အခန်း ၁၈၈
Vol. 19 Ch. 188
အခန်း (၁၈၈)
ဒုတိယသမ္မတ မိုက်ဘောင်ဝါက အံ့အားသင့်သွားတဲ့ မျက်နှာထားနဲ့ မေးလိုက်တယ်။
"မင်း အခု ဘာပြောလိုက်တာလဲ"
"သမ္မတကို စွဲချက်တင်ရမယ့် အကြောင်းပြချက်တွေကိုတော့ ကျွန်တော့်ထက် ခင်ဗျားက ပိုပြီး သိမှာမလို့ ကျွန်တော် သီးသန့် ရှင်းမပြတော့ဘူး။ ဒါပေမဲ့ ဒါတစ်ခုတော့ ပြောချင်ပါတယ်။ တကယ်လို့ သမ္မတ ရိုနယ်သာ ရာထူးကနေ ဖယ်ရှားခံရရင် ဒုတိယသမ္မတဖြစ်တဲ့ ခင်ဗျားက သမ္မတ ဖြစ်လာမှာပါ"
မိုက်ဘောင်ဝါက ရစ်ပတ်ဘလစ်ကန် ပါတီရဲ့ ထင်ရှားတဲ့ လူကြီးတစ်ယောက် ဖြစ်သလို အစဉ်အလာစွဲကြီးတဲ့ ကွန်ဆာဗေးတစ် တစ်ယောက်လည်း ဖြစ်ပါတယ်။ သူက နှိမ့်ချမှုရှိပြီး ရိုးသားတည်ကြည်သူ ဖြစ်တာကြောင့် ရစ်ပတ်ဘလစ်ကန် ပါတီဝင်ဟောင်းကြီးတွေရဲ့ ထောက်ခံမှုကိုပါ အပြည့်အဝ ရရှိထားတဲ့လူပါ။
ပါတီတွင်းမှာ ဘာအခြေခံ ထောက်ခံမှုမှ မရှိတဲ့ ရိုနယ်က သူ့ကို မဟာမိတ်အဖြစ် ရွေးချယ်ခဲ့တာက တကယ့်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့တယ်။ သူက ရစ်ပတ်ဘလစ်ကန်ရဲ့ အစဉ်အလာ ထောက်ခံသူတွေကို စုစည်းပေးခဲ့တာကြောင့် ရိုနယ် သမ္မတ ဖြစ်လာဖို့ အကြီးမားဆုံး အကြောင်းပြချက် ဖြစ်ခဲ့တာလေ။
ဒါကြောင့် ပါတီတွင်းမှာတော့ မိုက်ဘောင်ဝါက ရိုနယ်ကို သမ္မတ ဖြစ်အောင် လုပ်ပေးခဲ့ပြီး ပါတီပြင်ပမှာတော့ ကန်ဂျင်ဟူက လုပ်ပေးခဲ့တာလို့တောင် ပြောစမှတ် ပြုကြတယ်။
ဟာဝိုင်အီပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူးတဲ့ မိုက်ဘောင်ဝါအတွက်တော့ ဒီဒုတိယသမ္မတ ရာထူးက သူ့ရဲ့ နိုင်ငံရေး သက်တမ်း အဆုံးသတ်ပဲ ဖြစ်ခဲ့တာပါ။
တကယ်လို့ ရိုနယ်သာ နောက်တစ်ကြိမ် ပြန်လည် အရွေးမခံရရင် အားလုံးက ပြီးဆုံးသွားမှာ ဖြစ်သလို ရိုနယ် အနိုင်ရရင်တောင်မှ သူက လေးနှစ်အကြာမှာ အနားယူရတော့မှာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ သူက အေးအေးချမ်းချမ်းပဲ ဖြတ်သန်းသွားဖို့ စဉ်းစားထားတာပါ။ သူက ဟာဝိုင်အီမှာ သူ့ဇနီးနဲ့အတူ နေထိုင်ဖို့အတွက် အိမ်တစ်လုံးတောင် ကြိုတင် ပြင်ဆင်ထားခဲ့ပြီးပြီလေ။
ဒါပေမဲ့လည်း……
"အမေရိကန် သမ္မတရဲ့ နာမည်က သမိုင်းမှာ အမြဲတမ်း ကျန်ရစ်နေမှာပါ။ လမ်းဘေးက အိမ်ခြေမဲ့တစ်ယောက်ကို မေးရင်တောင်မှ သမ္မတဟောင်း ၁၀ ယောက်ရဲ့ နာမည်ကို ချက်ချင်း ရွတ်ပြနိုင်လိမ့်မယ်။ ဒါပေမဲ့ ဒုတိယသမ္မတတွေရဲ့ နာမည်ကိုကျတော့ မှတ်မိမယ်ထင်လို့လား"
သမ္မတ ဆိုတာက သမိုင်းရဲ့ တစ်ဦးထဲသော ဇာတ်လိုက်ပါ။ သမ္မတရဲ့ နာမည်က သက်တမ်းအတွင်းမှာရော သက်တမ်းကုန်ဆုံးသွားပြီး နောက်မှာပါ ထာဝရ မှတ်တမ်းတင်ခံရမှာ ဖြစ်ပေမဲ့ ဒုတိယသမ္မတတွေကတော့ သက်တမ်းကုန်တာနဲ့ လူတွေရဲ့ မှတ်ဉာဏ်ထဲကနေ ပျောက်ကွယ်သွားတတ်ကြပါတယ်။
အုပ်ချုပ်ရေးမှူး ဆိုင်မွန်က တစ်ခုခုကို သတိရသွားတဲ့ ပုံစံနဲ့ ရုတ်တရက် ပြောလာတယ်။
