အခန်း ၁၆၆
Vol. 17 Ch. 166
အခန်း(၁၆၆) - အားလုံးကို ဖွင့်ချလိုက်ပြီ
ဧကရာဇ်ရှောင်ယွမ်သည် နောက်သို့ပြန်လှည့်ကာ နဂါးပလ္လင်ဆီသို့ ပြန်လျှောက်သွားပြီး ပြန်ထိုင်လိုက်သည်။ တစ်လောကလုံးကို သူ၏ လက်ထဲတွင် ထိန်းချုပ်ထားသည့်ဟန်ဖြင့် ရှိနေသည်။
"လူတစ်ယောက်ကို သွားတွေ့လိုက်”
ဧကရာဇ် ရှောင်ယွမ်သည် အေးဆေးစွာ အမိန့်ပေးလိုက်သည်။
"အဲဒီလူနဲ့ တွေ့ပြီးရင်တော့ ဒီကိစ္စတွေအားလုံးမှာ ရွေးချယ်စရာ မရှိဘူးဆိုတာကို မင်း နားလည်လာလိမ့်မယ်”
မိန်းမစိုး လီသယ်ချွမ်သည် ရှောင်ရှန်းကို ယဉ်ကျေးစွာဖြင့်ပင် ယန်ရှင်းနန်းဆောင်မှ ခေါ်ထုတ်လာခဲ့သည်။
"မင်း ရွေးချယ်စရာ မရှိဘူး" ဟူသော စကားသည် သူ၏ နားထဲတွင် ကျိန်စာတစ်ခုလို ပဲ့တင်ထပ်နေဆဲပင်။ သူသည် လမ်းလျှောက်လာရင်း စိတ်ထဲတွင် ခမည်းတော်အပေါ် အပြင်းအထန် ကျိန်ဆဲနေမိသည်။
"မြေခွေးအိုကြီး ၊ ဒါကမှ မြေခွေးအိုကြီး အစစ်ပဲ"
“ အရင်က အသက်မျော့မျော့ပဲ ကျန်တော့သလို ဟန်ဆောင်ခဲ့တာ …ဒါတွေ အကုန်လုံးက လိမ်နေတာပဲ”
“ ဘာနဂါးစောင့်ရှောက်သူမျိုးနွယ်တုန်း ၊ ဘာနဂါးသွေးကြော ကံကြမ္မာတွေလဲ… မဟုတ်တဲ့ စကားလုံးတွေနဲ့ လှည့်စားပြီး ဒုက္ခခံမယ့်သူ ရှာနေတာပဲ မဟုတ်လား”
“ တစ်တိုင်းပြည်လုံးမှာ ဘဝကြီးကို အေးအေးဆေးဆေး နေချင်ပါတယ်ဆိုတဲ့ သူ့ကိုမှ ရွေးပြီး ဒုက္ခပေးရသလား”
ညသန်းခေါင်ယံ နန်းတွင်းလမ်းမများသည် တိတ်ဆိတ်လွန်းလှသည်။ ကင်းလှည့်နေသော တပ်သားများ၏ သံချပ်ကာဝတ်စုံ ပွတ်တိုက်သံနှင့် ညစောင့်များ၏ အချက်ပေးသံကိုသာ ကြားရသည်။
မိန်းမစိုး လီသယ်ချွမ်သည် သူ့ကို လမ်းကြောင်းပေါင်းစုံမှ ပတ်ခေါ်သွားခဲ့ပြီး၊ အရှေ့နန်းဆောင်သို့ မပြန်ခဲ့ချေ။ ယင်းအစား အေးချမ်းလှပသော တော်ဝင်ဥယျာဉ်တစ်ခုဖြစ်သည့် "လန်ယွဲ့ဥယျာဉ်" သို့ ရောက်ရှိလာခဲ့သည်။
ဥယျာဉ်ထဲရှိ လသာဆောင်များ နှင့် ရေကန်ပြင်တို့သည် လရောင်အောက်တွင် အလွန်ပင် တိတ်ဆိတ်ငြိမ်သက်နေသည်။
မိန်းမစိုး လီသယ်ချွမ်သည် သူ့အား ရေကန်ဘက် မျက်နှာမူထားသော အနွေးခန်းရှေ့သို့ ပို့ဆောင်ပေးပြီးနောက် ခေါင်းငုံ့၍ နှုတ်ဆက်ကာ ညအမှောင်ထုထဲတွင် ပျောက်ကွယ်သွားသည်။
"ဘာတွေ လုပ်နေပြန်တာလဲ"
ရှောင်ရှန်း တစ်ယောက် စိတ်မပါ့တပါနှင့် ရေရွတ်လိုက်သည်။
သူသည် အနည်းငယ် ဟထားသော တံခါးကို တွန်းဖွင့်လိုက်ရာ ဆေးနံ့သင်းသင်းနှင့် ရောယှက်နေသည့် ကန်ရေပြင်မှ တိုက်ခတ်လာသော လေပြေကို ခံစားလိုက်ရသည်။
အခန်းထဲတွင် မီးမထွန်းထားဘဲ လရောင်ကိုသာ အမှီပြုထားသည်။ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နှင့် လူရိပ်တစ်ခုသည် သူ့ကို ကျောပေးလျက် ပြတင်းပေါက်နားတွင် ရပ်နေကာ ကန်ရေပြင်ကို ငေးမောကြည့်နေသည်။ ထိုပုံစံ၊ ထိုအရိပ်မှာ မည်သို့ပင်ကြည့်ကြည့် ရင်းနှီးနေသည်။
"စူးသမားတော်လား"
ရှောင်ရှန်းသည် အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။
ထိုသူသည် ဖြည်းညင်းစွာ လှည့်ကြည့်လာသည်။
