အခန်း ၁၆၃
Vol. 17 Ch. 163
အခန်း(၁၆၃)
သံမှိုတစ်ခုစီ ဝင်သွားတိုင်း နဂါးသွေးကြောရှိ ရွှေရောင်အလင်းတန်းများသည် ပို၍မှေးမှိန်သွားပြီး နာကျင်သော တုန်ယင်မှုများသည်လည်း ပို၍ပင် ပြင်းထန်လာ၏။
‘သူတို့က... နဂါးသွေးကြောကို အဆိပ်ခတ်နေတာလား’
ရှောင်ရှန်း၏ ဝိညာဉ်သည် ခိုးကြောင်ခိုးဝှက် အလုပ်ရှုပ်နေကြသော ထိုလူရိပ်များကို ကြည့်ရှုနေသော အပြစ်ကင်းစင်သည့် ခရီးသွားတစ်ဦးသဖွယ် အနီးနားတွင် တိတ်ဆိတ်စွာဖြင့် ရှိနေသည်။
ထိုအချိန်မှာပင် နဂါးဦးခေါင်းနေရာ၌ ရှိနေသော လူရိပ်တစ်ခုသည် အလွန်အရေးပါသော အစီအရင်တစ်ခုကို တည်ဆောက်နေပုံရပြီး သူ၏ လှုပ်ရှားမှုသည် ရုတ်တရက် ရပ်တန့်သွားသည်။ သူသည် တစ်စုံတစ်ရာကို ရိပ်မိသွားပုံရပြီး ခေါင်းကို ရုတ်တရက် မော့လိုက်သည်။
ထို့နောက် အေးစက်ပြီး ဖျက်ဆီးတတ်သော အရှိန်အဝါများဖြင့် ပြည့်နှက်နေသော အကြည့်တစ်စုံသည် ဓားသွားများကဲ့သို့ပင် အာကာသကို ထိုးဖောက်ကာ ရှောင်ရှန်း၏ ဝိညာဉ်ရှိရာဆီသို့ တည့်တည့်မတ်မတ် ကျရောက်လာသည်။
အမြင်မရသော စိတ်စွမ်းအားတိုက်ခိုက်မှုသည် ချက်ချင်းဆိုသလို ရောက်ရှိလာသည်။
၎င်းသည် ရွှေမြုတေအဆင့်ရှိ ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေနိုင်ပြီး၊ နေရာမှာတင် စိတ်ဝိညာဉ် ပျက်သုဉ်းသွားစေနိုင်လောက်သည့်အထိ အသက်သေစေနိုင်သော တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။
သို့သော်လည်း ထိုတိုက်ခိုက်မှုသည် ရှောင်ရှန်း၏ ဝိညာဉ်ပေါ်သို့ ကျရောက်သွားချိန်တွင် တောင်ကုန်းတစ်ခုကို ဖြတ်ကျော်တိုက်ခတ်သွားသော လေပြေတစ်ချက်အလား၊ သို့မဟုတ် ဗလာနယ်ထဲသို့ ကျောက်ခဲတစ်ခု ပစ်ချလိုက်သလိုပင်။
သူ၏ ဝိညာဉ်သည် "အိပ်မက်မဟာကျမ်း"ကြောင့် ဖြစ်ပေါ်လာသည့် ‘ပေါ့လျော့သော’အခြေအနေတွင် ရှိနေသည်။
သူသည် တွေးတောခြင်း ၊ ဆန္ဒ ၊ လိုချင်တပ်မက်မှုကင်းမဲ့ပြီး လွတ်လပ်ပေါ့ပါးနေသဖြင့် တိုက်ခိုက်မည့် "အတ္တ" ဟူ၍ လုံးဝမရှိပေ။
