← Chapters

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း(၁၆၁) အိပ်မက်လောက၌ နိုးထလာခြင်း

သူ အိပ်ငိုက်နေစဉ်မှာပင် ၊ ပုံပြင်စာအုပ်သည် လက်ထဲမှ လွတ်ကျသွား၏။ ထိုစဉ် အခန်း၏ အမိုးပေါ်၌ အရိပ်မည်းတစ်ခုသည် ကြွေကျလာသော အရွက်တစ်ရွက်လို တိတ်ဆိတ်စွာ ပေါ်ထွက်လာသည်။

လာသူမှာ "အရိပ်မဲ့မျှော်စင်" မှ ထိပ်တန်းလူသတ်သမား "ညဇီးကွက်" ဖြစ်ပြီး ၊ သူ၏ကျင့်ကြံဆင့်မှာ ရွှေမြုတေနှောင်းပိုင်းအဆင့် ဖြစ်ကာ အသွင်ပြောင်းလဲရာတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

သူသည် အလုံပိတ်ထားသော အခန်းကို ကြည့်ကာ အထင်သေးစွာ ပြုံးရယ်လိုက်သည်။ ဤမျှ အားနည်းသော ကာကွယ်မှုသည် သူ၏အလုပ်အကိုင်ကို စော်ကားလိုက်ခြင်းပင်။

သူ၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ လှုပ်ရှားသွားပြီး မီးခိုးငွေ့များလိုပင် အစောင့်များကို ရှောင်ကွင်းကာ ပြတင်းပေါက်ဘေးသို့ ရောက်ရှိလာခဲ့သည်။

သူသည် တံခါးသော့ကို ဖျက်ဆီးရန် မရွေးချယ်ခဲ့ပေ။ အကြောင်းမှာ အသံကျယ်လွန်းသည်။ သူသည် အလုံပိတ်ထားသော ပြတင်းပေါက်ကို ရွေးချယ်ပြီး ခါးကြားမှ ဓားမြှောင်ကို ထုတ်ကာ သစ်သားပြားကြားထဲသို့ ထိုးထည့်လိုက်သည်။

သူသည် ဓားမြှောင်ကို သစ်သားပြားထဲသို့ ထိုးထည့်ပြီးသည်နှင့် စိတ်စွမ်းအားအနည်းငယ်ကို ထုတ်လွှတ်လိုက်သည်။

"အမ်..”

၎င်းသည် အထဲသို့ ဝင်ရောက်မသွားချေ။

ညဇီးကွက်မှာ ကြောင်အမ်းသွားသည်။ သူ၏ ဓားမြှောင်သည် သုံးပေထူသော သံပြားများကိုပင် အလွယ်တကူ ဖြတ်တောက်နိုင်သော်လည်း သစ်သားပြားကိုမူ မထိုးဖောက်နိုင်ခဲ့ချေ ။သူသည် မှိန်ပျပျ လရောင်အောက်တွင် သေချာကြည့်လိုက်ရာ နှုတ်ခမ်းများပင် တုန်ယင်သွားသည်။

ပြတင်းပေါက်ရှိ သစ်သားပြားများမှာ တစ်ထပ်တည်း မဟုတ်ဘဲ အထဲ သုံးထပ်၊ အပြင် သုံးထပ် တစ်ခုနှငိ့တစ်ခု ကပ်ထားလေရာ ၊ သံချောင်းများမှာလည်း ကောက်ကောက်ကွေးကွေး ရှုပ်ထွေးစွာ ရိုက်နှိပ်ထားပြီး စနစ်မကျသော်လည်း အလွန်ခိုင်ခံ့နေသည်။

ဤသည်မှာ ပြတင်းပေါက်ကို ပိတ်ထားခြင်း မဟုတ်ဘဲ နံရံတစ်ခုက်ို ဆောက်ထားသည်နှင့် တူသည်။

ညဇီးကွက်သည် မယုံကြည်နိုင်စွာဖြင့် ပိုအားထည့်ကြည့်လိုက်သည်။

“တောက် တောက်”

