← Chapters

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း (၁၈၆)

ဒုတိယသမ္မတ မိုက်ဘောင်ဝါက မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်လာတာကြောင့် တက်ဂယူက ရုံးခန်းပတ်ဝန်းကျင်ကိုပဲ စိတ်ဝင်စားချင်ယောင်ဆောင်ပြီး လျှောက်ကြည့်နေပါတယ်။

"ရုံးခန်းလေးက တော်တော်လေး သက်တောင့်သက်သာရှိပြီး လှသားပဲ"

"……"

အမေရိကန် သမ္မတနဲ့ ဒုတိယသမ္မတ ရှေ့မှာ ဒီလိုမျိုး ပြုမူရဲတဲ့လူကတော့ ကမ္ဘာပေါ်မှာ သူတစ်ယောက်ပဲ ရှိလိမ့်မယ် ထင်တယ်။

ဒုတိယသမ္မတ မိုက်ဘောင်ဝါက စိတ်မရှည်တဲ့ လေသံနဲ့ အော်ပြောလိုက်တယ်။

"မင်း Silicon Valley ဆိုတာ ဘာလဲဆိုတာကိုကော သေချာသိလို့လား"

ကျွန်တော်က ချက်ချင်းပဲ ပြန်ပြောလိုက်တယ်။

"Silicon Valley မှာ ဆီလီကွန်မှ မရှိတာတော့ သေချာပါတယ်"

ဒါက လူအများစု သတိမထားမိဘဲ ကျော်သွားတတ်တဲ့ အမှန်တရားတစ်ခုပဲလေ။

Silicon Valley ဆိုတာ Semiconductor တွေမှာ သုံးတဲ့ ဒြပ်စင်ဖြစ်တဲ့ Silicon နဲ့ Santa Clara Valley တို့ကို ပေါင်းစပ်ပြီး ခေါ်ဝေါ်ထားတာပါ။ ဒါပေမဲ့ Silicon Valley မှာ ဆီလီကွန်တွင်းတွေ မရှိပါဘူး။

၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းက Semiconductor လုပ်ငန်းတွေနဲ့ IT ကုမ္ပဏီတွေ အဲဒီနေရာကို စုပြုံတိုးဝင်လာခဲ့ကြလို့ ဒီနာမည် တွင်သွားတာလေ။

"9/11 အကြမ်းဖက်တိုက်ခိုက်မှုတုန်းက ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန (World Trade Center) ကြီး ပြိုကျသွားခဲ့ပြီး အဲဒီအထဲမှာ မော်ဂန် စတန်းလေရဲ့ ရုံးချုပ်လည်း ရှိနေခဲ့တာ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ရုံးချုပ်နဲ့အတူ ကိရိယာတွေ၊ အဆောက်အဦးတွေ အားလုံး ပျောက်ကွယ်သွားခဲ့တယ်"

မော်ဂန် စတန်းလေက ဒေါ်လာ သန်းထောင်ပေါင်းများစွာရှိတဲ့ ဘဏ္ဍာရေး ပိုင်ဆိုင်မှုတွေကို စီမံခန့်ခွဲနေတာ ဖြစ်လို့ အမှားအယွင်းတစ်ခုခု ဖြစ်သွားရင် အကြီးအကျယ် ပျက်စီးဆုံးရှုံးမယ့် ဘဏ္ဍာရေး ကပ်ဘေးကြီး ဖြစ်သွားနိုင်ပါတယ်။

"ဒါပေမဲ့ မော်ဂန် စတန်းလေက ရုံးချုပ်ကြီး ပြိုကျပြီး တစ်ရက်တောင်မပြည့်ခင်မှာပဲ လုပ်ငန်းတွေကို ပြန်လည်ပတ်နိုင်ခဲ့တယ်။ အဲဒါက အဆောက်အဦး မပြိုကျခင်လေးမှာပဲ ဝန်ထမ်းပေါင်း ထောင်ချီကို ဘေးလွတ်ရာကို အောင်အောင်မြင်မြင် ရွှေ့ပြောင်းပေးနိုင်ခဲ့လို့ပဲ"

ဒေတာတွေကို Backupယူထားတာ ရှိရင်တောင် အဲဒါကို စီမံခန့်ခွဲဖို့ ကျွမ်းကျင်သူတွေ လိုအပ်တာလေ။ တကယ်လို့ ရုံးချုပ်က ဝန်ထမ်းတွေအားလုံးသာ သေဆုံးသွားခဲ့ရင် မော်ဂန် စတန်းလေက ဘယ်လိုမှ ပြန်မထူထောင်နိုင်မယ့် ပျက်စီးဆုံးရှုံးမှုမျိုးနဲ့ ရင်ဆိုင်ရမှာ သေချာပါတယ်။

