← Chapters

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း(၁၇၀)

တောင်ကြားထဲရှိ အနက်ရောင်ဝတ်စုံနှင့် လူများသည် အလွန်ပင် သတိဝီရိယရှိကြပြီး ချင်ချန်း၏ အငွေ့အသက်ကို ချက်ချင်းလက်ငင်း ရိပ်မိသွားကြသည်။

ချင်ချန်းသည်လည်း ပုန်းကွယ်မနေတော့ဘဲ ခါးတွင်ချိတ်ထားသည့် ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အရိပ်ထဲမှ ခြေလှမ်းကျဲကြီးဖြင့် ထွက်လာကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ ကြွက်စုတ်တွေ၊ မြို့တော်ရဲ့ အဓိက နေရာမှာ ဒီလို အရှက်မရှိတဲ့ အလုပ်မျိုးကို လုပ်ရဲတယ်ပေါ့၊ ဘယ်လိုတောင် အပြစ်ပေးသင့်သလဲ"

"ချင်ချန်း"

ခေါင်းဆောင်ဖြစ်သူက အံ့အားသင့်သွားပုံရပြီး ပြန်ပြောလေ၏။

"ငါတို့က ကိုယ့်အလုပ်ကိုလုပ်နေတာ၊ စစ်သူကြီးက ဘာလို့ ဒီလို အရေးမပါတဲ့ ကိစ္စတွေကို ဝင်ရှုပ်နေတာလဲ"

"သာရှပြည်ကြီးရဲ့ နယ်မြေအားလုံးက ဧကရာဇ်မင်းမြတ်ရဲ့ ပိုင်နက်ပဲ၊ မင်းတို့က ဒီမှာ မကောင်းဆိုးဝါး အလုပ်တွေ လုပ်နေတာဟာ ငါ့ကို ရန်စတာပဲ"

ချင်ချန်းသည် အချိန်ဆွဲမနေတော့ဘဲ "ချွင်" ဟူသော အသံနှင့်အတူ ဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်သည်။ ဓားသွားသည် မှောင်မိုက်သော ညတွင် အေးစက်စက် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

တိုက်ပွဲမှာ ချက်ချင်းပင် စတင်ခဲ့၏။

ချင်ချန်း၏ ဓားကွက်များမှာ ကျယ်ပြန့်ပြီး ပြင်းထန်ကာ အလွန်ပင် ရဲရင့်ပြတ်သားသည်။ တိုက်ကွက်တိုင်းသည် စစ်သည်ပေါင်းများစွာ၏ ချီတက်မှုကဲ့သို့ အားမာန်အပြည့် ပါဝင်သည်။

အနက်ရောင်ဝတ်စုံနှင့် လူများသည်လည်း ကျွမ်းကျင်သူများ ဖြစ်သည်မှာ ထငိရှားပေသည်။ သူတို့၏ တိုက်ကွက်များသည် ခန့်မှန်းရခက်ပြီး စည်းလုံးမှု ရှိကြသဖြင့် ချင်ချန်းကို ဝိုင်းရံထားကာ အစီအရင်တစ်ခုကို ဖန်တီးထားလေ၏။

မျက်စိတမှိတ်အတွင်းမှာပင် ဓားချင်းထိခတ်သံများ ၊ သံချပ်ကာချင်း ပွတ်တိုက်သံများမှာ ကျယ်လောင်စွာဖြင့် ထွက်ပေါ်လာတော့သည်။

"ဘယ်လိုလုပ်ကြမလဲ"

ရှောင်ရှန်းသည် အမှောင်ထဲတွင် ကြည့်ရင်း လက်ဖဝါးများ ချွေးပြန်လာသည်။

"ဒီအတိုင်း ဆက်တိုက်နေရင် ချင်ချန်း အထိနာတော့မှာပဲ"

ပြိုင်ဘက်များမှာ လူအင်အား များပြားသည့်အပြင် အစီအရင်၏ အကူအညီကြောင့် ချင်ချန်း၏ ခွန်အားများမှာ လျင်မြန်စွာ ကုန်ဆုံးလာခဲ့သည်။

