အခန်း ၁၆၈
Vol. 17 Ch. 168
အခန်း(၁၆၈)
ရှောင်ရှန်းတစ်ယောက် မြေပြင်မှ ချက်ချင်းဆိုသလို ထရပ်လိုက်ပြီး ကိုယ်ပေါ်ရှိ ဖုန်များကို ခါထုတ်လိုက်ကာ မျက်နှာပေါ်တွင် ချိုသာသော အပြုံးလေးတစ်ခုကို ဆင်မြန်းလျကိ ပြောလိုက်သည်။
"သူရဲကောင်းမလေးရဲ့ လက်ရုံးရည်ကတော့ တကယ်ကို အံ့ဩစရာပဲ၊ လေးစားမိပါတယ်..လေးစားမိပါတယ်၊ အဲ့တော့.. ကျွန်တော်တို့ ဆက်ပြီးတော့ ဆွေးနွေးကြတာပေါ့ ၊ ဆက်ပြီး ဆွေးနွေးကြတာပေါ့"
စူးဝမ်ချင်းသည် သူ၏ မျက်နှာချိုသွေးမှုကို ဂရုမစိုက်ဘဲ သူမ၏အမူအရာမှာ ပြန်လည် လေးနက်သွားသည်။
"ကျွန်မ ရှင့်ရဲ့ အကူအညီ လိုအပ်တယ်.. 'ခုနှစ်ကြယ် ဝိညာဉ်ချုပ်နှောင်သံမှို'က နဂါးသွေးကြောရဲ့ စွမ်းအားနဲ့ ချိတ်ဆက်နေတာ၊ ပြင်ပလူတစ်ယောက်ယောက်က အတင်းအဓမ္မ ချဉ်းကပ်သွားရင် အစီအရင် ပေါက်ကွဲသွားပြီး အားလုံး ပျက်စီးသွားလိမ့်မယ်"
"အသန့်စင်ဆုံးသော နဂါးစောင့်ရှောက်သူ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့ ရှင့်လို တော်ဝင်မိသားစုဝင်တွေသာလျှင် အစီအရင်နဲ့ နဂါးသွေးကြောကို မတုန်လှုပ်စေဘဲ အဓိကနေရာတွေဆီ ချဉ်းကပ်ပြီး မကောင်းဆိုးဝါးသံမှိုတွေကို နှုတ်ယူနိုင်မှာ”
သူမသည် ခဏရပ်လိုက်ပြီး အချိုသပ်စကားတစ်ခွန်း ဖြည့်စွက်ပြောလိုက်သည်။
"ဒီကိစ္စ ပြီးသွားရင် နဂါးသွေးကြောလည်း အန္တရာယ်ကင်းသွားလိမ့်မယ်၊ အဲဒီအခါကျရင် ရှင် ဆက်ပြီးတော့ ပျော်ရွှင်တဲ့ မင်းသားဘဝနဲ့ နေမလား၊ ဒါမှမဟုတ် ရှင် တောင့်တနေတဲ့ သိုင်းလောကကြီးထဲကိုပဲ သွားမလားဆိုတာ ကျွန်မတို့ 'ဆေးဘုရင်ချိုင့်ဝှမ်း' က ရှင် ဘာလုပ်လုပ် တားဆီးမှာ မဟုတ်ဘူး”
ရှောင်ရှန်းသည် စိတ်ထဲတွင် အလျင်အမြန် ချိန်ဆကြည့်လိုက်သည်။
လက်ရှိ အခြေအနေအရ ၊ ပြေးစရာလမ်းမရှိချေ။ ငြင်းဆိုလိုက်ပါက ၊ ဘာဖြစ်လာမည်ကို ခုနကပင် သူ တွေ့ကြုံလိုက်ရပြီး ဖြစ်သည်။