"Silicon Valley ဆိုတာ ထိပ်တန်း ကုမ္ပဏီတွေနဲ့ အဲဒီမှာ အလုပ်လုပ်နေတဲ့ လူတွေ ရှိနေလို့ တည်ရှိနေတာပါ။ သူတို့သာ အသက်ရှင်နေမယ်ဆိုရင် Silicon Valley ကို ဘယ်နေရာမှာမဆို ပြန်လည်တည်ဆောက်လို့ ရပါတယ်။ ဒါပေမဲ့ သူတို့အားလုံးသာ သေသွားရင် ဘာဖြစ်မယ်ထင်လဲ။ အမေရိကန်ရဲ့ စက်မှုလုပ်ငန်းက ဆယ်စုနှစ်တစ်ခုမက နောက်ပြန်ဆုတ်သွားလိမ့်မယ်ဆိုတာ သေချာတယ်"

ရိုနယ်က အမေရိကန်သမိုင်းမှာ နိုင်ငံရေး ဒါမှမဟုတ် ပြည်သူ့ဝန်ထမ်း အတွေ့အကြုံ လုံးဝမရှိဘဲ သမ္မတ ဖြစ်လာတဲ့ တစ်ဦးထဲသောသူပါ။ ရစ်ပတ်ဘလစ်ကန်ပါတီက ဖြစ်ပေမဲ့လည်း ပါတီနဲ့ ဆက်နွှယ်မှုတွေလည်း သိပ်မရှိလှဘူး။

ဒါက ဘာကို ဆိုလိုတာလဲဆိုတော့ သူက လက်ရှိ နိုင်ငံရေး အာဏာရှင်တွေရဲ့ အကျိုးစီးပွားကနေ လွတ်မြောက်နေတာပါပဲ။

ရလဒ်အနေနဲ့ သူက သူ့ရဲ့ ဆုံးဖြတ်ချက်တွေကြောင့် နိုင်ငံရေး အခင်းအကျင်းက ဘယ်လို ပြောင်းလဲသွားမလဲ ဒါမှမဟုတ် တခြားလူတွေက သူ့ကို ဘယ်လို မြင်မလဲဆိုတာကို စိုးရိမ်မနေဘဲ သူမှန်တယ်လို့ ထင်တဲ့အရာအပေါ်မှာပဲ အခြေခံပြီး ဆုံးဖြတ်ချက် ချနိုင်ခဲ့တာပါ။

မျှော်မြင်နိုင်စွမ်းက အနာဂတ်ကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ပို့ဆောင်ပေးလိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့ပေမဲ့ စိတ်ထဲမှာ မေးခွန်းတစ်ခုကတော့ ရှိနေဆဲပဲ။

ကျွန်တော် ရိုနယ်ကို ထောက်ခံဖို့ ရွေးချယ်ခဲ့တာက အနာဂတ်အရိပ်အယောင်တွေကို မြင်ခဲ့ရလို့ပါပဲ။

ဒါပေမဲ့ ရလဒ်ကတော့ အမေရိကန် နိုင်ငံရေးမှာ လူနည်းစု ထောက်ခံမှု၊ ကုန်သွယ်ရေး အငြင်းပွားမှုတွေနဲ့ တခြား အရှုပ်တော်ပုံတွေကြောင့် ကမောက်ကမတွေ ဖြစ်ကုန်တာပါ။

တကယ်လို့ ဒိုင်ယန်သာ သမ္မတ ဖြစ်လာခဲ့ရင် လွှတ်တော်ထဲမှာ ဒီမိုကရက်တစ်ပါတီက အများစု ဖြစ်နေတာကြောင့် ဒိုင်ယန်ရဲ့ ကတိကဝတ်တွေကို တွန်းအားပေးဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။ ကုန်သွယ်ရေး အငြင်းပွားမှုတွေလည်း ဖြစ်လာမှာ မဟုတ်သလို ရုရှား အရှုပ်တော်ပုံ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံတွေလည်း ရှိလာမှာ မဟုတ်ပါဘူး။

ဒါဆို ဘာလို့ ဒိုင်ယန် မဟုတ်ဘဲ ရိုနယ် ဖြစ်နေရတာလဲ။

ရိုနယ် သမ္မတ ဖြစ်လာရတဲ့ အကြောင်းရင်းက ဘာလဲ။

အခုမှပဲ ကျွန်တော် သေချာ နားလည်လာသလို ခံစားရတယ်။

ထောက်ခံမှုနှုန်းတွေ မြင့်မားနေပြီး နိုင်ငံရေး အခြေအနေက တည်ငြိမ်နေတဲ့ အချိန်မှာ ဘယ်သူမှ စွန့်စားမှု မလုပ်ချင်ကြဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ကမောက်ကမ ဖြစ်နေတဲ့ အချိန်တွေမှာမှ ထူးခြားတဲ့ ရွေးချယ်မှုတွေကို လုပ်နိုင်ကြတာလေ။