တစ်ဖက်လူ၏ ပြင်းထန်သော စိတ်စွမ်းအားတိုက်ခိုက်မှုသည် အားပြုစရာ နေရာတစ်ခုမျှ မတွေ့ရှိခဲ့ရသဖြင့် ပစ်မှတ်ပျောက်ဆုံးသွားလေရာ အဆုံးတွင် ထိန်းမနိုင်သိမ်းမရ ဖြစ်ကာ သူ့ပိုင်ရှင်ဆီသို့ ပြန်လည်ရိုက်ခတ်သွားတော့သည်။
"အဟွတ်”
ထိုလူရိပ်သည် ပြင်းထန်စွာ ယိမ်းထိုးသွားသည်။ သူသည် ဒဏ်ရာအပြင်းအထန် ရရှိသွားဟန်ရပြီး၊ သူ၏ လည်ချောင်းထဲမှ အောင့်သက်သက် အသံတစ်ခု ထွက်ပေါ်လာသည်။
သူသည် ဘာမျှမရှိသည့် ပတ်ဝန်းကျင်ကို စိုးရိမ်တကြီးဖြင့် အံ့အားသင့်စွာ ကြည့်ရှုလိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် စိတ်ရှုပ်ထွေးမှုနှင့် ကြောက်ရွံ့မှုတို့ လွှမ်းခြုံနေ၏။
‘ခုနက ဘာဖြစ်သွားတာလဲ ၊ လူတစ်ယောက် ချောင်းကြည့်နေတာကို ငါ အသေအချာ ခံစားမိပါတယ်..ဘာလို့ တိုက်ခိုက်လိုက်ချိန်မှာ ဗလာနယ်ထဲကို ရောက်သွားသလိုဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ထိခိုက်မိရတာလဲ’
ဤရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲသည် တိတ်ဆိတ်ငြိမ်သက်နေသော အိပ်မက်လောကထဲသို့ ကျောက်ခဲတစ်ခု ပစ်ချလိုက်သကဲ့သို့ပင်။
ရှောင်ရှန်း၏ ဝိညာဉ်သည် ထိုစိတ်စွမ်းအား တိုက်ခိုက်မှု၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုကြောင့် တုန်လှုပ်သွားခဲ့သည်။ မမြင်မရသော လက်တစ်ဖက်က ဆွဲယူလိုက်သကဲ့သို့ သူသည် လာခဲ့စဉ်ကထက် အဆတစ်ရာပိုမိုမြန်ဆန်သော အရှိန်ဖြင့် မူလလမ်းကြောင်းအတိုင်း အရှိန်အဟုန်ဖြင့် ပြန်လည်ဆွဲငင်ခေါ်ခံလိုက်ရသည်။
"ဟူး——"
နန်းဆောင်အတွင်း ရှောင်ရှန်းတစ်ယောက် ကုလားထိုင်ပေါ်မှ ရုတ်တရက် ထထိုင်လိုက်သည်။ သူ၏ ရင်ဘတ်သည် ပြင်းပြင်းထန်ထန် တုန်ခါနေပြီး နဖူးတစ်ခုလုံးမှာလည်း ချွေးစေးများဖြင့် စိုရွှဲနေသည်။
နှလုံးသားတစ်ခုလုံး ပေါက်ကွဲထွက်မတတ် တဒိတ်ဒိတ် ခုန်လျက်ရှိနေသည်။
" ဘုရားရေ..."