လက်ရှိအနေအထားအရ ပူးပေါင်းဆောင်ရွက်ခြင်းကသာ တစ်ခုတည်းသော ထွက်ပေါက် ဖြစ်သည်။ အနည်းဆုံးတော့ "ပြီးဆုံးသွားသည့်အခါ" ဆိုသည့် မျှော်လင့်ချက်လေး တစ်ခုတော့ ရှိနေသေးသည်။
"ကောင်းပြီ"
သူသည် လေကုန်သွားသော ဘောလုံးတစ်လုံးကဲ့သို့ သက်ပြင်းချလိုက်ရင်း။
"ငါ လက်ခံတယ်၊ ပြော..ပထမဆုံးခြေလှမ်းက ဘာလုပ်ရမှာလဲ မြေကြီးကို တူးရမှာလား"
စူးဝမ်ချင်းသည် ခေါင်းခါလိုက်ပြီး သူမ၏ ရင်ဘက်ထဲမှ ခေါက်ထားသော စာရွက်တစ်ရွက်ကို ထုတ်ယူကာ သူ့ကို ပေးအပ်လိုက်သည်။
"ပထမဆုံးခြေလှမ်းကတော့ သူတို့အတွက် လမ်းခင်းပေးနေတဲ့ အတွင်းလူတွေကို ဖော်ထုတ်ဖို့ပဲ"
သူမ၏ အသံထဲတွင် လူသတ်လိုသည့် အငွေ့အသက်များ ပါဝင်နေခဲ့သည်။
"ဒါဟာ ကျွန်မ မြို့တော်ထဲကို ရောက်နေတဲ့ လပေါင်းများစွာအတွင်း ဆေးဘုရင်ချိုင့်ဝှမ်းရဲ့ သတင်းအချက်အလက်တွေနဲ့ ပေါင်းစပ်ပြီး ပဏာမ စုံစမ်းထားတဲ့ သံသယရှိသူစာရင်းပဲ"
" စာရင်းထဲက ပထမဆုံးလူကတော့ ရှင် လုံးဝ ထင်မှတ်မထားတဲ့သူ ဖြစ်လိမ့်မယ်လို့ ကျွန်မ ထင်တယ်”
...
ရှောင်ရှန်းသည် စာရွက်ကို လှမ်းယူလိုက်ရာ၊ ဤမှတ်စုစာရွက်၏ အလေးချိန်ကို ခံစားလိုက်ရသည်။ သူသည် ပြတင်းပေါက်နားသို့ တိုးကပ်သွားပြီး အေးစက်စက် လရောင်အောက်တွင် စာရွက်ကို ဖြန့်ကြည့်လိုက်သည်။
စာရွက်ပေါ်တွင် လှပသေသပ်သော လက်ရေးဖြင့် နာမည်အချို့နှင့် ရာထူးများကို ရေးသားထားလေ၏။
ထိပ်ဆုံးတွင် အထင်ရှားဆုံးနှင့် အရင်းနှီးဆုံး နာမည်တစ်ခုကို မြင်လိုက်ရချိန်တွင် သူ၏ မျက်နှာပေါ်ရှိ ပေါ့ပေါ့တန်တန် အမူအရာသည် အံ့အားသင့်ခြင်း ထို့နောက် မယုံနိုင်ခြင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
ရှောင်ရှန်းတစ်ယောက် စာရွက်ကို ပိုမိုနီးကပ်စွာ ကြည့်ရှုလိုက်သည်။ သူ အမြင်မှားနေသလားဟု သံသယဖြစ်မိသည်။
မှန်၏။
စစ်သူကြီး ချင်ချန်း ။
"ဟမ်..”