"အာ…. ကျွန်တော် မှတ်မိတဲ့ နာမည်တစ်ခုတော့ ရှိသားပဲ၊ ဟာရီ ထရူးမင်း ကလည်း ဒုတိယသမ္မတ တစ်ယောက်ပဲ မဟုတ်လား"
ဟာရီ ထရူးမင်း။
လူတွေက သူ့ကို ဒုတိယသမ္မတအဖြစ် မှတ်မိနေတဲ့ တစ်ခုထဲသော အကြောင်းပြချက်ကတော့…
"တကယ်လို့ ရုစဗဲ့လ် သေဆုံးသွားပြီးနောက် သူသာ သမ္မတ ရာထူးကို ဆက်ခံခွင့် မရခဲ့ရင် ဒီနေ့အချိန်မှာ သူ့နာမည်ကို မှတ်မိမယ့်လူ ရှိပါဦးမလား"
ဒါက တကယ့်ကို အန္တရာယ်များပြီး လျှို့ဝှက်ချက် ဆန်းပြားတဲ့ သွေးဆောင်မှုတစ်ခုပါပဲ။
ဒုတိယသမ္မတ မိုက်ဘောင်ဝါရဲ့ ရင်ထဲမှာ မျှော်လင့်ချက် မီးတောက်တစ်ခု စတင် တောက်လောင်လာခဲ့ရပါပြီ။
သူ ဘယ်တော့မှ မရနိုင်တော့ဘူးလို့ ထင်ထားခဲ့တဲ့ ရာထူး…… သမိုင်းရဲ့ ဇာတ်လိုက်တစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးက သူ့ဆီကို ရောက်ရှိလို့လာခဲ့ပြီလေ။
ဆိုင်မွန်က လေသံကို အနည်းငယ် ပြောင်းပြီး ပြောလိုက်တယ်။
"ကျေးဇူးပြုပြီး ရစ်ပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ်တွေကို စွဲချက်တင်တဲ့နေရာမှာ ပါဝင်လာဖို့ စည်းရုံးပေးပါ"
သူတို့တွေက ဘာအကျိုးအမြတ်မှ မလိုချင်ဘဲ နိုင်ငံတော် အကျိုးတစ်ခုထဲအတွက်တင် လှုပ်ရှားနေကြတာ မဟုတ်ဘူးဆိုတာ ထင်ရှားနေတာပါပဲ။
ဒုတိယသမ္မတ မိုက်ဘောင်ဝါက ဆိုင်မွန်ကို မေးလိုက်တယ်။
"မင်းတို့ ဘာကို လိုချင်တာလဲ"
"ဒီကိစ္စမှာ သမ္မတ ရိုနယ် တစ်ယောက်ထဲတင် တာဝန်ယူရမှာ မဟုတ်ပါဘူး။ တကယ်လို့ သမ္မတသာ ရာထူးက ဖယ်ရှားခံရရင် ဒါနဲ့ ပတ်သက်နေတဲ့လူတွေ အကုန်လုံး ရာထူးက နှုတ်ထွက်ပေးရပါမယ်။ နိုင်ငံခြားရေး ဝန်ကြီး၊ ကာကွယ်ရေး ဝန်ကြီး၊ ဘဏ္ဍာရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးနဲ့ တခြားလူတွေ အားလုံး အပါအဝင်ပေါ့"
မိုက်ဘောင်ဝါက တစ်ဖက်လူ ဘာကို ဆိုလိုတယ်ဆိုတာကို ချက်ချင်း သဘောပေါက်သွားခဲ့တယ်။
"မင်းက အဲဒီ ရာထူးတွေကို တောင်းဆိုနေတာလား"
ဆိုင်မွန်က ငြင်းဆိုခြင်း မရှိခဲ့ဘူး။
"လက်ရှိ အခြေအနေအရ ရစ်ပတ်ဘလစ်ကန် အင်အားတစ်ခုထဲနဲ့တင် ဒီကမောက်ကမ ဖြစ်မှုတွေကို ထိန်းချုပ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒီမိုကရက်တစ်ပါတီက သမ္မတအသစ်အတွက် အားဖြည့်ပေးသွားမှာပါ"
ဒါက မဆိုးတဲ့ ကမ်းလှမ်းချက်တစ်ခုပါ။
ရိုနယ် သမ္မတ ဖြစ်လာကတည်းက ပြတ်သားတဲ့ ဦးဆောင်မှုကို မပြနိုင်ခဲ့ရတဲ့ အကြောင်းပြချက်က လွှတ်တော်ကို ဒီမိုကရက်တွေက စိုးမိုးထားခဲ့လို့ပါပဲ။
တကယ်လို့ စွဲချက်တင်မှုသာ အောင်မြင်သွားရင် ဒီမိုကရက်တွေရဲ့ ဩဇာလွှမ်းမိုးမှုက ပိုပြီး ကြီးထွားလာမှာ ဖြစ်တာကြောင့် အစိုးရအဖွဲ့ တည်ငြိမ်ဖို့အတွက် သူတို့ရဲ့ ထောက်ခံမှုက မရှိမဖြစ် လိုအပ်ပါတယ်။
မိုက်ဘောင်ဝါက ဆိုင်မွန်ကို ကြည့်လိုက်တယ်။ သူနဲ့ ဆိုင်မွန်က နောက်လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရနိုင်ခြေ ရှိတယ်လို့ သူ တွေးလိုက်မိတာပါ။