သူသည် အသက်ပြင်းပြင်းရှူရှိုက်ရဂ်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ အခန်းထဲတွင် စိတ်အေးချမ်းစေသည့် မှောင်မိုက်မှုသာ ရှိနေပြီး တံခါးနှင့် ပြတင်းပေါက်များမှာလည်း တင်းကျပ်စွာ ပိတ်ထားဆဲဖြစ်ကာ ၊ စားပွဲပေါ်ရှိ စပျစ်သီးခြောက်များမှာလည်း ပန်းကန်ထဲတွင် ပုံမှန်အတိုင်းပင် ရှိနေသည်။
အရာအားလုံးသည် ပုံမှန်အတိုင်းပင်။
"ငါ... အိပ်မက်ဆိုး မက်နေတာလား"
သူသည် နဖူးပေါ်မှ ချွေးစေးများကို သုတ်ရင်း တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်မိသည်။
ထိုရွှေရောင်နဂါးကြီး ၊ အနက်ရောင် လူရိပ်များ နှင့် နောက်ဆုံးတွင် သူ၏ စိတ်နှလုံးကို တုန်လှုပ်သွားစေခဲ့သည့် ထိုခံစားချက်... အရာအားလုံးသည် အလွန်ပင် လက်တွေ့ဆန်လွန်းသည်။
"တောက် ငါ့ကိုသေအောင် ခြောက်လန့်လိုက်တာပဲ”
ရှောင်ရှန်း တစ်ယောက် ကိုယ့်ရင်ဘတ်ကို ဖွဖွလေး ပုတ်လိုက်ပြီး ကုလားထိုင်ပေါ်သို့ ပြန်လှဲချလိုက်သည်။
"ဒီအိပ်မက်ကလည်း ဆိုးဝါးလိုက်တာ၊ ငါ့ရဲ့ အိပ်စက်ခြင်းအတွေ့အကြုံကို အကြီးအကျယ် ထိခိုက်စေတယ် ၊ ဒီအိမ်မက် မကောင်းဘူးလို့ မှတ်ချက်ပေးရလိမ့်မယ်”
သူသည် ကိုယ်ဟန်အနေအထား ပြောင်းလဲလိုက်ပြီး သူ၏ “တံခါးပိတ်ကျင့်ကြံခြင်း” စီမံကိန်းကြီးကို ဆက်လက်လုပ်ဆောင်ရန် ပြင်ဆင်နေစဉ်မှာပင်၊ ထူထဲသော သစ်သားတံခါးနှင့် နံရံများကို ဖောက်ထွက်လာနိုင်သည့်အလား အသံတစ်ခုသည် နန်းဆောင်အပြင်ဘက်မှ ထွက်ပေါ်လာသည်။
ထိုအသံသည် စူးရှကာတည်ငြိမ်နေပြီး ငြင်းဆန်၍မရသည့် အာဏာကိုဆောင်ကျဉ်းထားသည်။
"ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်၊ ထီးနန်းဆက်ခံသူ အိမ်ရှေ့စံအနေဖြင့် အခုချက်ချင်း ယန်ရှင်းနန်းဆောင်သို့ လာရောက်ရန် အမိန့်ထုတ်ပြန်လိုက်သည်"
သူသည် ဧကရာဇ်မင်းအပါးတွင် အမှုထမ်းနေသော မိန်းမစိုးချုပ် လီသယ်ချွမ်ပင် ဖြစ်သည်။
စောနလေးကမှ တည်ငြိမ်သွားသော ရှောင်ရှန်း၏ နှလုံးသားသည် ချက်ချင်းဆိုသလို ပြန်လည် ခုန်ပေါက်လာပြန်သည်။
‘ယန်ရှင်းနန်းဆောင် ဟုတ်လား ၊ ဒီလောက်ညဉ့်နက်မှ အဲဒီကို သွားပြီး ဘာလုပ်ဖို့လဲ ပြီးတော့... ဒီအမိန့်ကလည်း အချိန်ကိုက်ထွက်လာတာပဲ....’
ရှောင်သယ်ဇီ နှင့် နန်းတွင်းငယ်သားနှစ်ယောက်တို့သည် ကြိုးစားပမ်းစား ဖြိုချခြင်း၊ ရိုက်ခွဲခြင်းတို့ ပြုလုပ်ပြီးမှသာ ရှောင်ရှန်း၏ ရာဇသံဖြစ်သော သံမှိုရိုက်ပိတ်ထားသည့် နန်းဆောင်တံခါးကို ခက်ခက်ခဲခဲ ဖွင့်နိုင်ခဲ့သည်။
ရှောင်ရှန်းတစ်ယောက် သမ်းဝေကာ ၊ အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးများကို ပွတ်သပ်ရင်း မိန်းမစိုးချုပ်နောက်သို့ မလွှဲမရှောင်သာ လိုက်ပါလာခဲ့ရတော့သည်။