တိတ်ဆိတ်သော ညတွင် သွားကြိတ်သံများ တတောက်သောက် ထွက်ပေါ်လာသည်။

ညဇီးကွက်၏စိတ်ထဲတွင် လန့်ဖျပ်သွားပြီး ချက်ချင်း ရပ်လိုက်သည်။ သို့သော် နောက်ကျသွားလေပြီ။

"ဘာအသံလဲ"

အနီးအနားမှ ကင်းလှည့်နေသော အစောင့်များသည် သတိရှိစွာဖြင့် နားစွင့်လိုက်ကြသည်။

"အိမ်ရှေ့စံရဲ့ အိပ်ဆောင်ဘက်က အသံထွက်လာတာ မဟုတ်လား"

"လာ သွားကြည့်ကြစို့”

ညဇီးကွက် တစ်ယောက် အခြေအနေမကောင်းမှန်း သိ၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော် သူလှည့်လိုက်သည့်အချိန်တွင် ခြေထောက်အောက်မှ အရာတစ်ခုကို နင်းမိလိုက်ရာ "ခလွမ်" ဆိုသော အသံတစ်ချက် ထွက်ပေါ်သွားလေ၏။ ၎င်းမှာ နန်းတွင်းအစေခံ မိန်းမပျိုလေးမှ ကျကျန်ခဲ့သည် ဖန်ပုလဲလုံးတစ်လုံး ဖြစ်ပုံရသည်။

ညဇီးကွက်တစ်ယောက် ခြေချော်သွားကာ ခန္ဓာကိုယ်ကို ထိန်းရန်အတွက် နံရံကို လက်ဖြင့် အားပြုလိုက်သည်။

"ဘုန်း”

သူ၏ လက်သည် ပြတင်းပေါက်ပေါ်ရှိ သစ်သားပြားပေါ်သို့ ထောက်မိသွားပြီး ပို၍ပင် ကျယ်လောင်သောအသံကို ထွက်ပေါ်စေခဲ့သည်။

"လုပ်ကြံသူရှိတယ်”

ဤတစ်ကြိမ်တွင် အရှေ့နန်းဆောင်တစ်ခုလုံး တုန်လှုပ်သွားသည်။ မီးတုတ်များ ထိန်ထိန်လင်းလာပြီး တော်ဝင်အစောင့်များသည် အရပ်မျက်နှာပေါင်းစုံမှ ဝိုင်းရံလာကြသည်။

ညဇီးကွက်၏ မျက်နှာမှာ မဲမှောင်သွားသည်။ သူ၏ လုပ်သက်(၁၀) နှစ်အတောအတွင်း ဤမျှလောက် အရှက်မရခဲ့ဖူးချေ။ သူသည် မိမိကိုယ်ကို ဖော်ထုတ်လိုက်ပြီဖြစ်ကြောင်း သိလိုက်သည်နှင့် မနှောင့်နှေးတော့ဘဲ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော် သူ့ကို စောင့်ကြိုနေသည်မှာ ပိုက်ကွန်ကြီးတစ်ခုနှင့် ချင်ချန်း၏ အေးစက်သော မျက်နှာပင် ဖြစ်သည်။

နာရီဝက်ခန့်အကြာ တော်ဝင်ထောင်ထဲတွင်။

ချင်ချန်းသည် နှိပ်စက်ခံထားရသဖြင့် သွေးများဖြင့် ပေကျံနေသော လုပ်ကြံသူကို ကြည့်လိုက်သည်။ လုပ်ကြံသူမှာ သွေးများဖြင့် ပြည့်နှက်နေသော်လည်း စကားတစ်ခွန်းမျှ မဟချေ။

" ခေါင်းမာတဲ့လူပဲ”

သူသည် ဘေးရှိ စားပွဲဆီသို့ လျှောက်သွားကာ လုပ်ကြံသူထံမှ ရှာဖွေတွေ့ရှိသော အရာကို ကောက်ကိုင်လိုက်သည်။ ထိုအရာမှာ ကျားရုပ် ထွင်းထုထားသော သံတံဆိပ်ပြားတစ်ခု ဖြစ်သည်။