ကျွန်တော် ရိုနယ်ကို တည့်တည့်ကြည့်ပြီး ပြောလိုက်တယ်။

"ခင်ဗျား ကျွန်တော့်ကို တစ်ခါက မေးခဲ့ဖူးတယ်မလား၊ ခင်ဗျားကော သမ္မတကောင်းတစ်ယောက် ဖြစ်လာနိုင်ပါ့မလားဆိုပြီးတော့လေ။ အဲဒီတုန်းက ကျွန်တော်က ဖြစ်နိုင်ပါတယ်လို့ ပြန်ဖြေခဲ့ပေမဲ့ တကယ်တမ်းတော့ သိပ်ပြီး မသေချာခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ဒါက ခင်ဗျားအတွက် တစ်ခုထဲသော အခွင့်အရေးပဲလို့ ကျွန်တော် ယုံကြည်ချက်အပြည့်နဲ့ ပြောရဲပါပြီ"

ရိုနယ်က ရစ်ပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်း ရွေးချယ်ပွဲကို ဝင်ပြိုင်တုန်းက သူ သမ္မတ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။ ရစ်ပတ်ဘလစ်ကန် သမ္မတလောင်းအဖြစ် သတ်မှတ်ခံရပြီးနောက်မှာတောင် အဲဒီသံသယတွေက ရှိနေတုန်းပဲ။

သူ့ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့၊ သူ့ရဲ့ မိသားစုတွေတောင် သူ နိုင်လိမ့်မယ်လို့ မယုံကြည်ခဲ့ကြဘူး။ သူ သမ္မတ ဖြစ်လာမယ်လို့ ရိုနယ် ကိုယ်တိုင်ကလွဲရင် သေချာပေါက် ယုံကြည်ခဲ့တဲ့ တစ်ဦးထဲသောသူက ကျွန်တော်ပါ။

ကျွန်တော်ကပဲ သူ့ကို ယုံကြည်ချက်အပြည့်နဲ့ ထောက်ခံခဲ့တာလေ။ ပြီးတော့ အခုလည်း အဲဒီလိုမျိုးပဲ ယုံကြည်နေတုန်းပါပဲ။

"ခင်ဗျား ဘာလုပ်မှာလဲ"

ရိုနယ်က ကျွန်တော့်ကို အတော်ကြာ စိုက်ကြည့်နေတယ်။ ကျွန်တော်လည်း အကြည့်ကို လွှဲမပစ်ခဲ့ပါဘူး။

"မဟာငလျင်ကြီးသာ ဖြစ်မလာရင် ဘာဖြစ်သွားမလဲဆိုတာ မင်း သိလား"

ကျွန်တော်တို့ နှစ်ယောက်လုံး သွားပြီပေါ့။

ဒါပေမဲ့……

"တကယ်လို့ မဟာငလျင်ကြီး သာ ဖြစ်လာခဲ့ရင် ခင်ဗျားက သမိုင်းမှာ အကြီးကျယ်ဆုံး သမ္မတ ဖြစ်လာလိမ့်မယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုတောင် ရနိုင်တယ်"

ရိုနယ်က ကျွန်တော့်စကားကို ကြားတော့ ရယ်မောလိုက်တယ်။

"နိုဘယ်ငြိမ်းချမ်းရေးဆု…… ကြားလို့ကောင်းသားပဲ"

သူက မတ်တပ်ရပ်ပြီး ကျွန်တော့်ရဲ့ ပုခုံးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ အခိုင်အမာ ဆုပ်ကိုင်လိုက်တယ်။

"ဒီအခွင့်အရေးကို အသုံးချပြီး စိန်ခေါ်ကြည့်ကြစို့"

ဒုတိယသမ္မတ မိုက်ဘောင်ဝါက တုန်လှုပ်သွားပြီး ချက်ချင်း ထရပ်လိုက်တယ်။

"ဒါက အဓိပ္ပာယ်မရှိတာ"

ရိုနယ်က မိုက်ဘောင်ဝါကို လျစ်လျူရှုပြီး သူ့ရဲ့ လက်ထောက်ကို လှမ်းခေါ်လိုက်တယ်။

"သတင်းစာရှင်းလင်းပွဲအတွက် ပြင်ဆင်လိုက်ပါ"

ဒုတိယသမ္မတ မိုက်ဘောင်ဝါကတော့ မယုံနိုင်စရာ ဖြစ်နေတဲ့ အမူအရာနဲ့ ကျွန်တော်နဲ့ ရိုနယ်ကို တစ်လှည့်စီ ကြည့်ရင်းနဲ့ ရေရွတ်နေခဲ့တယ်။

"အားလုံး ရူးကုန်ကြပြီ။ လုံးဝကို ရူးကုန်ကြတာ"

ကမ္ဘာ့အရှေ့ပိုင်းစံတော်ချိန် ည ၁၁ နာရီ ၃၀ မိနစ်

အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ အခန်းထဲမှာ အမေရိကန်ရဲ့ ပင်မမီဒီယာကြီးတွေ အားလုံး စုရုံးရောက်ရှိနေကြတယ်။ ပုံမှန်ဆိုရင်တော့ ပြောရေးဆိုခွင့်ရှိသူကပဲ ရှင်းလင်းပွဲ လုပ်လေ့ရှိတာပေမဲ့ အခုကတော့ ရိုနယ် ကိုယ်တိုင် စင်မြင့်ပေါ်ကို တက်လာခဲ့တယ်။

