အခန်း ၁၆၂
Vol. 17 Ch. 162
အခန်း(၁၆၂)
သို့သော် ကမ္ဘာကြီး တစ်ခုလုံးသည် ရုတ်တရက် နွေးထွေးသော ရေကြည်အိုင်တစ်ခုအလား ခံစားရပြီး ၊ သူသည် ထိုရေထဲတွင် မျောပါနေသော သစ်ရွက်တစ်ရွက်ပမာ နူးညံ့ပြီး ငြင်းဆန်၍မရသော ရေစီးကြောင်းအတိုင်း ဖြည်းညင်းစွာ မျောပါသွားဟန်ရသည်။
ဤခံစားချက်မှာ အလွန်ပင် သက်သောင့်သက်သာ ရှိလှသည်။
၎င်းသည် ကောင်းကင်တောင်မှ နှင်းပိုးချည်ဖြင့် ရက်လုပ်ထားသော စောင်ထဲတွင် လှဲလျောင်းနေရသည်ထက်ပင် ပိုမိုနှစ်သက်ဖွယ်ကောင်းပြီး ၊ စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ ဆင်းသက်လာသော ပေါ့ပါးမှုနှင့် လွတ်လပ်မှုမျိုးဖြစ်သည်။
ရှောင်ရှန်း၏ အသိစိတ် သို့မဟုတ် ဤစိတ်ဝိညာဉ် အပိုင်းအစလေးသည် "ငါ ဘာလုပ်နေတာလဲ" ဟူသော အတွေးပင် မရှိတော့ဘဲ၊ သူ၏ "အိပ်မက်ခရီးစဉ်" ကိုသာ အေးဆေးစွာ ခံစားနေမိသည်။
ခိုင်ခံ့သော နန်းတော်တံတိုင်းများနှင့် ထူထဲသော နန်းဆောင်တံခါးများသည် သူ၏ရှေ့တွင် ပါးလွှာသော ကုလားကာများလိုပင် ဖြစ်နေပြီး မည်သည့်အတားအဆီးမျှမရှိဘဲ ဖြတ်ကျော်သွားနိုင်သည်။ သူသည် ကင်းလှည့်နေသော အစောင့်တပ်သားများကို "ဖြတ်" လျှောက်သွားသော်လည်း တပ်သားများမှာမူ မသိလိုက်ကြပေ။
ကျောက်တောင်များနှင့် ရေကန်များကို "ဖြတ်" ကျော်သွားသော်လည်း ရေပြင်တွင် လှိုင်းထသွားခြင်း မရှိပေ။ နန်းတော်တစ်ခုလုံး၏ ရှုခင်းများသည် သူ၏ "မျက်လုံး" ထဲတွင် လျင်မြန်စွာ ရွေ့လျားနေသော်လည်း တည်ငြိမ်နေသယောင် ရှိနေသည်။
မကြာမီပင် ထိုဆွဲငင်အားသည် သူ့ကို ဆက်လက် မပျံသန်းစေတော့ဘဲ အောက်သို့ ဖြည်းညင်းစွာ ကျရောက်စေခဲ့သည်။
အေးစက်နေသော ကြမ်းခင်းများကို ဖြတ်ကျော်၍ ထူထဲသော မြေသားများကို ဖြတ်သန်းကာ ၊ ရှုပ်ထွေးလှသော မြေအောက်ရေမြောင်းများကို ဖြတ်ကျော်လာခဲ့သည်။
ကမ္ဘာလောက၏ အလင်းရောင်နှင့် အရိပ်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး စစ်မှန်သော အမှောင်ထုထဲသို့ ရောက်ရှိသွားသည်။
သို့သော် ဤအမှောင်ထုသည် ကြောက်မက်ဖွယ်ကောင်းခြင်းမရှိဘဲ မိခင်၏ဝမ်းဗိုက်ထဲသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းလှပေသည်။
မည်မျှကြာအောင် နစ်မြုပ်သွားသည်ကို မသိလိုက်ပေ။ တစ်ခဏမျှ ဖြစ်နိုင်သလို၊ ထောင်စုနှစ်တစ်ခု ကြာမြင့်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