သူသည် သံတံဆိပ်ပြားကို လူသတ်သမား၏ ရှေ့တွင် ပစ်ချလိုက်သည်။

"ပြောစမ်း ၊ မင်းသား(၅) ရှောင်ယန်က မင်းကို ဘာပေးလိုက်တာလဲ"

လုပ်ကြံသူသည် ရုတ်တရက် ခေါင်းမော့လာပြီး အံ့အားသင့်နေသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။

ဤတံဆိပ်ပြားသည် မင်းသား(၃) မှ သူ့ကို ပေးထားခြင်းဖြစ်သည်။ အဘယ်ကြောင့် မင်းသား(၅)၏ပစ္စည်း ဖြစ်သွားရသနည်း။

ထိုအချိန်တွင် အလုံပိတ်ထားသော အိပ်ဆောင်အတွင်း၌။

အပြင်ဘက်မှ ဆူညံသံများကို ထုူထဲသော သစ်သားပြားများက ကောင်းစွာ တားဆီးထားသည်။ ရှောင်ရှန်းသည် အိပ်မက်ထဲတွင် အရသာရှိရှိ အိပ်ပျော်နေလေ၏။

သူသည် အပြင်ဘက်တွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များကို လုံးဝ မသိရှိသလို သူကိုယ်တိုင် အသက်ခံရမည့် အကြောင်းကိုလည်း မသိချေ။

သူ၏ အိပ်မက်ထဲတွင် "အိမ်မက်မဟာကျမ်း " မှာ လျို့ဝှက်ဆန်းကြယ်သော စည်းချက်ဖြင့် လည်ပတ်နေသည်။ အိပ်မက်မဟာကျမ်း၏ လွှမ်းမိုးမှုအောက်တွင် သူ၏ အိပ်ပျော်နေသော စိတ်ဝိညာဉ်မှာ ပိုမိုပေါ့ပါးပြီး ပိုမိုခိုင်မာလာသည်။

ဖြည်းဖြည်းချင်းပင် ရွှေရောင်ဖျော့ဖျော့ ပုံရိပ်တစ်ခုသည် သူ၏ နဖူးအလယ်မှ ထွက်ပေါ်လာသည်။ ထိုပုံရိပ်မှာ သူ့ပုံစံနှင့် ဆင်တူကာ ၊ မျက်လုံးများ မှိတ်ထားပြီး အေးချမ်းနေဟန်ရသည်။

သူသည် မည်သည့် အတားအဆီးနှင့်မျှ မကြုံတွေ့ရဘဲ သစ်သားပြားများကို အလွယ်တကူ ထိုးဖောက်ဝင်ရောက်ကာ အမိုးကို ဖြတ်ကျော်လျက် အရှေ့နန်းဆောင်၏ ကောင်းကင်ယံတွင် ပျံသန်းလျက်ရှိသည်။

သူသည် တစ်စုံတစ်ခုကို ရှာဖွေနေပုံရပြီး ပတ်ပတ်လည်ကို ကြည့်ရှုလိုက်သည်။ ခဏအကြာတွင် တစ်စုံတစ်ခု၏ လမ်းညွှန်မှုဖြင့် ဦးတည်ရာကို ပြောင်းလိုက်ပြီး နန်းတော်၏ အနက်ရှိုင်းဆုံး၊ အတားအဆီးအများဆုံးနေရာသို့ ဖြည်းညှင်းစွာ ပျံသန်းသွားခဲ့သည်။

ရှောင်ရှန်း၏ မျက်ခုံးကြားမှ ထွက်ပေါ်လာသော ထိုဝိညာဉ်အရိပ်သည် ပေါ့ပါးနူးညံ့ပြီး အလေးချိန် မရှိသလောက်ပင်။

သူ၏လက်ရှိ "ခံစားချက်" အရဆိုလျှင် ၊ သူသည် ထိုသက်သောင့်သက်သာရှိသော ကုလားထိုင်ပေါ်မှ ထွက်ခွာသွားခြင်း မရှိသေးပေ။

All Chapters