သူက ပုံမှန်အတိုင်းပဲ လက်ဟန်ခြေဟန် အပြည့်နဲ့ စကားပြောလာတယ်။

"အခုအချိန်ကစပြီး ကျွန်တော်တို့က အရေးပေါ်အခြေအနေ ကြေညာပြီး ဆန်ဖရန်စစ္စကို ပင်လယ်ကွေ့ ဒေသကို ဘေးအန္တရာယ်ဇုန်အဖြစ် သတ်မှတ်လိုက်ပါတယ်။ ဇုန်သုံးခုမှာရှိတဲ့ နေထိုင်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးမှာဖြစ်ပြီး ငလျင်အတွက် ပြင်ဆင်သွားမှာပါ။ သမ္မတရဲ့ လက်အောက်မှာရှိတဲ့ ပေါင်းစပ် ဘေးအန္တရာယ် တုံ့ပြန်ရေး ရုံးချုပ်ကိုလည်း ချက်ချင်း တည်ထောင်သွားမှာဖြစ်ပြီး မဟာငလျင်ကြီး ကြောင့် ဖြစ်လာနိုင်တဲ့ ပျက်စီးဆုံးရှုံးမှုတွေကို လျှော့ချဖို့ အစီအမံအားလုံးကို ချမှတ်သွားမှာဖြစ်ကြောင်း ကြေညာအပ်ပါတယ်"

ဒီလို မျှော်လင့်မထားတဲ့ ကြေညာချက်ကြောင့် သတင်းထောက်တွေအားလုံး အံ့အားသင့်သွားခဲ့ကြတယ်။ အံ့သြမှုတွေ လျော့ပါးသွားတာနဲ့ သူတို့က ချက်ချင်း ထရပ်ပြီး မေးခွန်းတွေ တရစပ် မေးမြန်းလာကြတော့တာပဲ။

"အာဏာရပါတီဆီကကော သဘောတူညီချက် ရပြီးပြီလား"

"လွှတ်တော်ရဲ့ အတည်ပြုချက် လိုအပ်တယ်လို့ထင်ပါသလား"

"ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေကို အချိန်မီ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါသလား"

"မဟာငလျင်ကြီးဖြစ်လာမယ်လို့ယူဆတဲ့ အခြေခံ အချက်အလက်က ဘာလဲ"

"တိကျတဲ့ အစီအမံတွေကို ပြန်လည်ဖြေကြားပေးပါ"

ကျွန်တော်တို့တွေ သမ္မတကို နားဝင်အောင် ပြောဖို့ဆိုတဲ့ အရေးကြီးဆုံး အတားအဆီးကိုတော့ ကျော်ဖြတ်နိုင်ခဲ့ပါပြီ။

ဒါပေမဲ့ တကယ့် ပြဿနာက အခုမှ စတာပါ။ ဒီမိုကရက်တစ်ပါတီကော၊ ရစ်ပတ်ဘလစ်ကန်ပါတီကပါ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြမှာဖြစ်ပြီး လူထုရဲ့ ထောက်ခံမှုကလည်း သိသိသာသာ ဆိုးရွားသွားနိုင်ပါတယ်။

အိမ်ဖြူတော်အနီးက ဟိုတယ်တစ်ခုမှာ ကျွန်တော်တို့တွေ အခန်းကြိုမှာလိုက်ကြတယ်။

တက်ဂယူက ကျွန်တော့်ကို ကြည့်ပြီး မေးတယ်။

"တကယ်လို့ မဟာငလျင်ကြီး သာ ဖြစ်မလာရင် ဘာဖြစ်မလဲ။ ငါတို့ အသတ်ခံရမှာလား"

"မင်း အသတ်မခံရပါဘူးကွာ"

ဒါပေမဲ့ လမ်းပေါ်မှာ သေနတ်နဲ့ အပစ်ခံရနိုင်ခြေကတော့ အများကြီး ရှိတာပေါ့။

အခုဆိုရင် ဆယ်ရက်တောင် မလိုတော့ဘူး။

ဆန်ဖရန်စစ္စကို ပင်လယ်ကွေ့ဒေသမှာ မဟာငလျင်ကြီး သတိပေးချက် ထုတ်ပြန်ခဲ့တယ်။ နောက်ထပ် ဆယ်ရက်အတွင်းမှာ အစိုးရရုံးတွေနဲ့ ကျောင်းတွေ အားလုံးကို ပိတ်ထားမှာဖြစ်ပြီး ပြည်သူ့လုပ်ငန်းတွေကိုလည်း လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်းထားဖို့ ဖိအားပေးခဲ့တယ်။

ပုဂ္ဂလိက ကုမ္ပဏီတွေကိုလည်း ဝန်ထမ်းတွေကို တခြားနေရာတွေမှာ အလုပ်လုပ်ခိုင်းဖို့ ဒါမှမဟုတ် ခွင့်ပေးထားဖို့ ဖိအားပေးခဲ့သလို တစ်ချိန်ထဲမှာပဲ အခွန်လျှော့ပေါ့ပေးမယ့် မက်လုံးတွေကိုလည်း ပေးခဲ့တယ်။