နိုင်ရင်လည်း ကောင်းတာပဲ၊ ရှုံးရင်လည်း ဘာမှ မဖြစ်ဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် သူက အမေရိကန်ရဲ့ သမ္မတအဖြစ် သမိုင်းမှာ ကမ္ပည်းတင်ကျန်ရစ်ခဲ့မှာပဲ မဟုတ်လား။
"ငါ အရင်ဆုံး ရစ်ပတ်ဘလစ်ကန် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးလိုက်ပါဦးမယ်"
သူ့ရဲ့ စကားကြောင့် အခန်းထဲမှာ ရှိနေတဲ့လူတွေ အားလုံးက ကျေနပ် အားရတဲ့ အပြုံးတွေ ပြုံးလိုက်ကြတော့တယ်။
နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူး ဆိုင်မွန် အန်ဒါဝုဒ်က ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်တွေနဲ့အတူ ရိုနယ်ဆီကို ရာဇသံ ပေးလိုက်တယ်။
"ခင်ဗျားကို သုံးရက် အချိန်ပေးမယ်။ အဲဒီအချိန်အတွင်းမှာ ဒီရူးသွပ်တဲ့ အစီအစဉ်တွေကို ရပ်တန့်ပြီး သမ္မတ ရာထူးကနေ နှုတ်ထွက်ပေးပါ။ တကယ်လို့ ငြင်းဆန်မယ်ဆိုရင်တော့ ကျွန်တော်တို့ လွှတ်တော်နှစ်ရပ်လုံးကို စုစည်းပြီး စွဲချက်တင် ဖယ်ရှားဖို့ မဲခွဲဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်"
လွှတ်တော်က ဒါကို ပြင်းပြင်းထန်ထန် ဆန့်ကျင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပေမဲ့ အခုလိုမျိုး တကယ်တမ်း စွဲချက်တင်ဖို့အထိ လှုပ်ရှားလာလိမ့်မယ်လို့တော့ မထင်ထားခဲ့မိဘူး။
ကိုရီးယားမှာ သမ္မတ စွဲချက်တင်ခံရရင် ရွေးကောက်ပွဲ ပြန်လုပ်ရတာနဲ့ မတူဘဲ အမေရိကန်မှာတော့ ဒုတိယသမ္မတက ရာထူးကို တိုက်ရိုက် ဆက်ခံရတာပါ။ ဒါကြောင့် စွဲချက်တင်မှု အောင်မြင်သွားရင်တောင်မှ အစိုးရအဖွဲ့ အပြောင်းအလဲက ဖြစ်လာမှာ မဟုတ်ပါဘူး။
သတင်းကို ကြည့်ပြီးနောက် တက်ဂယူက မေးလာတယ်။
"အမေရိကန် သမိုင်းမှာ တကယ်တမ်း စွဲချက်တင် ဖယ်ရှားခံခဲ့ရတဲ့ သမ္မတ ရှိဖူးလား"
"မရှိဘူး"
ဒါပေမဲ့ ခပ်ဆင်ဆင်ဖြစ်ရပ်တွေတော့ ရှိခဲ့ဖူးပါတယ်။
အင်ဒရူး ဂျွန်ဆင်နဲ့ ဘီလ် ကလင်တန်တို့က အထက်လွှတ်တော်မှာ အပြစ်မရှိကြောင်း ဆုံးဖြတ်ချက် ရရှိခဲ့ကြသလို ရစ်ချက် နစ်ဆင်ကတော့ အောက်လွှတ်တော်မှာ မဲမခွဲခင်လေးတင် ရာထူးကနေ ကြိုတင် နှုတ်ထွက်သွားခဲ့တာပါ။
ရိုနယ်ကတော့ ဒီမိုကရက်တွေကို တွေ့ဆုံပြီး စည်းရုံးမယ့်အစား Twitter ပေါ်မှာပဲ စာတစ်စောင် တင်လိုက်တယ်။
[“မြည်းက အော်ဟစ်နေပေမဲ့ ဆင်ကတော့ ရှေ့ကိုပဲ ဆက်လျှောက်နေမှာပဲ”]
မြည်းက ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြုတာ ဖြစ်ပြီး ဆင်ကတော့ ရစ်ပတ်ဘလစ်ကန်ပါတီကို ကိုယ်စားပြုတာပါ။
အောက်လွှတ်တော်မှာတော့ အများစုက မဲပေးရင် စွဲချက်တင်မှုက အောင်မြင်မှာ ဖြစ်တာကြောင့် အများစု ဖြစ်နေတဲ့ ဒီမိုကရက်တစ်ပါတီက မဲခွဲဖို့ ဆုံးဖြတ်လိုက်ရင် တားဆီးဖို့ နည်းလမ်း မရှိပါဘူး။ ဒါပေမဲ့ အထက်လွှတ်တော်မှာကျတော့ သုံးပုံနှစ်ပုံရဲ့ ထောက်ခံမဲ ရရှိဖို့ လိုအပ်ပါတယ်။
အောက်လွှတ်တော်မှာ ခက်ခဲနိုင်ပေမဲ့ ရစ်ပတ်ဘလစ်ကန်တွေသာ ညီညွတ်နေရင် အထက်လွှတ်တော်မှာတော့ ဒါကို ထိရောက်စွာ တားဆီးနိုင်လိမ့်မယ်လို့ တွက်ချက်ထားခဲ့ကြတာပါ။