လရောင်အောက်တွင် ပေါ်လွင်နေသော သူမ၏ နူးညံ့လှပသော မျက်နှာသွင်ပြင်မှာ ဆေးခန်းတွင် အမြဲတမ်း နူးညံ့စွာ စကားပြောတတ်သည့် စူးဝမ်ချင်းမှလွဲ၍ အခြားသူမရှိပေ။
သို့သော် ယခုအချိန်တွင်မူ ဆေးခန်းထဲရှိ နူးညံ့သိမ်မွေ့သော အမျိုးသမီးသမားတော်နှင့် မတူဘဲ လုံးဝကွဲပြားခြားနားနေသည်။
သူမသည် ပုံမှန်အတိုင်း ဝတ်ဆင်လေ့ရှိသော ရိုးရှင်းသော အဝတ်အစားများ မဟုတ်ဘဲ သပ်ရပ်စွာ ချုပ်လုပ်ထားသည့် အပြာရောင် ကျင့်ကြံသူဝတ်စုံကို ဝတ်ဆင်ထားသည်။ ဆံပင်များကို ရိုးရှင်းသော ကျောက်စိမ်းဆံထိုးဖြင့် စည်းနှောင်ထားပြီး၊ သူမ၏ မျက်ဝန်းများသည် လရောင်ပမာ အေးစက်ကာ ရေကန်ပြင်ကဲ့သို့ တည်ငြိမ်နေသည်။
"အရှင့်သား”
စူးဝမ်ချင်းက စကားစလိုက်သည်။ သူမ၏ အသံမှာ နားထောင်လို့ကောင်းဆဲ ဖြစ်သော်လည်း ယခင်ကကဲ့သို့ နူးညံ့မှုမရှိတော့ဘဲ လေးနက်သောအမူအရာဖြင့် ရှိနေသည်။
"စောင့်ရတာ ကြာသွားပြီ”
"တကယ်ပဲ မင်းလား"
ရှောင်ရှန်းမှာ နားမလည်နိုင်အောင် ဖြစ်သွားသည်။
"မင်းက ဒီမှာ ဘာလုပ်နေတာလဲ.. ခမည်းတော် ငါ့ကို တွေ့စေချင်တဲ့သူက မင်းဖြစ်နေတာလား"
"ကျွန်မ နာမည်က စူးဝမ်ချင်းပါ ၊ လောကီအရေးမှာ ဝင်စွက်ဖက်ခြင်းမရှိတဲ့ ဆေးဘုရင်ချိုင့်ဝှမ်းက ဂူသခင်ရဲ့ တပည့်တစ်ယောက်ပါ”
သူမသည် ရှောင်ရှန်း၏ အဓိပ္ပာယ်မရှိသော စကားများကို ပြန်မဖြေဘဲ မိမိကိုယ်ကို မိတ်ဆက်လိုက်သည်။
" ကျွန်မ ဆရာ့အမိန့်နဲ့ မြို့တော်ထဲကို ဝင်လာခဲ့တာဟာ ကိစ္စတစ်ခုတည်းအတွက်ပဲ၊ အဲ့တာကတော့ သာရှတိုင်းပြည်ရဲ့ နဂါးသွေးကြော ပြောင်းလဲမှုတွေကို စုံစမ်းဖို့ပဲ"
‘ဆေးဘုရင်ချိုင့်ဝှမ်း.. နဂါးသွေးကြော’
ရှောင်ရှန်း၏ စိတ်ထဲတွင် တစ်ဖန် တုန်လှုပ်သွားခဲ့ရပြန်သည်။
သူသည် စူးဝမ်ချင်းကို မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေမိပြီး ၊ ကမ္ဘာကြီးတစ်ခုလုံးက မှော်ဆန်သော လောကကြီးတစ်ခု ဖြစ်လာသည့်အလား ခံစားလိုက်ရသည်။
"ဒါဆိုရင်..."
သူသည် စကားလုံးများကို ခက်ခက်ခဲခဲ စီတန်းကာ မေးလိုက်သည်။
"မင်း ဆေးခန်းဖွင့်ထားတာက အယောင်ပြသက်သက်လား"
"ဟုတ်တယ်”
စူးဝမ်ချင်းက ပြတ်ပြတ်သားသား ဖြေလိုက်သည်။
"ဒါဆို မင်း ငါ့ကို ဆေးကုပေးပြီး ခန္ဓာကိုယ် အားနည်းတယ်လို့ ပြောတာတွေကလည်း အလိမ်အညာတွေပဲပေါ့"
"မင်းသားရဲ့ ကျောက်ကပ်က အားနည်းပြီး အသည်းရောင်ရမ်းမှု လွန်ကဲနေတာ၊ သွေးလှည့်ပတ်မှု မကောင်းတာတွေကတော့ အမှန်အတိုင်းပါပဲ"
စူးဝမ်ချင်းသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အေးဆေးစွာပင် ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ ဒါတွေက အဓိကကိစ္စနဲ့ မသက်ဆိုင်ဘူး”
ရှောင်ရှန်းတစ်ယောက် မည်သည့်စကားမှ ထွက်မလာတော့ချေ။။
စူးဝမ်ချင်းသည် သူ၏ အမူအရာကို လျစ်လျူရှုကာ အခန်းထဲရှိ ကျောက်စားပွဲတစ်ခုဆီသို့ လျှောက်သွားလေသည်။ ထို့နောက် သူမ၏ လွယ်အိတ်ထဲမှ အဝါရောင်သန်းနေသော မြေပုံလိပ်တစ်ခုကို ထုတ်ယူပြီး စားပွဲပေါ်တွင် ဖြည်းညင်းစွာ ဖြန့်ခင်းလိုက်သည်။