အမေရိကန် တစ်ဝန်းလုံးမှာရှိတဲ့ မီးသတ်စခန်းတွေနဲ့ ဆေးရုံတွေကနေ ဝန်ထမ်းတွေကို စုဆောင်းခဲ့ကြတယ်။ မရှိမဖြစ် ဝန်ထမ်းတွေပဲ ချန်ထားခဲ့ပြီး ကျန်တဲ့လူတွေကတော့ ကယ်လီဖိုးနီးယားကို ဦးတည်သွားခဲ့ကြတယ်။

ရိက္ခာတွေ သယ်ယူပို့ဆောင်ဖို့အတွက် စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေကို အသုံးပြုခဲ့ကြတယ်။ စစ်မြေပြင်သုံး ရိက္ခာတွေ၊ တဲတွေ၊ အဝတ်အထည်တွေ၊ စောင်တွေနဲ့ ဆေးဝါးတွေကို ကယ်လီဖိုးနီးယားမှာ သေသေချာချာ စုပုံထားခဲ့ကြတယ်။

အမျိုးသား အစောင့်တပ်ဖွဲ့ နဲ့ ဖက်ဒရယ် စစ်တပ်တွေက ကယ်ဆယ်ရေးအတွက် စတင် လှုပ်ရှားလာကြပြီး အဝေးပြေးလမ်းမတွေပေါ်မှာ စစ်ဘက်ဆိုင်ရာ ကားကြီးတွေနဲ့ ပြည့်နှက်နေခဲ့တယ်။

အမေရိကန်မှာ ရှိသမျှ အရင်းအမြစ်တွေ အားလုံးက ဆန်ဖရန်စစ္စကိုဆီကို စုပြုံရောက်ရှိလာကြတာပါ။

မဟာငလျင်ကြီး အပေါ် စိုးရိမ်ပူပန်မှုတွေ တိုးပွားလာတာနဲ့အမျှ တချို့သော အစီအမံတွေကို မျှော်လင့်ထားခဲ့ကြတာမှန်ပေမဲ့ ဒါကတော့ ဘယ်သူ့ရဲ့ စိတ်ကူးထဲမှာမှ မရှိခဲ့တဲ့ အခြေအနေပါ။

အစီအမံ အမျိုးမျိုးကို ကြေညာလိုက်တဲ့အခါ အမေရိကန်တင်မကဘဲ ကမ္ဘာတစ်ခုလုံးပါ တုန်လှုပ်သွားခဲ့ရတယ်။

[Silicon Valley လုပ်ငန်းတွေ ရပ်ဆိုင်းသွားပြီ]

[အမေရိကန်ရဲ့ နည်းပညာမြင့် စက်မှုလုပ်ငန်းက ဘာဖြစ်သွားမလဲ]

[အမေရိကန် စီးပွားရေး ရပ်တန့်သွားခဲ့ပြီ]

[Silicon Valley မှာရှိတဲ့ NPL၊ GOOGLE၊ AMZ လိုမျိုး IT ကုမ္ပဏီတွေရဲ့ စတော့ဈေးနှုန်းတွေ ထိုးကျသွား]

[ဆန်ဖရန်စစ္စကိုက အိမ်ခြံမြေဈေးကွက် ပြိုလဲ၊ ပိုင်ဆိုင်မှုတွေက ထက်ဝက်ဈေးအထိ ကျဆင်းသွား]

[ရွှေနဲ့ ရေနံဈေးနှုန်းတွေ မြင့်တက်၊ ငွေကြေးဖောင်းပွမှု ဖိအားတွေ တိုးပွားလာ]

[နေရာအနှံ့အပြားမှာ နေ့စဉ်သုံး မရှိမဖြစ် ပစ္စည်းတွေကို လုယက်ဝယ်ယူနေကြ]

[ဒါပေမဲ့ မဟာငလျင်ကြီး ဖြစ်နိုင်ခြေက ၅ ရာခိုင်နှုန်းအောက်မှာပဲ ရှိနေဆဲ……]

The Washington Post က သတင်းခေါင်းကြီးပိုင်းမှာ အခုလိုမျိုး ရေးသားခဲ့တယ်။

[ရိုနယ် လုံးဝကို ရူးသွားပြီ]

လူထုရဲ့ သဘောထားကလည်း အတော်လေး ပြင်းထန်နေခဲ့တာပါ။

– နေထိုင်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းတာက အဓိပ္ပာယ်မရှိတာပဲ။

– ကုမ္ပဏီတွေကို ပြောင်းခိုင်းတာကို ငါ ကန့်ကွက်တယ်။

– ဒါက နျူကလီးယား အန္တရာယ်ကနေ လွတ်မြောက်ဖို့အတွက် ဆိုးလ်မြို့သားတွေ အားလုံးကို တခြားနေရာကို ပြောင်းခိုင်းသလိုမျိုးပဲ။