ဒါပေမဲ့ အဲဒီအချိန်မှာတင်……
"ကန့်ကွက်မှုတွေနဲ့ အကြံပြုချက်တွေ အများကြီး ရှိနေတာတောင်မှ သမ္မတ ရိုနယ် စတန်ပါက ပါမောက္ခ ကီရန်မိုဟန်ရဲ့ မှားယွင်းတဲ့ အဆိုပြုချက်တွေနဲ့ ကန်ဂျင်ဟူရဲ့ စကားတွေကိုပဲ ယုံကြည်ပြီး အမေရိကန်ကို ဖျက်ဆီးနေပါတယ်။ သူက သမ္မတ ရာထူးကို ဆက်လက် ထမ်းဆောင်ဖို့ လိုအပ်တဲ့ ဆုံးဖြတ်ချက် ချနိုင်စွမ်း မရှိတော့ဘူးလို့ ကျွန်တော် ကောက်ချက်ချလိုက်ပါပြီ။ ပြည်သူတွေအနေနဲ့ ဒါကို ထောက်ခံပေးကြဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်။ အမေရိကန်ပြည်ထောင်စုအပေါ် ဘုရားသခင် ကောင်းချီးပေးပါစေ"
ဒါကို ပြောကြားခဲ့တဲ့လူကတော့ တခြားလူ မဟုတ်ဘဲ ဒုတိယသမ္မတ မိုက်ဘောင်ဝါ ကိုယ်တိုင်ပဲ ဖြစ်နေခဲ့တာပါ။
သူက အခြေခံအားဖြင့် ရစ်ပတ်ဘလစ်ကန်ပါတီရဲ့ ခေါင်းဆောင်တစ်ယောက်ပဲလေ။ သူ့ရဲ့ ရပ်တည်ချက်က ရစ်ပတ်ဘလစ်ကန် ပါတီဝင်ဟောင်းကြီးတွေပါ ရိုနယ်ကို ကျောခိုင်းသွားခဲ့ကြပြီဆိုတာကို ပြသနေတာပါပဲ။
ရစ်ပတ်ဘလစ်ကန်ပါတီကပါ စွဲချက်တင်တဲ့ လှုပ်ရှားမှုမှာ ပူးပေါင်းလာခဲ့တာကြောင့် အောက်လွှတ်တော်ရော အထက်လွှတ်တော်မှာပါ အောင်မြင်ဖို့အတွက် လုံလောက်တဲ့ ထောက်ခံမဲတွေကို သူတို့တွေ ရရှိသွားခဲ့ကြပါပြီ။
[“သူက စွဲချက်တင် ဖယ်ရှားခံရမလား။ ဒါမှမဟုတ် ကြိုတင် နှုတ်ထွက်မလား”]
[၂၁ ရာစုရဲ့ ရပ်စ်ပူတင်၊ အမြင့်ဆုံး အာဏာပိုင်ကို ဖြုတ်ချလိုက်ပြီ]
[ကန်ဂျင်ဟူကမှ တကယ့် မဟာငလျင်ကြီးပါ]
[လူထုစစ်တမ်း ကောက်ယူမှုအရ ၉၁ ရာခိုင်နှုန်းက စွဲချက်တင်မှုကို အပြည့်အဝ ထောက်ခံကြ]
စွဲချက်တင် မဲခွဲမယ့်ရက်ကတော့ စက်တင်ဘာ ၂၈ ရက်နေ့ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ အနာဂတ်က ဘယ်သူမှ ခန့်မှန်းလို့ မရနိုင်တဲ့ လမ်းကြောင်းဆီကို ဦးတည်သွားခဲ့ရပါပြီ။
ကျွန်တော် ရက်အနည်းငယ်လောက် အိပ်ရေးမဝ ဖြစ်နေခဲ့တယ်။
ဆိုဖာကို မှီပြီး ခဏလေး အိပ်ပျော်သွားတုန်းမှာပဲ ကျွန်တော် ထပ်ပြီးတော့ ဟိုနေရာမှာ မတ်တပ်ရပ်နေခဲ့ပြန်တယ်။ တူညီတဲ့ မြင်ကွင်းကပဲ ကျွန်တော့်မျက်စိရှေ့မှာ ပြန်ပြီး ပေါ်လာခဲ့တယ်။
ငါ့ကို ဘာကို ပြချင်နေတာလဲ။
ဘေးနားက လူက သူ့ရဲ့ နာရီကို ဆက်တိုက် စစ်ဆေးနေပြီး Bluetooth နားကြပ်ကနေတဆင့် စကားပြောနေခဲ့တယ်။ မီးပွိုင့် အချက်ပြစနစ် ပြောင်းလဲသွားခဲ့ပြီး လူတွေက လမ်းကူးသွားခဲ့ကြတယ်။
ထုံးစံအတိုင်း မြေပြင်က အက်ကွဲသွားခဲ့ပြီး ကျွန်တော် ပြုတ်ကျတော့မယ့် လူရဲ့ လက်ကို ဖမ်းဆွဲလိုက်မိတယ်။ သူ့ကို မကယ်တင်နိုင်ဘူးဆိုတာ သိနေတာတောင်မှ ကျွန်တော် သူ့ကို ကိုယ့်ဘက်ဆီ ဆွဲခေါ်ခဲ့တာပါ။
သူ့ရဲ့ ညာဘက် လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ Rolex နာရီကို ကျွန်တော် မြင်လိုက်ရတယ်။
အဲဒီအချိန်မှာတင် ကျွန်တော့်အောက်က မြေပြင်က ပြိုကျသွားခဲ့ပြီး ကျွန်တော်ဟာ အဆုံးမရှိတဲ့ အမှောင်ထုထဲကို ပြုတ်ကျသွားခဲ့ရတော့တာပဲ။
