၏ စကားအဆုံးတွင် သူမက လက်ဝှေ့ယမ်းလိုက်ရာ သွေးဓားသည် အပိုင်းပိုင်း ကွဲထွက်သွားပြီး သွေးရောင်ဓားများ အဖြစ် ပြောင်းလဲသွားခဲ့သည်။
ဓားငယ်လေးတိုင်းသည် တုန်ရီနေကြပေ၏။
အတွင်းမှ မှေးမှိန်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ငါ့ကို အပြင်ထုတ်ပေး… ငါ့ကို အပြင်ထုတ်ပေးစမ်း"
"ငါ အပြင်ကို ထွက်လာနိုင်ရင် မင်းတို့ရဲ့ ဝိညာဉ်တွေကို တွင်းထဲမှာ သေချာပေါက် ဖိနှိပ်ထားမယ်... နှစ်တစ်သောင်း... နှစ်တစ်သောင်းဖိနှိပ်ထားမယ်"
စုစုပေါင်း ဓားရှစ်လက်ဖြစ်ပြီး ပေါင်းစပ်ပြီးနောက် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားနိုင်သော်လည်း အလယ်ဗဟိုမှ အပိုင်းသာ ပျောက်ဆုံးနေပေသည်။
"ဓားကိုးလက်... ဓားတစ်လက်စီက သီးသန့် ချိတ်ပိတ်ထားတာလား"
"မဟုတ်ဘူး... အစွန်းရောက်နတ်ဆိုး တစ်ကောင်ကို ချုပ်နှောင်ထားတယ်လို့ ပြောရမယ်"
ရှီးဟွမ်က ဘေးမှနေ၍ ပြောဆိုလိုက်၏။
နောက်ဆုံးတွင် ချင်လော့သည် ချူဖုန်း၏ ခန္ဓာကိုယ်ပေါ်ရှိ အစွန်းရောက်နတ်ဆိုး၏ အရင်းအမြစ်ကို သိရှိသွားခဲ့ပြီ ဖြစ်သည်။
ဓားထဲတွင် ချုပ်နှောင်ခံထားရသော အစွန်းရောက်နတ်ဆိုးပင် ဖြစ်ပေသည်။
"ဒါက ဓားတစ်လက် မဟုတ်ဘူး... ဒါကို ဓားအကျဉ်းထောင်လို့ ခေါ်နိုင်တယ်... ဒီအစွန်းရောက်နတ်ဆိုးတွေကို ချုပ်နှောင်ထားတဲ့ အကျဉ်းထောင်ပဲ"
ရှီးဟွမ်က ဘေးမှနေ၍ ပြောဆိုလိုက်သည်။
"တကယ်လို့ ဒီအစွန်းရောက်နတ်ဆိုးတွေ အားလုံးကို သန့်စင်နိုင်မယ်ဆိုရင် ဓားက စစ်မှန်တဲ့ နတ်ဓားတစ်လက် ဖြစ်လာနိုင်တယ်"
"အရေးအကြီးဆုံး ဗဟိုချက် ပျောက်ဆုံးနေတာ နှမြောစရာပဲ"
ရှီးဟွမ်က နောင်တရစွာဖြင့် ပြောဆိုလိုက်၏။
"အရေးအကြီးဆုံး ဗဟိုချက်က ချူဖုန်းဆီမှာ ရှိနေပြီး အခု ဓားကိုလည်း တူးဖော်ပြီးပြီ"
"အရင်ဆုံး ချူဖုန်းကို ရှာရမယ်"
"စစ်မာဟောက်ကို ဒီလာခိုင်းလိုက်"
မကြာမီ စစ်မာဟောက်သည် ချင်လော့၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
"ဒီငယ်သား အရှင်မင်းသားကို ဂါရဝပြုပါတယ်"
"မင်းကို တာဝန်တစ်ခု ပေးမယ်... ချူဖုန်းရဲ့ ခြေရာအားလုံးကို စုံစမ်းစစ်ဆေးပါ... အခု သူ ဘယ်ရောက်နေလဲ၊ ဘယ်သူတွေနဲ့ အဆက်အသွယ် ရှိလဲဆိုတာ ငါ သိချင်တယ်"
"အမြန်ဆုံး လုပ်ပါ"
"ဟုတ်ကဲ့ပါ... ဒီငယ်သား လုပ်ဆောင်လိုက်ပါ့မယ်"
"ကျန်တဲ့သူတွေ... ငါနဲ့အတူ ယွင်ရှန်းမြို့ကို လိုက်ခဲ့... ရှောင်မိသားစုက ကောင်မလေး... မင်းရဲ့ မိသားစုကို အရင် ဖျက်ဆီးပစ်ရအောင်"
ရှောင်မိသားစု၏ ကလေးများအားလုံးသည် မကြာသေးမီက အလွန် ဒေါသထွက်နေကြပြီး လက်စားချေလိုကြသည်။