– စူပါမားကတ်တွေမှာ ပစ္စည်းတွေ ပြတ်လပ်ကုန်ပြီ၊ သောက်ရေတောင် ဝယ်လို့မရတော့ဘူး။

– Walmart မှာ ခွေးစာတွေ ပြတ်နေပြီ။ ငါ့ခွေးလေး ငတ်တော့မယ်။

– ဒီလိုမျိုး ဖြစ်နေမယ့်အစား မဟာငလျင်ကြီး ဒဏ်ကိုပဲ ခံလိုက်တာက ပိုပြီး ကောင်းဦးမယ်။

ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ် လူးဝစ် ကင်ကိ က မီဒီယာ အင်တာဗျူးတစ်ခုမှာ ရိုနယ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်။

"သမ္မတက ရူးနေတာပဲ"

"ဒါက နည်းနည်း ပြင်းထန်တဲ့ အသုံးအနှုန်း မဟုတ်ဘူးလား"

"မဟုတ်ဘူး။ သူ လုံးဝကို ရူးနေတာ။ ရူးကြောင်ကြောင် ပါမောက္ခတစ်ယောက်နဲ့ စျေးကွက်ကစားသမားတစ်ယောက်ရဲ့ စကားကို ယုံပြီး အမေရိကန်ကို ဖျက်ဆီးနေတာ"

ရိုနယ်နဲ့ ရစ်ပတ်ဘလစ်ကန်ဘက်က ဖြစ်တဲ့ Fox News တောင်မှ ဒီလုပ်ရပ်အပေါ် စိုးရိမ်ပူပန်မှုကြောင်း ထုတ်ဖော်ပြောဆို လာကြတယ်။

Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာတော့ ကန်ဂျင်ဟူရဲ့ ဓာတ်ပုံကို ဖော်ပြခဲ့ကြတယ်။

သတင်းခေါင်းစဉ်ကတော့ ‘ရပ်စ်ပူတင် ကန်’ တဲ့။

(ရုရှသမိုင်းမှာ နာမည်ကြီးတဲ့ ဂမ္ဘီရလူလိမ်)

ယာယီခိုလှုံရာ စခန်းတွေက အန္တရာယ်ရှိတဲ့ ဇုန်တွေနဲ့ သိပ်ပြီး ဝေးလို့မဖြစ်သလို သိပ်လည်း နီးလို့မဖြစ်ပါဘူး။ ဒါ့အပြင် ရိက္ခာတွေနဲ့ ဝန်ထမ်းတွေကို သယ်ယူပို့ဆောင်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေး ကလည်း အဆင်ပြေဖို့ လိုအပ်ပါတယ်။

ရိုနယ်က ယာယီခိုလှုံရာ စခန်းတစ်ခုကို သတ်မှတ်ပေးခဲ့ပြီး ကျွန်တော်တို့ ကုန်လှောင်ရုံမှာ သိမ်းဆည်းထားတဲ့ ပစ္စည်းအမျိုးမျိုးကို အဲဒီနေရာကို ပြောင်းရွှေ့ခဲ့ကြတယ်။

မီဒီယာတွေမှာ ထွက်ပေါ်လာတဲ့ ဝါရင် ဘတ်ဖတ်က အခုလိုမျိုး ပြောကြားခဲ့တယ်။

"ကျွန်တော်ကတော့ မဟာငလျင်ကြီး ဖြစ်နိုင်ခြေ ဒါမှမဟုတ် ကန်ဂျင်ဟူနဲ့ ပတ်သက်ပြီး ဘာမှ မှတ်ချက်မပေးချင်ပါဘူး။ ဒါပေမဲ့ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုက လုံးဝကို လမ်းလွဲနေတယ်လို့တော့ မပြောနိုင်ပါဘူး။ Berkshire Hathaway အနေနဲ့ ကျွန်တော်တို့ရဲ့ လက်အောက်ခံ ကုမ္ပဏီတွေကနေ အစိုးရရဲ့ အစီအမံတွေအတိုင်း သက်ဆိုင်ရာ ပစ္စည်းတွေကို ထုတ်လုပ်ပြီး ထောက်ပံ့ပေးသွားမှာပါ။ Coca-Cola စက်ရုံကလည်း သန့်စင်ပြီး သောက်ရေသန့် ထုတ်လုပ်မှုကို တိုးမြှင့်သွားမှာ ဖြစ်တာမလို့ ဆိုင်တွေမှာ ကိုကာကိုလာ လက်ကျန်တွေ ခေတ္တပြတ်လပ်မှု ရှိနိုင်တာကို နားလည်ပေးကြဖို့ တောင်းပန်ချင်ပါတယ်"

ကျွန်တော် ဥက္ကဋ္ဌ လင်ဂျင်ယုံနဲ့ စကားပြောခဲ့တယ်။

"ငါတို့ ဆိုဆောင်း အုပ်စုက ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ အကူအညီတွေကို တတ်နိုင်သမျှ ပေးသွားမှာပါ"

"ကျေးဇူးတင်ပါတယ်"