ကျွန်တော် မျက်လုံး ဖွင့်လိုက်တဲ့အခါ ကမ္ဘာကြီးက ငြိမ်သက်နေခဲ့တယ်။
တက်ဂယူက မေးလာတယ်။
"ဒီတစ်ကြိမ်မှာ မင်း ဘာမြင်ခဲ့လဲ"
"မဟာငလျင်ကြီး ရောက်လာမယ့် အချိန်ကိုပဲ"
တက်ဂယူက အံ့အားသင့်သွားရတယ်။
"တကယ်လား။ ဘယ်အချိန်လဲ"
"၁၂:၄၇။ အဲဒီအချိန်မှာ မဟာငလျင်ကြီး လှုတ်ခတ်လာလိမ့်မယ်"
၂၈ ရက်နေ့ကို ရောက်ရှိလာခဲ့ပေမဲ့ မျှော်လင့်ထားခဲ့တဲ့ Nphone Z မိတ်ဆက်ပွဲကတော့ ဖြစ်မလာခဲ့ဘူး။
တခြား ကုမ္ပဏီတွေလိုပဲ ထုတ်ကုန်အသစ် မိတ်ဆက်တာမျိုး လုံးဝ မရှိခဲ့တာပါ။
ဒါက ကျွန်တော် မြင်ခဲ့ရတဲ့ မြင်ကွင်းနဲ့တော့ အများကြီး ကွာခြားနေခဲ့တယ်။ ကျွန်တော့်ကြောင့် အရာအားလုံး ပြောင်းလဲသွားခဲ့တာ ဖြစ်ရမယ်။
လူတိုင်းက ဒီအခြေအနေတွေ အမြန်ဆုံး ပြီးဆုံးသွားဖို့ပဲ မျှော်လင့်နေကြပါတယ်။
ကျွန်တော် ပါမောက္ခ ကီရန်မိုဟန်ဆီကနေ ဖုန်းလက်ခံရရှိခဲ့တယ်။ သူက ပင်ပန်းနွမ်းနယ်နေတဲ့ လေသံနဲ့ ပြောလာတယ်။
"ဆန်အန်ဒရီးရပ်စ်နဲ့ ဟေးဝါ့ဒ် ပြတ်ရွေ့တွေရဲ့ လှုပ်ရှားမှုက တကယ့်ကို စိုးရိမ်စရာပဲ။ ငါတို့ အိမ်တံခါးဝရှေ့အထိ ရောက်နေသလို ခံစားရပေမဲ့ ရိုးရိုးသားသား ပြောရရင် ဘာကို ဆိုလိုမှန်း ငါလည်း သေသေချာချာ မသိတော့ဘူး"
ပါမောက္ခ မိုဟန်ကလည်း ဝေဖန်မှုတွေကို အကြီးအကျယ် ခံစားနေရတာပါ။ ကယ်လီဖိုးနီးယား နည်းပညာ တက္ကသိုလ်မှာ သူ့ကို ရာထူးကနေ ထုတ်ပယ်ပေးဖို့ တောင်းဆိုမှုတွေက တဟုန်ထိုး ရောက်ရှိနေခဲ့တာလေ။
ဆန်ဖရန်စစ္စကို ကမ်းကွေ့ ဧရိယာအတွက်တော့ အမြင့်ဆုံးအဆင့် ငလျင် သတိပေးချက်ကို ထုတ်ပြန်ထားခဲ့ဆဲပဲ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ဒီမိုကရက်တစ်ပါတီက ကတိပေးထားတဲ့အတိုင်း စွဲချက်တင်မှု လုပ်ငန်းစဉ်တွေကို ဆက်တိုက် လုပ်ဆောင်ခဲ့ကြတယ်။ အခုဆိုရင် ရိုနယ်မှာ ရွေးချယ်စရာ လမ်းနှစ်ခုပဲ ကျန်ပါတော့တယ်။
စွဲချက်တင် ဖယ်ရှားခံမလား၊ ဒါမှမဟုတ် အဲဒီမတိုင်ခင် ကြိုတင် နှုက်ထွက်မလား ပေါ့။
ရိုနယ်က တကယ့်ကို ပင်ပန်းနွမ်းနယ်နေတဲ့ ပုံစံ ဖြစ်နေခဲ့ပါပြီ။ သူ့ရဲ့ ထက်သန်တဲ့ အမူအရာတွေ ပျောက်ကွယ်သွားခဲ့ပြီး အသက် ၇၀ ကျော် အရွယ် အဖိုးအိုတစ်ယောက်လိုမျိုး ပုံစံ ဖြစ်နေခဲ့တာပါ။
"ငါတို့ နှုတ်ထွက်မယ့် ကြေညာချက်ကို စတင် ပြင်ဆင်ထားသင့်ပြီ ထင်တယ်"
"ခဏလောက် ထပ်စောင့်ကြည့်ကြရအောင်"
ကျွန်တော့်ရဲ့ စကားကြောင့် ရိုနယ်က ခါးခါးသီးသီး ပြုံးလိုက်တယ်။
"ထပ်စောင့်ရင်ကော ဘာထူးခြားသွားမှာမလို့လဲ"
"အဲဒီမတိုင်ခင်မှာ မဟာငလျင်ကြီး လှုတ်လာနိုင်လို့ပါ"
တကယ်လို့ ကျွန်တော် မြင်ခဲ့တာသာ မှန်ကန်ရင် ဒါက သေချာပေါက် ဖြစ်လာလိမ့်မယ်။
ကျွန်တော် နာရီကို ဆက်တိုက် စစ်ဆေးနေမိတယ်။ အချိန်က စိုးရိမ်စရာကောင်းလောက်အောင် ကုန်ဆုံးနေခဲ့တာပါ။
နောက်ဆုံးမှာတော့ သတ်မှတ်ထားတဲ့ အချိန်ဖြစ်တဲ့ ၁၂:၄၇ ကို ရောက်ရှိသွားခဲ့ပါပြီ။