ရှောင်ရှန်းမှာ အသက်ရှုရပ်လုနီးပါး ဖြစ်သွားခဲ့ရသည်။
"မဟုတ်သေးပါဘူး ၊ စူးသမားတော် ခင်ဗျား နောက်တာ အရမ်းလွန်နေပြီမဟုတ်လား"
သူသည် စာရွက်ကို ကျောက်စားပွဲပေါ်သို့ ပစ်ချလိုက်ပြီး စာရင်းထဲရှိ ချင်ချန်း၏ အမည်ကို လက်ညှိုးဖြင့် တဒေါက်ဒေါက် ထောက်ပြလေ၏။ ၎င်းမှာ အကြီးမားဆုံးသော ဟာသတစ်ခုကဲ့သို့ပင်။
"ချင်ချန်း က အတွင်းလူ ဟုတ်လား၊ သူက သူ့ဦးနှောက်ထဲမှာ ဧကရာဇ်မင်းမြတ်ကို သစ္စာရှိဖို့နဲ့ စစ်သည်တွေကို လေ့ကျင့်ဖို့ပဲ သိတဲ့ လူအိုကြီးတစ်ယောက်ပဲ.. သူသာ တကယ်ပဲ အတွင်းလူဖြစ်နေရင် ဒီစားပွဲကို ငါ စားပစ်လိုက်မယ်"
" ဘိုးဘေးစဉ်ဆက် ထိန်းသိမ်းလာတဲ့ သူ့မိသားစုရဲ့ ပထမဆုံး စည်းမျဉ်း က 'ရှောင်မျိုးနွယ်အတွက် ဓားကို ကိုင်စွဲမည်၊ သေသည်အထိ အလုပ်အကျွေးပြုစုမည်’ တဲ့.. ဒီလူက အိမ်သာထဲက ကျောက်တုံးလိုပဲ ခေါင်းမာလွန်းတယ်”
“ သူ့ကို ပုန်ကန်ဖို့ ပြောတာက ပန်းထိုးခိုင်းတာထက်တောင် ခက်ခဲဦးမယ် ၊ မင်းတို့ ဆေးဘုရင်ချိုင့်ဝှမ်းရဲ့ သတင်းအချက်အလက်တွေက ခေတ်နောက်ကျနေတာလား"
စူးဝမ်ချင်းသည် သူ၏ စိတ်လှုပ်ရှားနေသော ပုံစံကို ကြည့်နေသော်လည်း သူမ၏ မျက်ဝန်းတို့မှာ တုန်လှုပ်သွားခြင်း မရှိပေ။
"ဖြစ်နိုင်ခြေ အနည်းဆုံးလူကပဲ သံသယဖြစ်စရာ အကောင်းဆုံးပဲ မဟုတ်လား"
"ဒါ ဘယ်လိုတောင် ယုတ္တိမရှိတဲ့ စကားမျိုးလဲ"
ရှောင်ရှန်းသည် ဤမိန်းမနှင့် စကားပြောရသည်မှာ အတော်လေး ကီးမကိုက်မှန်း ခံစားလိုက်ရသည်။
"ချင်ချန်းက သာရှတိုင်းပြည်ရဲ့ စစ်အင်အားတစ်ဝက်ကို လက်ထဲမှာ ကိုင်ထားပြီး နယ်စပ်ကို စောင့်ရှောက်နေတဲ့ တိုင်းပြည် ရဲ့ အဓိကထောက်တိုင်ပဲ”
“သူသာ ထိန်းချုပ်ခံထားရတာဆိုရင် ရန်သူတွေက ဘာမဆို လုပ်ချင်သလို လုပ်လို့ရသွားမှာပဲလေ"
စူးဝမ်ချင်း၏ အသံမှာ ရိုးရှင်းသော်လည်း ငြင်းဆန်မရနိုင်သော သဘောတရားများ ပါဝင်နေခဲ့သည်။
"ပြီးတော့ 'ခုနှစ်ကြယ် ဝိညာဉ်ချုပ်နှောင်သံမှို'အတွက် သုံးတဲ့ သံမှိုတွေကို သာမန်သံနဲ့ လုပ်လို့မရဘူး.. သူတို့ကို ကမ္ဘာမြေရဲ့ မကောင်းဆိုးဝါး စွမ်းအင်တွေနဲ့ စစ်တပ်ထဲက အပြင်းထန်ဆုံးဖြစ်တဲ့ သွေးစွမ်းအင်တွေကို ရောနှောမှ ရတာ”
“လက်နက်တွေကို တာဝန်ယူထားပြီး အပြင်းထန်ဆုံး သွေးစွမ်းအင်တွေကို ပိုင်ဆိုင်ထားတဲ့ စစ်သူကြီးကလွဲရင် ဒါကို အသံတိတ် လုပ်ဆောင်နိုင်မယ့်သူ တခြား ဘယ်သူရှိဦးမှာလဲ"
ရှောင်ရှန်းသည် ပါးစပ်ကို ဟလိုက်သော်လည်း ဘာပြန်ပြောရမှန်း မသိတော့ပေ။