လက်ရှိ အခြေအနေမျိုးမှာ ဒါကတင် တော်တော်လေးကို ကြီးမားတဲ့ အကူအညီ ဖြစ်နေပါပြီ။

အိမ်ဖြူတော် Situation Room မှာတော့ ဘေးလွတ်ရာ ရွှေ့ပြောင်းမှု အခြေအနေတွေကို အချိန်နဲ့တပြေးညီ ပြသနေခဲ့တယ်။ မဟာငလျင်ကြီး မရောက်ခင်မှာ တတ်နိုင်သမျှ ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေကို အပြီးသတ်ဖို့ လိုအပ်ပါတယ်။

ဒါပေမဲ့ မကောင်းတဲ့အရာတွေက အမြဲတမ်း စုပြုံပြီး လာတတ်တယ်လို့ ပြောကြတယ်မလား။

ဘေးအန္တရာယ်အတွက် အလုပ်ရှုပ်နေတဲ့ ကြားထဲမှာတင် အမေရိကန် ပြည်တွင်းမှာ နောက်ထပ် ဘေးအန္တရာယ်တစ်ခု ထပ်ပြီး ကြုံတွေ့ခဲ့ရပြန်တယ်။

စက်တင်ဘာလ ၂၂ ရက်၊ မနက် ၂ နာရီ

တက္ကဆက်ပြည်နယ်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဟူစတန်မှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တယ်။ မြို့တော်က ပိုင်ဆိုင်တဲ့ ၂၅ ထပ်ရှိတဲ့ Blue Bell Tower မှာ အဓိကအားဖြင့် ဝင်ငွေနည်းတဲ့ လူဖြူ နေထိုင်သူတွေ နေထိုင်ကြတာပါ။

မီးက ၅ ထပ်ကနေ စတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဆောက်အဦးရဲ့ အပြင်ဘက် နံရံတွေကနေတဆင့် အပေါ်ကို ချက်ချင်း ကူးစက်သွားခဲ့တယ်။ အနီးအနားက မီးသတ်သမားတွေက သတင်းရရချင်း ရောက်လာခဲ့ကြပေမဲ့ မီးသတ်ကားတွေ ဝင်ရောက်ဖို့ လမ်းကြောင်းက သေသေချာချာ မရှိတာကြောင့် ကြန့်ကြာမှုတွေ ဖြစ်ပေါ်ခဲ့ရတယ်။

မိနစ် ၂၀ အတွင်းမှာတင် မီးက အဆောက်အဦးတစ်ခုလုံးကို ဝါးမြိုသွားခဲ့တယ်။ နေထိုင်သူအများစုက ညဉ့်နက်ပိုင်းအချိန်မလို့ အိပ်ပျော်နေခဲ့ကြတာကြောင့် အချိန်မီ မလွတ်မြောက်နိုင်ခဲ့ကြဘူး။

ကင်မရာတွေမှာတော့ မီးတောက်တွေကို မခံနိုင်လို့ အဆောက်အဦးပေါ်ကနေ ခုန်ချနေကြတဲ့ လူတွေရဲ့ ပုံရိပ်တွေကို ရိုက်မိခဲ့ကြတယ်။

မီးသတ်သမားတွေက မီးကို ၁၅ နာရီကြာအောင် ငြှိမ်းသတ်ခဲ့ရပြီးနောက်မှပဲ ထိန်းချုပ်နိုင်ခဲ့ပေမဲ့ အဲဒီအချိန်မှာတော့ အဆောက်အဦးကြီးက လုံးဝကို ပျက်စီးသွားခဲ့ပါပြီ။

လူအနည်းငယ်ပဲ ဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်ခဲ့ပြီး ကျန်တဲ့ လူပေါင်း ၄၀၀ ခန့်ရဲ့ အခြေအနေကတော့ မရေမရာ ဖြစ်နေဆဲဖြစ်ကာ အများစုကတော့ သေဆုံးသွားပြီလို့ ယူဆရတယ်။

ဒီလိုမျိုး ကြီးမားတဲ့ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးက ကယ်ဆယ်ရေး လုပ်ငန်းတွေကို တိုက်ရိုက် ညွှန်ကြားပြီး တုံ့ပြန်ဆောင်ရွက်ရမှာပါ။

ဒါပေမဲ့ အုပ်ချုပ်ရေးမှူး မာတင် အယ်ဘရိုက်ကတော့ မီးလောင်မှုဖြစ်ပြီး ၁၀ နာရီကြာမှပဲ အရေးပေါ် အစည်းအဝေးခန်းကို ရောက်ရှိလာခဲ့တယ်။

မီးသတ် အချက်ပေးစနစ်ကလည်း အလုပ်မလုပ်ခဲ့သလို မီးသတ် ရေဖျန်းစနစ်တွေလည်း မရှိခဲ့ဘူး။ အရေးကြီးဆုံး ပြဿနာကတော့ ပြန်လည်မွမ်းမံမှုတွေ လုပ်တုန်းက အပြင်ဘက်မှာ မီးလောင်လွယ်တဲ့ Sandwich Panelsတွေကို အသုံးပြုခဲ့တာပါပဲ။