ဒါပေမဲ့ မဟာငလျင်ကြီး ကတော့…… လှုတ်မလာခဲ့ဘူး။
ကမ္ဘာကြီးက ငြိမ်သက်နေဆဲပါပဲ။
ကျွန်တော် စိတ်ရှုပ်ထွေးမှုတွေ မြင့်တက်လာရတုန်းမှာတင် ရိုနယ်က ကျွန်တော့်ကို နားမလည်နိုင်တဲ့ မျက်နှာထားနဲ့ ကြည့်လာတယ်။
"ဘာဖြစ်လို့လဲ"
"အာ…. ဘာမှ မဟုတ်ပါဘူး"
ဘာလို့ ဘာမှ ဖြစ်မလာတာလဲ။
ကျွန်တော် မြင်ခဲ့ရတာက နာရီလက်တံ ဖြစ်တာကြောင့် မိနစ်အနည်းငယ်လောက် ကွာခြားမှုတော့ ရှိနိုင်တယ်။ ဒါပေမဲ့ မိနစ် ၃၀ ကနေ တစ်နာရီအထိ ကုန်ဆုံးသွားခဲ့တာတောင်မှ ဘာမှ ဖြစ်မလာခဲ့ဘူး။
တစ်ခုခုတော့ မှားယွင်းနေပါပြီ။
တက်ဂယူရဲ့ မျက်နှာက ဖြူလျော်သွားခဲ့ရတယ်။
ကျွန်တော့်ရဲ့ စိတ်ထဲမှာလည်း ဘာကိုမှ သေသေချာချာ မတွေးတောနိုင်လောက်အောင် ကမောက်ကမ ဖြစ်သွားခဲ့ရပါပြီ။ ကျွန်တော် ဘာကို မှားယွင်းပြီး ကောက်ချက်ချမိခဲ့တာလဲ။ ကျွန်တော့်ရဲ့ လှုပ်ရှားမှုတွေကြောင့် ငလျင် လှုပ်ခတ်မှုကို သက်ရောက်မှု ရှိသွားခဲ့တာလား။
ကျွန်တော် ဘာတွေ လုပ်မိခဲ့တာလဲ။
ပြင်ပမှာတော့ ဆန္ဒပြသူတွေရဲ့ အော်ဟစ်သံတွေကို ကြားနေခဲ့ရတယ်။ ရဲတပ်ဖွဲ့ဝင်တွေက အိမ်ဖြူတော်ထဲကို ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့ဆုံ နှိမ်နင်းနေခဲ့ကြတယ်။
ခဏအကြာမှာတော့ ရိုနယ်က ဖုန်းတစ်ချက် ပြောပြီးနောက် ဖုန်းကို ချလိုက်တယ်။
"အောက်လွှတ်တော်က စွဲချက်တင်မှုကို အတည်ပြုလိုက်ပြီ။ အထက်လွှတ်တော်ရဲ့ မဲခွဲမှုကိုလည်း မကြာခင်မှာ လုပ်ဆောင်တော့မယ်"
တီဗီမှာတော့ အောက်လွှတ်တော် ဥက္ကဋ္ဌရဲ့ အင်တာဗျူးကို ပြသနေခဲ့တယ်။
သူက စွဲချက်တင် မဲခွဲမှုရဲ့ ရလဒ်ကို ရှင်းပြရင်း ပြောလိုက်တယ်။
"သမ္မတကို စွဲချက်တင်တာက တကယ့်ကို ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ။ အမေရိကန် သမိုင်းမှာ အမည်းစက် မကျန်ရစ်ခဲ့စေဖို့အတွက် သမ္မတ ရိုနယ်အနေနဲ့ အမြန်ဆုံး ဆုံးဖြတ်ချက် တစ်ခုခု ချပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်"
ရိုနယ်က လက်ခုပ်ကို အသာအယာ တီးရင်း မတ်တပ်ရပ်လိုက်တယ်။
"ကဲ… ဒါပဲပေါ့"
မဟာငလျင်ကြီး ရောက်လာရမယ့် အချိန်ထက် နှစ်နာရီကျော်လောက် ကျော်လွန်သွားခဲ့ပြီ ဖြစ်ပေမဲ့ ဘာမှ ဖြစ်မလာခဲ့ဘူး။ တီဗီကနေ မြင်တွေ့နေရတဲ့ ဆန်ဖရန်စစ္စကိုကတော့ အေးချမ်း ငြိမ်သက်နေဆဲပဲ။
အခုဆိုရင် အထက်လွှတ်တော်ရဲ့ မဲခွဲမှုက စတင်တော့မှာ ဖြစ်တာကြောင့် အချိန်မရှိတော့ပါဘူး။ ဒါက ရိုနယ်အတွက် နောက်ဆုံး အခွင့်အရေးပဲလေ။
ကျွန်တော် ရိုနယ်ကို နှုတ်ထွက်စာ မတင်ဖို့ တားဆီးနိုင်စွမ်း မရှိတော့ဘူး။ ဒါက သူ့ရဲ့ နောက်ဆုံးထိန်းသိမ်းခွင့်ရမယ့် ဂုဏ်သိက္ခာပဲ မဟုတ်လား။
အခုအချိန်မှာ ငွေတွေ အလဟဿ ဖြုန်းတီးမိတာက ပြဿနာ မဟုတ်တော့ပါဘူး။ အရာအားလုံးက တကယ်ကို ပြီးဆုံးသွားခဲ့ရပါပြီ။
ဘယ်နေရာမှာ မှားယွင်းသွားခဲ့တာလဲ။