စူးဝမ်ချင်းက သူ့ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး မေးလိုက်သည်။

"ရှင် ခေါ်လာတဲ့ ကင်းစောင့်တပ်တွေကရော ဘယ်မှာလဲ"

ရှောင်ရှန်းသည် ကိုယ့်နဖူးကို တစ်ချက်ရိုက်မိလိုက်သည်။

‘ ဟုတ်သားပဲ၊ ငါ့မှာ လူတွေ ရှိသေးတာပဲ’

သူသည် လည်ချောင်းကို ရှင်းလိုက်ပြီး အားအင်များကို စုစည်းကာ ပုန်းအောင်းနေသည့် နေရာမှ ရုတ်တရက် ခုန်ထွက်လိုက်သည်။ ထို့နောက် တောင်ကြားရှိရာသို့ လက်ညှိုးထိုးကာ အော်ဟစ်လေတော့သည်။

"လူသတ်သမားတွေ ရှိတယ် စစ်သူကြီးကို ကာကွယ်ကြ ၊ ငါ့အမိန့်အရ အကုန်ဝင်တိုက်၊ လူကို အရှင်ဖမ်းမယ်”

သူ၏ အော်သံသည် မြေပြန့်တွင် မိုးခြိမ်းသံအလား ပဲ့တင်ထပ်သွားသည်။

ပတ်ဝန်းကျင်တွင် ပုန်းအောင်းနေကြသော ကင်းစောင့်တပ်သား တစ်ထောင်ခန့်သည် အိမ်ရှေ့စံမင်းသား၏ အမိန့်သံကို ကြားသည်နှင့် လေးဖက်လေးတန်မှ ရုတ်တရက် ထွက်ပေါ်လာကြသည်။

မီးရှူးတိုင်များမှာ နဂါးတစ်ကောင်ကဲ့သို့ တောက်ပနေပြီး စစ်ချီသံများမှာ ကောင်းကင်အထိ ပဲ့တင်ထပ်နေကာ တောင်ကြားတစ်ခုလုံးကို ချက်ချင်း ဝိုင်းရံထားလိုက်ကြသည်။

ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေကြောင့် ချင်ချန်းကို ဝိုင်းရံတိုက်ခိုက်နေကြသော ဝတ်ရုံနကိနှင့် လူများမှာ ရှုပ်ထွေးသွားကြသည်။

ချင်ချန်းသည်လည်း အံ့အားသင့်သွားပြီး ခေါင်းလှည့်ကြည့်လိုက်ရာ မီးရောင်အလင်းတန်းများအောက်တွင် ဟိုဟိုဒီဒီ ခုန်ပေါက်ကာ အော်ဟစ်နေသော အိမ်ရှေ့စံမင်းသားကို မြင်လိုက်ရသည်။ သူ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားလေ၏။

"ဆုတ်ခွာကြ"

ရန်သူခေါင်းဆောင်သည် အခြေအနေမကောင်းမှန်း သိလိုက်သဖြင့် ချက်ချင်း ဆုံးဖြတ်ချက်ချကာ ပြတ်သားစွာ အော်ဟစ်လိုက်သည်။

သို့သော် ကင်းစောင့်တပ်၏ ဝိုင်းရံထားမှုမှာ ပို၍ တင်းကျပ်လာသောကြောင့် သူတို့အနေဖြင့် ထွက်ပြေးရန်မှာ မလွယ်ကူတော့ပေ။

ခေါင်းဆောင်ဖြစ်သူ၏ မျက်ဝန်းထဲတွင် ပြတ်သားပြီး ရက်စက်သော အငွေ့အသက်တစ်ခု ဖြတ်သန်းသွားသည်။

သူသည် ရင်ဘက်ထဲမှ လက်ဝါးအရွယ်အစားရှိပြီး သွေးရောင် သင်္ကေတများဖြင့် ထွင်းထုထားသော အနက်ရောင် အစီအရင်အလံတစ်ခုကို ရုတ်တရက် ထုတ်ယူလိုက်ပြီး ၊ ၎င်းထဲသို့ သူ၏ စွမ်းအားများကို အားကုန်သုံး၍ ပို့လွှတ်လိုက်သည်။