ထိုအလွန်နက်ရှိုင်းသော အမှောင်ထုထဲတွင် ရွှေရောင်အလင်းစက်တစ်ခု ရုတ်တရက် ထွန်းလင်းတောက်ပလာသည်။
ဆက်လက်၍ ဒုတိယအလင်းစက်၊ တတိယအလင်းစက် နောက်ပိုင်းတွင် ရွှေရောင်အလင်းစက်ပေါင်း ထောင်သောင်းမက စုဝေးရောက်ရှိလာပြီး အမှောင်ထုကို ဖယ်ရှားကာ စကားလုံးဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားခမ်းနားလှသော မြေအောက်နေရာတစ်ခုကို လင်းထိန်သွားစေခဲ့သည်။
ရှောင်ရှန်း၏ ဝိညာဉ်သည် ထိုနေရာတွင် ရပ်တန့်နေပြီး သူ၏မျက်စိရှေ့တွင် မြင်တွေ့နေရသည်များကို နားမလည်နိုင်စွာဖြင့် "ကြည့်"နေမိသည်။
၎င်းမှာ နဂါးတစ်ကောင်ပင် ဖြစ်သည်။
ခန့်မှန်း၍မရနိုင်လောက်အောင် ကြီးမားပြီး အစစ်မှန်ဆုံး၊ အတောက်ပဆုံးသော ရွှေရောင်အလင်းတန်းများဖြင့်သာ ဖွဲ့စည်းထားသော နဂါးမင်းကြီးတစ်ကောင်ပင် ဖြစ်သည်။
၎င်းသည် မြို့တော်တစ်ခုလုံး၏ အောက်ခြေတွင် ခွေယှက်နေသည်။ နဂါးခေါင်းသည် နန်းတော်ကို ခေါင်းအုံးသဖွယ် မှီတွယ်ထားပြီး နဂါးအမြီးသည် မြို့ရိုးအပြင်ဘက်အထိ ရှည်ထွက်နေသည်။
နဂါးအကြေးခွံတစ်ခုစီတိုင်းသည် တိုင်းပြည်၏ ကံကြမ္မာ နှင့် ဝိညာဉ်စွမ်းအင်တို့ဖြင့် စုစည်းထားသည့်အလား ထင်ရပြီး၊ သူ အသက်ရှူလိုက်တိုင်း မြေအောက်ရေကြောများ၏ စွမ်းအင်များသည်ပင် လှိုင်းထန်သွားရသည်။
ထိုနဂါးမင်း၏ တန်ခိုးအာဏာသည် နေ့ခင်းဘက်ကောင်းကင်တွင် တောက်ပနေသော နေမင်းကြီးထက်ပင် ပို၍ တောက်ပပြီး ကောင်းကင်ယံထက်မှ လျှပ်စီးမိုးကြိုးများထက်ပင် အံ့မခန်းဖွယ်ရာကောင်းလှသည်။
ဤသည်မှာ သာရှမင်းဆက်၏ နဂါးသွေးကြောပင် ဖြစ်သည်။
( မြန်မာနိုင်ငံမှာလည်း နဂါးသွေးကြောရှိတယ် ၊ ကိုယ်ကြားဖူးသလောက် တိုင်းပြည်ကိုခေါင်းမထူနိုင်အောင် နိုင်ငံတစ်ခုက မြန်မာနိုင်ငံရဲ့ နဂါးသွေးကြောကို အရင်ကတည်းက တွက်ချက်ပြီး ပိတ်ဆို့ထားတယ်လို့ပြောကြတယ် ၊ မြန်မာနိုင်ငံရဲ့ အချို့ပညာရှင်တွေက နဂါးသွေးကြောနဲ့ ပတ်သတ်ပြီးဖော်ပြထားပေမယ့် အရေးတယူတော့ မရှိခဲ့ဘူးထင်တယ်)
ဤကဲ့သို့ အိမ်မက်ထဲတွင် လွင့်မျောနေသည့် အခြေအနေမျိုးမှာတောင် ရှောင်ရှန်း၏ စိတ်နှလုံးသားမှာ ဤမြင်ကွင်းကြောင့် ပြင်းထန်စွာ တုန်လှုပ်ခြောက်ခြားသွားရသည်။