တကယ်လို့ ရိုနယ်သာ ကျွန်တော့်စကားကို မနားထောင်ခဲ့ရင် ကျွန်တော်တို့ နှစ်ယောက်လုံး ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်ရမှာ မဟုတ်ပါဘူး။
သူ့ရဲ့ စိတ်ထဲမှာ ဘယ်လို ခံစားနေရမလဲ။
"ခင်ဗျား ကျွန်တော့်ကို အပြစ်တင်နေတာလား"
ရိုနယ်က အသာအယာ ရယ်မောရင်း ကျွန်တော့်ရဲ့ ပုခုံးကို ပုတ်ပေးလာတယ်။
"ဒါက ငါ့ရဲ့ ဆုံးဖြတ်ချက်၊ ငါ့ရဲ့ ရွေးချယ်မှုပဲ။ ဘယ်သူ့ကိုမှ အပြစ်တင်နေဖို့ မလိုပါဘူး"
သူက သမ္မတနဲ့ မတူတဲ့ ပေါ့ပျက်ပျက် အမူအရာတွေကြောင့် ဝေဖန်မှုတွေ ခံခဲ့ရဖူးပေမဲ့ အခုလိုမျိုး ရာထူးကနေ နှုတ်ထွက်ရတော့မယ့် အချိန်မှာတော့ သမ္မတတစ်ယောက်ထက် ပိုပြီးတော့ တည်ငြိမ် လေးနက်နေခဲ့တာပါ။
ရိုနယ်က နှုတ်ထွက်ကြောင်း ကြေညာဖို့အတွက် သတင်းစာ ရှင်းလင်းပွဲ အခန်းဆီကို ထွက်ခွာသွားခဲ့တာကြောင့် အခန်းထဲမှာ ကျွန်တော်တို့ နှစ်ယောက်ထဲပဲ ကျန်ရစ်ခဲ့တယ်။
ကျွန်တော်တို့ အတော်ကြာအောင် ငြိမ်သက်နေခဲ့ကြတယ်။
တက်ဂယူက နားမလည်နိုင်တဲ့ ပုံစံနဲ့ မေးလာတယ်။
"ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ ငလျင်က လှုပ်မလာတာလဲ"
"ငါလည်း မသိတော့ဘူး"
ရက်စွဲ မှားယွင်းသွားတာလား၊ ဒါမှမဟုတ် တခြား အကြောင်းပြချက်တစ်ခုခု ရှိနေတာလား။
မကြာခင်လေးတင်အထိ ကျွန်တော် အပြည့်အဝ ယုံကြည်ထားခဲ့တာ ဖြစ်ပေမဲ့ အခုအချိန်မှာတော့ အမှန်တရားက ဘာလဲဆိုတာကိုတောင် မတွေးတောနိုင်တော့ပါဘူး။
ကျွန်တော် တကယ်တမ်း မြင်ခဲ့ရတာက ဘာလဲ။
ဒါက တကယ့် အနာဂတ်လား၊ ဒါမှမဟုတ် ကျွန်တော့်ရဲ့ စိတ်ကူးယဉ်မှုသက်သက်ပဲလား။ တကယ်တော့ မဟာငလျင်ကြီး ဆိုတာ လုံးဝ မရှိခဲ့တာများလား။
ကျွန်တော် တကယ်တမ်း ဘာကို လိုချင်နေတာလဲ။
တစ်ခုခုကို သက်သေပြဖို့အတွက် ငလျင် လှုပ်ခတ်တာကို လိုလားနေတာလား၊ ဒါမှမဟုတ် အရာအားလုံးကို ဆုံးရှုံးရရင်တောင်မှ ငလျင် လှုပ်မလာတာကပဲ ပိုပြီး ကောင်းမွန်မလား။
ငလျင် လှုပ်ခတ်သွားဖို့ကို မျှော်လင့်နေတာလား၊ ဒါမှမဟုတ် မလှုပ်ခတ်ဖို့ကိုပဲ ဆုတောင်းနေတာလား။
ကျွန်တော့်အပေါ် စွပ်စွဲချက်တွေနဲ့ ငလျင် ဘေးအန္တရာယ်ကို တားဆီးဖို့အတွက် ကျွန်တော် လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို ပြန်ပြီး သတိရမိလာတယ်။ ဒါတွေ အားလုံးက တကယ်ပဲ အဓိပ္ပာယ်မရှိ ဖြစ်သွားခဲ့ရပြီလား။
တီဗီစခရင်ပေါ်မှာ "အိမ်ဖြူတော် အရေးပေါ် ထုတ်ပြန်ချက်" ဆိုတဲ့ စာတန်းနဲ့အတူ ရိုနယ် ပေါ်လာခဲ့တယ်။
သတင်းစာ ရှင်းလင်းပွဲရဲ့ အကြောင်းပြချက်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေမဲ့ သူဟာ ရာထူးကနေ နှုတ်ထွက်တော့မယ်ဆိုတာကိုတော့ လူတိုင်းက သိနေခဲ့ကြတယ်။
ရိုနယ်သာ ရာထူးက နှုတ်ထွက်သွားရင် အရေးပေါ် အစီအမံတွေ အားလုံးက ရပ်တန့်သွားမှာပါ။ အဲဒီနောက်ပိုင်းမှာ မဟာငလျင်ကြီး ရောက်လာခဲ့ရင်တောင်မှ ကျွန်တော်တို့ ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။
အရာအားလုံးက တကယ်ကို ပြီးဆုံးသွားခဲ့ပြီလို့ ခံစားလိုက်ရတဲ့ အချိန်မှာတင်……