"ဒီကနေ မထွက်သွားနိုင်တော့ဘူးဆိုရင်၊ ငါနဲ့အတူ ငရဲလိုက်ဖို့ တစ်ယောက်ယောက်တော့ ခေါ်သွားရမှာပဲ"

သူသည် ဆိုးသွမ်းစွာ ရယ်မောရင်း သူ့လက်ထဲရှိ အစီအရင်အလံကို ပြင်းထန်စွာ ပစ်ပေါက်လိုက်သည်။

အစီအရင်အလံသည် လေထဲတွင် "ဝုန်း" ဟူသော အသံနှင့်အတူ ပေါက်ကွဲသွားပြီး အဖျက်စွမ်းအားများဖြင့် ပြည့်နှက်နေသော အနက်ရောင် စွမ်းအင်လုံးကြီးအဖြစ် ပြောင်းလဲသွားသည်။

၎င်းသည် ကြယ်တံခွန်တစ်ခုကဲ့သို့ လူတိုင်းကို ရှောင်ကွင်းသွားပြီး အပြင်ဘက်တွင် လက်ကို ဝှေ့ယမ်းကာ အမိန့်ပေးနေသည့် ရှောင်ရှန်းထံသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားသည်။

" အရှင့်သား သတိထား”

ချင်ချန်း၏ မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး ဘာကိုမျှ မစဉ်းစားတော့ဘဲ ရှောင်ရှန်းကို ကယ်တင်ရန် နောက်သို့ လှည့်လိုက်သည်။

သို့သော် သူသည် ဝတ်ရုံနက်လူနှစ်ဦး၏ ပိတ်ဆို့မှုကို ခံထားရသည့်အပြင် အကွာအဝေးမှာလည်း ဝေးကွာနေသဖြင့် သေမင်းတမန် စွမ်းအင်လုံးကြီးသည် တစ်ခဏချင်းအတွင်း ရောက်ရှိသွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်ရုံသာတတ်နိုင်ခဲ့သည်။

​ထိုအနက်ရောင် စွမ်းအင်လုံးကြီးသည် သတ္တုနှင့် ကျောက်တုံးများကိုပင် ဖြိုခွဲနိုင်လောက်အောင် အစွမ်းထက်သော အဖျက်စွမ်းအားများကို ဆောင်ကျဉ်းလျက် တခဏချင်း ရောက်ရှိလာသည်။

ဤအခိုက်အတန့်တွင် အချိန်သည် အဆုံးမရှိ ရှည်ကြာသွားသကဲ့သို့ ခံစားရသည်။

​ချင်ချန်းသည် ဒေါသကြောင့် မျက်လုံးများပင် နီမြန်းနေပြီး ၊ လက်ထဲရှိ ဓားကို ကြမ်းတမ်းစွာ ဝှေ့ယမ်းကာ တိုက်ခိုက်သော်လည်း ဝတ်ရုံနက်လူများ၏ ပိတ်ဆို့မှုကို မည်သို့မျှ မလွတ်မြောက်နိုင်ပေ။

စူးဝမ်ချင်းသည်လည်း အမှောင်ထဲတွင် လှုပ်ရှားလာပြီး တုံ့ပြန်ရန် ပြင်ဆင်လိုက်သော်လည်း အကွာအဝေးမှာ ဝေးကွာလွန်းသဖြင့် အချိန်မမီတော့ချေ။

ကင်းစောင့်တပ်သားများအားလုံး၏ မျက်နှာပေါ်တွင်လည်း မျှော်လင့်ချက်မဲ့စွာဖြင့် ရှိနေကြသည်။

​သွားပြီ..

​ဤသည်မှာ ထိုနေရာတွင် ရှိနေသူအားလုံး၏ စိတ်ထဲမှ တိုးတိုးလေး ပြောလိုက်သော စကားတစ်ခွန်းပင် ဖြစ်သည်။

All Chapters