သူ ဆယ်စုနှစ်တစ်ခုကြာ နေထိုင်ခဲ့သော နန်းတော်၏ အောက်ခြေတွင် ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်သွားစေနိုင်သော အရာတစ်ခုက အိပ်စက်နေလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။
သူသည် သိချင်စိတ်ကြောင့်၊ သို့မဟုတ် ရေစီးကြောင်းအတိုင်း လွင့်မျောလိုက်ပါရင်း ထိုရွှေရောင်နဂါးကြီးထံသို့ တိုးကပ်သွားခဲ့သည်။
အနီးကပ်ရောက်မှသာ ထိုနဂါးကြီး၏ အခြေအနေမှာ ပုံမှန်မဟုတ်ဘဲ အလွန်ဆိုးရွားနေသည်ကို သူ သတိထားမိလိုက်သည်။
နဂါးကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများသည် တောက်ပနေသော်လည်း၊ မီးကုန်ခါနီး ကြယ်တာရာတစ်စင်းကဲ့သို့ပင် မှိန်ဖျော့ဖျော့နှင့် မတည်ငြိမ်မှုများ ဖြစိနေခဲ့သည်။
သူ့ကို ပို၍စိတ်အနှောင့်အယှက်ဖြစ်စေသည်မှာ နဂါး၏ တောက်ပသော ခန္ဓာကိုယ်ပေါ်တွင် မင်ကဲ့သို့ မည်းနက်သော အနက်ရောင်အငွေ့များ ရစ်ပတ်နေခြင်းပင် ဖြစ်သည်။
ထိုအနက်ရောင်အငွေ့များသည် အသက်ဝင်နေသကဲ့သို့ နဂါးသွေးကြောပေါ်တွင် တင်းကျပ်စွာ ကပ်တွယ်နေပြီး သူ၏ အလင်းရောင်ကို စားသုံးကာ စွမ်းအင်များကို စုပ်ယူနေသည်။ နဂါးကြီး၏ ကြီးမားသော ခန္ဓာကိုယ်ကြီးမှာလည်း အနည်းငယ် တုန်ယင်နေသည်။
၎င်းမှာ ဒေါသကြောင့် မဟုတ်ဘဲ နက်ရှိုင်းပြီး တိတ်ဆိတ်သော နာကျင်မှုကြောင့်သာ ဖြစ်သည်။ ပင့်ကူအိမ်တွင် ရစ်ပတ်ခံထားရသော သားရဲတစ်ကောင်ကဲ့သို့ပင် သူသည် မျှော်လင့်ချက်မဲ့စွာဖြင့် ဖြည်းဖြည်းချင်း ရုန်းကန်နေရသည်။
‘ဒီအရာက... နာမကျန်းဖြစ်နေတာလား’
ရှောင်ရှန်း၏စိတ်ထဲတွင် မရေမရာအတွေးတစ်ခု ဖြတ်ပြေးသွားသည်။ သူသည် ထိုအနက်ရောင်အငွေ့များ အထူထပ်ဆုံးနေရာဆီသို့ ရွေ့လျားလိုက်သည်။
မကြာမီမှာပင် သူသည် နဂါးသွေးကြော၏ အဓိကနေရာများဖြစ်သော နဂါး၏ ဦးခေါင်း၊ နှလုံးသား၊ ခြေသည်း စသည့်နေရာများတွင် ဝေဝါးနေသော လူရိပ်အချို့ကို မြင်လိုက်ရသည်။ သူတို့သည် ထိုနေရာတွင် တိတ်တဆိတ် စုရုံးနေကြသည်။
သူတို့ကို မူမမှန်သော အနက်ရောင်မြူခိုးများဖြင့် ဖုံးလွှမ်းထားသဖြင့် မျက်နှာကို ကောင်းစွာ မမြင်ရပေ။
သူတို့၏ ရင်ဘက်ထဲမှ ထူးဆန်းသော ပုံစံရှိပြီး နိမိတ်မကောင်းသော လက္ခဏာများကို ထုတ်လွှတ်နေသည့် အနက်ရောင်သံမှိုများကို ထုတ်ယူကာ နဂါးသွေးကြော၏ ခန္ဓာကိုယ်ထဲသို့ ဂရုတစိုက် ထိုုးသွင်းနေသည်ကို တွေ့လိုက်ရသည်။