ရုတ်တရက် ကျွန်တော့်ရဲ့ အမြင်အာရုံတွေ ဝေဝါးသွားခဲ့ပြီး နားထဲမှာ အသံတစ်ခု ကြားလိုက်ရတယ်။
"ဒါနဲ့…… အခုတင်ပဲ…… ဆန်ဖရန် ……"
ဒါက စင်မြင့်ပေါ်က စကားပြောနေတဲ့ ရိုနယ်ရဲ့ အသံ မဟုတ်ဘဲ ကျွန်တော့်ဘေးနားမှာ ရပ်နေခဲ့တဲ့ လူရဲ့ အသံဆိုတာကို ကျွန်တော် ချက်ချင်း ခွဲခြားသိလိုက်တယ်။
သူ ဘာပြောနေတာလဲ။
"ဒီတစ်ကြိမ်မှာတော့…… ဂျေပီမော်ဂန် က သေချာပေါက်…… IPO……"
ဒါဆိုရင်……
တက်ဂယူက ကျွန်တော့်ကို မေးလာတယ်။
"ဘာဖြစ်လို့လဲ"
ကျွန်တော် ရေရွတ်လိုက်မိတယ်။
"အဲဒီလူက ဂျေပီမော်ဂန်က ဝန်ထမ်းတစ်ယောက်ပဲ"
"အဲဒါ ဘာဖြစ်လဲ"
"ဂျေပီမော်ဂန်ရဲ့ ရုံးချုပ်က Wall Street မှာ ရှိတာလေ။ သူက ဆန်ဖရန်စစ္စကိုဆီကို အလုပ်ကိစ္စနဲ့ ရောက်နေတာ"
တက်ဂယူက မျက်တောင်ခတ်ရင်း စိတ်ရှုပ်ထွေးစွာနဲ့ ပြန်ပြောတယ်။
"အဲဒါက အခုအချိန်မှာ ဘာအရေးပါလို့လဲ"
"အရှေ့ပိုင်းနဲ့ အနောက်ပိုင်းက သုံးနာရီ အချိန်ကွာခြားချက် ရှိတယ်ဟ"
စမတ်ဖုန်းတွေက GPS နဲ့ ဆက်သွယ်ရေး စနစ်တွေကြောင့် အချိန်ကို အလိုအလျောက် ပြောင်းလဲပေးနိုင်ပေမဲ့ Analog နာရီတွေကိုကျတော့ ကိုယ်တိုင် လက်နဲ့ ပြောင်းပေးရတာပါ။
ဒါပေမဲ့ တကယ်လို့ သူက အချိန်ကို သီးသန့် ပြောင်းလဲထားခြင်း မရှိခဲ့ရင်ကော။
ဒါဆိုရင် ငလျင် လှုပ်ခတ်မယ့် ဒေသစံတော်ချိန်က ၁၂:၄၇ မဟုတ်ဘဲ ၃:၄၇ ဖြစ်သွားပါလိမ့်မယ်။
ဒါကို ကြားပြီးနောက် တက်ဂယူက သူ့ရဲ့ နာရီကို ကြည့်ရင်း ထိတ်လန့်သွားခဲ့ရတယ်။
"အခုတင်ပဲ အဲဒီအချိန်ကို ကျော်သွားပြီ"
ကျွန်တော် တီဗီဆီကို မျက်နှာမူလိုက်တယ်။
ရိုနယ်က ပြင်ဆင်ထားတဲ့ စာသားကို တည်ငြိမ်တဲ့ လေသံနဲ့ ဖတ်ကြားနေခဲ့တယ်။
"ချစ်ခင်လေးစားရပါသော ပြည်သူအပေါင်းတို့၊ ကျွန်တော် အခုအချိန်ကစပြီး အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ ရာထူးကနေ နှုတ်……"
ကျွန်တော့်ရဲ့ ခြေထောက်တွေ အားနည်းသွားခဲ့ရပြီး အခုချက်ချင်းပဲ ပြိုလဲကျတော့မလိုမျိုး ခံစားလိုက်ရတယ်။ ကျွန်တော့်အောက်က မြေပြင်က တကယ်ပဲ တုန်ခါနေသလိုမျိုး ခံစားချက်နဲ့အတူ……
ဝုန်း ဝုန်း ဝုန်း
မဟုတ်ဘူး။
ဒါက စိတ်ကူးယဉ်မှု မဟုတ်ဘူး။ မြေပြင်က တကယ်ကို တုန်ခါနေတာ။
တက်ဂယူက ကြမ်းပြင်ပေါ်ကို လဲကျသွားခဲ့ပြီး စခရင်ပေါ်က ရိုနယ်ကလည်း စင်မြင့်ကို ကိုင်ထားရင်း ယိမ်းထိုးသွားခဲ့ရတယ်။ သတင်းထောက်တွေရဲ့ ထိတ်လန့် တုန်လှုပ်နေတဲ့ အသံတွေကလည်း ရုပ်သံလွှင့်မှုကနေတဆင့် ထွက်ပေါ်လာခဲ့တော့တာပဲ။
"ဘာလဲဟ"
"ဘာတွေ ဖြစ်နေတာလဲ"
"ဒါဆိုရင်……"
အကူအညီပေးသူ တစ်ယောက်က စခရင်ထဲကို ပြေးဝင်လာခဲ့ပြီး ရိုနယ်ရဲ့ နားနားမှာ တစ်ခုခုကို တိုးတိုးလေး ပြောလိုက်တယ်။
အဲဒီအချိန်မှာတင် ရိုနယ်က သူ ကိုင်ထားတဲ့ နှုတ်ထွက်စာ ကြေညာချက်ကို လုံးချေပစ်လိုက်တယ်။ အဲဒီနောက် ကင်မရာကို တည့်တည့် စိုက်ကြည့်ရင်း ပြောလိုက်တော့တယ်။
"မဟာငလျင်ကြီး ရောက်လာပြီ"