မိသားစုမှ အကြီးအကဲများသည်လည်း အထူး လမ်းကြောင်းများမှတစ်ဆင့် ရှောင်ယာကို ဆက်သွယ်ခဲ့ကြပြီး မိသားစုဝင် တပည့်အနည်းငယ်ကို ရွှမ်ထျန်းတာအိုဂိုဏ်းသို့ သွားရောက်လေ့ကျင့်ခွင့် ပြုရန် တောင်းဆိုခဲ့ကြသည်။
ရှောင်ယာက သဘောတူခဲ့ပြီး ရွှမ်ထျန်းတာအိုဂိုဏ်းမှ လူအနည်းငယ်ကို သူတို့ထံ ကိုယ်တိုင် လာရောက် ခေါ်ဆောင်စေခဲ့သည်။
ရှောင်မိသားစုက အမြင့်ဆုံး အဆင့်အတန်းဖြင့် ကြိုဆိုခဲ့ကြပြီး ရှောင်မိသားစု၏ အထက်တန်းအဆင့် ခေါင်းဆောင်များ အားလုံး ထွက်ပေါ်လာကာ ယွင်ရှန်းမြို့ ဂိတ်တံခါးဝတွင် ရွှမ်ထျန်းတာအိုဂိုဏ်းမှ လူစုကို ကြိုဆိုခဲ့ကြသည်။
"အကြီးအကဲချီ... အဲ့ဒီ ချင်လော့က ငါတို့ ရှောင်မိသားစုကို ဒုက္ခပေးမှာ မဟုတ်ဘူးမလား”
ရှောင်မိသားစု၏ ခေါင်းဆောင်ဖြစ်သူ ရှောင်ကျွင်းဟယ်က သတိထားကာ မေးမြန်းလိုက်၏။
တန်ဆေးဂိုဏ်း ပျက်စီးသွားသည့် သတင်း ရောက်ရှိလာခဲ့သော်လည်း ဓားတစ်သောင်းစံအိမ် ပျက်စီးသွားသည့် သတင်းကို သူတို့ မရရှိကြသေးပေ။
သို့သော် ဤသည်ကပင် သူတို့ကို ထိတ်လန့်တုန်လှုပ်သွားစေရန် လုံလောက်နေပြီ ဖြစ်သည်။
ရွှမ်ထျန်းတာအိုဂိုဏ်းမှ ချီချန်က အနည်းငယ် ပြုံးလိုက်သည်။
"ရွှမ်ထျန်းတာအိုဂိုဏ်းက မင်းတို့ ရှောင်မိသားစုရဲ့ နောက်ခံအဖြစ် ရှိနေမှတော့ အဲ့ဒီ ချင်လော့က မင်းတို့ကို ဘယ်လိုလုပ် ရန်စရဲမှာလဲ"
"ဒီနေရာက တောင်တန်းတစ်သောင်းနယ်မြေပဲ... အရင်တုန်းက ငါတို့ ရွှမ်ထျန်းတာအိုဂိုဏ်းက မဟာချင်အင်ပါယာကို မျက်နှာသာ ပေးခဲ့တယ်... တကယ်လို့ သူတို့က အခြေအနေကို နားမလည်ဘဲ ရှောင်မိသားစုကို လှုပ်ရှားလာမယ်ဆိုရင် ငါတို့ ရွှမ်ထျန်းတာအိုဂိုဏ်းကို ရန်စတာပဲ”
ဤစကားကို ကြားချိန်၌ ရှောင်ကျွင်းဟယ်၏ အမူအရာသည် များစွာ ပြေလျော့သွားခဲ့သည်။
သူတို့ မြို့တံခါးအတွင်းသို့ ဝင်ရောက်သွားချိန်၌ ချီချန်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် အဝေးမှ အားကောင်းပြီး ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များနှင့်အတူ အော်ဟစ်သံတစ်သံကို ကြားလိုက်ရပေ၏။
"ယွင်ရှန်းမြို့က ရှောင်မိသားစုဟာ သွေးလမင်းမြတ်နယ်မြေနဲ့ ပူးပေါင်းပြီး ဝူယွမ်စစ်သူကြီးစံအိမ် တစ်ခုလုံးကို သတ်ဖြတ်ခဲ့တယ်…နတ်လက်နက်တောင်ကြားကလည်း မဟာချင်အင်ပါယာရဲ့ မင်းသားကို လုပ်ကြံဖို့ ကြိုးစားခဲ့ပြီး သူခိုးတွေနဲ့ ပူးပေါင်းပြီး မဟာချင်အင်ပါယာကို ဖြုတ်ချဖို့တောင် ကြံစည်ခဲ့တယ်"
"ဒီနေ့ကစပြီး ယွင်ရှန်းမြို့ ရှောင်မိသားစု တစ်မျိုးလုံးကို သုတ်သင်မယ်…ဆွေမျိုးကိုးဆက်တိုင် ဖျက်ဆီးပစ်မယ်"
"ဘယ်သူပဲဖြစ်ဖြစ် ဝင်တားရင် ကြံရာပါလို့ သတ်မှတ်ပြီး တစ်ခါတည်း အပြစ်ပေးခံရမယ်"