ဘေးကင်းလုံံခြုံရေး စစ်ဆေးမှုကိုတောင် အောင်မြင်မှာ မဟုတ်တဲ့ ဒီလို မွမ်းမံမှုမျိုးက အုပ်ချုပ်ရေးမှူး မာတင် အယ်ဘရိုက်က အိမ်ငှား တိုက်ခန်းတွေအတွက် ဘတ်ဂျက်ကို ဖြတ်တောက်ပြီးနောက် ဆောက်လုပ်ရေး စည်းမျဉ်းတွေကို လျှော့ပေါ့ပေးခဲ့လို့ ဖြစ်လာခဲ့တာပါ။

ဝေဖန်မှုတွေ မြင့်တက်လာတဲ့အခါ သူက ရစ်ပတ်ဘလစ်ကန် အုပ်ချုပ်ရေးမှူး ဖြစ်နေပေမဲ့လည်း တာဝန်ကို သမ္မတဆီကို လွှဲချပစ်ဖို့ ကြိုးစားခဲ့တယ်။

"ဖက်ဒရယ် အစိုးရက မဖြစ်နိုင်တဲ့ ငလျင်တစ်ခုအတွက် ပြင်ဆင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှိသမျှ မီးသတ်နဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ အားလုံးကို ကယ်လီဖိုးနီးယားကို ပြောင်းရွှေ့ပစ်ခဲ့တယ်။ ဒါက ရှုပ်ထွေးမှုတွေကို ဖြစ်စေခဲ့ပြီး ထိခိုက်သေဆုံးသူတွေကို ပိုပြီး တိုးပွားစေခဲ့တာပါ။ အဲဒီလိုသာ မဟုတ်ရင် ကျွန်တော်တို့ဟာ တန်ဖိုးရှိတဲ့ အသက်တွေကို ကယ်တင်နိုင်ခဲ့မှာပါ"

သူ့ရဲ့ လုပ်ရပ်တွေကြောင့် တချို့သော သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ သူ့ရဲ့ပြောစကားကတော့ အစောပိုင်း တုံ့ပြန်ဆောင်ရွက်မှုမှာ ပျက်ကွက်ခဲ့လို့ အကြောင်းပြချက် ပေးတာပဲ ဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ သူ ၁၀ နာရီလုံးလုံး ဘာလုပ်နေခဲ့လဲဆိုတာကို သူ သေသေချာချာ မရှင်းပြနိုင်ခဲ့တာပါပဲ။

ဒါပေမဲ့လည်း အမေရိကန် တစ်ဝန်းလုံးမှာ အရေးပေါ် အစီအမံတွေအပေါ် မကျေနပ်မှုတွေနဲ့ ရိုနယ်အပေါ် စိတ်ပျက်မှုတွေက ပြည့်နှက်နေခဲ့တာ ဖြစ်လို့ ဒီဖြစ်ရပ်က အဲဒီမကျေနပ်မှုတွေကို မီးမွှေးပေးလိုက်သလို ဖြစ်သွားခဲ့ရတယ်။

မီဒီယာတွေက အုပ်ချုပ်ရေးမှူး မာတင် အယ်ဘရိုက်ကို အပြစ်တင်မယ့်အစား ရိုနယ်ကို အပြစ်တင်ဖို့အတွက်ပဲ ပိုပြီး အာရုံစိုက်ခဲ့ကြတယ်။

[ယနေ့ မနက် ၂ နာရီက ဟူစတန်ရဲ့ Blue Bell Tower မှာ မီးလောင်မှု ဖြစ်ပွား]

[သေဆုံးသူ ၆၀ အတည်ပြု၊ ပျောက်ဆုံးနေသူ ၃၅၀ ကျော်။ ပျောက်ဆုံးနေသူ အများစု သေဆုံးပြီလို့ ယူဆရ]

[အမေရိကန် သမိုင်းမှာ အဆိုးရွားဆုံး မီးလောင်မှု ဘေးအန္တရာယ်]

[မက္ကဆီကိုစီးတီး ငလျင်ထက် သေဆုံးသူ အရေအတွက် ပိုများပြား]

[မဟာငလျင်ကြီး အတွက် ပြင်ဆင်နေတုန်း မီးလောင်မှု ဘေးအန္တရာယ်ကို မတားဆီးနိုင်ခဲ့]

[သမ္မတ ရိုနယ်အနေနဲ့ တာဝန်ယူရမည်……]

ထောက်ခံမှုနှုန်းတွေ ဒီထက် ပိုပြီး ကျစရာ မရှိတော့ဘူးဆိုတဲ့ အတွေးကတော့ အကြီးအကျယ် မှားယွင်းသွားခဲ့တာပါပဲ။

Blue Bell Tower မီးလောင်မှုအပြီးမှာတော့ သူ့ရဲ့ အဓိက ထောက်ခံသူတွေပါ စွန့်ခွာသွားခဲ့ကြပြီး ရိုနယ်ရဲ့ ထောက်ခံမှုနှုန်းကတော့ ၁၀ ရာခိုင်နှုန်းအောက်ကို ထိုးကျသွားခဲ့ရပါတော့တယ်။

All Chapters